Monday, April 1, 2013

ရဲတွေ အပေါ် စစ်တပ်က အမြင် မကြည်လင်

(စည်းလုံးခြင်းရဲ့အင်အား)


ယခုတလော မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့တဲ့ ဖြစ်ပွားနေဆဲ ပဋိပက္ခများ၊ အဓိကရုဏ်များကြောင့် မနိုင်မနင်း ဖြစ်နေရတဲ့ ရဲတပ်ဖွဲ့ဝင်များအပေါ် တပ်မတော်သားများက အမြင် မကြည်လင် ဖြစ်နေရကြောင်း စစ်ဖက်နီးစပ်သူများက စည်းလုံးခြင်းရဲ့ အင်အား ဝက်ဘ်ဆိုဒ်သို့ သတင်း ပေးပို့ လာပါတယ်။

မကြာသေးမှီကလေးကမှ ဖြစ်ပွားခဲ့တဲ့ မိတ္ထီလာမြို့နယ်အတွင်း အဓိကရုဏ်းများနှင့် ပဲခူးတိုင်း ဒေသကြီး လက်အောက်ခံ မြို့နယ် တော်တော်များမှာ အဓိကရုဏ်းများ ဆက်တိုက် ဖြစ်ပွားလာတာမို့ ရှေ့တန်းမှ ပြန်လည် ရောက်ရှိနေပြီး စုဖွဲ့ အနားယူနေတဲ့ တပ်မများကို ကက (ကြည်း) မှ အရေးပေါ် ဆွဲထုတ် သုံးနေရပါတယ်။ စစ်ရုံးနဲ့ နီးစပ်သူများထံမှ တပ်မ အရွေ့အပြောင်း သတင်း သိရှိရသည်မှာ ပဲခူးတိုင်း ဒေသကြီး ရွှေကျင် ကျောက်ကြီး စစ်ဆင်ရေးဒေသ ဧရိယာအတွင်းမှ တပ်မ (၇၇) က တပ်မ (၂၂) နှင့် ရှေ့တန်း တာဝန်ချိန်းပြီး ပဲခူးသို့ ပြန်လည်
ဝင်ရောက်လာပါတယ်။ အဲဒီမှာ မိတ္ထီလာ မြို့နယ် အတွင်း လုံခြုံရေး ယူထားတဲ့ ရဲတပ်ဖွဲ့မှ တပ်ရင်း (၂) ရင်း အင်အားနှင့် မထိန်းနိုင်လို့ တပ်မ (၇၇) မှ (၃) ရင်း တစ်ဗျူဟာ မိတ္ထီလာမြို့သို့ အရေးပေါ် ထွက်ခွာခဲ့ရသလို မတ်လ (၂၇) ရက်နေ့ တော်လှန်ရေးနေ့ (တပ်မတော်နေ့) မှာ အပြင်စည်းလုံခြုံရေး အဖြစ် တပ်မ (၇၇) မှ (၃) ရင်း တစ်ဗျူဟာ ဝင်ပေးရပြန်ပါတယ်။ 
တဖန် နေပြည်တော်တိုင်းစစ်ဌာနချုပ် စကခ (၆) တပ်မကို မိတ္ထီလာမြို့သို့ ဆက်သွင်းပြီး အနားယူရန် ရှိနေတဲ့ တပ်မ (၇၇) မှ တစ်ဗျူဟာနှင့် နေပြည်တော် လုံခြုံရေး ယူနေတဲ့ တစ်ဗျူဟာ တို့ကို ပြန်လည် ဆွဲထုတ်သွားတယ်လို့ သိရှိရပါတယ်။ ပဲခူးတိုင်း ဒေသကြီး အနောက်ခြမ်း ဧရိယာ မြို့နယ်များအတွင်း အဓိကရုဏ်းများ ဆက်တိုက် ဖြစ်ပွားလာလို့ အနားယူနေတဲ့ တပ်မ (၆၆) နှင့် စကခ (၄) တို့မှ တပ်ရင်းများဟာ လုံခြုံရေး တာဝန်ကို နယ်မြေအပေါ်အောက် ဆက်စပ် ဝင်ခဲ့ရသေးတယ်လို့ ဆိုပါတယ်။ စကခ (၄) ဟာ ကရင်ပြည်နယ် သံတောင် ဧရိယာအတွင်း နွေရာသီ ရိက္ခာစုပုံ အစီအစဉ်အရ ရိက္ခာပို့ ခဲ့ရကာ တဖန် ရန်ကုန် - မန္တလေး ရထားလမ်း လုံခြုံရေး ဝင်ရောက် ပေးရပြီးမှ ပြန်လည် အနားယူ ခဲ့ရတဲ့ တပ်မ ဖြစ်ပါတယ်။ ဒါပေမဲ့ စကခ (၄) ဟာ အနားယူရန် ကြံကာရှိသေး ပဲခူးတိုင်း ဒေသကြီး အနောက်ခြမ်း လုံခြုံရေး ထပ်မံ ဝင်ခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီ တပ်မများမှ တပ်မတော်သား အများစုက စည်းလုံးခြင်းရဲ့ အင်အား ဝက်ဘ်ဆိုဒ်သို့ ရင်ဖွင့်လာပါတယ်။

“ကျွန်တော်တို့က ရှေ့တန်းလည်း ရှေ့တန်းမို့ တောတောင်ထဲမှာ ရုန်းကန်လှုပ်ရှား ပင်ပန်းဆင်းရဲ ခဲ့ရတယ်။ ရဲတွေက မြို့ပေါ်မှာ ကျော့ကျော့ လေးနေပြီး ကာရာအိုကေနှင့် အနှိပ်ခန်းတွေမှ ဆက်ကြေးတွေနဲ့ ငြိမ့်နေရတာဗျ။ တကယ်တမ်း မြို့နယ်အတွင်းမှာ ဖြစ်တော့ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ကာ ဓားကိုင်တဲ့ လူအုပ်စုတွေ့ရင်ဘဲ နောက်ကျ ခြေထောက် သစ္စာဖောက်ဆိုပြီး ပြေးဖို့ဘဲ အားသန်နေကြတာဗျ။ ရဲတပ်ရင်း ဆိုရင် ဒိုင်း၊ ကား၊ တုတ်၊ ချပ်ဝတ်တန်ဆာ အပြည့်အစုံ လုပ်ပေးထားသလို သူတို့ကို လုပ်ပိုင်ခွင့် ပေးထားပြီးပြီဘဲ။ နိုင်အောင် လုပ်ရမှာ သူတို့ တာဝန်ဘဲ။ ရန်ကုန်မှာ လှုံ့ဆော်နေတဲ့ ကားနောက်မှာ ရဲကားက လိုက်လာတာ တွေ့ရတယ်လို့ ပြောတယ်။ မှီအောင် လိုက်ပါလားဗျာ။ လူကြီးတွေကလည်း ရဲတွေအား အရေးယူအပြစ်ပေးဖို့ လိုတယ်။ တပ်မတော်က အရေးအခင်း အဆက်ဆက် ရဲတပ်ဖွဲ့ မနိုင်လို့ စိတ်မပါဘဲ အထက် အမိန့်အရ လုပ်ခဲ့ရတာမို့ နံမည် ပျက်ခဲ့ရတယ်။”

တကယ်တမ်း တာဝန်ရှိသူများကို စည်းလုံးခြင်းရဲ့ အင်အား ဝက်ဘ်ဆိုဒ်က ထုတ်ဖေါ် သုံးသပ်ခဲ့ရာမှာ လက်ပန်းတောင်းတောင် အရေးအခင်းလိုမျိုး ကိုင်တွယ်မှု ညံ့ဖျင်းတဲ့ ပြည်ထဲရေးဝန်ကြီးနဲ့ တာဝန်ရှိသူတွေ အပေါ် အရေးယူ အပြစ်ပေးဖို့ လိုကြောင်း တင်ပြခဲ့ပါတယ်။ လူထုကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစီရင်ခံစာမှာ တာဝန်ရှိသူတွေကို ဖေါ်ထုတ် အရေးယူပေးဖို့ မပါဝင်ခဲ့တာကို အားမလို အားမရ ဖြစ်ခဲ့ရပါတယ်။ တပ်မတော်ရဲ့ ညွှန်ကြားချက် ရှိခဲ့ပြီး ဖြစ်တဲ့ ရှေ့တန်းမှ ပြန်လည် အနားယူလာတဲ့ တပ်ရင်းများကို အနည်းဆုံး တလခန့် အပြည့်အဝ အနားယူခွင့် ပေးရမယ် ဆိုတာ ရှိပါတယ်။ ဒါပေမဲ့ လက်အောက်ခံ တိုင်းမှူး တချို့ဟာ အရေးပေါ် စစ်ဆင်ရေးနှင့် လုံခြုံရေး အကြောင်းပြပြီး အနားယူနေတဲ့ တပ်ရင်းများကို အနည်းဆုံး ကား၊ ရထား၊ လမ်း လုံခြုံရေးတွေ တာဝန်ယူခိုင်းနေကြတဲ့ အစဉ်အလာတွေ ရှိခဲ့ကြပါတယ်။ အထက်အမိန့်အရ တာဝန်ကြောင့် အနားယူတဲ့ တပ်ရင်းများကို ခိုင်းရင် ရနိုင်ပေမဲ့ အနားယူတဲ့ ရက် မလျော့ရလေအောင် အချိန်တိုး ထပ်ဆောင်းပေးသင့်ပါတယ်။ တပ်မတော်သား အခွင့်အရေး တင်းပြည့်ကျပ်ပြည့် ရသင့်တယ်လို့ တပ် အိမ်ထောင်သည် ရဲမေ မိသားစုများက ဆိုပါတယ်။

ဒါ့ကြောင့် တချို့ တပ်မတော်သားတွေဟာ နောက်တန်း ပြန်လည် အနားယူမယ်ဆိုရင်တောင် ကြောက်ရွံ့ နေကြပြီး ရှေ့တန်း ပြန်သွားတာဘဲ ကောင်းပါတယ်လို့ ငြီးတွားနေကြကြောင်း တင်ပြလိုက်ရပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။