Thursday, July 25, 2013

တပ်မတော် အရာရှိများအပေါ် ဘက်မလိုက်ရေး တပ်ချုပ်ပြုပြင်ပေး - အပိုင်း (၂)

(စည်းလုံးခြင်းရဲ့အင်အား)

ဧပြီလ (၅) ရက်နေ့၊ ၂၀၁၃ ခုနှစ် ဗထူးတပ်မြို့ ဗိုလ်လောင်း သင်တန်း (၁၁၆) သင်တန်း ဆင်းပွဲမှာ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး စိုးဝင်းက သင်တန်းဆင်း ဗိုလ်လောင်းများအား ကြည့်ရှုစစ်ဆေးစဉ်

DSA အရာရှိတွေ တစုံတခု ပြဿနာတက်ပြီ ဆိုရင် ဝိုင်းပြီး ဖေးမကြ ကူညီကြနဲ့ ရှိနေပုံကို DSA – 12 ကျောင်းဆင်း တပ်မတော် အရာရှိကြီးတစ်ဦး (အငြိမ်းစား) နဲ့ တွေ့ဆုံ မေးမြန်းခဲ့စဉ် အခုလို သိခဲ့ရပါတယ်။

“ဒုဗိုလ်ချုပ်ကြီး လှမင်း DSA – 22 ဟာ ကာကွယ်ရေး ဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့တုန်းက ရခိုင်ပြည်နယ် ဘင်္ဂလီ အရေးအခင်းမှာ ကိုင်တွယ်ပုံ အသုံးမကျဘူးဗျာ။ ဒါနဲ့ သူ့ကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် လက်အောက်သို့ ပြန်လည် သွတ်သွင်းလိုက်တယ်။ ကစထမှူး ပြန်ဖြစ်သွားတယ်။ ယခု ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင် DSA – 18 ကျတော့ စစ်ထောက်ချုပ်ကနေ မပြောင်းရွေ့ရဘဲ ကာကွယ်ရေးဝန်ကြီး ပူးတွဲ ကိုင်ရတဲ့အပြင် MEC ကိုပါ ဆက်လက် ကွပ်ကဲခွင့် ပေးထားတယ်ဗျ။ တကယ်တော့ အဲဒါတွေက စစ်တပ် လုပ်ထုံးလုပ်နည်းအရရော အခြေခံဥပဒေ အရရော မဖြစ်သင့်ဘူးပေါ့ဗျာ။ မပခတိုင်းမှူး ဗိုလ်ချုပ် ဇေယျာအောင် DSA – 22 ကို ဆိုရင် ကချင်မှာ ပြဿနာတက်လို့ ရထားဝန်ကြီးအဖြစ် ရုတ်တရက် ပြောင်းရွေ့ ပေးလိုက်တယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ တကယ်တော့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တင်သွင်းခွင့်ရထားတဲ့ ဝန်ကြီးဌာန တွေထဲမှာ ရထားဝန်ကြီးဆိုတာ မပါဘူးလေဗျာ။ ပေါ်တင်ကြီးကို တပ်က ချုပ်ကိုင်ထားတယ်ဆိုတာ ထင်ရှားသွားတာပေါ့။ လွှတ်တော်များမှ တပ်မတော်သား ကိုယ်စားလှယ်တွေ မကြာခဏ လဲလှယ် နေကြတဲ့အပေါ် အရပ်သား လွှတ်တော် ကိုယ်စားလှယ်တွေ ပူညံပူညံ ဖြစ်ကုန်ကြပေမဲ့ စစ်ခေါင်းဆောင်တွေနဲ့ တဖြစ်လဲ နိုင်ငံခေါင်းဆောင်တွေကတော့ အေးဆေးဘဲ”


ဧပြီလ (၅) ရက်နေ့၊ ၂၀၁၃ ခုနှစ်၊ ဗထူးတပ်မြို့ ဗိုလ်လောင်း သင်တန်း (၁၁၆) သင်တန်း ဆင်းပွဲမှ ဗိုလ်လောင်းများ ကွင်းအတွင်းသို့ စီတန်း ချီတက် ဝင်လာပုံ

ယခု နေပြည်တော်တိုင်းမှူး ဖြစ်နေတဲ့ ဗိုလ်ချုပ်မောင်မောင်အေး DSA – 25 ဟာ ခြေလျင် တပ်ရင်းမှူး သင်တန်းသား ဘဝတုန်းက ကျောင်းဆင်းပွဲ Grading သတ်မှတ်ချက် အဆင့် ၆ သာ ရှိပေမဲ့ နိုင်ငံခြား သင်တန်းကို ခြွင်းချက်နဲ့ ရွေးချယ်ခံသွားရတာကို တွေ့ရပြန်တယ်။ တကယ်တော့ အရည်အချင်း သတ်မှတ်ချက်ဟာ Grading သတ်မှတ်ချက် အဆင့် (၁) နဲ့ (၂) ကိုသာ ရွေးချယ်ပြီး နိုင်ငံခြား သင်တန်း သွားခွင့်ပြုတာ ဖြစ်ပါတယ်။ အဲဒီကတည်းက ဗိုလ်ချုပ် မောင်မောင်အေးဟာ စစ်အာဏာရှင်တွေရဲ့ ရွေးချယ် လျာထားခံရတဲ့ နောင်တခေတ်ရဲ့ ဦးစီးချုပ် အလျောင်းအလျာအဖြစ် သတ်မှတ်လို့ ရတယ်လို့ စစ်ဖက်နီးစပ်သူများက ဆိုခဲ့ပါတယ်။ သေဆုံးသွားတဲ့ ဗိုလ်ချုပ် သီဟသူရ သူရစစ်မောင် (DSA – 12) လိုမျိုး မခွဲခြားဘဲ တော်ရင်တော်သလို တေဇကို အားပေးတဲ့ DSA စီနီယာ အရာရှိကြီး တချို့တော့ ရှိကောင်း ရှိပါတယ်။

နေပြည်တော်တိုင်းမှူး ဗိုလ်ချုပ်မောင်မောင်အေးမှ နယ်လှည့်ကျန်းမာရေး တပ်မတော် ဆေးတပ်ဖွဲ့အား ကြည့်ရှုလေ့လာနေစဉ်

နှစ်တစ်နှစ်မှာ DSA မှ ဗိုလ်လောင်းတပ်ရင်း တစ်ရင်း ကျောင်းဆင်းရင် OTS မှ ဗိုလ်လောင်း (ဘွဲ့ရ) တပ်ရင်းတစ်ရင်း၊ OTC အလုပ်သင်ဗိုလ် ဗိုလ်လောင်း တပ်ရင်းတစ်ရင်း၊ ရိုးရိုး (အခြားအဆင့်) တပ်ရင်းတစ်ရင်းတို့လည်း ကျောင်းဆင်းလို့ နှိုင်းယှဉ်လိုက်ရင် DSA မှ အရာရှိတွေထက် ကျန်အရာရှိတွေရဲ့ အင်အားက (၃) ဆ ကျော် ရှိပြီးတော့ တခါတရံ ဘွဲ့ရအပတ်စဉ် ၂ ခု ထပ်နေတတ်လို့ ၄ ဆ ရှိတတ်ပါတယ်။ ဒါကြောင့် တပ်မတော်မှာ DSA အရာရှိအင်အားနှင့် အခြား အရာရှိ အင်အား အချိုးချရုံဖြင့် အဆမတန် ကွာဟနေပေမဲ့ ထိပ်ပိုင်းသို့ တက်လာသော DSA ကျောင်းဆင်း ဗိုလ်ချုပ်များက အများစု ဖြစ်နေတာကို အံ့သြဘွယ်ရာ တွေ့ရှိရပါတယ်။ တပ်မတော် အင်အားရှိမှ တိုင်းပြည် အင်အားရှိမယ်ဆိုတဲ့ မူကို လက်ကိုင်ထားမယ်ဆိုရင် ဒီလို ခွဲခြားဆက်ဆံ နေရာပေးမယ် ဆိုပါက တပ်မတော်အင်အား ချိနဲ့ရုံသာ ရှိပါမယ်။ ဘယ်သူခွဲခွဲ ဒို့မကွဲ အမြဲ စည်းလုံးမည် ဆိုတဲ့ ဆောင်ပုဒ်ဟာ ဘယ်သူ့ဘယ်သူ့ကိုမှ ပြင်ပကနေ ခွဲနေတာ မဟုတ်ဘဲ DSA အစွဲကြီးသူတွေကသာ ခွဲနေတယ်ဆိုတာ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တစ်ယောက် သတိပြုစေဖို့ တပ်မတော် အရာရှိကြီး (အငြိမ်းစား) တစ်ဦးက အခုလို ပြောလာပါတယ်။

“စစ်ခေါင်းဆောင်တွေ သဘောထားဟာ သူတို့အပေါ်မှာ သစ္စာရှိရမယ်၊ တော်လှန်ပုန်ကန်မဲ့သူကို ကြောက်ရွံ့တယ် မဟုတ်လား။ စစ်ရုံးမှာ အနည်းဆုံး G - 3 စစ်ဦးစီးမှူး (တတိယတန်း) တာဝန် ထမ်းဆောင်ခဲ့ဖူးမှ ထိပ်ပိုင်းရာထူး ပေးတယ်။ ဒါကြောင့် စစ်ရုံးကို မရောက်ဖူးသေးတဲ့ အရာရှိတွေကို ထိပ်ပိုင်း ရာထူး ရည်မှန်းချက် ထားလို့ မရတော့ဘူးဗျ။ အကြောင်းမသိတဲ့သူ ဆိုပြီး ထိပ်ပိုင်းရာထူးကို ဘယ်တော့မှ မပေးဘူးဗျ။ ကျန်တဲ့သူတွေဆိုရင် သူတို့ကို သစ္စာမရှိတဲ့ သူတွေအဖြစ် မယုံသင်္ကာ သတ်မှတ်တော့တာဘဲဗျာ။ ကိုမြင့်ဆွေ DSA – 15 က စစ်ရုံးမှာဘဲ အနေကြာလို့ သူတစ်ယောက်တည်းဘဲ တပ်မတော် တရပ်လုံးမှာ သစ္စာရှိတယ်လို့ ထင်နေသလားတော့ မသိပါဘူး။ သူ့ကို ရတခတိုင်းမှူးမှ ရကတတိုင်းမှူးသို့ ပြန်ပြောင်းရွေ့ပေးတာကို ကြည့်ခြင်းဖြင့် စစ်ခေါင်းဆောင်တွေက စိတ်ကြိုက် ရွေးချယ်သွားတာ တွေ့ရတယ်။ စစ်တပ်မှာ အုပ်စုဖွဲ့တာမျိုးအပြင် အဖားတော်သူတွေ၊ အမျိုးတော်သူတွေ လွှမ်းမိုးနေလို့ တပ်မတော်ရဲ့ အရည်အချင်းဟာ တဖြေးဖြေး ကျဆင်းနေတာ သဘာဝကျပါတယ်။ စစ်သားတစ်ယောက်ရဲ့ မှတ်ကျောက်ဟာ စစ်မြေပြင်သာ ဖြစ်ပါတယ်။ တပ်ချုပ် ကိုမင်းအောင်လှိုင် အနေနဲ့ DSA စိတ်ဓာတ်၊ ကျောင်းတော်ကြီး အစွဲတွေကို ဆက်ပြီး ကျင့်သုံးနေမယ် ဆိုရင်တော့ စွမ်းရည် ထက်မြက်တဲ့ Professional Army ဖြစ်လာမှာ မဟုတ်ဘူး ဆိုတာ ရဲရဲကြီး ပြောရဲတယ်”

ဧပြီလ (၄) ရက်နေ့ ၂၀၁၁ ခုနှစ် တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း ဗိုလ်လောင်း သင်တန်းအမှတ်စဉ် (၁၁၄) သင်တန်းဆင်းပွဲမှ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

ပြည်တွင်းမှာရှိတဲ့ တပ်မတော် အရာရှိများရဲ့ တိုက်တွန်းချက်အရ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေနဲ့ တပ်မတော်ကြီးအား စည်းလုံးညီညွတ်မှု အထူး လိုအပ်တယ်ဆိုရင် တော်လေးတော်ထဲက ကိုယ်တိုင်တော်တဲ့ အရာရှိများကိုသာ စံနမူနာပြ ချီးမြှောက်ပေးသင့်ပါတယ်။ တပ်မတော် အနေနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလမှာ စိတ်ဓာတ် ပြိုကွဲ ကျဆင်းနေတဲ့ အရာရှိများကို ဥပေက္ခာပြုပြီးတော့ ဆက်လက် ပစ်ပယ်ထားပါလျှင် တပ်တွင်း စည်းလုံးညီညွတ်ရေးကတော့ လုံးလည်ချာလည် ဖြစ်နေဦးမှာ သေချာကြောင်း တင်ပြ ပေးလိုက်ပါတယ်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အနေနဲ့ ဒို့တာဝန် အရေးသုံးပါးထဲက တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ကာကွယ် စောင့်ရှောက် အကောင်အထည်ဖေါ်တာထက် တပ်တွင်း စည်းလုံးညီညွတ်ရေးကိုလည်း  ဦးစား ပေးကာ ဆောင်ရွက်သင့်ပါကြောင်း တိုက်တွန်းလိုက်ရပါတယ်။ တပ်မတော်အတွင်းမှာတောင် သာတူညီမျှဖြစ်အောင် မလုပ်ဆောင်နိုင်ရင် တိုင်းပြည်ကိုလည်း လူ့အခွင့်အရေး ဒီမိုကရေစီရေး ဖေါ်ဆောင်ပေးနေပါတယ် ဆိုတာက ဟုတ်ပါ့မလား မောင်ကာဠုရယ်လို့သာ ပြန်ပြောလိုက်ချင် ပါတယ်။ နိဂုံးချုပ် အနေနဲ့ တပ်မတော်အရာရှိတစ်ဦးက အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအား ဦးထိပ်ထားပြီး တေဇကျောင်းဆင်းတွေရဲ့ ရင်ထဲက ခံစားချက်ကို ထင်ဟပ် ပေါ်လွင်စေမဲ့ ကဗျာတစ်ပုဒ်ကို ပေးပို့ခဲ့လို့ ထပ်မံဖေါ်ပြပေးလိုက်ပါတယ်။


အာဇာနည်မျိုး သေရိုးမရှိ

တေဇ

အကောင်းဆုံးအရွယ်မှ

ကြွေကျခဲ့ရတယ်။



မချိလေတဲ့မျက်ရည်နဲ့

သိစေမယ့်သက်သေက

အမိမြေတစ်လက်မ

ညှစ်ကြည့်တိုင်း

သူ့သွေးလှိုင်းတွေနဲ့

မှိုင်းနေတယ်။



သူဟာ ရိုင်းချင်ရိုင်းမယ်

ကြမ်းချင်ကြမ်းမယ်

သမိုင်းပုလ္လင်မှာတော့

အလွမ်းပင်လယ်ဝေစေခဲ့တယ်။



အကြောင်းဖန်တဲ့

ဒေါင်းအလံမှာ

မကောင်းကံတွေဆူလှိုက်လို့

သူစိုက်တဲ့အပင် သူမရိတ်သိမ်းခဲ့ရ

သူဆွတ်တဲ့အသီးသူမမြီးခဲ့ရ

အပြီးမသတ်ရသေးတဲ့ ပန်းချီကားတစ်ချပ်..



သမိုင်းဖျောက်လိုသူတွေ

ဝိုင်းကြောက်အပူပွေလို့

ရိုင်းလောက်အောင်ဖုံးကွယ်ကြပေမယ့်

သုံးဆယ်အရွယ်တိုလေးနဲ့ မမျှ

အဆုံးဘယ်ကိုတွေးချဲ့ မရအောင်

သူရဲ့ သမိုင်းက ရှည်လျားတယ်။



တေဇ

ကလေက၀တွေက

ချွေချပေမယ့် မြေမခခဲ့

မသေရတဲ့ ဘ၀မှာ

ထာဝရ ရှင်သန်နေတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။