Friday, July 5, 2013

ခေါင်းနှစ်လုံးနဲ့မြွေဆိုတာ အစာအိမ်တလုံးထဲပေမဲ့ တခေါင်းနဲ့တခေါင်း မတည့်ဘူး

(နေ့သစ်)

ခေါင်းနှစ်လုံးနဲ့မြွေ

သမတရုံး ဝန်ကြီး ဦးအောင်မင်း နှုတ်ထွက်စာတင်တဲ့သတင်းတွေ ထွက်လာတယ်။
ဖြစ်နိုင်မဖြစ်နိုင်ဆိုတာထက် ဦးသိန်းစိန် အစိုးရထဲမှာ ပြဿနာ ဖြစ်နေတာတော့ သေချာသလောက်ပဲ။
ဦးအောင်မင်းက ငြိမ်းချမ်းရေးကိစ္စ လုပ်နေတယ်။ ဒါပေမဲ့ လူတော်တော်များများမသိကြတာက
သူဟာ မီးစတဖက်၊ ရေ မုတ်တဖက် ကိုင်ထားတယ်ဆိုတာပဲ။

ဦးအောင်မင်း လူသူမသိ ထိမ်းထားတဲ့အဖွဲ့က NIB အမျိုးသားထောက်လှမ်းရေး အဖွဲ့ပဲ။ ဦးခင်ညွန့် အလွန်မှာ ဖြုတ် လိုက်သလိုလို သတင်းထုတ်ထားပြီး အစိုးရရဲ့ လျှို့ဝှက်ကျောသပ်မွေးထားတဲ့ အဖွဲ့ဖြစ်တယ်။ လက်ပန်တောင်းအရေး အခင်း၊ ရခိုင်အရေးအခင်းတွေကို နောက်ကွယ်က မီးစတဖက် ရေမုတ်တဖက်နဲ့ လျှို့ဝှက်လုပ်နေသူဟာ ဦးအောင် သောင်း လို့ လူတွေက မြင်ကြပေမဲ့ ဦးအောင်မင်း ထဲထဲဝင်ဝင် ပတ်သက်နေတယ်ဆိုတာတော့ လူ သိပ်မသိဘူး။ လက် ဆုပ်လက်ကိုင်ပြဖို့ကလည်း ခက်တာကိုး။

ဦးအောင်မင်းက ပါးနပ်တယ်၊ ဆင်ကြံကြံတတ်တယ်၊ သူအပြုံးနဲ့ သူ့မျက်လုံးမှာပေါ်နေတဲ့ အရိပ်ကို ဖုံးကွယ်မရဘူး။ စကားပြောတာ ပွင့်လင်းသလိုလိုနဲ့ နှုတ်ဂတိပေးလည်း သိပ်လွယ်တယ်။ ကြိတ်ပြီး သမတ မှန်းနေတဲ့ ဝန်ကြီးဦးစိုးသိန်း နဲ့ သူနဲ့က စကားဖောင်းပွတယ်၊ ကလေးတွေလို ဂတိပေးလွယ်တယ်။ တိုင်းရင်းသားအဖွဲ့တွေနဲ့ ဒီမိုအင်အားစုတွေကို နောက်ကွယ်မှာ လှောင်ပြောင် ဟားတိုက်တတ်သူတွေ ဖြစ်တယ်။ သူတို့ရဲ့လက်ဦးဆရာ ဦးသန်းရွှေ လိုပဲ အာလူးများ တယ်။ (ဦးသန်းရွှေလည်း အရည်မရ အဖတ်မရ စကားတွေကို တပ်မှူးညီလာခံမှာ တနာရီ၊ တနာရီခွဲကြာ မရှက်မရွံ့ အာတတ်တယ်၊ ကျနော့မှာ သူတို့ပြောတဲ့ အသံဖိုင်တွေ သက်သေရှိတယ်) လက်ပံတောင်းက မြွေတွင်းကို ဒေါ်အောင် ဆန်းစုကြည်ရဲ့ လက်နဲ့ အငှားနှိုက်ခိုင်းသလို၊ ရှစ်လေးလုံး မင်းကိုနိုင်၊ ကိုကိုကြီးတို့နဲ့ အမှုတွဲဖို့ပါ ဦးအောင်မင်း ကျိုးစား ခဲ့ဖူးတယ်။ ကိုယ့်လူတွေနပ်လို့ ချောက်မကျတာ။ ဒါတောင် တာဝန်ယူရဲတဲ့ ဒေါ်စုနဲ့ ပြည်သူတွေထိတ်တိုက်တွေ့အောင် လုပ်နိုင်ခဲ့သလို ဒေါ်စု အပေါ်လူထုယုံကြည်မှုကျဆင်းအောင် ဖန်တီးခဲ့တယ်။ ဦးအောင်မင်းက အဲလို ဆင်ကြံကြံတတ် တာကို ပြောတာပါ။

ဦးအောင်မင်းရဲ့ ငြိမ်းချမ်းရေးမစ်ရှင်ကြီးကလည်း ခြစားမှုတွေ၊ ပွဲစားခကြီးမြင့်မှုတွေနဲ့ကြုံရတယ်။ နော်ဝေးကချပေးတဲ့ ငွေက ကုလားခတ်တဲ့ရေ ကုလားဖင်ဆေးလို့ ကုန်ရကိန်းပဲ။ ပညာရှိယောင်ဆောင်နေတဲ့ ကိုမင်းဇော်ဦးတို့ ဦးလှမောင် ရွှေတို့၊ ဦးတင်မောင်သန်းတို့က သမတ ရတဲ့ လစာထက် ၂ဆ ပိုယူနေတယ်။ ဒေါ်လာတသောင်းလစာယူပြီး ကချင် ကိစ္စကို ထိမ်းပြီးကစားနေတယ်။ စိတ်စေတနာကောင်းပေါ်အခြေမခံဘဲ ဘယ်တော့မှ ငြိမ်းချမ်းရေးမရနိုင်ဘူး။ ကိုမင်း ဇော်ဦးတို့ ကိုဇော်ဦးတို့က ABSDF နာမည်ခံပြီး ABSDF ကို အသုံးချ တက်နင်းသွားကြသူတွေလို့ နာမည်ကြီးတယ်။ အရေးတော်ပုံဘက်တော်သားကို သစ္စာဖောက်နေသူတွေက ဘယ်လို ငြိမ်းချမ်းရေးမျိုးကို အကောင်အထည်ဖော်မှာလဲ၊ မဖြစ်နိုင်ဘူး။ ဒီတော့ သူတို့လည်း ကမ်းနားသစ်ပင်တွေ ဖြစ်ရပ်မျိုး မကြာခင်ကြုံရတော့မယ်ဆိုတာ နမိတ်ဖတ်ခဲ့ပရစေ။

သေချာတာက ဦးအောင်မင်းတို့အုပ်စု (သမတ လူကြမ်းများအုပ်စု) က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးရွှေမန်းတို့ရဲ့ လွှတ် တော်အုပ်စုတွေ အတွဲမိလို့ပွဲဖျက်ဖို့ ကျိုးစားတဲ့လုပ်ရပ်ပဲ။ ၉၆၉ ကင်ပိန်းတွေကို မသိချင်ယောင်ဆောင်ထားတာ၊ ခုတ လော လှုပ်ရှားတက်ကြွ ဘဂဝါအုပ်စုရဲ့ မျိုးစောင့်ဥပဒေတို့ တိုင်းမ် မဂ္ဂဇင်းရှုံ့ချဆန္ဒပြပွဲတို့ကို သမတ လူကြမ်းအုပ်က အသာလွှတ်ပြီးမွေးထုတ်လိုက်တာဟာ ဘုန်းကြီးတွေရဲ့ သူကောင်းပြုခံဖို့နဲ့၊ ဘုန်းကြီးအားပေး ဒကာ ဒကာမ မဲတွေ ရချင်လို့ ဖြစ်တယ်။ ဘယ်ပညာတတ်မှ လက်မခံနိုင်တဲ့ ခြေခြေမြစ်မြစ်လည်းမရှိ၊ ကိုယ့်ပြည်သူတွေနဲ့ အမျိုးသမီးထုအ ပေါ် မှိုချိုးမျှစ်ချိုး စော်ကားတဲ့ အဲဒီ မျိုးစောင့်ဥပဒေဆိုတာကြီးကို လွှတ်တော်က ဘယ်နည်းနဲ့မှ လက်ခံစဉ်းစားပေးမှာ မဟုတ်ဘူးဆိုတာ နည်းနည်းလေးစဉ်းစားတတ်သူတိုင်း သိတယ်။ သမတ လူကြမ်းတွေက လွှတ်တော်မှာပွဲဆူအောင် ဘဂဝါ ဗုံးပစ်သွင်းလိုက်တာပါ။ ဘဂဝါအုပ်စုဆိုတာကလည်း နိုင်ငံရေးနပ်ကြတာမဟုတ်၊ သူတို့အဆိုကို လက်မခံရင် တသက်လုံး မိုးထဲလေထဲ အနစ်နာခံကျိုးစားလုပ်ဆောင်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုတောင် မြောင်းထဲမျောပြစ် မယ်လို့ စော်ကားလိုက်သေးတယ်။

ဟိုတနေ့ကပဲ ဦးရွှေမန်းက မီဒီယာမှာ အကွဲအပြဲ ကောလဟလတွေ မယုံကြည်နဲ့ပြောလို့ ကွဲတာသေချာပြီဟလို့ တွေး မိသေးတယ်။ သူလည်း သမတ လုပ်မယ်လို့ပြောကတည်းက ဦးသိန်းစိန်ကို စိမ်ခေါ်လိုက်မှန်း လူတိုင်းသိတယ်။ သူသာ သမတ ဖြစ်ရင် တိုင်းရင်းသားသွေးစည်းညီညွတ်ရေးကို ပိုလုပ်နိုင်မယ်လို့ ထုတ်ပြောလိုက်တာကလည်း ဦးအောင်မင်း လုပ်နေတာလောက်တော့ အပျော့ပေါ့လို့ သတိပေးလိုက်တာပဲ။ ဦးရွှေမန်းကတော့ ဦးသိန်းစိန်ထက် နည်းနည်းပွင့်လင်း ပုံရတယ်၊ သမတ ဦးသိန်းစိန်က တချိန်က ဦးနေဝင်းရဲ့ ရုပ်သေး မဆလ သမတ ဦးစန်းယုနဲ့ သဘာဝချင်းခတ်ဆင်ဆင်။ မခုတ်တဲ့ကြောင်လိုလို၊ ပျော့ပျော့နဲ့နံတဲ့ ကြောင်ချီးလိုလို။ ခေတ်ဘာပဲဖြစ်ဖြစ် ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည် ကို အားပေးထောက်ခံနေဆဲမို့ ဦးရွှေမန်းလည်း ကျွဲကူးရေပါသဘော အကြိုက်တွေ့ရင် လက်ခုတ်သံရလာနိုင်တယ်။ “ဒေါ်အောင်ဆန်းစုကြည် သမတ အဖြစ် ယှဉ်ပြိုင်နိုင်အောင် ဥပဒေပြင်ပေးမယ်”၊ “ဖယ်ဒရယ်မူကိုကျင့်သုံးရမယ်” ဆိုတဲ့ လူထုကြိုက်လုံးတွေကြောင့် အပြောကတော့ ရွှေမန်း ဖြစ်နေတုန်းပါ။

ဘာပဲဖြစ်ဖြစ် အာဏာရှင်တွေကြားအားပြိုင်မှုတွေကတော့ ပေါ်နေပြီ။ ဒါပေမဲ့ ကိုယ့်ဘက်ကိုယ်ယက်တွေးပြီးအားကျ မနေပါနဲ့အုံး။ အာဏာရှင်တွေဆိုတာ အာဏာမရှိရင် မနေတတ်သလို၊ ရသလောက်မျိုတတ်တဲ့ အကျင့်ရှိတယ်။ အခု ဖြစ်နေပုံက ခေါင်းနှစ်လုံးမြွေနဲ့တူတယ်။ အစာအိမ်တခုထဲ၊ ခန္ဓာကိုယ်တခုထဲပေမဲ့ စားရဝါးရတဲ့အရသာကတော့ ပါးစပ် တပေါက်စီနဲ့မို့ ကိုယ့်ပါးစပ်ပေါက်ပဲ ကိုယ်ထည့်ချင်ကြတယ်။ အစာရှာနေတုံးလည်း ခေါင်းနှစ်လုံးက မညီညွတ်ဘူး၊ တ ခေါင်းသွားချင်တဲ့ဘက် ကျန်တခေါင်းက မလိုက်ချင်ဘူး။ ခေါင်းတခေါင်းက အစာရသွားရင်လည်း နောက်တခေါင်းက ရန်ရှာတယ်။ အမြဲ တခေါင်းနဲ့တခေါင်း ကိုက်တတ် ခဲတတ်တယ်။ အဲ နှစ်ခေါင်းလုံးငြိမ်ဖို့က ပါးစပ်နှစ်ပေါက်စလုံး အစာ ရှိနေဖို့ လိုတယ်။ ဒီတော့ ၂ဝ၁၅ မတိုင်ခင် အာဏာရှင် မြွေခေါင်းတွေ တကောင်နဲ့ တကောင် ကိုက်ကြခဲကြအုံးမယ်။ အစာလုကြ၊ မာန်ဖီကြအုံးမယ်။ ကြားထဲက ပြည်သူတွေပဲ အစားခံ၊ အမျိုခံ၊ ဒါးစာခံဖြစ်နေအုံးမယ် စိတ်ချ။

မြန်မာပြည်မှာ ပြည်သူတွေ တိုးတက်ကြီးပွားအောင် ပြည်သူ့အကျိုးစီးပွားအတွက် စိတ်စေတနာကောင်းနဲ့ လုပ်တဲ့ အစိုးရမျိုး ဘယ်တုန်းကကြားဖူးလို့လဲ။

ကိုညို
၁ဇူလိုင်၂ဝ၁၃

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။