Monday, July 8, 2013

ငါလည်း သမ္မတ လုပ်ချင်တယ်

(စည်းလုံခြင်းရဲ့အင်အား)

ကြံ့ဖွံ့ ပါတီ ညီလာခံမှာ မိန့်ခွန်းပြောနေတဲ့ ဦးရွှေမန်း

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းဟာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်အပေါ် ဘယ်လို ပြုမူ လုပ်ဆောင်ချက်တွေနဲ့ နိုင်ငံရေး လောကမှာ အမှတ် ကပ်ယူနေတယ်ဆိုတာ စစ်ရုံးရှိ စစ်ဦးစီးမှူး (ပထမတန်း) ဒုဗိုလ်မှူးကြီးတစ်ဦးကို ဆက်သွယ် မေးမြန်းခဲ့ပါတယ်။

“မီဒီယာမှာ ပြောနေသလို သမ္မတနဲ့ လွှတ်တော်ဥက္ကဋ္ဌတို့ အားပြိုင်တယ်ဆိုတာ သံတမန် စကားလုံးဗျ၊ အစိုးရနဲ့လွှတ်တော်ဟာ လူပိန်းစကားအရဆိုရင် မတည့်တာ၊ ဖဲ့နေတာ၊ တကယ်တော့ အဘကြီး ဦးရွှေမန်းက အာဏာရူး ရူးနေတာဗျ၊ ဒီအဘကြီးက နာကျည်းချက်တွေ ခံစားချက်တွေရှိတယ်။ သူ့ကို နတခ တိုင်းမှူးကနေ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အလောင်းအလျာအဖြစ် အခြေခံဖို့ (ညှိနှိုင်းကွပ်ကဲရေးမှူး) ညှိ/ကွပ် ဆိုတဲ့ရာထူးကို ဦးသန်းရွှေက တီထွင်ပေးလိုက်တဲ့ ဇာတ်လမ်းက ရောဂါစတာဘဲဗျ။ ညှိကွပ်ဆိုတာဟာ တပ်မတော် ဖွဲ့စည်းပုံအရ တပ်မအဆင့် xo၊ ညှိနှိုင်းရေးမှူး G2 Level ဗိုလ်မှူးအဆင့်သာ ရှိခဲ့တယ်။ အဲဒီတုံးက xo အစား ကွယ်ရာမှာ ဟိုဌာနသွားညှိ၊ ဒီဌာနသွားညှိ ဆိုတော့ ox နွားလို့တောင် နောက်ပြောင် ခေါ်ရတယ်။ အဲဒါကို ရိပ်မိတဲ့ ဦးသန်းရွှေက ကက (ကြည်း) ကို တင်တဲ့စာတွေအားလုံး ဒုချုပ်ထံမတင်ခင် ဦးရွှေမန်းထံ အရင်တင်ပြီးမှ ဆုံးဖြတ်စေလို့ မိန့်တော်မူတယ်ဗျ။ ဦးခင်ညွှန့်တို့ အဖွဲ့ကို အရေးယူတော့ ဦးရွှေမန်းကိုဘဲ ဦးသန်းရွှေက အားကိုးရတယ်။ ဦးရွှေမန်း တပ်မမှူး လုပ်ခဲ့တဲ့ တပ်မ (၁၁) ကို ရန်သူ့စခန်းသိမ်း တိုက်ပွဲလိုမျိုး ကုန်းမြင့်သာ ၈ မိုင်က တပ်မတော် ထောက်လှမ်းရေး ဌာနချုပ်ကို အပြီးအပြတ် ချေမှုန်းခိုင်းခဲ့တယ်။ အဲဒီနောက်ပိုင်း ဦးရွှေမန်းဟာ သူ့လက်သူ့ခြေ ဖြစ်နေပြီး စစ်ဦးစီး ဗိုလ်မှူးချုပ် (စစ်ဆင်ရေး) တောင် သူ့မျက်နှာ ကြည့်နေရတယ်ဗျ။ (ရေ/ လေ) ဦးစီးချုပ်တွေကလည်း သူ့ကို “ဆလံ” ပေးရတယ်။ ဒါကြောင့် သူက အာဏာနီ ပြန်တည်ဆောက်ချင်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အလွမ်းသင့်ပြီး လူစု စည်းရုံးတာမျိုး လုပ်နေတဲ့အပြင် ဟိုဘက်ဒီဘက် သဘောကျမဲ့ စကားလုံးတွေပြောပြီး ပြည်သူတွေ မျက်စိလည်အောင် လုပ်ပြနေတာလေ” လို့ ရယ်ရယ်မောမော ပြောသွားပါတယ်။

စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်မှ ဆက်ပြီးဆွေးနွေးရာမှာ ဦးသန်းရွှေအနေနဲ့ ဦးရွှေမန်းကို အားကိုးအားထား ပြုနေရာက ဘယ်လိုကြောင့် တပ်ချုပ်ရာထူး မပေးသလဲဗျာ။ ပိုဆိုးတာက ဘာကြောင့် သမ္မတနေရာကိုလည်း မပေးခဲ့တာလဲ ဗိုလ်မှူးကြီး အမိန့်ရှိပါဦး။


(ဝဲ မှ ယာ) ဦးမောင်အေး (ဒုဗိုလ်ချုပ်မှူးကြီးဟောင်း)၊ ဦးသန်းရွှေ (ဗိုလ်ချုပ်မှူးကြီးဟောင်း) နဲ့အတူ ဦးရွှေမန်း (ဗိုလ်ချုပ်ကြီးဟောင်း)၊ ဦးသိန်းစိန် (ဗိုလ်ချုပ်ကြီးဟောင်း/ ဝန်ကြီးချုပ်ဟောင်း) တို့ တွေ့ရပုံ

“ဒါကတော့ ကျွန်တော်တို့စစ်တပ်မှာ ပြောနေကျဖြစ်တဲ့  တော်လေးတော်ထဲက ကတော်တွေအပေါ် မူတည်တယ်ဆိုတာ မှန်တယ်။ အဖွားကြီး ဒေါ်ခင်လေးသက်က တရုတ်နွယ်ဖွားဖြစ်ပြီး စီးပွားရေး သောင်းကျန်းဖို့ သူမ သားတွေကို ပင့်ပေးတာဗျ၊ အောင်သက်မန်းဆိုရင် သူ့အဖေ ဧရာဝတီတိုင်း တိုင်းမှူးဘ၀မှာ ကတည်းက ဧရာရွှေဝါ ကုမ္ပဏီ ထောင်တယ်ဗျ။ ခပ်ညံ့ညံ့ ဓာတ်မြေသြဇာထုတ်ပြီး တိုင်းနှင့် ပြည်နယ်တွေကို မယူမနေရ အတင်းယူခိုင်းတယ်။ မကွေးတိုင်း တယက ဥက္ကဋ္ဌ ဦးဇော်မင်း ခေါင်းကိုက်ခဲ့ရတဲ့ မကွေးတိုင်း ဖြစ်စဉ်တစ်ခုကို ပြောပြရရင် အဲဒီ မြေသြဇာတွေ မယူကြတော့လို့ မြို့နယ်တွေမှာ အပုံလိုက်ဖြစ်ပြီး ပျက်ဆီးနေတယ်။ အဲဒီအချိန်မှာ အဘကြီး ဦးရွှေမန်းဟာ (ညှိ/ကွပ်) ရာထူး တက်သွားတာကြောင့် မကွေးတိုင်း အာဏာပိုင် အဖွဲ့အစည်းလည်း ကြောက်လန့်ကုန်ပြီး စိုက်လျော်ကြရတယ်။ တချို့ မယက ဥက္ကဋ္ဌတွေဟာ မလျော်နိုင်လို့ ဘဝပျက်သွားတာတွေ ရှိတယ်ဗျ။ ဒါတောင် မကွေးတိုင်း ဖြစ်စဉ် တစ်ခုတည်း ရှိနေတာနော်။ အဲဒီကိစ္စ ဦးသန်းရွှေ မသိဘဲ ဘယ်နေမလဲ။ နေပြည်တော် စီမံကိန်း စတင်လုပ်မယ် ဆိုတုန်းကလည်း နေပြည်တော် မြို့တော်စီမံကိန်း တစ်ခုလုံး နီးပါးကို အဘကြီး ဦးရွှေမန်းရဲ့သားက ရသွားတယ်ဗျ။ ကုမ္ပဏီ အသိုင်းအဝိုင်း အားလုံး အံ့သြကုန်ပြီး သူ့သားက လုပ်ဖို့ မနိုင်တော့လို့ Sub ကန်ထရိုက် ပြန်ခွဲပေးရတယ်လေ။ Red Link ဆိုတဲ့ အင်တာနက် ကုမ္ပဏီကလည်း သူ့သားပိုင်တာဘဲ။ နံမည်ကြီးဘဲလေ။ သူ့သားတွေ စီးပွားရေး သောင်းကျန်းကြတဲ့အပြင် ဖခင်ဖြစ်သူ အဘကြီး ဦးရွှေမန်း ကိုယ်တိုင်က ဒဂုံဆောက်လုပ်ရေး ကုမ္ပဏီနဲ့ သစ်ထုတ်လုပ်ရေး ပိုင်ရှင်ဦးဝင်းအောင်ကို နေပြည်တော် စီမံကိန်း ဆောက်လုပ်ရေးမှာ သစ်လုပ်ငန်းလုပ်ဖို့ ကားပါမစ်များအပြင် တရုတ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ (၅) သန်း နှစ်စဉ် သစ်တင်ပို့ခွင့် ပေးခဲ့ပါတယ်။  ဒါ့အပြင် သားဖြစ်သူတွေဟာ စင်ကာပူမှာ ကုမ္ပဏီသုံးခု ထပ်မံ ဖွင့်လှစ် ခဲ့သေးတယ်ဗျ။ ပိုဆိုးတာက ဇေကမ္ဘာဦးခင်ရွှေနဲ့ ဦးရွှေမန်းတို့ ခမီးခမက်တော်တဲ့ ကိစ္စပါ။ ဦးခင်ရွှေက စီးပွားရေး အခွင့်အလမ်း မျှော်ကိုးပြီးတော့ ဝင်ဒါမီယာကိုတောင် လက်ညှိးထိုး တောင်းခဲ့သေးသလို လောဘထွက်တယ်။  ဆောက်လုပ်ရေး စီမံကိန်းတွေ၊ မြေသိမ်းဆည်းမှုတွေကို ခမီးခမက် အရှိန်အဝါနဲ့ လုပ်ခဲ့ရာမှာ ယနေ့ခေတ်ရောက်တော့ ဒေါက်တာဦးခင်ရွှေဟာ သိမ်းဆည်းခံ လူထုနဲ့ ပြဿနာတွေ ရှိတော့တာပေါ့။ အဲဒီလို အမဲစက်တွေကြောင့် ဦးသန်းရွှေဟာ ဦးရွှေမန်းကို သမ္မတရာထူး ပေးလိုက်ရင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးမှာ ညှိသွားနိုင်တယ်ဆိုတာ ကြိုတွက်မိလို့ မပေးခဲ့တာဗျ။ အရေးထဲ မြွေပူရာ ကင်းမှောင့် ဆိုသလို အဘကြီး ဦးရွှေမန်း မြောက်ကိုးရီးယားကို ခိုးပြီးသွားတဲ့ ဇာတ်လမ်းကလည်း ဗူးပေါ်သလို ပေါ်သွားလို့ သူ့ကို တပ်ချုပ်ရာထူး မပေးချင်တာနဲ့ အတော် ဖြစ်သွားတယ်။ အမေရိကန်ဟာ မြောက်ကိုးရီးယားနဲ့ ဆက်သွယ်တဲ့သူကို မကြိုက်ဘူးဗျ။ ဒီတော့ အဘကြီး ဦးရွှေမန်းတစ်ယောက် ခဲလေသမျှ သဲရေကျခဲ့တဲ့ Feeling ခံစားချက်တွေ ပြည့်နေတာပေါ့ဗျာ”

(ဝဲ မှ ယာ) ဦးခင်ရွှေ၊ Professor Gao၊ ဦးမြင့်ဆွေ (ဒုဗိုလ်ချုပ်ကြီးဟောင်း)၊ ဦးသူရအေးမြင့် (ဗိုလ်မှူးချုပ်ဟောင်း)

စည်းလုံးခြင်းရဲ့အင်အားက ဆက်လက်ပြီး တပ်မတော် အရာရှိကြီး (အငြိမ်းစား) ဒုဗိုလ်ချုပ်ကြီး တစ်ဦးထံ ဆက်သွယ်ကာ ဦးရွှေမန်းနဲ့ ဦးသိန်းစိန် နှိုင်းယှဉ်ချက်အပြင် ဦးသန်းရွှေ အနေနဲ့ ဘာ့ကြောင့် ဦးသိန်းစိန်ကို ရွေးခဲ့ရတာလဲဆိုတာကို မေးမြန်းကြည့်ပါတယ်။

“အဘကို မေးလို့ သိပ်တော့ မဖြေချင်ဘူး။ သူများအတင်း ပြောသလို ဖြစ်နေမယ်။ ဒါပေမဲ့ နိုင်ငံ ခေါင်းဆောင် လုပ်မဲ့သူတွေကို ပြည်သူတွေက ချင့်ချိန်ရွေးလို့ရအောင် ပြောပြပါမယ်။ ကိုသိန်းစိန်က ဧရာဝတီတိုင်း လယ်သမား မျိုးရိုးက ဆင်းသက်လာတယ်။ ခလရ (၈၉) တပ်ရင်းမှူးကနေ ကာကွယ်ရေး ဦးစီးချုပ်ရုံး စစ်ဆင်ရေးဌာန (စစ်ရုံး) ကို စစ်ဦးစီးမှူး (ပထမတန်း) စစ်ဆင်ရေး G1 ဒုဗိုလ်မှူးကြီး အဆင့်နဲ့ ရောက်ရှိလာတယ်။ အဲဒီကနေ ဗိုလ်မှူးချုပ် အဆင့်ထိ စစ်ဦးစီးမှူး ဗိုလ်မှူးချုပ် (စစ်ဆင်ရေး) ရာထူးကို တောက်လျှောက် စစ်ရုံးမှာထိုင်ပြီး ကိုင်သွားတယ်။ သူက D.S.A – 9 က ဖြစ်ပြီးတော့ စကခ (၄) တပ်မမှူး၊ တြိဂံတိုင်း တိုင်းမှူး၊ စစ်ရေးချုပ်၊ အတွင်းရေးမှူး (၁/၂) ကနေ ဝန်ကြီးချုပ်အထိ ရာထူးတက်လာတယ်။

ကိုရွှေမန်းကတော့ ပဲခူးတိုင်း ကညွှတ်ကွင်းမြို့ဇာတိ D.S.A – 11 ကျောင်းဆင်းဖြစ်ပြီး ဒုတပ်ရင်းမှူး ခမရ (၆) - တပ်မ (၄၄)၊ တပ်ရင်းမှူး ခမရ (၅) - တပ်မ (၆၆)၊ ဗျူဟာမှူး - တပ်မ (၆၆)၊ တပ်မမှူး - တပ်မ (၁၁)၊ တိုင်းမှူး (နတခ) နဲ့ နောက်ဆုံး ညှိနှိုင်းကွပ်ကဲရေးမှူးရာထူး ဗိုလ်ချုပ်ကြီးအဆင့်ထိ တိုးမြှင့်ခံရတယ်။ သူတို့နှစ်ဦးကို နှိုင်းယှဉ်ရင် ကိုသိန်းစိန်က Staff ဂျိုးဖြစ်ပြီး ကိုရွှေမန်းကတော့ တပ်မတွေထဲက အမာဆုံး တပ်မတွေမှာ တာဝန် ထမ်းဆောင်ခဲ့ရပြီးတော့ မာနယ်ပလော ဌာနချုပ်ကို သိမ်းတဲ့သူအဖြစ် ခေတ်စကားအရ ဆိုရင် Fighter Field Commander ဖြစ်ခဲ့တာပေါ့ကွာ။ ဒီနေရာမှာ နှိုင်းယှဉ်ရရင် ကိုရွှေမန်းဟာ နအဖခေတ် နံပါတ် ၃ အဆင့် ရှိနေရာမှာ ကိုသိန်းစိန်ကတော့ စစ်ရေးချုပ် အတွင်းရေးမှူး (၂) ဘဲ ဆိုတော့ Power တော်တော်ကွာတယ်ကွ။ သူတို့နှစ်ဦးကြားမှာ ဗိုလ်ချုပ်ကြီး စိုးဝင်း ရှိသေးတယ်။ အမျိုးသားညီလာခံ ကျင်းပမယ်လုပ်တော့ အဘိုးကြီး ဦးသန်းရွှေက ကိုသိန်းစိန်ကို ကောက်ကာငင်ကာ တာဝန်ပေးလိုက်တယ်။ ၂၀၀၈ အခြေခံဥပဒေ အသေးစိတ် ရေးဆွဲတာ ကိုသိန်းစိန်ဖြစ်တယ်။ ဒါကြောင့် သမ္မတလုပ်မဲ့သူဟာ အခြေခံဥပဒေ ကျွမ်းကျင်သူ ဖြစ်မှသာ ရှောင်တတ်၊ ထိမ်းတတ်၊ အတိုက်အခံတွေရဲ့ ထောက်ကွက်ကို ခုခံနိုင်မှာ မဟုတ်လား။ အဂတိလိုက်စားမှု အနည်းဆုံး ရွေးရရင်လည်း စစ်ရေးချုပ်ရာထူးက ဘာမှဂွင်မရှိတာမို့ တည်ငြိမ်ပြီး ကိုသိန်းစိန်ဟာ အကောင်းဆုံး ဖြစ်နေတာကြောင့် သူ့ကို ရွေးချယ်လိုက်တာဖြစ်တယ်။ တကယ်တမ်းဆိုရင် ကိုသိန်းစိန်ဟာ ၁၉၉၂ ခုနှစ်ကတည်းက စစ်ရုံးရောက်နေပြီး နိုင်ငံတကာက ဖြစ်ပျက် ပြောင်းလဲမှုတွေ၊ အစီရင်ခံစာတွေကို သူဖတ်ရတာမို့ ကိုရွှေမန်းထက် အတွေ့အကြုံရှိပြီး နိုင်ငံတကာကို ပိုပြီးရင်ဆိုင် ဖြေရှင်းနိုင်တယ်။ တိုင်းပြည်ကို ဒီမိုကရေစီစနစ်နဲ့ ပြုပြင် ပြောင်းလဲမှသာ ကောင်းမွန် မှန်ကန်မယ်ဆိုတာလည်း သူသိတယ်။ ဒါ့အပြင် Staff ဖြစ်တာမို့ အရေးအသား စကားလုံးကအစ ညက်ညောပြီး သူ့မိန့်ခွန်းတွေက ယနေ့ထိ ချောမွေ့နေတာဘဲ။ ကိုရွှေမန်းက စစ်သား Only မို့ တုံးတိတိနဲ့ Stage စင်မှာ ပြောသွားတာတွေ သိမှာပေါ့ဗျာ။ ဒီတော့ အဘိုးကြီး ဦးသန်းရွှေက ကိုရွှေမန်းကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ယူထားစေပြီး ဥပဒေ ကျေညက်အောင် လေ့လာခိုင်းရင်း လွှတ်တော်ဆိုတော့ ကြံ့ဖွံ့ပါတီ ထိပ်ပိုင်းလူကြီးတွေကလည်း သူ့ကိုပိုပြီး ဝိုင်းဝန်းကူညီပံ့ပိုးလို့ ရတာမို့ စီစဉ်လိုက်တာ တူတယ်ဗျ။ ကိုရွှေမန်းကတော့ မကျေနပ် တစ်ကစ ရလို့ Feeling တွေ ဖြစ်သွားတာပေါ့ဗျာ”

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။