Monday, April 22, 2013

HRW အစီရင်ခံစာအပေါ် ရခိုင်ပြည်နယ်အစိုးရ နဲ့ နေပြည်တော်ရဲ့ တုံ့ပြန်ချက်

(ဧရာဝတီ)

 ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်ဖို့ မြန်မာအာဏာပိုင်တွေက အကွက်ချ စီစဉ်ခဲ့တယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ကြီးတခုဖြစ်တဲ့ Human Rights Watch (HRW) က ဒီကနေ့ အစီရင်ခံစာတစောင်ထုတ်ပြန်ပြီး ဝေဖန်လိုက်ပါတယ်။ 

ရခိုင်ပြည်နယ် စစ်တွေမြို့ ပဋိပက္ခ နောက်ဆက်တွဲမြင်ကွင်းတခု

ပြီးခဲ့တဲ့နှစ် ရခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ အကြမ်းဖက်မှု၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေဟာ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇ၀တ်မှုဖြစ်တယ်လို့ HRW ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
သတ်ဖြတ်မှုကျူးလွန်သူများကို အရေးမယူတဲ့အတွက် သမ္မတဦးသိန်းစိန်အစိုးရကို ကန့်ကွက်ကြောင်း

HRW က နယူးယောက် အခြေစိုက် အထင်ကရ လူ့အခွင့်အရေးအဖွဲ့ကြီး ဖြစ်ပါတယ်။



HRW ရဲ့ ဒီကနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာက စာမျက်နှာ ၁၅၀ ကျော် ရှိပါတယ်။
http://www.hrw.org/reports/2013/04/22/all-you-can-do-pray-0 မှာ ဒေါင်းလုတ် လုပ်နိုင်ပါပြီ။

"ရိုဟင်ဂျာ နှင့် ကမန် မူဆလင် အသိုင်းအ၀န်း အပေါ် အောက်တိုဘာလ တိုက်ခိုက်မှုကို  ဒေသခံ ရခိုင်နိုင်ငံရေးပါတီအုပ်စုများ၊ ဗုဒ္ဓဘာသာရဟန်းများ၊ သာမန်ရခိုင်တိုင်းရင်းသားများက စီစဉ်၊ အကောင်အထည်ဖော်၊ ကျူးလွန်ခဲ့ခြင်းဖြစ်သည်။ အစိုးရ လုံခြုံရေးအဖွဲ့တို့က တိုက်ရိုက် အထောက်အကူပေးခဲ့ကြသည်"
လို့ အစီရင်ခံစာမှာ ရေးထားပါတယ်။

"ရိုဟင်ဂျာ အမျိုးသား၊ အမျိုးသမီး နှင့် ကလေးများ သတ်ဖြတ်ခံရသည်၊ တချို့ အစုလိုက်အပြုံလိုက် မြှုပ်နှံခံရသည်၊ ၎င်းတို့၏ ရွာများ၊  ရပ်ကွက်များ မြေလှန်ဖျက်ဆီးခံလိုက်ရသည်" လို့လည်း ရေးထားပါတယ်။

(The October attacks were against Rohingya and Kaman Muslim communities and were organized, incited, and committed by local Arakanese political party operatives, the Buddhist monkhood, and ordinary Arakanese, at times directly supported by state security forces.
Rohingya men, women, and children were killed, some were buried in mass graves, and their villages and neighborhoods were razed. ကို တိုက်ရိုက် ဘာသာပြန်လိုက်တာပါ။)

ရခိုင်ပြည်နယ်အစိုးရရဲ့ တုံ့ပြန်ချက်

HRW ရဲ့ အစီရင်ခံစာကို ရခိုင်ပြည်နယ်အစိုးရ ပြောခွင့်ရအရာရှိက ပြင်းပြင်းထန်ထန် ပယ်ချကြောင်း AP သတင်းတပုဒ်မှာ ရေးထားပါတယ်။

အောက်ခြေမှာ ဖြစ်ပျက်ခဲ့တာတွေကို HRW က နားလည်သဘောပေါက်ခြင်း မရှိဘူးလို့ ပြည်နယ်အစိုးရ ပြောခွင့်ရအရာရှိ ဦးဝင်းမြိုင်က ဆိုပါတယ်။

"ဒီတိုင်းပြည်မှာ မငြိမ်မသက်ဖြစ်တာတွေကို ကျနော်တို့ မလိုလားပါဘူး။ ဘာကြောင့်လဲလို့ ဆိုတော့ ဒီလိုဖြစ်ရပ်မျိုးတွေကြောင့် ဒီမိုကရေစီ ဖော်ဆောင်ရေး
အစီအစဉ် အဟန့်အတား ဖြစ်တယ်၊ ဖွံ့ဖြိုးတိုးတက်ရေးလည်း ထိခိုက်ရတယ်" လို့ ဦးဝင်းမြိုင်က ပြောကြောင်း AP သတင်းမှာ ဖတ်ရမှာပါ။

သမ္မတပြောခွင့်ရအရာရှိရဲ့ တုံ့ပြန်ချက်

သမ္မတ ဦးသိန်းစိန်ရဲ့ ပြောခွင့်ရအရာရှိ ဦးရဲထွဋ်ကလည်း ဒီအစီရင်ခံစာကို ချက်ချင်း တုံ့ပြန်ပါတယ်။ သူ့တုံ့ပြန်ချက်ကို သူ့ဖေ့စ်ဘုတ်ကနေ ကူးယူ ဖော်ပြလိုက်ပါတယ်။


Human Rights Watch က ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ပဋိပက္ခများနဲ့ ပတ်သက်တဲ့အစီရင်ခံစာ တစ်စောင်ကို ဧပြီလ ၂၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။


ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ပဋိပက္ခများနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတက စုံစမ်းရေးကော်မရှင် တစ်ရပ်ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ပါတယ်။ အဲဒီကော်မရှင်မှာ ဂုဏ်သတင်းထင်ရှားတဲ့ ပညာရှင်များ၊ လူမှု အသိုင်းအဝိုင်းနှစ်ခုလုံးက လေးစားတဲ့ပုဂ္ဂိုလ်များပါဝင်ပြီး ပဋိပက္ခဖြစ်ပွားရာဒေသကို အကြိမ်ကြိမ် ကွင်းဆင်းလေ့လာကာ အစီရင်ခံစာပြုစုနေပြီဖြစ်ပါတယ်။


Human Rights Watch ရဲ့ အစီရင်ခံစာဟာ တစ်ဘက်သတ်ရရှိတဲ့သတင်းများကိုသာအခြေခံရေးသားထားတာဖြစ်တဲ့အပြင် အစီရင်ခံစာမှာ ပါတဲ့ စကားလုံးအသုံးအနှုန်းများဟာလည်း လက်ခံနိုင်ဖွယ်မရှိပါဘူး။


နိုင်ငံတော်အနေနဲ့ ဒီလိုတစ်ဘက်သတ်ရေးသားတဲ့အစီရင်ခံစာအပေါ် အလေးထားမှမဟုတ်ဘဲ တရားဝင်ဖွဲ့စည်းထားတဲ့ စုံစမ်းရေးကော်မရှင်ရဲ့တွေ့ရှိချက်များ၊ အကြံပြုချက်များအပေါ်မှာပဲ အလေးထားအကောင်အထည်ဖော်သွားမှာဖြစ်ပါတယ်။


ဒါ့အပြင် မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုများကို ပြန်လည်သုံးသပ်မယ့် ဥရောပသမဂ္ဂရဲ့ အစည်းအဝေးနဲ့ ချိန်ကိုက်ပြီး ထုတ်ပြန်ခဲ့တဲ့ Human Rights Watch ရဲ့လုပ်ဆောင်ချက်ဟာလည်း မေးခွန်းထုတ်စရာဖြစ်နေပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။