Friday, July 26, 2013

ထူးခြားမှု မရှိသော ပြည်ထောင်စုဝန်ကြီး အပြောင်းအလဲကို ၀န်ကြီးဌာနအချို့တွင် ပြုလုပ်

(Eleven Media Group)

ထူးခြားမှုမရှိသော ပြည်ထောင်စုဝန်ကြီး အပြောင်းအလဲ အချို့ကို အစိုးရ၀န်ကြီး ဌာနအချို့တွင် ပြုလုပ်ခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးက ဇူလိုင် ၂၅ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။
ဝန်ကြီးအပြောင်းအလဲ ပြုလုပ်ရာတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယ၀န်ကြီးများအား အပြောင်းအလဲ ပြုလုပ်ခဲ့ခြင်း၊ ဒုတိယ ၀န်ကြီးများ ခန့်အပ်ခဲ့ခြင်းနှင့် ဒုတိယ၀န်ကြီး နှစ်ဦးအား ရာထူးမှနုတ်ထွက်ခွင့် ပြုခဲ့ခြင်းတို့ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး၏ အမိန့်ထုတ်ပြန်ချက်အရ သိရသည်။

 
ပြည်ထောင်စုဝန်ကြီးများ အပြောင်းအလဲ ပြုလုပ်ရာတွင် ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်အား စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ်လည်းကောင်း၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးအား ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ်လည်းကောင်း၊ အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်အား စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ်လည်ကောင်း၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်အား အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ်လည်းကောင်း ပြောင်းလဲတာဝန် ပေးခဲ့ခြင်း ဖြစ်သည်။

ဒုတိယ၀န်ကြီးများအား အပြောင်းအလဲ ပြုလုပ်ရာတွင် ဒေါက်တာဝင်းမြင့်အား သမ္မတ ရုံးဝန်ကြီးဌာန(၁) သို့လည်းကောင်း၊ ဒေါက်တာ ဇော်မင်းအောင်အား ပညာရေး ၀န်ကြီးဌာနသို့ လည်းကောင်း၊ ဦးထင်အောင်အား အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနသို့ လည်းကောင်း၊ ဦးမြင့်သိန်းအား ရထားပို့ဆောင်ရေး ၀န်ကြီးဌာနသို့ လည်းကောင်း၊ ဦးဘရွှေအား သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာန သို့လည်းကောင်း အသီးသီး ပြောင်းလဲတာဝန် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။


ယခု အပြောင်းအလဲများအရ သမ္မတရုံးနှင့် နီးစပ်သူများက နေရာကောင်းများကို ရရှိကြောင်း နိုင်ငံရေး ကျွမ်းကျင်သူများက သုံးသပ်ပြောဆို ခဲ့ကြသည်။ လာဘ်ပေးလာဘ်ယူမှုများနှင့် ပတ်သက်၍ ဝေဖန်ခံရမှုများ ရှိနေသည့် အစိုးရ ၀န်ကြီးဌာနအချို့၏ ယခုအပြောင်းအလဲသည် အများမျှော်လင့်သကဲ့သို့ ထူးခြားမှု မရှိခဲ့ကြောင်းလည်း သုံးသပ်မှုများရှိ...

ဒုတိယ၀န်ကြီးများ ခန့်အပ်ရာတွင် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ် မောင်မောင်အုန်းအား နယ်စပ်ရေးရာ ၀န်ကြီးဌာန ဒုတိယ၀န်ကြီးအဖြစ် ပြောင်းလဲတာဝန် ပေးခဲ့ပြီး ရန်ကုန်စီးပွားရေး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစန်းလွင်အား ပညာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး အဖြစ်လည်းကောင်း၊ နေပြည်တော် ကောင်စီဝင် ဒေါက်တာသန်းအောင်အား ကျန်းမာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး အဖြစ်လည်းကောင်း သိပ္ပံနှင့် နည်းပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်ကျော်မြတ်အား သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန ဒုတိယ၀န်ကြီး အဖြစ်လည်းကောင်း တာဝန်ပေးခဲ့ခြင်း ဖြစ်သည်။

ဒုတိယ၀န်ကြီး နှစ်ဦးဖြစ်သည့် ပညာရေး ၀န်ကြီးဌာနမှ ဦးအေးကြူနှင့် ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ သူရဦးသောင်းလွင်တို့အား ၎င်းတို့ သဘောဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်ခွင့် ပြုခဲ့ကြောင်းလည်း နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြေညာချက်အရ သိရသည်။
ထို့ပြင် ပြည်ထဲရေး ၀န်ကြီးဌာနတွင် ဒုတိယ၀န်ကြီးနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်တာဝန် ပူးတွဲထမ်းဆောင်သူ ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းအား ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီးအဖြစ် ပြောင်းလဲ တာဝန်ပေးခဲ့ပြီး ပြည်ထဲရေး ၀န်ကြီးဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဒုတိယရဲချုပ် ရဲမှူးချုပ် ဇော်ဝင်းအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်အဖြစ် ခန့်အပ်တာဝန် ပေးခဲ့ခြင်း ဖြစ်သည်။

ဦးအေးမြင့်သည် ယခင်ဝန်ကြီး ဦးစိုးသိန်း နေရာတွင် ဆက်ခံတာဝန် ထမ်းဆောင်ခဲ့ သူဖြစ်ပြီး ၎င်းသည် စက်မှုဝန်ကြီးဌာနတွင် နာမည်ကောင်းများ ရရှိခဲ့သူ ဖြစ်သည်။ ယခုအခါတွင် ဦးအေးမြင့်အား အလုပ်သမား ၀န်ကြီးဌာနသို့ ပြောင်းလဲတာဝန် ပေးအပ်ပြီး ယခင် အလုပ်သမား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်အား စက်မှုဝန်ကြီးအဖြစ် ပြောင်းလဲတာဝန် ပေးအပ်ခဲ့သည်။

အစိုးရ ၀န်ကြီးဌာနများ၏ အနေအထားအရ စွမ်းအင်ဝန်ကြီးဌာနသည် နိုင်ငံတကာ ကုမ္ပဏီကြီးများနှင့် စီးပွားရေး အခွင့်အလမ်း ကောင်းများအတွက် ထိတွေ့လုပ်ဆောင်ရသည့် ၀န်ကြီးဌာနဖြစ်သည်။ အဆိုပါ ၀န်ကြီးဌာန၏ ပြည်ထောင်စု ၀န်ကြီးအဖြစ် မကြာခင်က တိုင်းမှူးအဖြစ်မှ ပြည်ထောင်စုဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးဇေယျာအောင်အား ပြောင်းလဲခန့်အပ်ခဲ့သည်ကို တွေ့ရသည်။ အဆိုပါ ဦးဇေယျာအောင်သည် သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုတိယ၀န်ကြီး ဦးရဲထွဋ်နှင့် ယောက်ဖတော်စပ်သူ ဖြစ်ကြောင်း သိရသည်။ ယခု အပြောင်းအလဲများအရ သမ္မတရုံးနှင့် နီးစပ်သူများက နေရာကောင်းများကို ရရှိကြောင်း နိုင်ငံရေး ကျွမ်းကျင်သူများက သုံးသပ်ပြောဆို ခဲ့ကြသည်။ လာဘ်ပေးလာဘ်ယူမှုများနှင့် ပတ်သက်၍ ဝေဖန်ခံရမှုများ ရှိနေသည့် အစိုးရ ၀န်ကြီးဌာနအချို့၏ ယခုအပြောင်းအလဲသည် အများမျှော်လင့်သကဲ့သို့ ထူးခြားမှု မရှိခဲ့ကြောင်းလည်း သုံးသပ်မှုများ ရှိနေပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။