Thursday, April 4, 2013

"စစ်အာဏာရှင်တို့ကို လက်စတုံး ချေမှုန်းရမည်"

(စည်းလုံးခြင်းရဲ့အင်အား)


ဒုတိယ ဗိုလ်မှူးကြီး အေးမြင့်

ဒီနေရာမှာ အလျဉ်းသင့် ကြုံကြိုက်လို့ ဒီနေ့ တပ်မတော်က သမိုင်းမှန်မသိ ဦးနှောက် မရှိတဲ့ ချိန်းဘရီး ဗိုလ်ယုတ်တစ်ဦးရဲ့ စုတ်ပဲ့ပုံ ဇာတ်လမ်းလေး တစ်ခုကို ရေးပြပါရစေ။ လွန်ခဲ့တဲ့ ၂၀၀၆ မတ်လ ဆန်းလောက်က ထင်ပါတယ်။ ကျပ်လို့ ပြေးကြရတဲ့ တောကြို အုံကြားက တိရစ္ဆာန်တို့ ကျက်စားရာ ကျပ်ပြေးကို သွားရောက် စစ်ဆေးပြီး မော်တော်ယာဉ်နဲ့ ရန်ကုန်ကိုပြန်မဲ့ ဗိုလ်ချုပ် တစ်ယောက်က ရန်ကုန်ပြန်တဲ့ ကားလမ်း တလျှောက်မှာ “အောင်ဆန်း” အမည်ပါတဲ့ ဆိုင်းဘုတ် တွေကို တစ်ခုတလေမှ မမြင်ချင်ဘူး ဆိုလို့ ဖောင်တော်သီ လမ်းခွဲက အောင်ဆန်း သူရိယ လှသောင်း အုတ်ဂူသို့ လမ်းညွှန် ဆိုင်းဘုတ် ကိုတောင် ချက်ချင်း ဖြုတ်ချ ပေးလိုက်ရတယ် ဆိုပဲဗျ။ ဒါကို တစ်ညမှာ DVB မှ ရဲဘော်ထက်အောင်ကျော်က ကျနော့်ကို အင်တာဗျူးတာနဲ့ ပယ်ပယ်နယ်နယ် တွယ်လိုက်ပြီး ရှမ်းစုရွာ သမိုင်းဝင် တိုက်ပွဲစဉ်ကိုပါ ရှင်းပြလိုက်ရ ပါသေးတယ်။ ကြုံဘူးပေါင်ဗျာ၊ ဘယ်လိုလုပ်ပြီး ဗိုလ်ချုပ်ဖြစ်လာသလဲ မသိပါဘူး။ မဟုတ်မှ လွဲရော မဆလ တစ်ပါတီ စစ်အာဏာရှင်တို့ ဘုန်းမီးနေလ တောက်ပ ချိန်လောက်မှ ဒီနေ့ တပ်မတော်ထဲ ရောက်ခဲ့တဲ့ အစုတ်ပလုပ် စစ်သူတောင်းစား တစ်ကောင်ဖြစ်ပါ လိမ့်မယ်။ “အောင်ဆန်း” ဆိုတာ တိုင်းပြည်ရဲ့ လွတ်လပ်ရေး ဗိသုကာ ၊ ပြည်သူတိုင်းရဲ့ ကျေးဇူးရှင်၊ တပ်မတော်ရဲ့ မူလပထမ ဖခင်အစစ်၊ ဒီနေ့ တပ်မတော်ကို စတင်စုဖွဲ့သူရယ်လို့ သူမသိရှာတာ သနားစရာပါဘဲ။


“အောင်ဆန်း” ကြောင့် ဒင်း ဒီရာထူးအဆင့် အာဏာတွေ ရလာနေပြီး တစ်ဆွေလုံး တစ်မျိုးလုံး မျိုဆို့နေရတာ ဒင်း မစဉ်းစားမိတာ အံ့သြ ရွံရှာစရာပါ။ တပ်မတော်ရဲ့ သမိုင်းမှန်ကို နကန်းတလုံးတောင် သိပုံမပေါ်ဘူး။ စစ်အာဏာရှင်တွေရဲ့အဖြီးအညာ ဖြန်းသန်းရမ်းတုပ်တဲ့ သမိုင်းလိမ်၊ သမိုင်းညာတွေနဲ့သာ ယဉ်ပါးပြီး နေ့ချင်းညချင်း ကြီးပြင်း လာတဲ့ တိရိစ္ဆာန် သတ္တ၀ါ ထင်ပါရဲ့နော်။ ဒီနေ့ တပ်မတော်က ဗိုလ်ယုတ်၊ ဗိုလ်ရှုပ်၊ ဗိုလ်စုတ် တော်တော်များများကို ဒီပုံစံအတိုင်း တွေ့နေရလို့ ရင်နာလွန်းရပါတယ်။ မွေးလိုက်တဲ့ အဖေအမေတွေတော့ ဘယ်လို ခံစားကြမယ် မသိဘူး။ ကျနော်သာ ဖခင်တစ်ဦးဆိုရင် တိုင်းပြည်ကျေးဇူးရှင် တပ်မတော်ရဲ့ဖခင်ရယ်လို့တောင် မသိတဲ့သားကို ကိုယ်တိုင် ပစ်သတ်မိမှာ သေချာတယ်။ မိခင်ဆိုရင်လည်း ဒီလို စစ်သူတောင်းစားမျိုးကို မွေးမိတာ ဟိုဟာတောင် စပ်မိမှာပါ။ ဒါတွေကြောင့်ပဲ ဒီစိတ်ကစင့်ကလျား စံလွှဲနေတဲ့ ဗိုလ်စပါယ်ရှယ်တွေကို လက်စတုံး ချေ မှုန်းပစ်ချင်တာပေါ့။

၁၉၄၈-၄၉ မနေ့က တပ်မတော်ရဲ့ သမိုင်းအဆစ်အကွေ့ကို တစေ့တစောင်း စောင်းငဲ့လို့ ကြည့်လိုက်ရင် ထိပ်ပိုင်းစစ်ခေါင်းဆောင်တစ်စုရဲ့ စစ်သားမပီသမှု၊ နိုင်ငံရေး အယူဝါဒ ဟိုအစွဲဒီအစွဲတွေ ပြင်းထန်မှု၊ အာဏာရာထူးနေရာ ငမ်းငမ်းတက် တပ်မက်မှု၊ အဓိကတာဝန်ဖြစ်တဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေး တာဝန်တွေကို အလေးပေး ဦးထိပ်ပန်ဆင် ရမဲ့အစား နိုင်ငံရေးမှာ ၀င်ရောက်စွက်ဖက်ကာ အတ္တအကျိုးကို ရှေ့တန်းတင် မဆင်မခြင် လုပ်စားခဲ့မှုကြောင့် အခြေအနေတွေဟာ ပို၍ပို၍ ရှုပ်ထွေးပြီး ပြည်တွင်းစစ်မီးကြီး အရှိန်အဟုန် ပိုမို တောက်လောင်ခဲ့ရတာ သတိပြုမိပါတယ်။

ဒါအတွက် သမိုင်းတရားခံ စစ်ခေါင်းဆောင်များ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်နေ၀င်း၊ ဗိုလ်ဇေယျနဲ့ ဗိုလ်ရဲထွဋ်တို့ကို ယိုးစွပ်ရှုတ်ချရမှာပါပဲ။ မနေ့က တပ်မတော်မှာ ဒီခေါင်းဆောင်ကြီး သုံးဦးဟာ ပဓါနကျတဲ့ တပ်မတော်ရဲ့ထိပ်ပိုင်းမှာ နေရာရခဲ့ကြ သူတွေပါ။ ဖခင်ဗိုလ်ချုပ်အောင်ဆန်းရဲ့ စံနမူနာကို ယူပြီး တပ်မတော်ကို လမ်းကြောင်းမှန် ပေါ်မှာ ထိန်းကြောင်းလို့ ထိုအချိန် ထိုကာလက ဗိုလ်ချုပ် အောင်ဆန်းပြီးလျှင် ဒုတိယအကြီးအကဲ ဗိုလ်ချုပ်လက်ျာကို ဦးထိပ်ထား ပူးပေါင်းကူညီ ထောက်ခံအားပေးလို့ ရပ်တည်သင့်တယ်လို့ ခံယူမိပါတယ်။

လက်ဝဲညီညွတ်ရေးတို့ လက်ယာမသွေဖီရေးတို့ နယ်ချဲ့အလိုတော်ရိ စတဲ့ ဝေါဟာရတွေဟာ နိုင်ငံရေးသမား လူလည်၊ လူနပ်၊ အာဏာရူးတို့ရဲ့ထိုကာလက ရေလဲသုံး လုပ်စားခဲ့ကြတာတွေပါ။ စစ်ဗိုလ် စစ်သား စစ်စစ်တွေက မသုံးသင့်ပါဘူး၊ စိတ်မ၀င်စားသင့်ပါဘူး၊ အထူးသဖြင့် ရဲဘော်သုံးကျိပ်ဝင် စစ်ခေါင်းဆောင်များဟာ နိုင်ငံရေး လူနပ်ချမ်းသာ “အလွန်အကျွံကစားသူ” တို့လို တွေးခေါ်မြော်မြင်ရန် မသင့်ပါဘူး။

စစ်သားပီပီ တနိုင်ငံလုံး တမျိုးသားလုံးကို မီးလောင်တိုက်သွင်းခဲ့တဲ့ ကွန်မြူနစ် အာဏာရူး၊ တိုင်းဖျက် ပြည်ဖျက် သေနတ်ပြောင်းဝက ထွက်လာတဲ့ အာဏာစီးဆင်းမှု စနစ်ကို လက်ခံကျင့်သုံးတဲ့ သူပုန်ကို သူပုန်လို့သာမြင်ပြီး ကာကွယ်ခုခံ တွန်းလှန် ချေမှုန်း ပစ်ရမှာပေါ့။ တိုင်းပြည်နဲ့လူမျိုး ဒုက္ခရောက်အောင် လုပ်တဲ့သူကို သေဖော် သေဘက်ဟောင်း တချိန်က လုပ်ဖော်ကိုင်ဘက်ဟောင်းတွေမို့ ငဲ့စရာ အကြောင်း မမြင်သင့်ဘူးလို့ ကျနော် စစ်သားပီပီ ခံယူတယ်။ တိုင်းပြည်မှာ ဘေးဒုက္ခ အကြီးအကျယ် တွေ့နေချိန်မှာ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်လက်ျာကို နိုင်ငံရေးသမားဥာဉ်နဲ့ ကန်ထုတ်ပြီး အရှက်မရှိ နေရာလုကြတဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်နေ၀င်း၊ ဗိုလ်ဇေယျတို့နှစ်ဦးကို အထင်လည်း မကြီးဘူး၊ အထင် လည်းသေးတယ်။ ပြင်းပြင်းထန်ထန် ရှုတ်ချတယ်။

ကရင်တိုင်းရင်းသား သွေးချင်း ဗိုလ်ချုပ်စမစ်ဒွန်း၊ ဗိုလ်မှူးချုပ် စောကြာဒိုး ၊ဗိုလ်မှူးချုပ် အောင်သင်း၊ ဗိုလ်မှူးကြီး ရှီဂိုး၊ ဗိုလ်မှူးကြီး ကယ်ဗင်အို၊ ကရင် ၃ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောဒီထူး၊ ဗိုလ်မှူးစောဘာနီ၊ ဗိုလ်မှူးစောနဲလ်ဆင် ၊ ဗိုလ်မှူးကျော်ခင်ဝင်း (ခ) ဒါလင် စတဲ့ သွေးချင်းတွေဟာ တိုင်းပြည်အပေါ်မှာရော တပ်မတော်အပေါ်မှာပါ သစ္စာရှိခဲ့တာ သမိုင်းစဉ်အရ မှတ်သားနားလည်ခဲ့ရပါတယ်။ ဗိုလ်နေ၀င်း ခလောက်ဆန် မမှန်မကန် အကြံအဖန် ခြေရှုပ်ပြီး နိုင်ငံရေးကစားခဲ့လို့သာ နေရာပျောက်ခဲ့ရတာလို့ မြင်ပါတယ်။

ကျနော်သာ ဗိုလ်ချုပ်လက်ျာရဲ့ နေရာမှာရှိခဲ့လျှင် မနေ့က တပ်မတော်ထဲက ဖားတစ်ပိုင်း ငါးတစ်ပိုင်း စစ်ဗိုလ်နိုင်ငံရေးသမား ဗိုလ်နေ၀င်းနဲ့ ဆိုရှယ်လစ် စစ်ဗိုလ် စစ်သားတွေကိုရော ဗိုလ်ဇေယျ၊ ဗိုလ်ရဲထွဋ်နဲ့ အပေါင်းပါ ကွန်မြူနစ် စစ်ဗိုလ်စစ်သားများ ကိုပါ သန့်စင်ဖယ်ရှား ကန်ထုတ်ပြီး ဗိုလ်ချုပ်ကျော်ဇော၊ ဗိုလ်ချုပ် စမစ်ဒွန်းစတဲ့ စစ်သား စစ်စစ်တွေကိုသာ ခေါင်းဆောင်တင်ပြီး တိုင်းပြည်ကို ဒုက္ခပေး သူတွေကို လက်စတုံး ချေမှုန်း ပစ်လိုက်မှာပဲ။ ဒီနေ့လည်း ကျနော့မှာ ဒီအရင်းခံစိတ်နဲ့ တော်လှန်နေသူပါ။ ကျနော် နားလည်တာက နအဖ စစ်သူတောင်းစားတွေဟာ ဟိုစဉ်က ကွန်မြူနစ်တွေရဲ့ အကျင့်အတိုင်း ပြုမူကျင့်ကြံနေကြတာလို့ ခံယူနားလည်ထားတယ်။

ကျနော်ဟာ မျိုးချစ်အဖြူရောင် စစ်သားပါ။ နိုင်ငံရေးသမား မဟုတ်ဘူး။ မကစား တတ်ဘူး၊ နအဖကို လက်စတုံးချေမှုန်းဖို့သာ အားသန်တယ်။ နိုင်ငံရေးသမားတွေ ဒီနေ့ ပညာပြ စာချနေကြသလို တိုက်ပွဲပုံစံကိုရှောင်လို့ နိုင်ငံရေးအရ နီးစပ်နိုင်မယ့်အဖြေ၊ နည်းလမ်းရှာတာတို့ ပူးကပ်ပြီး သင်ပုန်းချေနည်းဗျူဟာ သုံးတာတို့ ဖျောင်းဖျ နားချ ဆွေးနွေးညှိယူချင်တာတို့ ယုံကြည်မှု တည်ဆောက်တာတို့ ဆိုတာတွေ ကျနော် နားမလည်ဘူး။ လုပ်လည်း မလုပ်တတ်ဘူး။ ပြောလည်း မပြောတတ်ဘူး။

ကျနော် လိုချင်တာက အမိနိုင်ငံတော်မှာ ပြည်သူလူထုထဲမှ အာဏာစီးဆင်းတဲ့ စနစ် အာဏာ ရယူတဲ့နည်းပဲ၊ သေနတ်ပြောင်းဝက အာဏာစီးဆင်းတဲ့စနစ် အာဏာရယူတဲ့နည်း ဒါမှမဟုတ် လက်နက်အားကိုး နိုင်လိုမင်းထက် ပထွေးအားကိုး အာဏာချုပ်ကိုင်တဲ့နည်းကို လုံးဝ (လုံးဝ) လက်မခံနိုင်ဘူး။ မလိုချင်ဘူး။ ဒီလူပုဂ္ဂိုလ်၊ လူတစ်စု၊ တစ်ဖွဲ့တစ်ပါတီကို လက်စတုံး ချေမှုန်းသုတ်သင်နိုင်မှသာ ပွဲပြီးမှာလို့ ယုံကြည်တယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။