Friday, October 24, 2014

ယနေ့ တပ်မတော်သည် မည်သူ့ဘက် လိုက်မည်နည်း

(Mizzima)

ယနေ့ အောက်တိုဘာ ၂၃ ရက်ထုတ် သတင်းစာများတွင် တပ်မတော်က ၄၃၆ မပြင်လိုကြောင်း သဘောထားပေးသည့် အစီရင်ခံစာကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီက တင်သွင်းလိုက်ကြောင်း သတင်းကို ဖတ်ရသည်။

 
အစီရင်ခံစာတွင် အာဏာရ ပြည်ခိုင်ဖြိုးပါတီ၏ သဘောထား၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သဘောထားများကိုလည်း ဖော်ပြထားကြောင်း သိရပါသည်။ ပါတီအသီးသီး၏ သဘောထားအမြင်များကို လေးစားရမည် ဖြစ်သော်လည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွင်
တပ်မတော်၏ သဘောထားက အခြားအခြားသော အဖွဲ့အစည်းတွေ သဘောထားထက် ပို၍အရေးကြီးပါသည်။


မြန်မာနိုင်ငံကို တကယ်ပဲ ဒီမိုကရေစီ ပြောင်းလဲချင်သည်ဆိုပါက ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင် ပြောင်းလဲနိုင်မှသာ ဖြစ်နိုင်ပေသည်။ ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသည်မှာလည်း တပ်မတော်က သဘောမတူလျှင် ဘာမှပြောင်းလဲပြင်ဆင်၍ မရနိုင်အောင် ၁၄ နှစ်ကျော် ကြံစည်အားထုတ်၍ ပြည်သူ့ ဆန္ဒမပါဘဲ ရေးဆွဲထားသော ဥပဒေ ဖြစ်နေပါသည်။

ထိုသို့ ဖြစ်အောင် ထိုဥပဒေ ပုဒ်မ ၄၃၆ (က) ကို ဤသို့ ပြဋ္ဌာန်းထားသည်။ အခန်း -၁ မှ ပုဒ်မ ၄၈ ခု၊ အခန်း -၂ မှ ၈ ခု၊ အခန်း - ၃ မှ ၂ ခု၊ အခန်း - ၄နှင့် ၅ မှ ၄ ခုစီ၊ အခန်း - ၆ မှ ၅ ခု၊ အခန်း- ၁၁ မှ ၂၃ ခုနှင့် အခန်း -၁၂ မှ ၁ ခု (ထိုတစ်ခုမှာ ယခုပြောနေသည့် ပုဒ်မ ၄၃၆ ပင်) စုစုပေါင်း ပုဒ်မ ၉၅ ခု တို့ကို ပြင်ဆင်လိုက ပထမ လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်း ကျော်က ပြင်ဆင်ရန် သဘောတူရမည်၊ ဒုတိယ ပြင်ထိုက် မပြင်ထိုက် ပြည်သူ့ဆန္ဒ ခံယူရဦးမည်။ တတိယ၊ ဆန္ဒခံယူပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ ထက်ဝက်ကျော်က
ထောက်ခံမှ ပြင်လိုသော ပုဒ်မကို ပြင်ခွင့်ရမည်။


ထိုဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပုဒ်မ ၄၅၇ ခု ပါဝင်ရာ ကျန်ပုဒ်မတွေ ပြင်ဖို့လည်း လွယ်သည် မထင်ပါနှင့်။ ဖော်ပြပါ ၄၃၆ (ခ) အရ လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်၏ ထောက်ခံချက်ရမှသာ ပြင်နိုင်ပေသည်။

လွှတ်တော်ထဲတွင် ပြည်သူက တင်မြှောက်၍ မဟုတ်ဘဲ ဤဥပဒေအရ လွှတ်တော်ထဲသို့ ရောက်နေကြသော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ၂၅ ရာခိုင်နှုန်းရှိပေရာ အဓိပ္ပာယ်ကတော့ တပ်မတော်က သဘောမတူလျှင် ဤဥပဒေကို လက်ဖျားနှင့် မတို့ကြနှင့် ဟူသော သဘောဖြစ်ပါသည်။ အဘယ့်ကြောင့် ဆိုသော်အနည်းဆုံး တပ်မတော် ကိုယ်စားလှယ်တစ်ဦး မထောက်ခံဘဲနှင့်တော့ ကျန်လွှတ်တော် တစ်ရပ်လုံးက ပြင်ချင်သည်ဆိုတောင်မှ ၇၅ ရာခိုင်နှုန်း ကျော်ရန် မဖြစ်နိုင်သော ကြောင့်တည်း။

၄၃၆ တွင် ပြဋ္ဌာန်းထားသော ၇၅ ရာခိုင်နှုန်းကျော်ဟူသော ကန့်သတ်ချက်ကိုမှ မပြင်နိုင်လျှင် ဥပဒေ၏ ဘာပုဒ်မကိုမှ ပြင်နိုင်မည် မဟုတ်ရာ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လို့မရအောင် တမင်ပြဋ္ဌာန်းထားသည်ဟု လူအများ စွပ်စွဲပြောဆိုနေသော ၅၉ (စ) ကိုလည်း ပြင်၍ မရနိုင်ပါ။

ပြည်သူများက မျှော်လင့်ထားသော ဒေါ်အောင်ဆန်းစုကြည်လည်း ဘာမျှ လုပ်ပိုင်ခွင့်မရ၊ အမျိုးသား ရင်ကြားစေ့ရေးနှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်သွားပါမည်ဟုြွေကးကြော်နေသော သမ္မတ ဦးသိန်းစိန်လည်း ကြာလေ ပြည်သူ့ထောက်ခံမှုမရမည့် အခြေအနေမျိုးကို ကျော်လွှားနိုင်ဖို့မှာ ဤကမ္ဘာရှား ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှ ပြင်သင့်ရာများကို ပြင်သွားမှသာ ဖြစ်နိုင်မည်။

ထိုသို့ ပြင်နိုင်ရေးမှာလည်း အဓိကပုဒ်မ ဖြစ်နေသည့် ၄၃၆ ကို ပြင်နိုင်မှ ဖြစ်မည်။ ထိုသို့ ပြင်နိုင်ရန်မှာလည်း တပ်မတော်လွှတ်တော် ကိုယ်စားလှယ်များက ထောက်ခံသဘောတူမှ ဖြစ်နိုင်ပေသည်။

ယခု တပ်မတော်က ထိုပုဒ်မကို မပြင်လိုကြောင်း သဘောထားပေးသည် ဆိုသည်မှာ ပြင်သင့်ရာ ပြင်လိုက်လျှင် နိုင်ငံတော်မှာ ဘယ်သို့သော ကြီးမားသည့် အန္တရာယ်တွေ ကျရောက်နိုင်သည်ဟု စိုးရိမ်စရာ တွေရှိနေလို့လား။

သို့မဟုတ် အခြေခံဥပဒေမှ ပြင်သင့် ပြင်ရာ အချို့ဥပဒေများကို ပြင်ပေးလိုက်နိုင်လျှင် အမျိုးသားရင်ကြားစေ့ရေးလည်း အပြည့်အဝအဖြစ်သို့ ရောက်လာနိုင်ပြီး ဒီမိုကရေစီအရွေ့ကလည်း ရှေ့သို့ အရှိန်နှင့် တိုးရွေ့သွားကာ ဒီမိုကရေစီ ရလာလျှင် တို့တိုင်းပြည်တော့ ခက်ရချည်ရဲ့ဟု ဒီမိုကရေစီ အန္တရာယ်ကိုများ ကြောက်ရွံ့နေ၍လား။ ကျွန်တော်တို့ ပြည်သူများသည် တပ်မတော်ကိုယ်စားလှယ်များ၏ သဘောထားကို အတော်ပင် တွေးရခက်သွားပေသည်။

တပ်မတော်သည် ပြည်သူထဲက ပေါက်ဖွားလာသော အဖွဲ့အစည်းဖြစ်သည်။ တပ်မတော်သည် အစဉ်အလာအားဖြင့် ပြည်သူ့ အကျိုးစီးပွားကို ရင်မြေ ကတုတ်လုပ်ကာ အသက်ပေး၍ ဆောင်ရွက်ခဲ့သော အဖွဲ့အစည်းဖြစ်သည်။ တပ်မတော်သည် ပြည်သူ့ဆန္ဒနှင့် တစ်ထပ်တည်း ကျလာခဲ့သော အဖွဲ့အစည်း ဖြစ်သည်။

ယခင် တပ်မတော် ခေါင်းဆောင်အချို့က တပ်မတော်၏ မူလတာဝန်ထက်လွန်၍ နိုင်ငံရေးထဲမှာပါလာကာ စစ်အာဏာရှင်စနစ်နှင့် တိုင်းပြည်ကို အုပ်ချုပ်၊ အုပ်ချုပ်ပုံလည်း နေရာမကျ၊ ရွေးချယ်သည့် စီးပွားစနစ်ကလည်း မဟုတ်သဖြင့် ပြည်သူအားလုံး ဒုက္ခရောက်ကြပြီး မကျေနပ်ချက်တွေ များလာသဖြင့် ၁၉၈၈ အရေးအခင်းပေါ်၊ တစ်ဖန် တပ်မတော်က ဆက်လက်တာဝန်ယူလိုက်သည့် နဝတအစိုးရကလည်း မဆလထက် ပြင်းထန် ရက်စက်သော အာဏာရှင်စနစ်ကို ကျင့်သုံးခဲ့ပြန်၍ တပ်မတော်အပေါ် ပြည်သူတို့၏ မယုံကြည်မှုသည် နက်သည်ထက် နက်လာသည်ဟူသော ပကတိအမှန်တရားကို လက်ရှိတပ်မတော် ခေါင်းဆောင်များက အမှန်အတိုင်း လက်ခံရှုမြင်သင့်သည်။ အမှန်အတိုင်း ရှုမြင်နိုင်ခြင်းသည် ဘယ်သူ့ကိုမှ သစ္စာဖောက်ရာ မမည်ပါ။

ကျွန်တော်တို့ အမြင်ကို ပြောရလျှင် တပ်မတော်သည် ယခုလည်း မြန်မာ့နိုင်ငံရေးတွင် အရေးပါသော အခန်းကဏ္ဍက ရှိနေဆဲ၊ တပ်မတော်ထဲတွင် အာဏာတွေ ရှိနေဆဲ ဖြစ်ရာ ၄၃၆ ပြင်သောကြောင့်ကား တပ်မတော်အတွက်ရော နိုင်ငံတော်အတွက်ပါ စိုးရိမ်လောက်စရာ ဘာမျှမရှိပေ။

သမိုင်း သာဓကအရ စစ်အာဏာရှင်စနစ်ဖြင့် နိုင်ငံသည် မတိုးတက်နိုင်ကြောင်း တွေ့ခဲ့ပြီး ဖြစ်သည်။ ဒီမိုကရေစီဖွံ့ဖြိုးရေး အတွက်များစွာ အဟန့်အတား ဖြစ်နေသော ၂၀ဝ၈ ဖွဲ့စည်းပုံကို မြင်ဘဲနှင့် ရှေ့သို့ မရောက်နိုင်။

တပ်မတော်သည် ယခင် စစ်အာဏာရှင်ကြီးများက သူ့အကြောင်းနှင့် သူ ပြင်ဖို့ မခက်ခက်အောင် လုပ်သွားသည့်အပေါ် ပြည်သူတို့၏
ဆန္ဒနှင့် ဆန့်ကျင်ပြီး ထိုဥပဒေကြီးကို ရာသက်ပန် ထိန်းသိမ်းကာကွယ်နေဖို့ မသင့်ပေ။ ဒီမိုကရေစီအင်အားစု နိုင်ငံရေးပါတီများ၊
ပြည်သူများနှင့်အတူ ဒီမိုကရေစီခရီးကို အတူလက်တွဲ လျှောက်သင့်ပေသည်။


ထိုသို့ မဟုတ်ဘဲ ၄၃၆ မပြင်ရေးကိုပဲ အခိုင်အမာ ဆုပ်ကိုင်ထားပါက တပ်မတော်သည် ပြည်သူ့ဘက်ကရပ်သော တပ်မတော်မဟုတ်ဘဲ စစ်အာဏာရှင်ကြီးများ၏ တပ်မတော်ပဲ ဖြစ်နေနိုင်ကြောင်း အလေးအနက်ထား စဉ်းစားကြပါဟု တိုက်တွန်း မေတ္တာရပ်ခံလိုက်ရပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။