Friday, July 26, 2013

ထောက်လှမ်းရေး အဖွဲ့ကို ပြုပြင် ဖွဲ့စည်းခြင်း - အပိုင်း (၆)

(စည်းလုံးခြင်းရဲ့အင်အား)

ဆောင်းပါးရှင် - ပီတာဇီမန်း။ 

ကျွန်တော့် အမြင်အရ အကောင်းဆုံး ကျွမ်းကျင် ပြည့်ဝ လာတဲ့ ဌာနစိတ်တွေဟာ အရာရှိသစ်တွေ အများစု ပါနေရင်တောင် လူဟောင်းကြီးတချို့ ပါတဲ့ ဌာနစိတ်တွေ ဖြစ်တယ်။ အရင် StB အရာရှိတွေချည်းပါတဲ့၊ ဒါမှမဟုတ် သူတို့ လုံးဝ မပါတဲ့ ဌာနစိတ်တွေဟာ အညံ့ဆုံးပါပဲ။ ကျွန်တော့် အမြင်လေးတွေဟာ ပြုပြင်ပြောင်းလဲရေး ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်တွေနဲ့ သဘောချင်း ကိုက်ညီပါတယ်။ သူတို့ရဲ့ သုံးသပ်ချက်မှာက ဖွဲ့စည်းရာမှာ အရင် အထက်တန်း အရာရှိ တချို့ပါတဲ့ နိုင်ငံတွေဟာ ပိုတည်ငြိမ်တဲ့ ပုံစံနဲ့ တိုးတက်တယ်ဆိုတဲ့ အယူအဆကို အများအားဖြင့် အလေးပေးတယ်။ ဒါပေမဲ့ ဒီတွေ့ရှိချက်ကို ပညာရှင် နယ်ပယ်မှာပဲ ကန့်သတ်ထားတယ်။ အများပြည်သူရှေ့ နိုင်ငံရေး စကားစစ် ထိုးပွဲတွေမှာ စာနယ်ဇင်းထဲ ငြင်းခုံ ဆွေးနွေးတာတွေမှာ ဘယ်သူမှ ဒီအကြောင်း မပြောချင်ကြဘူး။



အရေးကြီးတဲ့ မှတ်သားစရာ နောက်တစ်ချက်က ထောက်လှမ်းရေး ဌာနတွေမှာ သူတို့ရဲ့ ရည်မှန်းချက်နဲ့ တာဝန်တွေ ရှိပါတယ်။ စနစ်သစ်ကို အာဏာလွှဲပြောင်းပေးပြီးနောက် မကြာမီ ကာလလေးကလွဲလို့ (အဲဒီ အချိန်မှာ သူတို့ဟာ ပစ္စည်းနဲ့ မှတ်တမ်းတွေကို ထိန်းသိမ်းရမယ်။) သူတို့ဟာ ကွန်မြူနစ် ပါတီ ဆန့်ကျင်ရေး အခန်းက မပါသင့်ဘူး။ အရင်အစိုးရကို တရားစွဲဖို့ ပြင်ဆင်ပြီး နောက်ဆုံးမှာ ရာဇဝတ် တရားရုံးကို ရောက်လာဖို့ လုံလောက်တဲ့ နိုင်ငံရေးဆန္ဒနဲ့ ဆီလျော်တဲ့ လူမှုရေး ပတ်ဝန်းကျင် ရှိမယ်ဆိုရင်တောင် ဒီကိစ္စအတွက် အသစ် ဖွဲ့စည်းထားတဲ့ အဖွဲ့နဲ့ပဲ ဆောင်ရွက်ရမယ်။ (နှစ်ဘက်စလုံးအတွက် တရားဝင်) အကျိုးစီးပွား ပဋိပက္ခတွေဟာ ဒီအဖွဲ့နဲ့ ထောက်လှမ်းရေး အဖွဲ့ကြား ပေါ်လာမှာပါပဲ။ ဒီနှစ်ဖွဲ့ကို ချိန်ခွင်လျှာညှိဖို့ ဆိုတာ မလွယ်တဲ့ ကိစ္စပါ။

ပြည်ပ အင်အားကြီး နိုင်ငံတွေနဲ့ နှစ်ဖက်ယုံကြည်မှု သဘောတူချက်အရ ပြည်ပ လုံခြုံရေး ဌာနကို လုံးဝ ဖျက်ဖို့၊ ဒါမှမဟုတ် နိုင်ငံခြား စာနယ်ဇင်းတွေကို အကဲဖြတ်ဖို့ အပျော့စား ဌာနတစ်ခုအဖြစ် အသွင် ပြောင်းဖို့ ပြည်ထောင်စု ပြည်ထဲရေး ဝန်ကြီးဌာနက ၁၉၉၀ နဲ့ ၁၉၉၁ ခုနှစ်ကြားမှာ စီစဉ်ပါတယ်။ ပြည်ပမှာ ထိုင်တဲ့ ကွန်မြူနစ် ပြည်ပ ထောက်လှမ်းရေး ဌာနကို ပထမဦးဆုံး ဖျက်သိမ်းပစ်ဖို့ လိုတယ်။ တရားမဝင်တာတွေလို့ ခေါ်နေတာတွေ အပါအဝင်ပေါ့။ ဒါက အသေးအဖွဲ တာဝန်တော့ မဟုတ်ဘူး။ ပြည်နယ် မြို့လေး တစ်မြို့က ရုံးတစ်ရုံးကို လက်နက်ကိုင်တွေလွှတ်၊ ရုံးကို ချိတ်ပိတ်ပြီး ဝန်ထမ်းတွေကို အလုပ် ဖြုတ်ပစ်တာက လွယ်တယ်။ ဒါပေမဲ့ နိုင်ငံခြားက မြို့ကြီး တစ်မြို့မှာ ဒါမျိုး လုပ်လို့ မရဘူး။ ကွန်မြူနစ် ပြည်ပ ထောက်လှမ်းရေးဌာနကို သူတို့ နည်းတွေကို တတ်တဲ့ ထောက်လှမ်းရေး တဖြစ်လဲတွေက ဖျက်သိမ်းလိုက်တယ်။ ဒီနည်းတွေက ၁၉၆၀ လွန်နှစ် တွေ ကုန်ခါနီးကတည်းက သိပ်အပြောင်းအလဲ မရှိပါဘူး။ ဒီလူဟောင်းကြီးတွေဟာ သူတို့ရဲ့ လုပ်ဆောင်ချက် တွေအတွက် ကျေးဇူးအတင်ခံထိုက်ပါတယ်။ (ဘယ်တုန်းကမှ အတင်မခံရဘူး) အကြောင်းမလှချင်တော့ သူတို့ထဲက တချို့က နောက်ပိုင်းမှာ နောက်တစ်ဆင့် ပြုပြင်တည်ဆောက်မှု အရှိန်ကို လျှော့ချပစ် လိုက်ကြတယ်။

၁၉၉၀ လွန်နှစ်များ ပထမတစ်ဝက်မှာ ပြည်ပ ထောက်လှမ်းရေးဌာနဟာ ဝေဖန်မှု ခံနေရတယ်။ ဒီအကျပ်အတည်းက ရုန်းထွက်ဖို့ လမ်းကြောင်းကို ရှာနေကြတယ်။ ပိုလန်၊ ဟန်ဂေရီ၊ စလိုဗက်နိုင်ငံတွေက အလားတူ ဌာနတွေနဲ့ မတူတာက ချက်ဌာနကို သူ့ရောင်းရင်းတွေ ဖြစ်တဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ သံတမန် ဌာနတွေ ကိုယ်နှိုက်က သူတို့ရဲ့ ပတ်ဝန်းကျင်ကနေ ထုတ်ပယ်လိုက်တာ ဖြစ်တယ်။ ထောက်လှမ်းရေး အဖွဲ့ကို သံတမန်ဌာနကနေ ပြယုဂ်ကောင်းအောင် ထုတ်ပစ်လိုက်တာ သူတို့ စိတ်ပေါ့သွားတာပဲလို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက အရပ်သား ဝန်ထမ်းတွေက ခံစားရတယ်လို့ ကျွန်တော် အရဲစွန့် ပြောချင်ပါတယ်။ ဒါပေမဲ့ ဒီခံစားချက်က မမှန်ကန်ပါဘူး။ ၁၉၉၇ ခုနှစ်ကနေ ၂၀၀၀ ပြည့်နှစ်အထိ သူတို့ရဲ့ အပြန်အလှန် ဆက်ဆံမှုဟာ ပြန်ကောင်း မလာပါဘူး။ ပြည်ပ ထောက်လှမ်းရေး လုပ်ငန်းကို အတည်ပြုပြီးသား နိုင်ငံခြားရေး မူဝါဒ အပေါ် အခြေခံရမှာပါ။ သံတမန်တွေနဲ့ အပေးအယူလုပ် ညှိနှိုင်းနေဖို့ မဟုတ်ပါဘူး။ လိုအပ်တဲ့ သတင်း စုဆောင်းဖို့ သူ့လူတွေ သုံးပြီး အရေးပါတဲ့ အထောက်အကူတွေ ပေးနိုင်ပါတယ်။
 

ဟန်ဂေရီနဲ့ ပိုလန်

၁၉၉၀ နဲ့ ၁၉၉၄ ခုနှစ်အတွင်း စုစုပေါင်း ညွှန်ကြားရေးမှူး ကိုးယောက်က အရပ်ဘက် တန်ပြန် ထောက်လှမ်းရေး ဌာန အကြီးအကဲ အဖြစ် တစ်လှည့်စီ တာဝန်ယူခဲ့ကြတယ်။ ဒီကာလအတွင်းမှာပဲ ပြည်ပ ထောက်လှမ်းရေးမှာ အကြီးအကဲ ခြောက်ယောက် ပြောင်းခဲ့တယ်။ နှစ်ယောက်ကလွဲလို့ ဘယ်သူမှ အရင် ကွန်မြူနစ်တွေ မဟုတ်ကြဘူး။ ကွန်မြူနစ်ဟောင်းတွေ ဖြစ်ဖို့ နေနေသာသာ လေးယောက်ဟာ အရင်အစိုးရ ဖမ်းဆီး အကျဉ်းချတာ ခံခဲ့ရပါတယ်။ ငါးယောက်ကတော့ ပဋိညာဉ် စာတမ်း (၇၇) ကို လက်မှတ် ထိုးခဲ့ကြ သူတွေ ဖြစ်တယ်။ ပဋိညာဉ်စာတမ်း (၇၇) ကို လက်မှတ်ထိုးခဲ့ကြသူ အခြား အယောက် (၂၀) လောက်ဟာ ပြည်တွင်းပြည်ပ ထောက်လှမ်းရေး ဌာနတွေမှာ တစ်ချိန်မဟုတ် တစ်ချိန် အုပ်ချုပ်ရေး ရာထူးကြီးတွေ ကိုင်ခဲ့ကြတယ်။ သူတို့ရဲ့ အုပ်ချုပ်ရေး စွမ်းရည်အကြောင်း သိပ်မပြောကြပေမဲ့ ချက်ကိုစလိုဗေးကီးယား နောက်ပိုင်း ချက်သမ္မတ နိုင်ငံ လက်ဝဲလက်ယာ အစိုးရ နှစ်ရပ်စလုံးအတွက် သတင်းကောင်းတွေ ထွက်ခဲ့ပါတယ်။


ဟန်ဂေရီအခြေအနေက မတူပါဘူး။ ၁၉၉၈ ခုနှစ်မှာ သြဘန်ရဲ့ လက်ယာ အစိုးရ တက်လာတော့ အရင် ကွန်မြူနစ် ပြည်ပ ထောက်လှမ်းရေး ဌာနက အရာရှိတွေကို ပြည်တွင်းပြည်ပ ထောက်လှမ်းရေး ဌာနတွေရဲ့ အကြီးအကဲအဖြစ် ပြန်ခန့်ပါတယ်။ ပိုလန်မှာ အခြေအနေက ပိုလို့တောင် ရှုပ်ထွေး ပါသေးတယ်။ ၁၉၉၀ ပြည့်နှစ်ကနေ ၂၀၀၂ ခုနှစ် ကုန်ဆုံးတဲ့အထိ အရပ်ဘက် ထောက်လှမ်းရေး ကဏ္ဍကို ပြည်တွင်းပြည်ပ လုံခြုံရေးကို ပူးပေါင်းဆောင်ရွက်တဲ့ အမျိုးသား ကာကွယ်ရေး ရုံးက တာဝန်ယူပါတယ်။ ၂၀၀၂ ခုနှစ် နောက်ပိုင်း မှာတော့ ဒီကဏ္ဍတွေကို သီးခြားဌာန တစ်ခုစီက ဆောင်ရွက်ပါတယ်။ လက်ဝဲတွေ အာဏာရတုန်းက ပါတီ ဗျူရိုကရက်ဟောင်း တစ်ယောက်ကလွဲလို့ ၁၉၉၀ ပြည့်နှစ်ကနေ ၂၀၀၂ ခုနှစ်အတွင်း ဒီရုံးကို အရင် စည်းလုံး ညီညွှတ်ရေး တက်ကြွ လှုပ်ရှားသူတွေကပဲ ဦးဆောင်ခဲ့ပါတယ်။

ပိုလန်မှာက အရည်အချင်းရှိပြီး အင်အားကောင်းတဲ့ ထောက်လှမ်းရေးအဖွဲ့ အမြဲ ရှိခဲ့ပါတယ်။ ထောက်လှမ်းရေး ဌာနကို တစ်စိတ်တစ်ပိုင်း သန့်စင်ပစ်ခံရတဲ့ ၁၉၈၉ ခုနှစ်နောက်ပိုင်းမှာတောင် ဒီအခြေအနေက မပြောင်းဘူး။ ထောက်လှမ်းရေးအဖွဲ့ရဲ့ မူလကွန်ရက်ကို ဘယ်တော့မှ လုံးလုံးကြီး မဖျက်ပစ်ပဲကိုး။ ဌာနမှာ ကျန်နေတဲ့ အရာရှိ အများစုက အစိုးရသစ်နဲ့ သမ္မတအပေါ် သစ္စာစောင့် သိကြတယ်။ သမ္မတကြီး ဝေး(စ) ဟာ အမျိုးသား ကာကွယ်ရေးရုံးအပေါ် သံယောဇဉ် ရှိကြောင်း၊ ရုံးဝန်ထမ်းတွေကိုလည်း မကြာခဏ သုံးကြောင်း အများ သိကြပါတယ်။ ၂၀၀၄ ခုနှစ် အထိ ဒီရုံး လက်အောက်ခံ ပြည်ပ ဌာန ညွှန်ကြားရေးမှူးတွေဟာ လက်ယာ အစိုးရ လက်ထက်မှာရော လက်ဝဲအစိုးရ လက်ထက်မှာပါ အမြဲ လူဟောင်းကြီးတွေပဲ ဖြစ်ကြပါတယ်။


လက်ယာဗဟို နိုင်ငံရေး ပါတီနဲ့ လှုပ်ရှားမှုအဖွဲ့တွေက ၁၉၈၉ ခုနှစ် မတိုင်ခင်က ပိုလန်လျှို့ဝှက်ရဲ အဖွဲ့မှာ လုပ်ခဲ့တဲ့ထဲမှာ သစ္စာရှိတဲ့ ဝန်ထမ်းတွေ ရှိတယ်ဆိုတာကို ဘယ်တော့မှ လက်မခံပါဘူး။ ဒါပေမဲ့ ပါလီမန်မှာ လက်ယာတွေဟာ ညီညွှတ်အားကောင်းတဲ့ အနေအထားမှာ မရှိတာကြောင့် ဒီကိစ္စမှာ ဘာမှ လုပ်ပိုင်ခွင့် မရှိခဲ့ကြပါဘူး။ ၁၉၉၈ ခုနှစ်မှာ စည်းလုံးညီညွှတ်ရေး တပ်ပေါင်းစု AWS ဖွဲ့တော့ ဒီကိစ္စ အပြောင်းအလဲ ဖြစ်တော့မလို့ပဲ။ AWS အဖွဲ့အတွင်း ဌာနကို ဖျက်သိမ်းပြီး ရရာလူနဲ့ ပြန်စုဖွဲ့မဲ့ သုညဖြေရှင်းနည်း ကို ဆွေးနွေးကြ သေးတယ်။ နောက်ဆုံးတော့ အဲဒါ ဖြစ်မလာပါဘူး။ ဒီရုံးရဲ့ အုပ်ချုပ်ရေး ဌာနအသီးသီးဟာ ပိုလန် နိုင်ငံအတွင်း နိုင်ငံရေး လှုပ်ရှားမှုမှာပါတဲ့ ပုဂ္ဂိုလ်တွေနဲ့ နိုင်ငံရေးအရ အဆက်အသွယ် ရှိတယ်ဆိုတာကို ၁၉၉၀ ပြည့်လွန် နှစ်တွေ အတွင်း ဖြစ်ရပ်တွေက လှစ်ဟပြနေတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။