Wednesday, July 17, 2013

တပ်မတော်ကို ဘီလူးနှင့် ခိုင်းနှိုင်းခြင်းကို ၀မ်းနည်းကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီးဝေလွင်ပြော

Popular Myanmar News Journal 

တပ်မတော်အား ဘီလူးနှင့် ခိုင်းနှိုင်း ပြောဆိုခြင်းကို ၀မ်းနည်း ကြောင်း ကာကွယ် ရေးဝန်ကြီးဌာနမှ ပြည်ထောင်စု ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်က ပြည်ထောင်စု လွှတ်တော်တွင် ပြောကြားသည်။
"အချို့ ဆွေးနွေးခဲ့တဲ့ အထဲမှာတော့ ယခင်ခေတ် ၊ယခင်ကာလက တရားဝင်ရှိခဲ့ဖူးတဲ့ အသုံးအနှုန်း တွေ မဟုတ်ဘဲနဲ့ စစ်အစိုးရ ၊ စစ်အာဏာရှင် အစိုးရ၊ တပ်မတော်က မြေသိမ်းတဲ့ ကိစ္စတွေ
နဲ့ ပတ်သက်လာလို့ ရှိရင် ဝေသာလီပြည်မှာ ဘီလူးစီးတယ်လို့ ခိုင်းနှိုင်းသွားပြီးတော့ တပ်မတော်အပေါ်မှာ ခိုင်းနှိုင်းသွားတာကလည်း တကယ့်တကယ် တွေးကြည့်ရင် ၀မ်းနည်းစရာ ကောင်းပါတယ်"
ဟု ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်က ပြောသည်။


ယနေ့ကျင်းပသော ပထမ အကြိမ် ပြည်ထောင်စု လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး ဆဌမ နေ့တွင် လယ်ယာမြေစုံစမ်း စစ်ဆေးရေး ကော်မတီ ဥက္ကဌ ဦးတင်ထွတ်၏ လယ်ယာမြေနှင့်
အခြားမြေများ သိမ်းဆည်း ခံရမှုများကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်မှ ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းခဲ့ပြီးဖြစ် သော အစီရင်ခံစာများနှင့် စပ်လျဉ်း၍ ပြည်ထောင်စု အစိုးရမှ ဆောလျင်စွာ အရေးယူဖြေရှင်း ဆောင်ရွက်ပေးရန် အဆိုနှင့် ဆက်စပ်သည့် အစီရင်ခံစာ အပိုင်း(၁)နှင့် အပိုင်း(၂)ကို အတည်ပြုရန် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ၄၅ ဦးမှဆွေးနွေးခဲ့သည် ။ ယင်းဆွေးနွေးမှု များတွင် လွှတ်တော်ကိုယ် စားလှယ် တစ်ဦး၏ ထည့်သွင်းပြောကြားသော စကားလုံးကို အထက်ပါအတိုင်း ပြန်လည် ပြောကြားခြင်းဖြစ်သည်။

ထိုသို့ ပြောကြားခြင်းသည် ပြည်ထောင်စုလွှတ်တော် ဆိုင်ရာ နည်းဥပဒေ ပုဒ်မ ၆၃ (ဃ) ပါ အချက်များအရ ဂုဏ်သရေ ထိခိုက်သော ဖော်ပြချက်များ မပါရှိရကြောင်း မှတ်သားထားဖူး
ကြောင်း၊ မိမိတို့အနေဖြင့်လည်း ပြည်ထောင်စု လွှတ်တော်နှင့်တကွ တောင်သူ လယ်သမားများနှင့် ပိုင်ဆိုင်ခွင့် ရှိသောသူများကို ပြောကြားချင်သော အခွင့်အလမ်းများ ရရှိချင်သည် မှာ ကြာပြီဖြစ်ကြောင်း ၄င်းက ထပ်လောင်းပြောသည်။

"တောင်သူ လယ်သမားတွေ ရဲ့ အကျိုး၊ နိုင်ငံတော်ရဲ့ အကျိုးကို ပဲ ရည်ရွယ်ပြီး ရည်ရွယ်ချက်ကောင်းကောင်း နဲ့ပဲ ဆောင်ရွက်တယ်လို့ ပဲ မှတ်သား ခံယူပြီးတော့ လွှတ်တော်ကို ဖြေရှင်းဆောင်ရွက် သွားမှာ ဖြစ်ပါတယ်" ဟု ပြည်ထောင်စု ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်က က ထပ်လောင်းပြောကြားခဲ့သည်။

ဦးတင်ထွတ် တင်သွင်းသော အဆိုနှင့်ပတ်သတ်၍ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ၄၅ ဦးက ၃ ရက်ကြာ ဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာ ပြည်ထောင်စု အစိုးရ အဖွဲ့မှ ပြန်လည်ရှင်းလင်း
ပြောကြားကာ ယင်းအဆိုကို လွှတ်တော်မှ အဆုံးအဖြတ်ရယူရာတွင် ထောက်ခံမဲ ၄၄၈ မဲ၊ကန့်ကွက်မဲ ၄ မဲ နှင့် ကြားနေမဲ ၄၅၆ မဲ ဖြင့် အဆိုကို အတည်ပြုလိုက်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။