Monday, July 15, 2013

PAWN ကို ထိုးကျွေး၊ NLD ကိုစား၊ KING ပေါက်သွားမယ့် ကြံ့ဖွံ့

(စည်းလုံးခြင်းရဲ့အင်အား)
မကြာသေးမီကာလက အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်ဟာ ဆက်သွယ်ရေးဆိုင်ရာ ဥပဒေနဲ့ စပ်လျဉ်းပြီး ဆန္ဒမဲ တောင်းခံခဲ့ရာမှာ တပ်မတော်သား ကိုယ်စားလှယ်များရဲ့ သဘောထား ပြတ်သားမှု မရှိတဲ့အပေါ် ဒေါသတကြီး ပြစ်တင်ခဲ့ပါတယ်။ အဲဒီဖြစ်စဉ်နဲ့ စပ်လျဉ်းပြီး စစ်ရုံးမှ အရာရှိတစ်ဦးအား ဆက်သွယ်မေးမြန်းခဲ့ရာမှာ သူ့ရဲ့ကိုယ်ပိုင် ထင်မြင်ယူဆချက်ကို စည်းလုံးခြင်းရဲ့ အင်အား သို့ အခုလို ပေးပို့လာပါတယ်။

“လွှတ်တော်တက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ် တွေဟာ စစ်တပ်ထုံးစံအတိုင်း အထက်က ပေးအပ်တဲ့ အမိန့်နဲ့တာဝန်အရ သွားနေရတာဆိုတော့ ဗိုလ်ချုပ်မှူးကြီးရဲ့ သဘောဆန္ဒ မပါဘဲ မလုပ်ရဲဘူးဗျ။ လွှတ်တော်အရင်ကနဦး စတင်တုန်းက တက်တက်ကြွကြွ ဆွေးနွေးခွင့် ရပေမဲ့ နောက်ပိုင်းတော့ ဆွေးနွေးဖို့ အခွင့်အရေး မရှိတော့ဘူး။ ဆွေးနွေးလိုက်ရင်လည်း တပ်ချုပ်က ပြောခိုင်းတဲ့ သဘောမျိုး တပ်ချုပ်ရဲ့ အာဘော်လို့ ထင်သွားမှာစိုးလို့ အရှိန်ပြန်သပ် ခိုင်းထားတာပါ။ ဥပမာ အတိုက်အခံ အဖွဲ့အစည်းက တင်လိုက်တဲ့ အဆိုကို တပ်မတော်သား ကိုယ်စားလှယ်တွေက ထောက်ခံလိုက်တယ် ဆိုရင်ဘဲ တပ်ချုပ်က သဘောတူ ပူးပေါင်းနေတဲ့ အသွင်မျိုး ကြံ့ဖွံ့က ထင်သွားမှာစိုးတယ်ဗျ။ ဒါကြောင့် စစ်တပ်နဲ့ ပတ်သက်လို့ ဆွေးနွေးရင်သာ ခုခံကာကွယ် ကန့်ကွက်ဖို့ မှာထားတာကြောင့် ဘောင်ကျဉ်း သွားတာပေါ့ဗျာ” လို့ ဆိုပါတယ်။

ဆက်လက်ပြီး ဦးခင်အောင်မြင့် အဲဒီလို ပြုမှု ဆောင်ရွက်တာဟာ အတိုက်အခံ အဖွဲ့အစည်းတွေဘက် သဘောကျအောင် ပြုလုပ်လိုက်သလို ဖြစ်တယ်လို့ နိုင်ငံရေးပါတီ တစ်ခုက ဆိုပါတယ်။ တကယ်တော့ လွှတ်တော်ဥက္ကဌများ ဖြစ်ကြတဲ့ ဦးရွှေမန်းနဲ့ ဦးခင်အောင်မြင့်တို့ဟာ လွှတ်တော် မျက်နှာစာမှာဘဲဖြစ်ဖြစ်၊ နိုင်ငံခြားသံတမန်တွေနဲ့ တွေ့တာဖြစ်ဖြစ်၊ မီဒီယာတွေနဲ့ တွေ့တာဖြစ်ဖြစ် တပ်မတော်မှ ကိုယ်စားလှယ် ၂၅ % ပါဝင်နေတဲ့ အခြေခံဥပဒေကို မေးခွန်းထုတ်ခံနေရတာမျိုး၊ ဖိအားပေးခံရတာမျိုး မကြာခဏ တွေ့ကြုံ နေရပါတယ်လို့လည်း အဲဒီ နိုင်ငံရေးပါတီက ပြောလာပါတယ်။


အမည်မဖေါ်လိုသူ နိုင်ငံရေးပါတီ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကတော့ တမျိုးအဓိပ္ပါယ် ဆိုလာပါတယ်။ “ဦးရွှေမန်းတို့က လာမဲ့ရွေးကောက်ပွဲကို ပြန်ဝင်ဖို့ ကြေညာထားပြီးသားပါ။ ဒါကြောင့် သူတို့က အတိုက်အခံ အဖွဲ့အစည်းတွေ တိုင်းရင်းသားတွေ သဘောကျအောင် စည်းရုံးတဲ့အနေနဲ့ ကိုယ့်ပေါင်ကို ကိုယ် နာနာထောင်းလို့ ရတယ် ဆိုတဲ့ သဘောမျိုး လုပ်ပြတာ ရှင်းရှင်းပြောရင် အမှတ်ယူတဲ့ သဘောပေါ့” လို့ ဆိုပါတယ်။

ဆက်လက်ပြီး တပ်မတော် အရာရှိကြီး (ငြိမ်း) တစ်ဦးကတော့ “ကိုခင်အောင်မြင့် ဟောက်စား လုပ်ပြနေတာက ပြည်သူတွေ မျက်စိ လည်သွားအောင် တကယ်ဘဲ အခြေခံ ဥပဒေကို ပြုပြင်တော့မလိုလို တပ်က ကိုယ်စားလှယ်တွေကို ဖယ်တော့မယ်လိုလို မကြိုက်သလိုလို ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်နေတာပါ။ ဘာဖြစ်လို့ ဒီလို လုပ်တာလည်းလို့မေးရင် ရှင်းရှင်းလေးပါ။ လာမဲ့ ရွေးကောက်ပွဲမှာ ကြံ့ဖွံ့ပါတီကို အားလုံး ထောက်ခံကြဖို့ဘဲ။ သူတို့ရဲ့ မဟာဗျူဟာ နိုင်ငံရေး ကစားကွက်ဖြစ်ပြီး တပ်မတော်သား ကိုယ်စားလှယ်တွေကို ထိုးကျွေးရင်း တဖက်ကလည်း NLD ကို အလဲထိုးမယ့် စီမံချက်တွေနဲ့ နောက်ဆုံးတော့ ကြံ့ဖွံ့ပါတီက KING ၀င်မှာပေါ့ဗျာ” လို့ ပြောပါတယ်။

အဲဒီလို လူသိရှင်ကြား မောက်မောက်မာမာ ဦးခင်အောင်မြင့်ရဲ့ ပြုမှု ဆောင်ရွက်ချက်အပေါ် အဲဒီ တပ်မတော်အရာရှိကြီးက ဆက်လက် ဝေဖန်ခဲ့ပါတယ်။


“ကိုခင်အောင်မြင့်က လူ့ဂွစာကြီးပါ။ ကကပြည်နဲ့ မြ၀တီအသံလွှင့်ဌာနမှာ သူ တာဝန် ထမ်းဆောင် ခဲ့တုန်းက ပွဲကြမ်းနေတာ နာမည်ကြီးဘဲ။ အင်မတန်မှ သည်းခံတတ်တဲ့ ကိုညိုဝင်း (ဒုညွှန်မှူး/ ဗိုလ်မှူးကြီး) တောင် စိတ်ညစ်နေရတယ်။ သူ့ကြောင့် ကကပြည်မှ အရာရှိတွေလည်း ထွက်တဲ့သူ ထွက်ကုန်ကြတယ်။ သူမွှေခဲ့လို့လည်း တပ်မတော် စည်းရုံးရေး ကော်မတီ (စည်း/ ကော်) ကိစ္စကြောင့် တိုင်းမှူးတွေနဲ့ ပြဿနာရှိခဲ့သလို လက်အောက်ခံတပ်တွေ အများကြီး ပင်ပန်းကြတယ်။ ဒါပေမဲ့ မြ၀တီအသံလွှင့်ဌာနက မိန်းကလေးတစ်ဦးကို သူသွားလေရာ မကြာခဏ ခေါ်သွားတာ ကျတော့ အလုပ်တွေ မနိုင်မနင်းလို့ ခေါ်တာလား၊ ယောင်္ကျားလေး မရှိလို့ မိန်းကလေးကို အတွင်းရေးမှူး ထားတာလား၊ စပွန်ဆာလားဆိုတာတော့ မသိဘူးဗျာ။ တပ်မတော်သားတွေကို ပြစ်တင်ဝေဖန်တာ ဆိုတာလောက်ဘဲ လုပ်သင့်ပြီး လွှတ်တော်မှ မောင်းထုတ်လို့ရတယ် ဆိုတဲ့ ပုံစံမျိုးကိုတော့ မလုပ်သင့်ဘူးပေါ့ဗျာ။ ကိုခင်အောင်မြင့်ဟာ ဗိုလ်ချုပ်အဖြစ်နဲ့ အရပ်ဘက်ကို သွားတာမို့ စစ်တပ်အထာ နားလည်ရက်သားနဲ့ ဒီလို ဘာဖြစ်လို့ တမင်နှိပ်တာလဲလို့ စဉ်းစားစရာ ဖြစ်နေတယ်။ အများအားဖြင့် စစ်တပ်က နိုင်ငံရေးကို ကူးပြောင်းသွားတဲ့ လူကြီးတွေဟာ မဆလပါတီ ကောင်စီ လက်ထက် ကတည်းက ကိုယ့်တပ်ကို ပြန်နင်းတဲ့ပုံစံ အစဉ်အလာ ရှိတာမို့ ကြံ့ဖွံ့ပါတီလည်း ဒီအတိုင်းဘဲ ဖြစ်နေပြီလား ဆိုတာ မေးစရာ ဖြစ်နေတယ်။ ကိုခင်အောင်မြင့်ကြောင့် မီဒီယာလောကမှာ တပ်မတော်ဟာ အရှက်ရသွားစေတယ်။ ဒီအတိုင်းဆို ကိုမင်းအောင်လှိုင် တစ်ယောက် ကြားနေခြင်းမှ ဦးသိန်းစိန်ဘက် အားသာ သွားနိုင်တယ်” လို့ သုံးသပ်သွားပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။