Monday, April 29, 2013

မြန်မာ့စစ်တပ် အရာရှိများနှင့် အင်ဒိုစစ်တပ် အရာရှိကြီးတို့ မြန်မာ့အရေး ဆွေးနွေးခန်း - အပိုင်း (၃)

(စည်းလုံးခြင်းရဲ့အင်အား)

အင်ဒိုနီးရှား ဗိုလ်ချုပ်ကြီးက အမျိုးသား ပြန်လည်သင့်မြတ်ရေး ရင်ကြားစေ့ရေးကို ဘယ်လို အနေအထားမျိုးနဲ့ ဆက်သွားသင့်တယ်၊ Hard Power နဲ့ Soft Power တွေကို ဘယ်လိုသုံးသင့်တယ်၊ စစ်တပ်ကို ဘယ်လို ဆွဲဆောင်စည်းရုံး ပညာပေး ဆွေးနွေးရမယ်ဆိုတာတွေကို အောက်ပါအတိုင်း ပြောကြားသွားပါတယ်။

အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုတဲ့ စကားလုံးကို ပြောနေကြပေမယ့်လို့ အများစုက တကယ်တမ်းတော့ နားလည်တာ မဟုတ်ဘူး။ ပြန်လည်သင့်မြတ်ရေးနဲ့ ရင်ကြားစေ့ရေးဆိုတာက လက်စားချေဖို့ လုံးဝ မဟုတ်ဘူး။ နောက်တစ်ခုက တစ်အုပ်စုကနေ တစ်အုပ်စုကို အပြတ်အသတ် အနိုင်ယူတာလည်း မဟုတ်ဘူး။ ပြန်လည်ရင်ကြားစေ့ရေးဆိုတဲ့ လုပ်ငန်းစဉ်မှာ ဘယ်သူကမှားလဲ ဘယ်သူကမှန်လဲဆိုတာ ရှင်းလင်းပြတ်သားတဲ့ ကောက်ချက်ချ ဆွဲယူတာလဲ မရှိဘူး။ တရားမျှတမှုကို ရှာဖွေတဲ့နေရာမှာလဲပဲ ခုနပြောသလို မင်းမှားတယ်။ မင်းမဟုတ်တာတွေ လုပ်တယ်။ မင်းကို အရေးယူရမယ်။

မင်းအပြစ်ဒဏ်ခံရမယ်ဆိုတဲ့ လမ်းကြောင်းကိုဆိုတော့ ဒီအဖိနှိပ်ခံရတဲ့ မတရားလုပ်ခံထားရတဲ့ သူတို့ရဲ့ ထောင့်ကနေပြီးတော့ အဲဒီလိုမျိုး ဖိနှိပ်တဲ့သူ၊ အပြစ်ရှိတဲ့သူ၊ တာဝန်ရှိတဲ့သူကို အရေးယူဖို့ဆိုတဲ့ လမ်းကြောင်းမျိုးနဲ့ သွားတာလည်း မဟုတ်ဘူး။

အဓိက ပြန်လည်သင့်မြတ်ရေး လမ်းကြောင်းက ဘယ်သူက မှားလဲ။ ဘယ်သူက မှန်လဲဆိုတာတွေကို အပြစ်ရှိသူတွေကို အရေးယူဖို့ လုပ်နေတယ်ဆိုတာထက် သမိုင်းမှာ ဖြစ်ပွားနေတဲ့ အမှောင်ခေတ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်နေတယ်။ ဥပဒေချိုးဖေါက်မှုတွေ အကြမ်းဖက်မှုတွေ၊ ပဋိပက္ခတွေဖြစ်နေတဲ့ ကာလမတိုင်မီက လူ့အဖွဲ့အစည်းရဲ့ ပုံမှန်အခြေအနေ ပြန်သွားဖို့လိုတယ် ဆိုတာကို ကြိုးစားခဲ့တာဘဲ။ အဓိကကတော့ လူ့ဂုဏ်သိက္ခာ အခြေခံပေါ်မှာ ငါတို့တိုင်းပြည်နဲ့  လူ့အဖွဲ့အစည်းမှာ ဒါတွေကတော့ ဖြစ်ခဲ့ပြီ။ ဒါပေမယ့် ဒါတွေမဖြစ်ခင်မှာ ငါတို့ရဲ့ လူ့ဂုဏ်သိက္ခာရှိတဲ့ လူ့အဖွဲ့အစည်း အခြေအနေတွေကို ဘယ်လိုပြန်သွားမလဲဆိုတာ စဉ်းစားတဲ့လမ်းကြောင်းပါပဲ။


ရင်ကြားစေ့ရေး စဉ်းစားတဲ့အခါကျတော့ ခုနပြောသလို နှစ်ဖက်စလုံး အပေးအယူ လုပ်ရတယ်။ လုပ်တယ်ဆိုတဲ့ နေရာမှာလဲဘဲ တောင်အာဖရိကရဲ့ ဥပမာတွေရှိတယ်။ လက်တင်အမေရိကရဲ့ ဥပမာတွေရှိတယ်။ တောင်အာဖရိကမှာကတော့ အဓိက ဦးဆောင်လုပ်တဲ့သူက နယ်ဆင်မယ်ဒဲလားဖြစ်တယ်။ သူ့မှာ နိုင်ငံရေး သြဇာရှိတယ်။ သူ့မှာ စစ်တပ်မရှိပေမယ့် ကြီးမားတဲ့နိုင်ငံရေး ဂုဏ်သိက္ခာတွေရှိတယ်။  သူကိုယ်တိုင်လဲပဲ အဖိနှိပ်ခံရတဲ့သူဖြစ်တယ်။ ဖိနှိပ်တဲ့သူ မဟုတ်ဘူး။ ဖိနှိပ်ခံရတဲ့ သူကိုယ်တိုင်ကိုက သင့်မြတ်ရေးကိစ္စကို ခွင့်လွှတ်ရေး၊ ကြေလည်ရေး တစ်ယောက်နဲ့တစ်ယောက် အပြစ်ပုံချတာမျိုး မလုပ်ဘဲနဲ့ လူ့အဖွဲ့အစည်း ပြန်လည်ထူထောင်ရေးကို သွားတယ်ဆိုတဲ့ဟာကို ဦးဆောင်လုပ်တဲ့ အခါကျတော့ ပိုပြီးတော့ သက်ရောက်မှုက ကြီးမားတာပေါ့။  နောက်တစ်ခုကတော့ အာဏာရဲ့ အစိတ်အပိုင်းပေါ့။ အာဏာရှိတဲ့သူတွေက ဦးစီးပြုလုပ်တဲ့ ရင်ကြားစေ့ရေးလုပ်ငန်းစဉ်၊ ခုနပြောတဲ့ ခံရတဲ့သူက ဦးစီးပြီးတော့ ပြုလုပ်တာရှိတယ်။ အာဏာရှိတဲ့သူတွေ ကိုယ်တိုင်ကိုက ဒီအခြေအနေ ဒီအချိန်အခါကိုက ပြောင်းလဲဖို့လိုပြီ၊ ဆိုလိုတာက လူ့အဖွဲ့အစည်းမှာ အင်အားချိန်ခွင်ညှာတွေက ပြောင်းလဲစ ပြုလာပြီ။ ပထမပိုင်းမှာတော့ အာဏာရှိတဲ့သူတွေကဘဲ အထက်စီးက ရနေရာကနေ တဖြေးဖြေးနဲ့ သူတို့အာဏာတွေက ပွန်းပဲ့လာတယ်။ အာဏာချိန်ခွင်လျှာတွေ တဖြေးဖြေး သူတို့ဘက်မှာ မရှိတော့ဘူး ပြောင်းလဲလာတဲ့အခါမှာ သူတို့ကနေပြီးတော့ ဦးစီးပြီးတော့သွားတဲ့ သင့်မြတ်ရေး လမ်းကြောင်းဆိုတာလည်း ရှိမှာပေါ့။ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ် ဆိုတာက soft power/ hard power တွေနဲ့ အာဏာရှိတဲ့သူတွေကိုသွားပြီး ဖိပေးလို့ သူတို့က အမျိုးသား ပြန်လည်သင့်မြတ်ရေး လမ်းကြောင်း ရွေးချယ်တာလဲ ရှိတာပေါ့။ အမျိုးသား ပြန်လည်သင့်မြတ်ရေးလမ်းကြောင်းကို ရွေးချယ်လိုက်ပြီးတော့မှ အင်အားချိန်ခွင်လျှာတွေကို ပြောင်းလဲသွားပြီးတော့ အပြောင်းအလဲကို ဦးတည်သွားတာလဲရှိတယ်။ ဘယ်ကနေစလို့ ဘယ်ဟာက ဖြစ်သွားလဲ ဆိုတာကတော့ လေ့လာမှုတွေ အများကြီး လုပ်ရမယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးကနေ စပြီးတော့မှ အပြောင်းအလဲ ဖြစ်သွားတာလား၊ ဒါမှမဟုတ် အင်အားချိန်ခွင်လျှာတွေကို ပြောင်းလဲဖို့အတွက် soft power/ hard power သုံးပြီးတော့ အမျိုးသား ပြန်လည် သင့်မြတ်ရေးလမ်းကြောင်း သွားကြတာလား။ ဒါကတော့ ဘာမှ ပုံသေကြီး အတိအကျ မရှိဘူးပေါ့။

ဘာဘဲပြောပြော အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်တဲ့အခါမှာ အုပ်စုတွေဟာ ကိုယ့်အင်အားစုတွေကို ကိုယ်ပြန်ပြီးတော့  ပညာပေးဖို့ အများကြီးလိုတယ်။ ဆိုလိုတဲ့သဘောက ကိုယ့်ဒီမိုကရေစီ အင်အားစုအတွင်းမှာ အမျိုးသားပြန်လည် သင့်မြတ်ရေးလမ်းကြောင်း ဘာကြောင့် ရွေးချယ်ရတာလဲ အများစုလက်ခံလာအောင် ပညာပေး ဆွေးနွေးကြဖို့လိုတယ်။ စစ်တပ်ထဲမှာလည်း အမျိုးသား ပြန်လည်သင့်မြတ်ရေး လမ်းကြောင်းကို ဒီဟာတော့ ငါတို့တိုင်းပြည်အတွက်ကောင်းတယ်။ ငါတို့လက်မခံလို့ မဖြစ်ဘူး။ ဒီထက် ပိုဆိုးမယ် ဆိုတဲ့ဟာကို သူတို့အချင်းချင်းလဲ ပြန်ပြီးတော့ ပညာပြန်ပေးဖို့လိုတယ်။ အဲလိုမှ မဟုတ်ဘူးဆိုလို့ရှိရင် အလုပ်ဖြစ်မှာ မဟုတ်ဘူး။


ဒါပေမယ့် ဒီမှာ မေးခွန်းရှိတာက စစ်တပ်ကို အမျိုးသား ပြန်လည်သင့်မြတ်ရေးလမ်းကြောင်း လက်ခံပြီးတော့ ဒီမိုကရေစီရေး အသွင်ကူးပြောင်းဖို့ကို မပိတ်ဆို့ မတားဆီးအောင် ဘယ်လို လုပ်ကြမှာလဲဆိုတဲ့ မေးခွန်းကတော့ ရှိတာပေါ့။ ပြောလို့ရနိုင်တာကတော့ စစ်တပ်တွေကို ဒီကနေ့ကမ္ဘာကြီး ဘာတွေ ဖြစ်ပျက်နေလဲ။ အရှေ့အလယ်ပိုင်းမှာ ဘာဖြစ်နေသလဲ။ အိမ်နီးချင်းနိုင်ငံတွေမှာ  ဖြစ်နေတဲ့ အပြောင်းအလဲတွေ ဒါတွေကို ပိုပြီးတော့ ယဉ်ပါးလာအောင် သူတို့လေ့လာနိုင်တဲ့ အခွင့်အလမ်းတွေ ဖန်တီးပေးပြီးတော့ လေ့လာချင်စိတ် ရှိလာနိုင်အောင် ဆွဲဆောင်ပြီးတော့ ဒါတွေကို ကြည့်ခြင်းအားဖြင့် သူတို့တွေအနေနဲ့ ဒီလမ်းကြောင်းကို ရွေးချယ်တာဟာ ပိုကောင်းတယ်ဆိုပြီး ရွေးချယ်လာအောင် လုပ်နိုင်ရင် ပိုကောင်းတာပေါ့။ သူတို့အနေနဲ့ လူ့အဖွဲ့အစည်းတွေရဲ့ အားသုံးပြီးတော့ သူတို့ကို ဖယ်ရှားတဲ့ လမ်းကြောင်းကနေ ရွေးမလား။ သို့မဟုတ် အားသုံးပြီးတော့ ဖယ်ရှားတဲ့လမ်းကြောင်း မဖြစ်ခင်မှာ ညင်သာတဲ့ ပြုပြင်ပြောင်းလဲမှုကို အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ သွားမှာလား ဆိုတာကို ဒါကတော့ သူတို့ကို ဆွဲဆောင်ဖို့ ယုံကြည်အောင်လုပ်ဖို့ ဒီအတိုင်းဘဲ သွားကြရမယ်။ ဒါကတော့ အလယ်အလတ်လမ်းစဉ်နဲ့ အပြောင်းအလဲကိုသွားတဲ့ နည်းလမ်းဖြစ်ပါတယ်လို့ ဆွေးနွေးခဲ့ပါတယ်။

လာမဲ့ကြာသပတေးနေ့ အပိုင်း (၄) မှာ အင်ဒိုနီးရှား ဗိုလ်ချုပ်ကြီးရဲ့ ပြောကြားချက်ဖြစ်တဲ့ စစ်တပ်အနေနဲ့ ပြုပြင်ပြောင်းလဲရေးမှာ ပါရှိလာအောင် စစ်တပ်အတွင်း တွေးခေါ် မျှော်မြင်မှုစက်ဝိုင်း ချဲ့ထွင်မြင့်မားလာစေရေးနဲ့ မကျေနပ်သူတွေအား ပြုပြင်ပြောင်းလဲလိုစိတ်များ ပေါက်ဖွားလာအောင် စည်းရုံးလှုပ်ရှားမှုရေချိန် မြင့်လာအောင် ဆောင်ရွက်ရေးအပိုင်းတွေကို ဆက်လက် တင်ပြသွားပါမယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။