Saturday, July 13, 2013

ကာလုံအစည်းအဝေးဂယက်နဲ့ ဦးရွှေမန်းရဲ့အချက်

(စည်းလုံးခြင်းရဲ့အင်အား)

ဇူလိုင်လ ၂ ရက်နေ့မှာ (ကာ/လုံ) အစည်းအဝေးကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းက ရုတ်တရက် ခေါ်ခိုင်းတဲ့အပေါ် ငြိမ်းချမ်းရေး ယူထားတဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းများနဲ့ နိုင်ငံရေး လောကသားတို့အကြား ဂယက်ကြီးစွာ ရိုက်ခတ်သွားခဲ့ပါတယ်။ ငြိမ်းချမ်းရေး ရရှိဖို့ အကောင်အထည်ဖေါ်ရာမှာ Power Full  ရှိတဲ့ ဆုံးဖြတ်ပေးနိုင်တဲ့ နိုင်ငံတော် အဆင့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းဆိုတာ ဘယ်လိုမျိုး ဆိုလိုနေတာလဲလို့တောင် မေးခွန်းကြီး တသီတတန်းကြီး မေးလာကြပါတယ်။ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့ ခေါင်းဆောင်လား၊ သမ္မတလား၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌလား၊ (ကာ/လုံ) အဖွဲ့အစည်းလားဆိုတဲ့ “လား” ပေါင်းများစွာနဲ့ အံ့သြကုန်ကျပါတယ်။

လက်တွေ့နယ်ပယ်မှာတော့ လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်းတို့ အနေနဲ့ အထက်ကို တင်ပြပေးမယ် ဆိုတာလောက်နဲ့ ကြိုးရှည်ရှည် ဆွဲလှန်လို့ရအောင် “buffer” ခံထားတယ်လို့ မြင်ကြပါတယ်။ ယခင်က ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီအဖွဲ့မှာ စစ်တပ် ဗိုလ်ချုပ်တွေ မပါလို့တောင် ထောက်ပြတော့မှ ကစထမှူးအဆင့် အရာရှိကြီးတွေ တိုင်းမှူးတွေ ထည့်ပေးလာတာပါ။ သမ္မတကလည်း လုပ်ပိုင်ခွင့် အကန့်အသတ် ရှိနေသလိုဖြစ်ပြီး လက်မှတ်ရေးထိုး သဘောတူညီချက် အချို့ အကောင်အထည်ဖေါ်နိုင်မှု မရှိသေးတာ တွေ့ရပါတယ်။ အပစ်ရပ်ပြီးတိုင်း ရှမ်းပြည်နယ် မြောက်ပိုင်း (SSPP/ SSA)၊ TNLA၊ KIA အဖွဲ့တွေနဲ့ တပ်မတော်တို့ တိုက်ပွဲကြီးငယ် ပြန်ဖြစ်နေလို့ တိုင်းရင်းသားအချို့က ယုံကြည်မှု လျော့ပါး နေကြပါတယ်။

ဒါဆိုရင် သမ္မတဦးဆောင် ကျင်းပနေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် တိုးတက်မှု မရှိတာလား ဆိုတော့ ဒါဟာလည်း လုံးဝ ဥဿုံတော့ မမှန်ကန်သေးကြောင်း တပ်မတော် အရာရှိကြီး (အငြိမ်းစား) ဒုဗိုလ်ချုပ်ကြီး တစ်ဦးက ဆိုလာပါတယ်။

“ဒါကတော့ သိပ်လက်မခံချင်ဘူးဗျ။ ဗိုလ်ချုပ်ခင်ညွှန့်ရဲ့ ငြိမ်းချမ်းရေး လုပ်တာမျိုးနဲ့ အခု အခြေအနေက မတူဘူးဗျ။ ယခုဆိုရင် ပွင့်လင်းလာပြီ၊ တစုံတခု မှားမယ်ဆိုရင်တောင် မီဒီယာပေါ်မှာ အချိန်မရွေး တက်သွားတယ်။ လွှတ်တော်နဲ့ အတိုက်အခံတွေ ရှိနေတာမို့ ပိုလို့တောင် သတိထားပြီး လုပ်နေရတယ်။ KIA ကို တပ်က ဗုံးကြဲလို့ ဝိုင်းထုထောင်းလိုက်တာ ရစရာ မရှိဘူး။ တကယ်တော့ အစိုးရ အဆက်ဆက်တုံးက လုံးဝ မလွယ်ကူတဲ့ ကိစ္စမျိုး (ဥပမာ KIA နဲ့ ဖုထစ်ပြီးမှ ချောမွေ့အောင် လုပ်နိုင်တာ) MPC က လုပ်နိုင်တယ်။ DKBA နဲ့ BGF ပဋိပက္ခ ဖြစ်တုံးက MPC က ဝင်ပြီး ညှိပေးလိုက်ရတဲ့ ဖြစ်စဉ်မျိုးရှိတယ်။ အစိုးရရဲ့ MPC ဟာ ဝန်ကြီးတွေအပြင် တပ်မတော်က ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးအဆင့်လိုမျိုး အရာရှိကြီးတွေ၊ အရပ်သား ကျွမ်းကျင်သူတွေ၊ တောတွင်းမှာနေထိုင်ခဲ့တဲ့ ရဲဘော်ရဲဘက်စိတ်ကြောင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ရင်းနှီးခဲ့တဲ့ ABSDF တပ်ဖွဲ့ဝင်ဟောင်းတွေလည်း ပါလာတာမို့ ညှိနှိုင်းရေးမှာ အားကောင်းတယ်။ ယုံကြည်မှု အမြန် တည်ဆောက်နိုင်တယ်။ KNU ဆိုရင် နအဖခေတ်က ပြီးပြတ်အောင် မလုပ်နိုင်ဘဲ ယခုအစိုးရ လက်ထက်မှာမှ အပစ်ရပ် လက်မှတ်ရေးထိုး ပြီးစီးသည့် အတိုင်းအတာ တစ်ခုအထိ ငြိမ်းချမ်းရေး ရယူတဲ့အဆင့် ရောက်နေပြီး ကရင်ပြည်နယ်၊ မွန်ပြည်နယ် တစ်ခုလုံး အေးချမ်းနေပြီဗျာ။ ဒါအမှတ်ပေးရင် Credit လို့တောင် ပြောနိုင်တယ်”


စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်က ဦးရွှေမန်းရဲ့စကားကို ပြန်ကောက်ရရင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဆောင်ရွက်ရာမှာ ဥပဒေနှင့် မညီပါက ပြည်သူများ၏ ဘဝလုံခြုံရေး ထိပါးမှုများ၊ ပြည်သူများရဲ့ ဘဝလုံခြုံရေးကို အကာအကွယ် မပေးနိုင်ခြင်း စတဲ့ ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လာ နိုင်တယ်လို့ ဆိုထားတာကြောင့် ဘေးထွက်ဆိုးကျိုးဆိုတာ ဘာကို အဓိက ရည်ရွယ်ပြီး ပြောတာလဲ ဆိုတာ တပ်မတော် အရာရှိတစ်ဦး (စစ်ရုံး) ကို မေးမြန်းခဲ့ပါတယ်။

“ဒါက MPC ဟာ နိုင်ငံတော် ဘတ်ဂျက်နဲ့ သုံးစွဲပြီး လုပ်ငန်း Process သွားနေတာ မဟုတ်ဘဲ လုပ်ငန်း အကောင်အထည်ဖေါ်ရာမှာ နိုင်ငံတကာရဲ့ ငွေကြေးကူညီမှု၊ နည်းဗျူဟာ အတွေ့အကြုံ၊ ရိက္ခာ ထောက်ပံ့ လှူဒါန်းမှုနဲ့ သွားနေတယ်။ နော်ဝေး၊ UN၊ ဂျပန်၊ ဗြိတိန်၊ သြစတြေးလျ စတဲ့ နိုင်ငံတကာက ပံ့ပိုးမှုပေါ့ဗျာ။ Proposal လိုင်းနဲ့ ခပ်ဆင်ဆင်တူတယ်။ ဒါ့အပြင် ပြည်တွင်းရှိ စီးပွားရေး လုပ်ငန်းရှင် အချို့က လှူဒါန်းတဲ့ ငွေနဲ့လည်း သွားနေတယ်။ ဒီတော့ကာ အဘကြီး ဦးရွှေမန်း ပြောတာက ဒီလို ရံပုံငွေတွေဟာ တချိန်ချိန် ပြဿနာ ရှိနိုင်တယ်။ လုပ်ထုံးလုပ်နည်း မညီဘူးပေါ့ဗျာ။ လွှတ်တော်ကို ဖြတ်ပြီး လွှတ်တော်ရဲ့ စီစစ်မှု၊ ဖြတ်တောက်မှု၊ ပံ့ပိုးမှု၊ လုပ်ရင် Procedure အရ တရားဝင်တာကို ထောက်ပြတာပါ။ တချိန်ချိန် ပြဿနာ ပေါ်နိုင်တာက ဥပမာ ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်တွေ အချို့က လိုက်လံ ထောက်ပံ့ ကျွေးမွေး ဧည့်ခံနေတာဟာ သူတို့ရဲ့ ကုမ္ပဏီ အကျိုးစီးပွားအတွက် ရည်ရွယ်ပြီး နောင် ငြိမ်းချမ်းရေး ရလာရင် အသုံးချနိုင်တယ်။ ဒေသခံ လူထု အကျိုးအတွက် မကြည့်တော့ဘဲ အဲဒီ ကုမ္ပဏီ အကျိုးအတွက်ဘဲ ကြည့်တော့မယ်လို့ ဆိုလိုနိုင်တယ်။ နောက်တစ်ခုက နိုင်ငံတကာ ထောက်ပံ့မှု ပါလာရင် နှောင်ကြိုး ပါလာတာမျိုးနဲ့ ဝင်ရောက် စွက်ဖက်မှု ရှိကောင်း ရှိနိုင်တယ်။ အဲဒီအခါ ဒေသခံ ပြည်သူလူထုရဲ့ ဘဝလုံခြုံရေး ထိခိုက်နိုင်တယ်ဆိုတဲ့ မဟာဗျူဟာ အတွေးအခေါ်နဲ့ ဆင်ခြင် ပြောဆိုဟန် တူတယ်ဗျ”

စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်က ဒီလို ဖြစ်စဉ်နဲ့ ပတ်သက်ပြီး တပ်မတော် အရာရှိကြီး (အငြိမ်းစား) ဒုဗိုလ်ချုပ်ကြီး တစ်ဦးရဲ့ သဘောထားကို မေးမြန်းကြည့်ရာ တမျိုး အဓိပ္ပာယ် ဖွင့်ပြန်ပါတယ်။

“အဘကတော့ အဲဒီလို မမြင်ဘူးဗျ။ ကိုရွှေမန်းက ကိုသိန်းစိန်ကို ကပ်ဖြုတ်နေတာ ကြာပြီဗျ။ စေတနာသန့်သန့်နဲ့ လမ်းတည်ပေးသလိုနဲ့ ညောင့်ချက်တွေ ရှိတယ်။ ကြံ့ဖွံ့ပါတီ G.S ကိုဌေးဦး ကိုယ်တိုင် ပြောသွားတဲ့ အချက်ရှိတယ်။ အပစ်ရပ် လက်မှတ်ထိုးတဲ့ကိစ္စ မသိဘူးလို့တောင် ဆိုနေပြီး ပြည်တွင်းကိစ္စဆိုရင် တစ်ဦးနဲ့တစ်ဦး နားလည်မှုရှိမှ၊ တစ်ယောက်နှင့်တစ်ယောက် ယုံကြည်မှု ရှိလာမှ အပြန်အလှန် နားလည်မှုတွေ ရှိတယ်လို့ ဆိုသွားတယ်နော်။ ဆိုလိုတာက လွှတ်တော်ကို အသိမပေးရ ကောင်းလားလို့ ဆိုသဗျ။ စစ်တပ် အစဉ်အလာ ထုံးစံတွေ လွှတ်တော်ထဲ ရောက်နေပြီ၊ စဉ်ဆက်မပြတ် သတင်းပို့ရမဲ့သဘော ဖြစ်နေတယ်။ ဆိုလိုတာက ကိုရွှေမန်း ခံယူနေတာက လွှတ်တော်ဟာ အစိုးရထက် မြင့်တယ်။ အစိုးရကို တာဝန်ပေးထားတာမို့ လွှတ်တော်ရဲ့ လက်အောက်ခံအဖွဲ့လို ခံယူနေသလား မသိဘူး။ တကယ်တော့ အခြေခံ ဥပဒေအရ အစိုးရအဖွဲ့နဲ့ လွှတ်တော် ဘယ်ဟာကိုမှ အသာမပေးထားဘဲ Balance of Power မျှထားတာပါ။ အစိုးရက သူ့အလုပ်သူ လုပ်နေတာဘဲ။ အောင်မြင်မှုတွေ ရလာလို့ “ထောက်” တဲ့ သဘောပေါ့။ ခက်တာကလည်း ဝန်ကြီးတွေဟာ လွှတ်တော်မှာရှင်းရင် အကျဉ်းချုပ် ရှင်းကြတာများလို့ ကိုရွှေမန်းတို့က ဘဝင်မကျတဲ့ သဘော ရှိတယ်။ အရေးထဲ ဝန်ကြီးတွေ ဖြစ်ကြတဲ့ ကိုစိုးသိန်းနဲ့ ကိုအောင်မင်းတို့က စည်းလွတ်ဝါးလွတ် ပြောတဲ့စကားတွေ ရှိတယ်။ ဥပမာ ကချင်ကို ကချင်က အုပ်ချုပ်လို့ ဆိုတာမျိုး၊ ၂၀၁၅ ရွေးကောက်ပွဲကျရင် တပ်မတော်မှ ပါဝင်တဲ့ (၂၅) ရာခိုင်နှုန်းကို အခြေအနေအရ လျော့ပေါ့မယ် ဆိုတာမျိုးပေါ့။ တကယ်ဆို ကိုအောင်မင်းက တိုင်းရင်းသားတွေကို စည်းရုံး သိမ်းသွင်းနေတာမျိုး ကိုရွှေမန်းက မမြင်ဘူး။ စေတနာ အမှားပေါ့။ နောက်ဆုံး ကိုအောင်မင်းလည်း လွှတ်တော်မှာ စိတ်ပေါက်ပေါက်နဲ့ အပစ်ခတ် ရပ်စဲရေး ကိစ္စကိုတောင် မပြီးပြတ်သေးဘဲ အမှိုက်ထုတ်ကြီး ပစ်ချမလို လွှတ်တော်ကို လွှဲမယ်လို့  ရွဲ့ပြီးပြောသွားတယ်လို့ ထင်တယ်ဗျ။ (ကာ/လုံ) အစည်းအဝေးက ခါတိုင်း လျှို့ဝှက်ခေါ်နေကျ ဖြစ်နေတာကို ဖေါက်ပြီး ကိုရွှေမန်းက စတန့်ထွင်ကာ ပြဿနာပေါ်လာလို့ဘဲ အစည်းအဝေး တရားဝင် ခေါ်ခိုင်းသလို ဖြစ်နေတယ်။ ကိုရွှေမန်းက အမှတ်ယူပြီး တရားဝင် ကြေညာသွားတာကတော့ မကောင်းဘူးပေါ့ဗျာ။ လက်ရှိ အစိုးရက ရံပုံငွေတွေကို စည်းမဲ့ကမ်းမဲ့ သုံးနေတာမျိုး မဖြစ်အောင် လေးလပတ်ဖြစ်စေ၊ နှစ်ချုပ်ဖြစ်စေ ဘဏ္ဍရေး ရငွေ သုံးငွေ ငွေစာရင်း ရှင်းတမ်း လွှတ်တော်ထံ တင်ပြသင့်တာတော့ မှန်ပါတယ်။  ဒါပေမဲ့ ဘေးထွက်ဆိုးကျိုး ပေါ်ထွက်အောင် လုပ်နေတာကို သူဝင်ကယ်ရတဲ့ ပုံစံမျိုး အမှတ်ယူတာ ဖြစ်နေတယ်။ နောက်တစ်မျိုး ပြောရရင် သမ္မတက အပစ်ရပ် ကိစ္စတွေ မနိုင်မနင်း ဖြစ်နေလို့ ကိုရွှေမန်းက ဝင်ကယ်ရ၊ ကူညီပေးရတယ် ဆိုတာမျိုး အမှတ်ယူတာ ဖြစ်နိုင်တယ်၊ စစ်တပ်ရဲ့ လူကြီးတွေဟာ ဆရာကြီးလုပ်ရမှ ကျေနပ်တဲ့ သဘာဝ ရှိတယ်ဗျ။ ယခုဆိုရင် ကိုရွှေမန်းက ဗဟိုကော်မတီကို ပြန်ဖွဲ့ခိုင်းပြီး လွှတ်တော်ဥက္ကဋ္ဌနှစ်ဦးနဲ့ အဖွဲ့ဝင် (၁၁) ဦး ပါတယ်လို့ သိရတယ်” လို့ ပြောသွားပါတယ်။


စည်းလုံးခြင်းရဲ့အင်အား အနေနဲ့ အထက်ပါ အရာရှိများရဲ့ ထင်မြင်ယူဆချက်များကို ခြုံငုံ သုံးသပ် တင်ပြရရင် အပစ်ရပ်ကိစ္စမှာ အစိုးရနှင့်တပ်မတော် ပူးပေါင်းဆောင်ရွက်ရုံနဲ့ ရနိုင်သည်ဖြစ်ရာ ဆန္ဒစောပြီး ဦးရွှေမန်း အနေနဲ့ အမှတ်ယူချင်တဲ့သဘော ဝင်ရောက် စွက်ဖက်တဲ့သဘော ဖြစ်နေပါတယ်။ အစိုးရအဖွဲ့ရဲ့ တစ်နိုင်ငံလုံး အပစ်ရပ်ရေးကိစ္စ ဆောင်ရွက်နေတာကို လွှတ်တော်မှ အသာတကြည် စောင့်ကြည့်သင့်ပါတယ်။ အစိုးရ အဖွဲ့အနေနဲ့ စာရင်းစစ်ချုပ် ရှိပြီးဖြစ်ရာ လိုအပ်သလို စာရင်းစစ်ပြီးတော့ လွှတ်တော်ကို တင်ပြတာတော့ လုပ်သင့်ပါတယ်။ ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင် အချို့ရဲ့ စေတနာ အရင်းခံအရ လှူဒါန်းတဲ့ ကိစ္စကိုလည်း ဘာသာတရားနှင့် ယှဉ်ကြည့်သင့်ပါတယ်။ ယခုခေတ်မှာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ တရားဝင် အခွန်ပေးသွင်းရေး၊ လူ့အခွင့်အရေး ကိစ္စများ၊ သိမ်းဆည်းမြေ နေရာများကို ထိုက်တန်သည့် လျောကြေးပေးရေး အစရှိတဲ့ ကန့်သတ်မှုများ ရှိတော့တာမို့ ကုမ္ပဏီတွေဟာ ယခင်ကလို ဆက်ကြေးပေးဖို့ မလိုတော့တာကြောင့် အကျိုးမျှော်ကိုးပြီး ပေးတာတော့ မဖြစ်နိုင်တော့ပါ။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနဲ့ တပ်မတော်အကြား တပ်နေရာ ချထားရေးကိစ္စ Code of Conduct ဆိုင်ရာ နှစ်ဘက် သဘောတူညီချက် ရေရေရာရာ မရှိတဲ့အပေါ် KNU အနေနဲ့ MPC ကို အလွတ်သဘော တွေ့တွေ့နေတာ အကျိုးမရှိတော့ရင် နောင်မတွေ့နိုင်တော့ဘူးဆိုပြီး ပြောဆိုလာပါတယ်။ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များဟာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်ရပ် လက်မှတ် ထပ်ထိုးဖို့ စိတ်မဝင်စားကြတော့ဘဲ နိုင်ငံရေး အာမခံချက် တစုံတရာရှိဖို့သာ တောင်းဆိုနေကြပါတယ်။ 
ဖက်ဒရယ်ဆိုတဲ့ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင် အခွင့်အရေးပေးဖို့ဟာ လွှတ်တော်ရဲ့ အခန်းကဏ္ဍ ပါဝင်လာပြီ ဖြစ်တာကြောင့် အဲဒီအခါကျမှ အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ လိုပါတယ်။ ဒါကြောင့် အစိုးရနဲ့လွှတ်တော် မသင့်မတင့် ဖြစ်လေ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေရဲ့ ယုံကြည်မှု အတိုင်းအတာ ရှိပြီးသား အနေအထားဟာ လျော့ကျလေလေ ဖြစ်သွားနိုင်ကြောင်း ငြိမ်းချမ်းရေး ရှေ့ရှုပြီး တင်ပြလိုက်ရပါတယ်။

မနက်ဖြန်မှာ PAWN ကို ထိုးကျွေး၊ NLD ကိုစား၊ KING ပေါက်သွားမယ့် ကြံ့ဖွံ့ အထူးသတင်းကို ဆက်လက် တင်ပြသွားပါမယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။