Wednesday, October 17, 2012

ဇာခန်းဆီးနောက်ကွယ်မှ ဇာတ်လမ်းများ - အပိုင်း (၁ - ၈)


အပိုင်း (၁)

ဆောင်းပါးရှင် - စစ်ဘက်နီးစပ်သူများ

ကြပ်ပြေးကို ရွေ့ဖို့ ၂၀၀၁-၂၀၀၂ ခုနှစ်ကတည်းက စတင်အကောင် အထည် ဖေါ်လာကြောင်း၊ ယခင် အတွင်းရေးမှူး (၂)က ရဟတ်ယာဉ် ပျက်သေဆုံး၊ အတွင်းရေးမှူး (၃) က အရေးယူခံရလို့ ပြုတ်နဲ့ နအဖ လည်း ဖွဲ့စည်းပုံကို ပြန်လည်ပြင်ဆင်ပေးခဲ့ရကြောင်း၊ အဲဒီနောက် ဗိုလ်သူရရွှေမန်းကို ညှိနှိုင်းကွပ်ကဲရေးမှူးဆိုပြီး အစဉ်အလာ မရှိဘဲ ရာထူးတီထွင် ခန့်အပ်ခဲ့လို့ ဗိုလ် မောင်အေးနဲ့ ဗိုလ်ခင်ညွှန့်တို့က ဘ၀င် မကျခဲ့ကြောင်း၊ ဗိုလ်ရွှေမန်း ကိုယ်တိုင် စစ်ရုံးကို ရောက်ခါစမှာ မီးစင် ကြည့် 'က' ပြီး သတိထားနေရတာကို သွားရောက် တွေ့ဆုံခဲ့တဲ့ သူ့ရဲ့ တပည့် (လယ်/ဆည်) ၀န်ကြီးဌာနက စက်ရုံမှူး ဗိုလ်မှူးတစ်ဦးထံမှ သိခဲ့ရကြောင်း၊ ဗိုလ်ရွှေမန်းရဲ့ မဟေသီ ဒေါ်ခင်လေးသက်ဟာ ကျောင်း ဆရာမ ဖြစ်ခဲ့လို့ ဗိုလ်သန်းရွှေရဲ့ အသည်းကျော် ဖိုးလပြည့်ကို ထိန်းရင်း စာသင်ပေးဖို့ စိတ်ချရတဲ့သူ လိုနေတာကို စစ်ဖက်လက်ထောက် ဗိုလ်ချုပ် နေ၀င်းက ရှာဖွေနေချိန်မှာ လိုင်းဝင်သွားပြီး နေရာ ရလာကြောင်း၊ ဗိုလ်သန်းရွှေက Balance of Power ထိန်းတဲ့ အနေနဲ့ ကြပ်ပြေးမှာ ဒုဗိုလ်ချုပ်မှူးကြီးတစ်ဦး၊ ရန်ကုန်မှာ ဒုဗိုလ်ချုပ်မှူးကြီး တစ်ဦးထားကာ ဗမာပြည် တောင်ပိုင်းနဲ့ မြောက်ပိုင်းကိုခွဲ၊ ရုံးထိုင်စေပြီး ဗိုလ်ရွှေမန်းကို ထိုးတင်ခဲ့ဖို့ လျာထားခဲ့ကြောင်း၊ မူလက ကြပ်ပြေးကို စစ်ရုံးတစ်ရုံးကိုသာ ပြောင်းရွေ့ဖို့ ရည်ရွယ်ခဲ့ကြောင်း၊ နောက်ပိုင်း ဗိုလ်ခင်ညွှန့်နဲ့ နောက်ပါ တသိုက်လုံးကို ဖြုတ်၊ ထုတ်၊ ချ ခဲ့လို့ သူတို့ရဲ့ အတွင်းစည်း သိနေတဲ့ သူများ ပီပီ အန္တရာယ် ကြီးမားလာနိုင်လို့ အားလုံးရွေ့ခဲ့ကြောင်း၊ ထိုစဉ် ရန်ကုန်မြို့မှာ ဗုံးကွဲခဲ့တဲ့ နေရာ (၃) နေရာအနက် တနေရာဖြစ်တဲ့ Junction 8 Supermarket ဟာ (၈) မိုင် မရမ်းကုန်း ကုန်းမြင့်သာစစ်ရုံးနဲ့ အလွန်နီးနေလို့ နအဖတုန်လှုပ် ချောက်ချားခဲ့ရကြောင်း၊ အမေရိကန်က လည်း အီရတ်နှင့် အာဖဂန်နစ္စတန်နိုင်ငံတွေက အာဏာရှင်များကို နှိပ်ကွပ်နေလို့ သူတို့ ရုံးစိုက်နေတဲ့ (၈) မိုင် စစ်ရုံးအဆောက်အဦးဟာ ကျဉ်းမြောင်းနေပြီး ဒုံးကျည်တစင်းနဲ့ ပစ်ခွင်းလိုက်ရုံနဲ့ ဗိုလ်သန်းရွှေရဲ့  ရုံးနဲ့ အိမ်တော်ကြီးပါ ကိစ္စချောသွားမှာဖြစ်ကြောင်း၊ ဗိုလ်သန်းရွှေရဲ့ ရုံးတက်ရုံးဆင်း၊ Golf ရိုက်၊ အိမ်ပြန်လှုပ်ရှားမှုများကို ဂြိုလ်တုနှင့်ကြည့် ပါက အသေးစိတ် မြင်တွေ့နိုင်ကြောင်း၊ အကြောက်ပိုနေကြတဲ့ ဗိုလ်ချုပ် တွေရဲ့ ချဲ့ကားပြောဆိုမှုကြောင့်လည်း ဗိုလ်သန်းရွှေ ခင်မျာ စားမ၀င် အိပ်မပျော်ဖြစ်နေရကြောင်း၊ အယူအဆ အစွဲအလမ်းကြီးမားပြီး အာဏာ ရူးသွပ်နေတဲ့ မကြိုင်ကြိုင်ဟာ ဗေဒင်နက္ခတ်အရ ဒေါ်အောင်ဆန်းစုကြည် ကို နာမ်နှိမ်စေဖို့ အင်္ဂါသား ဗိုလ်စိုးဝင်းကို ၀န်ကြီးချုပ်အဖြစ် သွေးထိုးစီစဉ် ခဲ့ခြင်းဖြစ်ကြောင်း၊ နန်းပြောင်းနန်းလွှဲ ဖြစ်မှသာ ယတြာအရ ချေပြီးသား ဖြစ်မည်ဟု ကိုးကွယ်တဲ့ဆရာများက ပြောကြကြောင်း၊ ဦးအောင်သောင်း ကိုးကွယ်တဲ့ သင်္ကန်းကျွန်း မှ အကြားအမြင်ဆရာမတစ်ဦးရဲ့ တိုက်တွန်းမှု အရ ကြက်ဆူပင် စိုက်ခိုင်းခဲ့သလို ယခုလည်း မပြောင်းရအောင် ပြောင်း ဖူး စိုက်ခိုင်းနေကြောင်း၊ ကြက်ဆူမှာ ဒေါ်အောင်ဆန်းစုကြည် ကတ်ကင်း ဖြစ်သော်လည်း ယတြာအချေကောင်းမှုကြောင့် တန်ပြန်သက်ရောက်ကာ တပြည်လုံး ကျက်ကျက်ဆူသွားကြောင်း ၊ ကြပ်ပြေးကို ကြောက်ပြေး ပြေးတဲ့ နအဖရဲ့ဇာခန်းဆီး နောက်ကွယ်မှ ဇာတ်လမ်းများကို တင်ပြပေး လိုက်ရပါတယ်။



အပိုင်း (၂)


နအဖဟာကြပ်ပြေးကိုပြောင်းတဲ့အခါ၂၀၀၅ ခုနှစ် နိုဝင်ဘာလ ၁၁ ရက် နေ့ ၁၁ နာရီ အချိန်မှာ ၀န်ကြီးတွေရဲ့ ပါးစပ်ဖျား နှုတ်ကနေ "ထွက်ပြီ".... "ထွက်ပြီ" လို့ ရွတ်ဆိုစေပြီးမှ ရန်ကုန်က ကားတန်းထွက်လာခိုင်းကြောင်း သိရပါတယ်။ ဆက်လက်ပြီး အာဏာမြဲစေဖို့ ယတြာ အစီအမံနဲ့ ထွက်တာ ဖြစ်ပါတယ်။

မူလက ကြပ်ပြေးကို စစ်ရုံးတစ်ခုတည်းသာ ပြောင်းဖို့ ရည်ရွယ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ၀န်ကြီးဌာနများကိုပါ ပြောင်းရွေ့ခဲ့လို့ ၀ရုန်းသုန်းကား ဖြစ်ခဲ့ရကြောင်း၊ ၁၉၈၈ အရေးအခင်း သင်ခန်းစာကို ရယူပြီး အစိုးရ အဖွဲ့ရဲ့ အုပ်ချုပ်ရေးယန္တယား ထိန်းချုပ်နိုင်ဖို့ ၀န်ကြီးဌာနများကို တစ်ပါ တည်း ခေါ်ခြင်းဖြစ်ကြောင်း၊ ၀န်ကြီးများကလည်း ကြပ်ပြေးမှာ ဗိုလ်သန်း ရွှေရဲ့  ထုထောင်းခြင်းခံရမှာ စိုးလို့ လက်အောက်ခံ လုပ်ငန်း၊ ဦးစီးဌာန တို့မှ ညွှန်ကြားရေးမှူး အဆင့်ထိ ကို တပါတည်း ခေါ်ဆောင်သွား ကြောင်း၊ ဒါကြောင့် အုပ်ချုပ်မှု အခက်အခဲ ပြဿနာများစွာ တက်လာ ကြောင်း၊ ကြပ်ပြေးမှာ ၀န်ကြီးဌာနများ နေရာလုပွဲကြီးဖြစ်နေလို့ နယ်စပ် စည်ပင်ဝန်ကြီး ဗိုလ်သိန်းညွှန့်အား ကြပ်ပြေးမြို့ တော်ဝန်ခန့်ကာ လူမိုက် အဖြစ် တာဝန်ပေးခဲ့ကြောင်း၊ အသံလွှင့်ရုံ နေရာမှာ ကန့်သတ်ချက်တွေ ရှိတာကြောင့် တပ်ကုန်းမြို့မှာ ရွေးသင့် မသင့် အခက်အခဲ ဖြစ်နေ ကြောင်း၊ ပြန်ကြားရေးဝန်ကြီး ဗိုလ်ကျော်ဆန်းရဲ့ PA ဗိုလ်ကြီးတစ်ဦး ဆိုရင် စိတ်ပျက်လက်ပျက် ဖြစ်နေသလို တချို့ ၀န်ကြီးတွေဆိုရင် ကြပ်ပြေးရဲ့ လွင်တီးခေါင် ကိုကြည့်ပြီး မျောက်မှိုင် မှိုင်နေကြတယ် လို့သိရကြောင်း၊ ဗိုလ်မောင်အေးကလည်း ကြပ်ပြေး တည်ဆောက်ရာမှာ အနည်းဆုံး ဒေါ်လာသန်း (၃၀၀) ကုန်ကျမှာကို မလိုလားကြောင်း၊ နောက်ဆုံးတော့ ကန့်လန့်ကာ နောက်ကွယ်က ကြိုးကိုင်သူ မကြိုင်ကြိုင် ရဲ့ ကကြိုးဇာတ်ကွက် အတိုင်းသာ 'က' ရတော့ကြောင်း၊ ရွှေတိဂုံစေတီ တော်ပုံတူကို ကြပ်ပြေးမှာ တည်စေပြီး ဌာပနာတိုက်ကိုပင် ရွှေ့ပြောင်းရန် အကြံအစည် ကြီးမားခဲ့ကြောင်း၊ ဆင်ဖြူတော်ဟာ ဘင်္ဂလားဒေ့ရှ်မှ ပိုင်ရှင်ရှိသူပေါ်လာလို့ တိုးတိုးတိတ်တိတ် ပေးလျော်လိုက်ရကြောင်း၊ ဆင်ဖြူတော်စစ်မစစ် တစ်ချို့က သံသယဖြစ်ကြောင်း၊ ဆင်ဖြူတော်ကို သစ်တောရေးရာ ဒုဝန်ကြီး ဦးသိုက်ထွန်းကိုယ်တိုင် ကြပ်မတ်ပြီး နာရီနှင့် အမျှ အစာကျွေးမွေးမှု ဆေးကုသမှုမှတ်တမ်း လုပ်ကိုင်ခဲ့ရကြောင်း၊ ကြပ်ပြေးရဲ့  အကြီးဆုံး ကန်ထရိုက်ကို ဗိုလ်ရွှေမန်းရဲ့ သားဖြစ်သူ အောင်သက်မန်းပိုင်တဲ့ ဧရာရွှေဝါကုမ္ပဏီက ရသွားပေမဲ့ တကယ်တမ်း ဆောက်လုပ်ရေးလုပ်ငန်း မနိုင်မနင်း ဖြစ်လာချိန်မှာ မန္တလေးက ဆောက် လုပ်ရေး ကန်ထရိုက် များကို ခေါ်ယူခွဲပေးရကြောင်း၊ ဘိလပ်မြေများကို ပြည်တွင်းက မလုံလောက်လို့ ထိုင်းနိုင်ငံမှ တရားဝင် သွင်းခွင့် ဖွင့်ပေး ရကြောင်း၊ ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်ဘို၊ ဗိုလ်အောင်သောင်း တို့ဟာ လူထုကို ရက်စက်စွာ နှိပ်ကွပ်သလောက် သူတို့အလှည့်ကျမှာ ကြောက် အားပိုတတ်ကြောင်း၊ ဗိုလ်သန်းရွှေ ဆိုရင် သူအာဏာ သိမ်းလိုက်တဲ့ သူ့ရဲ့ ကျေးဇူးရှင် ဗိုလ်စောမောင်နှင့် တပ်ရင်းတစ်ရင်းမှာ တွေ့ဆုံခဲ့စဉ်က ရန်သူနှင့်တိုက်ပွဲ ပြီးဆုံးသွားလို့ တပ်ခွဲမှူး ဗိုလ်စောမောင်က တပ်စုမှူး ဗိုလ်သန်းရွှေကို ကတုတ်ကျင်းထဲမှ ချော့မော့ခေါ်ယူ ရတဲ့အထိ သတ္တိ နည်းခဲ့ကြောင်း၊ ဗိုလ်မောင်ဘိုဟာ ခလရ (၈၁) မှာ ဒုတပ်ရင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ် ကလည်း ရန်သူနှင့် တိုက်ပွဲဖြစ်ခဲ့စဉ်က ကတုတ် ကျင်းထဲတွင် ကြောက်ဒူးတုန် ၀ပ်နေတာမျိုး၊ ရပခတိုင်းမှူး ဘ၀က လမ်းကြောင်းမှာ ခြုံခိုချမယ်လို့ ကြိမ်းဝါးထားတဲ့ SSA ရဲ့  အသံကို ကြောက်လန့်ပြီး ကားထဲမှာ သူထိုင်နေကျ နေရာမှာ မထိုင်ဘဲ သူ့ တပည့်နဲ့ နေရာလဲ ထိုင်လိုက်လို့ အစားထိုးဝင်လိုက်တဲ့ သူ ကျဆုံးသွား ရကြောင်း၊ သူကိုယ်တိုင်ကတော့ ကိုယ်ဝန်ဆောင် မိန်းမများကိုတောင် မချန်ဖို့ ရက်စက်စွာ သတ်ဖြတ်ခိုင်း ခဲ့သူဖြစ်ကြောင်း၊ ဗိုလ်အောင်သောင်း ဆိုရင် အင်းလျားလမ်းမှာရှိတဲ့ သူ့အိမ်ပတ်ပတ်လည်ကို လျှပ်စစ်လိုင်း လွှတ်ထားတဲ့ သံဆူးကြိုးများ ချထားကြောင်း၊ ကြပ်ပြေးရှိ တောင်ကြီး များကို ထွင်းဖေါက်ပြီး လှိုင်းခေါင်းထဲမှာ ဂူအောင်း သတ္တ၀ါအဖြစ် ဗိုလ် သန်းရွှေက နေမည်ဖြစ်ကြောင်း၊ အမေရိကန်နဲ့ အာဖဂန်နစ္စတန် တောင် ကြောများ အတွင်း ခိုအောင်းနေတဲ့ တာလီဘန်များကို တုန်ခါအားပြင်း ထန်တဲ့ ဒုံးနဲ့ဗုံးကြီးများ ဖြင့် မြေဖို့ သတ်လိုက်တဲ့ ဖြစ်စဉ်များရှိကြောင်း၊ ဒါကြောင့် ဗိုလ် သန်းရွှေအနေနဲ့ မြေကြီးအောက် တူးဆွကာ Underground နေရင်တော့ သူလုပ်ထားတဲ့ အကုသိုလ်ကြောင့် ငရဲမင်းကြီးက အ၀ီစီငရဲသို့ လွယ်ကူစွာ ခေါ်ယူမှာ ဖြစ်ကြောင်း၊ ဘာလို့လဲ ဆိုတော့ ငလျင်ကြောဟာ ကြပ်ပြေးမှာ ရှိနေတာကြောင့် အကြောက်ပိုတဲ့ ဗိုလ်သန်းရွှေဟာ မေမြို့ကို ဒုတိယ နေပြည်တော် အဖြစ် ပြောင်းရန် စီစဉ်ခဲ့ကြောင်း စသဖြင့် စစ်ဘက်နီးစပ်သူများ စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ်သို့  တင်ပြလာပါတယ်။


အပိုင်း (၃)
သန်းရွှေအလှည့်တော့ မနွဲ့နဲ့ပေါ့

ပေးပို့သူ - သိန်းမော်လင်း (ပြည်တွင်းမှ တပ်မတော် အရာရှိ တစ်ဦး)

ယနေ့ စစ်အာဏာရှင်နဲ့ မိသားစုတွေရဲ့  နောက်ကွယ်မှာ ဘာတွေဖြစ်ပျက် ခဲ့ကြတယ်။ ဘယ်လိုဖောက်ပြန် ခဲ့ကြတယ်။ ဘာတွေ ကြံစည် လှုပ်ရှား ခဲ့တယ် ဆိုတာတွေကိုပြည်တွင်းက တပ်မတော် အရာရှိ တစ်ဦးက ကျွန်တော် ကိုဖိုးတရုတ်ထံ ပေးပို့လာပါတယ်။ ယခုလို ပေးပို့လာတဲ့ ပြည်တွင်းက တပ်မတော် အရာရှိ တစ်ဦးအား ကျွန်တော် ကိုဖိုးတရုတ်က အထူးကျေးဇူး တင်ရှိပါတယ်။

အပျော်ကြူးတဲ့ ဘဏ္ဍာရေးဝန်ကြီး ပွဲစားကြီး တေဇနဲ့ သာရင်မြတ်တို့ဟာ နိုင်ငံခြားက စစ်လက်နက် ပစ္စည်းတွေကို ၀ယ်ပေးပြီးတာနဲ့ သူတို့နိုင်ငံခြား ငွေ စိုက်ထားတာ ပြန်ရအောင် ဘဏ္ဍာရေး ၀န်ကြီးထံ ချဉ်းကပ်ထားရပါ တယ်။ ဘဏ္ဍာရေးဝန်ကြီးက နိုင်ငံတော် ဗဟိုဘဏ်ကနေမြန်မာငွေ ပြန်ထုတ်ပေးရတာမို့ ဘဏ္ဍာရေး ၀န်ကြီးရဲ့ လိုအပ်တာ မှန်သမျှ အပျော် ကြူးဖို့ပါ ပိုက်ဆံအုပ်လိုက်ကိုင်ပြီး သူတို့နှစ်ဦးက ဖြည့်ဆည်း ပေးရပါ တယ်။

ဘဏ္ဍာရေး ၀န်ကြီးဟောင်း ဦးခင်မောင်သိန်း ဆိုရင် နိုင်ငံခြား သွားရင် ဟိုတယ်တွေမှာ ကာမ သောင်းကျန်း ပျော်မြူးဖို့ ဇိမ်မယ်ကောင်မလေး နုနုထွဋ်ထွဋ်လေး နှစ်ဦးကို ပွဲစားကြီး တေဇနဲ့ သာရင်မြတ်တို့က သူ့ အခန်းထဲကို ထည့်ပေးရပါတယ်။ ထည့်ပေးပုံ ထည့်ပေးနည်းက ဦးခင် မောင်သိန်း အိပ်ဖို့ အခန်းနဲ့ ကောင်မလေးတွေ အိပ်ဖို့ အခန်းရှိရာ အဲဒီ အခန်း (၂) ခန်းကို ဆက်ရက် ထားပြီးတော့ အလယ်မှာဖွင့်လို့ရတဲ့ တံခါး အရှင် ရှိတဲ့ အနေအထားမျိုး စီစဉ်ငှားရမ်းပေးရပါတယ်။ ကောင်မလေး နှစ်ဦးကို မကြိုက်ရင် လဲလှယ် ပျော်ပါးလို့ ရအောင် စိတ်ကြိုက် စီစဉ်ပေး တဲ့သဘော ဖြစ်ပါတယ်။ အဲဒီ အခန်းတွဲကြီးကို ဘယ်သူမှ ၀င်မရဘဲ ပွဲစားကြီးတွေ ငှားရမ်းထားတဲ့ မန်နေဂျာမှ ရှေ့က ကြိုတင် စီစဉ်ပေး ထားရပါတယ်။ ဒီလို တိုင်းပြည်ရဲ့ ဘဏ္ဍာငွေတွေကို အလွဲသုံးစား လုပ်ပြီး တော့ သောင်းကျန်းနေကြတဲ့ နအဖ ၀န်ကြီး တွေရဲ့ အကျင့်စာရိတ္တဟာ အပြင်ဘမ်းမှာတော့ လူကြီးလူကောင်းပုံ ဖမ်းနေတာဟာဖြင့် အော့ နှလုံးနာစရာ ကောင်းလှပါကြောင်း တင်ပြလိုက်ရပါတယ်။

ဗိုလ်ချုပ်ကြီးခင်ညွန့် မပြုတ်ခင် ရက်အနည်းငယ်လောက် အလိုမှာ ကုံလုံဆရာတော်ကြီးရဲ့ ရုပ်ကလပ်ကို ရှမ်းပြည်မှာ သွားဖူးပါတယ်။ အဲဒီမှာ ပြာပြာသလဲ ကြိုဆိုကြတဲ့ စစ်ဗိုလ်တွေ စစ်အရာရှိတွေ ကြား ထဲမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်လေးတစ်ခုကို ပြောပြချင်ပါတယ်။ အဲဒါကတော့ ရဟတ်ယာဉ်ပေါ်က ဆင်းလာပြီး ယာဉ်တန်းနဲ့ ဆိုက်ရောက်လာတဲ့ ဗိုလ်ခင်ညွန့်ကို ဆရာတော်ကြီး ရုပ်ကလပ်ထားရာ ဗိမာန်ဆောင်ရှေ့ ကနေ ကြိုပြီးစောင့်တဲ့ စစ်အရာရှိ နှစ်ဦးက ကိုယ်ရေး အရာရှိ PA တွေ အနီးကပ် မပါလာတဲ့ ဗိုလ်ခင်ညွန့်ကို သူစီးလာတဲ့ ရှုးဖိနပ်အား ထိုင်ချွတ် ပေး လိုက်ပါသတဲ့။

အရင်တုန်းက အထာသိတဲ့ ကိုယ်ရေး အရာရှိတွေက ဗိုလ်ခင်ညွန့်ရဲ့ ဖိနပ်ကို ဇစ်အသာဖွင့် ချွတ်လိုက်ပေမယ့် အထာမသိသေးတဲ့ အရာရှိတစ် ဦးက ဖိနပ်ကြိုးကို ဆွဲဖြုတ်ပြီးတော့ ဖိနပ်ကို ဆွဲချွတ်လိုက်ပါသတဲ့။ အဲဒီမှာတင် ရုတ်တရက် ဗိုလ်ခင်ညွန့်ဟာ ဒေါသတွေ တဟုန်းဟုန်း ထွက်ပြီး ဆွဲချွတ်လိုက်တဲ့ အရာရှိကို ဆဲဆိုတော့တာပါပဲတဲ့။ ပြောလိုက် တာများ နှစ်ပြားမတန်အောင် ပါပဲတဲ့။ ဆူဆောင့်ပြီး အထဲဝင်သွားတော့ ကျန်ခဲ့တဲ့ ဗိုလ်မှူးကြီးတွေက အဲဒီဖိနပ်ချွတ်လိုက်တဲ့ အရာရှိလေးကို မြည်တွန် တောက်တီး ဆူပူကြိမ်းမောင်း ပါတော့တယ်။

ဗိုလ်ချုပ်ကြီး အင်မတန် အထွဋ်အမြတ် ထားပြီး နေရာအာဏာ တည်မြဲဖို့ ဆေးစီရင်ကာ ပျားဖယောင်းနဲ့ သေချာစီမံ ချည်တုပ်ထားတဲ့ ဒီဖိနပ်ကြိုး ကို ဘယ်သူမှ မဖြည်ရဲဘဲ အကြောင်းမသိ အဖါးလွန်လို့ ဒီဖိနပ်ကြိုးကို မင်းဖြေလိုက်တာ မိုးမီးလောင်တော့မယ် ဆိုတဲ့အကြောင်း မြည်တွန် ပြောဆို ကြပါတော့တယ်။ အဲဒီကိစ္စက မပြီးသေးဘဲနဲ့ ရဟတ်ယာဉ် ပေါ်တက်တဲ့ အချိန်မှာတောင် ဗိုလ်ခင်ညွန့်က တိုင်းမှူးကို ပြောသွားသေး သတဲ့၊ သူ့ဖိနပ်ကြိုးကို ဖြုတ်ပစ်တဲ့အတွက် အတော် မကျေမနပ်ဖြစ်တယ် ဆိုတဲ့ အကြောင်းပါ။

အဲ မကြာပါဘူး ရက်ပိုင်းမှာပဲ သူ အဖမ်းခံရပါလေရော။ ဗေဒင်တွေ ယတြာ တွေတော့ မယုံပါဘူး။ ဒါပေမယ့် တကယ်ဖြစ်ခဲ့တဲ့ အဲဒီအဖြစ်အပျက်တွေကြောင့် မယုံလို့လည်း မရသလိုဖြစ်နေတယ်။ ဒီလောက် ဘုန်းကံကြီးပါတယ်ဆိုတဲ့ ဗိုလ်ခင်ညွန့်ရဲ့ ဖိနပ်ကြိုးကို ဖြည်ပစ် တဲ့ အရာရှိလိုမျိုး စစ်ဗိုလ်စစ်သားတွေ များများ ပေါ်ထွက်လာပါစေလို့ မျှော်လင့်ရင်း သတိရ မိတာလေး အဖြစ်မှန်တစ်ခုကို ပို့လိုက်တာပါ။ ဗိုလ်သန်းရွှေလည်း ယတြာ ဘယ်လောက် ကောင်းကောင်း အဆင်မ သင့်ဘဲ ငြောင်းကို ငြောင်းဖို့ အကြောင်း ဖန်လာပါလိမ့် မယ်လို့ ထင်မြင် ယူဆ မိကြောင်းပါ ခင်ဗျား။

အပိုင်း (၄)


စာဖတ်ပရိတ်သတ်များခင်ဗျား

ယခုအပိုင်းမှာတော့ တပ်မတော်နှင့် နီးစပ်သူများက စစ်တပ်မှာတော် သုံးတော် ရှိတဲ့အနက် အဖားတော်သူနှင့် အမျိုးတော်သူ ဘွဲ့နှစ်ဘွဲ့ စလုံးအား ပိုင်ဆိုင်သူ အရာရှိကြီး ကတော် ညီအမနှစ်ဦးရဲ့ အကြောင်းနဲ့ တပ်မတော်အတွင်း ထင်ရှားတဲ့ သူတို့အကြောင်းများကို စာဖတ် ပရိတ်သတ်များ အကြိုက် ဇာခန်းဆီးနောက်ကွယ်မှ ဇာတ်လမ်းများ အဖြစ်ရေးသားပေးပို့လာပါတယ်။ အခုလိုပေးပို့လာတဲ့အတွက် စစ်ဖက် နီးစပ်သူများအား ကျွန်တော် ကိုဖိုးတရုတ်မှ အထူး ကျေးဇူးတင် ရှိပါ ကြောင်း မှတ်တမ်းတင် ဂုဏ်ပြုရင်း စာဖတ် ပရိသတ်များအား တင်ပြအပ် ပါတယ် ခင်ဗျား။

ဒေါ်တင်တင်နွဲ့နှင့် ဒေါ်တင်တင်ညွန့်တို့ ညီအမအရင်း နှစ်ဦးဟာ ပုသိမ်မြို့ ဇာတိဖြစ်ကြပြီး တပ်မတော်အရာရှိဖြစ်တဲ့ သူတို့ရဲ့ အမျိုးသားတွေ ရာထူး တိုးတက်ရေး၊ နေရာကောင်း ရရှိရေးတို့အတွက် အဖားတော်ခြင်းနှင့် အမျိုးတော်ခြင်း စွမ်းရည်များကို ပိုင်ဆိုင်ခဲ့ကာ အစွမ်းကုန် လှုပ်ရှားခဲ့ကြ တဲ့ အမျိုးသမီးများ ဖြစ်ကြပါတယ်။ ဒေါ်တင်တင်နွဲ့ကို စစ်တပ် အသိုင်း အ၀ိုင်းမှာ မဖြူလို့ ခေါ်ကြပြီး ဒေါ်တင်တင်ညွန့်ကိုတော့ မနီလို့ သူတို့ရဲ့  အိမ်နာမည် အသီးသီးအား ခေါ်ကြပါတယ်။

မဖြူရဲ့အမျိုးသား ဗိုလ်ချုပ်မောင်မောင်ဆွေ (ယခု လူမှုဝန်ထမ်းနှင့် ကယ်ဆယ်ရေး ၀န်ကြီးဌာန ၀န်ကြီး၊ ယခင် လ၀က၀န်ကြီးနှင့် ကမ်းရိုး တန်းဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူး) ဟာ OTS (မှော်ဘီ ဗိုလ်သင် တန်းကျောင်း) မှ ဘွဲ့ရ အပတ်စဉ် (၄၇) ကြည်း/၁၂၈၂၉ ဖြင့် ကျောင်း ဆင်းခဲ့သူ ဖြစ်ပါတယ်။ သူဟာ ဗိုလ်ကြီးအဆင့်မှာ ပျားဂေဟာ သင်တန်း သို့ တက်ရောက်ခဲ့ကာ ပုသိမ်သူ (မမပုသိမ်သူ) စစ်သူနာပြု ဗိုလ်ကြီး ဒေါ်တင်တင်နွဲ့ (မဖြူ) နဲ့ မဆရ (၂) စစ်ဆေးရုံမှာ တက်ရောက် ကုသ နေစဉ်က တွေ့ဆုံကာ ဖူးစာဆုံခဲ့ခြင်း ဖြစ်ပါတယ်။

မဖြူဟာ လူမှုဆက်ဆံရေးမှာ အင်မတန်မှ ညက်ညောသူဖြစ်သလို သူမယောက်ျားရဲ့ အထက် အရာရှိကြီးများရဲ့  ဇနီးတွေနဲ့ စကားပြော ဆိုရာတွင်လည်း ချွဲနွဲ့ကာ “ဟုတ်ကဲ့ရှင့်” အား “ရှင့်” နဲ့ “ကဲ့” ကိုဖြုတ်ကာ “ဟုတ်” တစ်လုံးထဲကိုသာ နားထဲစိမ့်နေအောင် တဟုတ်ဟုတ်နဲ့ သံယောင်လိုက် ပြောတတ် ထူးတတ်သူ ဖြစ်ပါတယ်။ စစ်သူနာပြု အမျိုးသမီးအရာရှိပီပီ လူတွေရဲ့ အကြောကို ကိုင်တတ်သူလည်း ဖြစ်ပါတယ်။ မဖြူဟာ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့ကတော် ဒေါ်မြမြစန်းနဲ့ စစ်သူနာပြု အမျိုးသမီး အရာရှိ (Nursing cadet) အချင်းချင်းပီပီ ညီအမသဖွယ် ရင်းနှီးမှု ရယူနိုင်ခဲ့သလို ဗိုလ်ချုပ် မောင်မောင်ဆွေဟာလည်း ဒေါ်မြမြစန်းရဲ့မောင်အရင်း ဖြစ်နေပြန်တာမို့ အလိုလို အတွင်းစည်းသို့ ၀င်ရောက်ပြီးသား ဖြစ်ခဲ့ပါတယ်။

ဒီတော့ကာ ဗိုလ်ချုပ်မောင်မောင်ဆွေဟာ ဒုချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့်လည်း ယောက်ဖတော်စပ်သူ ဖြစ်ပြီး အင်္ဂလန်မှ အကောင်း စား အရက်များကို သောက်မယ် ဆိုရင်တောင် ဗိုလ်မောင်အေးက ယောက်ဖကို သတိရပြီး အတူတူ အရက်သောက်ဖို့ သူတို့ အိမ်တော်ကြီး သို့ ခေါ်လေ့ခေါ်ထ ရှိပါတယ်။ တံခါးမရှိ ဓါးမရှိ ၀င်ထွက်နိုင်ခဲ့လို့ မဖြူဆို ရင် စစ်ရုံး အသိုင်းအ၀ိုင်းက လန့်ဖြန့်ကြရပါတယ်။

(NDC) နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်သင်တန်း အမှတ်စဉ် (၃) ကို ဗိုလ်ချုပ် မောင်မောင်ဆွေဟာ နတခ စစ်ဗျူဟာမှူး ဘ၀နဲ့ သင်တန်း တက်ရင်း အကောင်းဆုံး ပထမဆုအား ရရှိခဲ့တဲ့ ဖြစ်စဉ်ရှိပါတယ်။ တပ်မတော်မှာ ဗိုလ်မှူးကြီးအဆင့် အရာရှိကြီးများသာ တက်ရောက်ရမဲ့ အမြင့်ဆုံးသင်တန်းဖြစ်ပြီး တပ်မတော်ရဲ့ တတိယမျိုးဆက် (Third generation) လို့ ခေါ်ဆိုရမဲ့ သင်တန်းဖြစ်ပါတယ်။ အဲဒီသင်တန်းမှာ ထူးချွန် ပထမဆု အဆင့် (၁) ရရင် တပ်မမှူးအဖြစ် Jump promotion ကြိမ်းသေရမှာမို့ အကြိတ်အနယ် ကြိုးစားကြပါတယ်။ အဲဒီသင်တန်းမှာ နာမည်ကြီး စာပေထူးချွန်သူများ၊ ငွေကြေးချမ်းသာသူများ၊ စစ်အာဏာရှင် များနှင့် ပတ်သက်ရာ ပတ်သက် ကြောင်း အမျိုး၊ သားတပည့် တော်စပ် ကြတဲ့ ကြည်း/၁၃၉၄၈ ဗိုလ်မှူးကြီး ကျော်သူ ၊ ကြည်း/၁၂၇၅၆ ဗိုလ်မှူး ကြီး ထင်အောင်ကျော်၊ ကြည်း ၁၃၈၇၅ ဗိုလ်မှူးကြီး မြင့်လှိုင်၊ ကြည်း ၁၂၆၀၇ ဗိုလ်မှူးကြီး ရဲမြင့်၊ ကြည်း/၁၂၆၁၀ ဗိုလ်မှူးကြီး ခင်မောင်စိုး၊ ကြည်း/၁၃၀၇၉ ဗိုလ်မှူးကြီး လင်းသော်၊ ကြည်း/၁၂၈၂၀ ဗိုလ်မှူးကြီး ၀င်းသန်း စသည်တို့ကို ဗိုလ်မောင်မောင်ဆွေဟာ ကျော်ဖြတ်ပြီး အဆင့် (၁) ပထမဆုကို ရရှိသွားကာ သင်တန်းဆင်းတာနဲ့ တပ်မ (၇၇) တပ်မမှူး ဖြစ်သွားခဲ့ပါတယ်။ အဲဒီလို ပထမဆုရအောင်လည်း မဖြူက NDC ကျောင်းအုပ်ကြီး ဗိုလ်ချုပ်စန်းအောင်ကို ချဉ်းကပ်ကာ မေးခွန်းများရရှိရေး နှင့် အမှတ် ကောင်းကောင်း ရရှိရေးကို အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။

သူ့ရဲ့သား ကောင်းကျော်ဆွေအနေနဲ့လည်း တပ်မတော် ဆေးတက္က သိုလ်မှာ တက်ရောက် သင်ကြားလျှက်ရှိရာ စာမေးပွဲများတွင် အဆင့် ကောင်းကောင်း ရနေတာတွေဟာ မဖြူရဲ့ စွမ်းဆောင်ချက်ကြောင့် ဖြစ်ပြီး မေးခွန်းများ ကြိုတင်ရရှိထားလို့ ဖြစ်ပါတယ်။ ကောင်းကျော်ဆွေ စာကြည့် ပြီဆိုရင် သူငယ်ချင်း ကျောင်းသားများက ၀ိုင်းဖွဲ့ပြီး သူကျက်တာ လိုက် ကျက်ကြတဲ့အထိ သဘောပေါက် နေကြပါတယ်။
ဗိုလ်ချုပ်မောင်မောင်ဆွေဟာ ရန်ကုန်တိုင်း စစ်ဌာနချုပ်မှာ စစ်ဦးစီမှူး တတိယတန်း (G-3) (ပြည်သူ့စစ်) နဲ့ စစ်ဦးစီးမှူး ဒုတိယတန်း (G-2) စစ်ဆင်ရေး တာဝန်များကို ထမ်းဆောင်ခဲ့ပြီး ခမရ (၃) ဘီးလင်းမြို့ မှာ ဒုတိယ တပ်ရင်းမှူး တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ သထုံအခြေစိုက် တပ်မ (၄၄) လက်အောက်ခံ တပ်ဖြစ်လို့ ကြမ်းတမ်းတဲ့ ကရင်ပြည်နယ်လို ရှေ့ တန်း စစ်ဆင်ရေးဂွင်ကို ၀င်ရမယ်ထင်ပြီး စာဖတ်ပရိသတ်များအနေနဲ့ ပူပင်သောက မရောက်လိုက်ကြပါနဲ့။

ဒုတပ်ရင်းမှူးအဖြစ် ရောက်ပြီး နှစ်လလောက်သာနေရကာ တပ်ရင်းမှူး သင်တန်းကို ဗထူးမှာ သွားရောက်တက်ရပါတော့တယ်။ ယခင်က တပ်ရင်းမှူး သင်တန်းမှာ (၆) လ တက်ရောက်ရပြီး ဗိုလ်မောင်မောင်ဆွေ တက်တဲ့နှစ်မှာဘဲ (၄) လသာ တက်ဖို့ မူဝါဒ ပြောင်းလဲခဲ့ပါတယ်။ အဲဒီနောက် ဗိုလ်မောင်မောင်ဆွေဟာ သင်တန်းဆင်းဆင်းချင်းမှာဘဲ ခလရ (၁၈) ဟင်္သာတမြို့မှာ တပ်ရင်းမှူး တာဝန်ထမ်းဆောင်ခဲ့ ရပါ တော့တယ်။ ၎င်းနောက် ဗိုလ်ချုပ် မောင်မောင်ဆွေဟာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်ဦးစီးမှူး (ပထမတန်း) အဖြစ် ရာထူး တိုးသွားပြီး အနောက်တောင်တိုင်း စစ်ဌာနချုပ်မှာ စစ်ဗျူဟာမှူး အဖြစ် ဆက် လက်ရာထူးတိုးခဲ့ပါတယ်။

အဲဒီနောက် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်တွင် ပထမရလို့ဆိုကာ ဒုတပ်မမှူး၊ ဒုတိုင်းမှူး မဖြစ်တော့ဘဲ Jump promotion တပ်မ (၇၇) တပ်မမှူးအဖြစ် တိုက်ရိုက် ရာထူးတိုးသွားပြီး ထိုမှတဖန် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးသို့ ဆက်လက် ရာထူးတိုးသွားပါတယ်။ ဗိုလ်ချုပ် မောင်မောင်ဆွေဟာ သဘောကောင်းပြီး အေးဆေးစွာ နေတတ်သူဖြစ် ကာ စစ်ရေးစစ်ရာတွင်မှု ထက်မြက်သူ မဟုတ်ဘဲ နောက်ကွယ်က မဖြူရဲ့ စွမ်းဆောင်ချက်များကြောင့် ရာထူးတိုးခဲ့သူ ဖြစ်ပါတယ်။ တနည်းအားဖြင့် ပြောရရင် အဖါးတော်သလို အမျိုးတော်လို့ အခုလို ဒုံးပျံပမာ တဟုန်ထိုး ရာထူးတိုးခဲ့တာ ဖြစ်ပါတယ်။
ဗိုလ်ချုပ်မောင်မောင်ဆွေဟာ တပ်မ (၇၇) တပ်မမှူးမှ တိုင်းမှူးသို့ မျှော်မှန်းနေချိန်မှာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ခင်မောင် သန်းက ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူးအဖြစ် ရာထူးတက်သွားလို့ ထိပ်တန်း တိုင်းမှူး ရာထူးနေရာဖြစ်တဲ့ အဲဒီ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ရာထူးနေရာသို့ ၀င်ရောက်နိုင်ဖို့ မဖြူအနေနဲ့ ကြိုးစားပါတော့တယ်။

ဒါပေမဲ့ပေါ့ ခင်ဗျား…. အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဖြစ်နေတဲ့ ဗိုလ်ချုပ်မြင့်ဆွေ (ဗိုလ်သန်းရွှေ အိတ်ကို အတင်းဆွဲကာ ဖါးလွန်းလို့ အိတ်ဆွဲမြင့်ဆွေဟု တပ်အသိုင်းအ၀ိုင်းမှ ခေါ်သူ) ကိုယ်တိုင်က သူ့ထက် ကဲ အမျိုးတော် အဖါးတော်ကာ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးသို့ ပြန်ပြောင်းလို့ ရအောင် ကြိုးစားသွားနိုင်ခဲ့ပါတယ်။ ဆိုလိုတာက ဗိုလ်မြင့်ဆွေနဲ့ သူ့ရဲ့ဇနီး ဒေါ်ခင်သက်ဌေး နှစ်ဦးစလုံးဟာ တပ်ချုပ်ကြီး ဗိုလ်သန်းရွှေနှင့် ဒေါ်ကြိုင်ကြိုင် တို့အား အဖားတော်လွန်းသူများ ဖြစ်ကြပြီး သထုံသား ဗိုလ်မြင့်ဆွေဟာ ဒေါ်ကြိုင်ကြိုင်နဲ့ ဆွေမျိုးနီးစပ် တော်စပ်နေတာကြောင့် ဒေါ်တင်တင်နွဲ့ (မဖြူ) ခမျာ လင်တော်မောင်ကို ရန်ကုန်တိုင်း တိုင်းမှူး ဖြစ်အောင် မလုပ်နိုင်ခဲ့ဘဲ နောက်ကောက် ကျခဲ့ရပါသေးတယ်။

ဗိုလ်မောင်မောင်ဆွေက ခပ်အေးအေးနေတတ်ကာ ယောက်ဖ ဒုတပ်ချုပ် ဗိုလ်မောင်အေး တစ်ယောက်လုံး ရှိနေပြီး ဖြစ်လို့ ဖါးတဲ့ကိစ္စမှာ ဗိုလ်မြင့် ဆွေလောက် မလုပ်ချင်တာလည်း တွေ့ရပါတယ်။ ဒါပေမယ့် သူရန်ကုန် တိုင်း စစ်ဌာနချုပ်မှာ စစ်ဦးစီးမှူး (ဒုတိယတန်း) တာဝန်ထမ်းဆောင်ခဲ့စဉ် သူ့ရဲ့ အထက်အရာရှိ စစ်ဦးစီးမှူး (ပထမတန်း) ဖြစ်သူ ဒုဗိုလ်မှူးကြီး စိုးဝင်း (ရဲချုပ်ဟောင်း) က သူတို့ လင်မယားနှစ်ယောက်အား စစ်ကုန် ကူးစားသူ အဖြစ် ရှုတ်ချ ဝေဖန်ခဲ့ဖူးပါတယ်။

အဲဒီလို ပြောရတဲ့ အကြောင်းရင်းကတော့ ဗိုလ်မောင်အေးက အရာရှိများ အပြောင်းအရွေ့ကိုင်တာ ဖြစ်လို့ ဒေါ်မြမြစန်းနဲ့ မဖြူတို့ထံ အရာရှိတွေ ဟာ ပြောင်းရွှေ့ရေးအတွက် လိုင်းဝင်ကြရပါတယ်။ အဲဒီလို လိုင်းဝင် ချဉ်းကပ်ထားသူတွေကိုဆိုရင် ဒုတပ်ချုပ်ရဲ့ P.A ဒုဗိုလ်မှူးကြီး ဘိုဝင်း ထွန်းက ဒေါ်မြမြစန်း အမိန့်နဲ့ စစ်ရာထူးခန့်ချုပ်ထံ စာရင်းပေးလိုက်ရုံဖြင့် အလိုရှိသလို ပြောင်းရွှေ့နိုင်ခဲ့ကြောင်း သိရပါတယ်။ ဒ့ါကြောင့် လက် အောက်ငယ်သားများ အနေနဲ့ ဒေါ်မြမြစန်းထံ တိုက်ရိုက်ဝင်ဖို့ ခက်ခဲလို့ မဖြူထံကိုသာ ချဉ်းကပ် ၀င်ရောက်ကြရပါတယ်။ NDC သင်တန်း တက် နေတုန်းကလည်း သင်တန်းသားချင်း အတူတူ ဗျူဟာမှူး ဗိုလ်မှူးကြီး ရဲဖုန်းမြင့်ရဲ့ ဇနီးဟာ သင်တန်းကို စိတ်မ၀င်စားတော့ဘဲ နယ်ဘက် ၀န်ကြီးဌာနကို ပြောင်းရွှေ့ပေးဖို့ မဖြူအား လာရောက်အကူအညီ တောင်းခဲ့ဘူးပါတယ်။

ဗိုလ်မောင်မောင်ဆွေဟာ ငယ်စဉ်က ရန်ကုန်တိုင်းစစ်ဌာနချုပ်မှာ စစ်ဦးစီးမှူး တတိယတန်း (G-3) နှင့် စစ်ဦးစီးမှူး ဒုတိယတန်း (G-2) အဆင့်များကို ဆက်တိုက် ရာထူးရရှိခဲ့တဲ့ အကြောင်းရင်း နောက်တစ်ခု ကလည်း ထိုစဉ်က တိုင်းမှူး ဒုဗိုလ်ချုပ်ကြီး မျိုးညွှန့်ရဲ့ ဇနီး စင်္ကာပူသို့ သွားရောက် ဆေးကုသမှု ခံယူစဉ် မဖြူဟာ အဖားတော်သူ စစ်သူနာပြု ပီပီ အတူတူ လိုက်ပါသွားခွင့်ရယူကာ ပြုစုပေးရင်း လင်တော်မောင် အတွက် နေရာကောင်း ရရှိရေး ပြောဆိုခွင့် ရရှိခဲ့လို့ ဖြစ်ပါတယ်။

အလားတူ သူရရှိခဲ့တဲ့ တပ်မ (၇၇) တပ်မမှူးရာထူး၊ မြောက်ပိုင်းတိုင်းစစ် ဌာနချုပ်ရဲ့ G- 1 နဲ့ တိုင်းမှူးရာထူးများဟာ တပ်မတော်ရဲ့ ထိပ်ပိုင်းက လက်ရွေးစင် ရာထူးနေရာများ ဖြစ်ပါတယ်။ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဟာ အခြားတိုင်းမှူးများထက် ပိုမိုချမ်းသာပြီး န၀တ ခေတ်က နမခတိုင်းမှူး ဗိုလ်ချုပ်ထွန်းကြည် ထောနေတာကို မပခ တိုင်းမှူး ဗိုလ်ချုပ်ကျော်ဘက ပြုံးကာ နည်းပါသေးတယ်လို့ ခနဲ့ခဲ့ဖူးကြောင်း သိရပါတယ်။ ဘာလို့လဲဆိုတော့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဟာ မြန်မာ ပြည် တစ်ပြည်လုံးရဲ့ အဖိုးမဖြတ်နိုင်တဲ့ သယံဇာတ အဖိုးတန် ကျောက် မျက်ရတနာများနဲ့ ကျွန်းသစ်တွေ၊ သစ်တောတွေအပြင် ယခုအခါ ယူရေနီယမ်တွေပါ ထွက်ရှိ ပိုင်ဆိုင်နေလို့ ဖြစ်ပါတယ်။ သာမန် G-1 တစ်ဦးဆိုရင် တိုင်းမှူးဖြစ်လာပါက G-1 လုပ်ခဲ့တဲ့ တိုင်းစစ်ဌာနချုပ်သို့ နှစ်ခါပြန် ပြန်ရောက်ဖို့ အခွင့်အလမ်း နည်းပါးနေသော်လည်းပဲ မဖြူဟာ သူ့ရဲ့အမျိုးသားအား မပခတိုင်းမှူးရာထူး နေရာကို ရရှိအောင် ကြိုးစား နိုင်ခဲ့ပါတယ်။ မဖြူဟာ ရှေ့ရေးကိုမျှော်တွေးကာ သူ့ရဲ့သား ကောင်း ကျော်ဆွေကိုလည်း တပ်မတော် ဆေးတက္ကသိုလ်သို့ တက်ရောက်စေခဲ့ပါ တယ်။ သားတစ်ယောက် သမီးတစ်ယောက်သာ ရှိပြီး သမီးကြီး အိသက် သက်ဆွေနာမည်နဲ့ စိတ်ချရတဲ့ နိုင်ငံတကာဘဏ်များမှာ ငွေကြေး ဒေါ်လာပေါင်း မြောက်များစွာကို အပ်နှံထားရှိပါတယ်။

အဲဒီနောက် ဗိုလ်မောင်မောင်ဆွေဟာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဘ၀ ကချင် ပြည်နယ်တွင် တာဝန်ထမ်းဆောင်ခဲ့စဉ် တရုတ် - မြန်မာ မှောင်ခိုကုန်သည်များရဲ့ သစ်လုံးများ နယ်စပ်ခိုးထုတ်တဲ့ ပြဿနာ နဲ့ အဂတိ လိုက်စားမှုမှာ သင်္ကာမကင်းဖွယ်ရာ သတင်း ထွက်ပေါ် လာရာ က ကမ်းရိုးတန်း ဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူးသို့ ပြောင်းရွှေ့ ခြင်း ခံခဲ့ရပါတယ်။ ကမ်းရိုးတန်း တိုင်းမှူးအဖြစ် သိပ်မနေလိုက်ရဘဲ တပ်ချုပ် ဗိုလ်သန်းရွှေက မကျေနပ်လို့ ဒုတိယဗိုလ်ချုပ်ကြီး ရာထူးကို မပေးတော့ ဘဲ နယ်ဘက် ပြောင်းခိုင်းပါတော့တယ်။ ယောက်ဖ တော်သူ ဒုချုပ် ဗိုလ် မောင်အေးက နှစ်သိမ့်ဆုအနေနဲ့ သူ့ကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ၀န်ကြီးအပြင် လူဝင်မှုကြီးကြပ် ရေးနဲ့ ပြည်သူ့အင်အား ၀န်ကြီးဌာန ၀န်ကြီးကိုပါ ပူးတွဲ ကိုင်တွယ် ထမ်း ဆောင်ခိုင်းလို့ အောင်ဖျာလိပ်ရင်း ပြောင်းရွှေ့ခဲ့ရပါတယ်။

မဖြူရဲ့အစ်မ အရင်း မနီကတော့ ယခု သမ၀ါယမ၀န်ကြီး (ယခင် လျှပ် စစ်စွမ်းအားဝန်ကြီး၊ ရပခ တိုင်းမှူး ၊တပ်မ (၃၃) တပ်မမှူး) တာဝန်များကို ထမ်းဆောင်ခဲ့သူ OTS အပတ်စဉ် (၃၀) ကျောင်းဆင်း ဗိုလ်ချုပ်တင်ထွဋ် ရဲ့ဇနီး ဖြစ်ပါတယ်။ သူတို့ ညီအစ်မ အချင်းချင်း Power ချင်းတောင် မတူညီကြဘဲ မဖြူက အမျိုးတော်လို့ မနီထက် ပိုပြီး အစွမ်းထက်ပါတယ်။ မနီရဲ့ အမျိုးသား ဗိုလ်ချုပ်တင်ထွဋ် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဘ၀တုန်းက မဖြူထံ လာရောက်ပြီး ဒုတပ်ချုပ် ဗိုလ်မောင်အေး ရွှေစိတ်တော်ညှိးနေလို့ အကြောဖြေခိုင်း ခဲ့ရပါသေးတယ်။
ဗိုလ်ချုပ်မောင်မောင်ဆွေနဲ့ ဗိုလ်ချုပ်တင်ထွဋ်တို့ဟာ မယားညီအစ်ကိုဖြစ် ကြလို့ စစ်တပ် အသိုင်းအ၀ိုင်းက ဒုချုပ် ဗိုလ်မောင်အေး အရှိန်အ၀ါ ကြောင့် သူတို့မိသားစုများအား ကြောက်ရွံ့ နေကြရပါတယ်။ မဖြူက စစ်သူနာပြု အရာရှိ ဖြစ်သလို မနီကလည်း ကျောင်းဆရာမ ခေတ်ပညာ တတ် တစ်ဦးဖြစ်တာမို့ ထက်မြက်လှသူတွေ ဖြစ်ကြပါတယ်။ ဒီလို ထက် မြက်ပြီး ဒုချုပ်ရဲ့ မိသားစုဖြစ်တဲ့ အတွက် သူတို့ကို ဘွားတော်ကြီး ဒေါ်ကြိုင်ကြိုင်က သူတို့ထက် ပိုပြီးထက်မြက် အကွက်မြင်ကာ ဘေးဖယ် လိုက်ရင်း အခုဆိုရင် ချောင်ထိုးထားလိုက်ပြီ ဖြစ်ပါတယ်။ သူတို့ ရရှိတဲ့ ၀န်ကြီးဌာနတွေဟာ ခပ်ညံ့ညံ့တွေသာ ဖြစ်သွားခဲ့ပါတယ်။ ဒါပေမဲ့ ဘယ် လိုဘဲဖြစ်ဖြစ် မဖြူနဲ့ မနီခေတ်က ၂၀၀၆ ခုနှစ်ထိ တပ်မတော်မှာ အရှိန် အ၀ါကြီးခဲ့သလို တစ်ခေတ်တကာလ ထခဲ့ဖူးပြီး စစ်တပ်ရဲ့ တော်သုံး တော်ထဲက အဖားတော်သူနဲ့ အမျိုးတော် သူများအဖြစ် မှတ်ကျောက် တင်နိုင်ခဲ့သူများ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ် ခင်ဗျား။


အပိုင်း (၅)


ဒီအပတ် အလှည့်ကျတာကတော့ စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်း ဖြစ်ပါတယ်။ ဦးအောင်သောင်းဟာ ၀န်ကြီးဖြစ်သော်လည်း သူ့ရဲ့ စစ်တပ် ရာထူးကတော့ ဗိုလ်မှူးကြီး အဆင့်သာဖြစ်လို့ ဘယ်လိုပုံစံနဲ့ စစ်အာဏာ ရှင်ဖြစ်လာရတယ်၊ နအဖအတွင်း ဘယ်လို ချုပ်ကိုင်မွှေနောက် ခဲ့တယ် နေရာယူခဲ့တယ်၊ တိုင်းပြည်ဘဏ္ဍာငွေနဲ့ သယံဇာတတွေကိုပေါ်တင် ခိုးယူပြီးမြန်မာပြည်မှာ ထိပ်တန်းချမ်းသာမှုစာရင်း ဘယ်လိုဝင်လာတယ် စတာတွေကို စစ်ဖက်နီးစပ်သူများက ဇာခန်းဆီးနောက်ကွယ်မှ ဇာတ် လမ်းများ အခန်းကဏ္ဍမှာ တင်ပြနိုင်ဖို့ ကျွန်တော်ကိုဖိုးတရုတ်ထံ ပေးပို့ လာပါတယ်။ အခုလို ပေးပို့လာတဲ့အတွက် စစ်ဖက်နီးစပ် သူများအား အထူး ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ် ခင်ဗျား။

ဦးအောင်သောင်းဟာ တောင်သာဇာတိဖြစ်ပြီး ကျောင်းဆရာလုပ်ခဲ့ဖူးကာ ငယ်စဉ်က ဆင်းရဲတွင်းနက်သူတစ်ဦး ဖြစ်ပါတယ်။ သူဟာ စစ်တပ်ထဲ ၀င်ပြီး OTS (မှော်ဘီ ဗိုလ်သင်တန်းကျောင်း) မှ ဘွဲ့ရအပတ်စဉ် (၃၁)၊ ကြည်း/ ၁၀၁၀၇ နဲ့ ကျောင်းဆင်းခဲ့သူ ဖြစ်ပါတယ်။ တပ်မ (၉၉) လက် အောက်ခံ ကလော ခလရ (၇) တပ်ရင်းမှူး၊ ထိုမှ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) စစ်ဗျူဟာမှူး တာဝန်များအား ထမ်းဆောင်ခဲ့ပြီး မကွေးတိုင်း တ၀တ ဥက္ကဌအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

အဲဒီမှာ နမခ တိုင်းမှူး ဗိုလ်ချုပ်ထွန်းကြည်က ကုန်သွယ်ရေးဝန်ကြီးအဖြစ် ပြောင်းရမှာဖြစ်လို့ သူ့လက်အောက်က ဦးအောင်သောင်းကို သူနှင့်အတူ လိုက်ဖို့ ဖိအားပေးပါတယ်။ ဦးအောင်သောင်းဟာ သူ့ရဲ့အချစ်ဆုံး အဖေအရာထားတဲ့ အကိုကြီးဖြစ်သူနဲ့ တိုင်ပင်ပြီး ဗိုလ်ချုပ်ထွန်းကြည်နဲ့ လိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ထိုစဉ်က ကုန်သွယ်ရေးမှာ အဓိက အကျ ဆုံးနဲ့ မြန်မာပြည်ရဲ့ ထမင်းအိုး ဗဟိုချက်မဖြစ်နေတဲ့ ကုန်သွယ်လယ်ယာ (ယခင် ကုန်သွယ်ရေး - ၁) မှာ အကြီးအကဲ ဦးဆောင်ညွှန်ကြားရေးမှူး အဖြစ် ဦးအောင်သောင်း အနေနဲ့ စတင်တာဝန်ယူ လက်ခံခဲ့ပါတယ်။ အဲဒီနောက် မိတ်ဆက်ညစာစားပွဲနဲ့ ကုန်သွယ်ရေး ၀န်ကြီးဌာနမှ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ညွှန်ကြားရေးမှူးချုပ်များကို ဧည့်ခံတဲ့ ညမှာပင် ဦးအောင်သောင်းအား ကုန်သွယ်ရေး ဒု-၀န်ကြီးအဖြစ် ဗိုလ်ချုပ်ထွန်းကြည်က ထပ်မံ ရာထူး တိုးမြှင့်ပေးခဲ့ပြန်ပါတယ်။

ဒီလို သူ့ကို ကြည့်ရှုစောင့်ရှောက်ပေးခဲ့တဲ့ သူ့ရဲ့ဆရာရင်း ဗိုလ်ချုပ်ထွန်းကြည်ကိုတောင် ဦးအောင်သောင်းဟာ မငဲ့ကွက်ပဲ သူ့ရဲ့ ရာထူးအာဏာ တိုးတက် တည်မြဲရေးအတွက် ထောက်လှမ်းရေးအား ဦးဆောင်သတင်းပေးကာ ဖြုတ်ချခဲ့တဲ့အထိ လက်ရဲဇက်ရဲ ကြောက်စရာ ကောင်းအောင် ကျေးဇူးကန်းသူ ဖြစ်ပါတယ်။ ဒါ့အပြင် ဦးအောင်သောင်း ဟာ မြှာပွေသူ တစ်ဦးဖြစ်ပြီး ၁၉၉၅ ခုနှစ် သင်္ကြန်ပွဲတော်ကာလ အတွင်း မှာ ကန်တော်ကြီး ဟိုတယ်ဘေး (နယ်စပ်/စည်ပင်) မှ ယခင် ညွှန်ကြား ရေးမှူးချုပ် ဗိုလ်မှူးကြီးဝဏ္ဏမောင်လွင် အိမ်အနီးရှိ ရေပက်မဏ္ဍပ်တွင် အရက်သောက်စား မူးယစ်၍ ဒယိမ်းဒယိုင် တက်ကာ လှပျိုဖြူများနှင့် မရှက်မကြောက် တွဲကခဲ့သူ တစ်ဦးဖြစ်ပါတယ်။

သူ့ရဲ့ မွေးစားသားပမာ မန္တလေးဘီယာ ကိုယ်စားလှယ် ရရှိထားသူ AHK ကုမ္ပဏီပိုင်ရှင် ဦးဝင်းအောင်ဟာ ရံဖန်ရံခါ အင်လျားလမ်းရှိ ၀န်ကြီး ဦးအောင်သောင်း အိမ်ကို ကားနဲ့ ကိုယ်တိုင်လာခေါ်ရကာ အပျိုစင် နုနုထွဋ်ထွဋ်များနဲ့ ဦးအောင်သောင်းအား ဆက်သရင်း ကျွေးမွေး ဧည့်ခံ ပေးရလေ့ ရှိပါတယ်။ နယ်များရှိ စက်ရုံများကို သွားရောက်စစ်ဆေးရာမှာ စက်ရုံမှူးများက ၀န်ကြီးအတွက် အညောင်းအညာပြေ နှိပ်ပေးဖို့ မိန်း ကလေးများကို စီစဉ်ပေးရပါတယ်။ စစ်ကိုင်းချည်မျှင်နှင့်အထည် စက်ရုံမှူး တစ်ယောက်ခမျာ ၀န်ကြီး ဦးအောင်သောင်း အိပ်မဲ့ခုတင် မမျှော်လင့်ဘဲ နိမ့်သွားလို့ ဒေါကန်ကာ အစည်းအဝေးတိုင်း ပြောလို့မဆုံးအောင် ဖြစ်နေ ပါတော့တယ်။ ၀န်ကြီးရိုက်တဲ့ ရန်ကုန်ဂေါက်ပွဲများတွင်လည်း စက်မှု (၁) ကို ချဉ်းကပ်ထားတဲ့ ကုမ္ပဏီများဟာ Sponser ပေးရသလို ကြံ့ဖွံ့ပွဲတွေမှာ လည်း အလှူငွေတွေ များများထည့်ပေးရတယ်လို့ သိရပါတယ်။

ဦးအောင်သောင်းဟာ ဇနီး ဒေါ်ခင်ခင်ရီနဲ့ အိမ်ထောင်ကျခဲ့ပြီး သားများ ဖြစ်ကြတဲ့ ကိုနေအောင်၊ ကိုမိုးအောင်၊ ဗိုလ်မှူး ပြည်အောင် (ကကရေ) တို့နှင့် အငယ်ဆုံး မွေးစားသမီး ခင်ငုရီဖြိုးတို့ ရှိပါတယ်။ ဦးအောင်သောင်း ဟာ ကုန်သွယ်ရေး ဒုဝန်ကြီးမှ မွေးမြူရေးနဲ့ ရေလုပ်ငန်း ၀န်ကြီးအဖြစ်သို့ ဆက်လက် ရာထူးတိုးလာချိန်မှာတော့ စတင် ချမ်းသာလာပြီ ဖြစ်ပါတယ်။ သူ့ရဲ့ အကိုကြီး အဖအရာဖြစ်သူ ဆေးရုံမှာ တက်ရောက် ခွဲစိတ်ကုသ ချိန်တွင် ပါရဂူများနှင့် ဆရာဝန်များအပြင် သူနာပြုဆရာ၊ ဆရာမများပါ မကျန် ဂိတ်စောင့်အထိကို ဗူးပါတိတ်ကဲ့သို့ တန်ဘိုးကြီး လက်ဆောင် ပစ္စည်း အမျိုးမျိုးအား ပေးကမ်းခဲ့လို့ ခွဲစိတ်ခန်းထဲထိ သူကိုယ်တိုင် ၀င် ကြည့်ခွင့် ရခဲ့သေးတဲ့အထိ အခွင့်အရေး မြင်သူ ယူတတ်သူဖြစ်ပါတယ်။ ဦးအောင်သောင်းဟာ ပြုတ်သွားတဲ့ ဗိုလ်မြင့်အောင်၊ ဗိုလ်ထွန်းကြည်၊ ဗိုလ်ကျော်ဘတို့ အုပ်စုကို နမှုနာယူကာ ၀န်ကြီးရာထူးတည်တံ့ ခိုင်မြဲ ရေးအတွက် အန္တရာယ်ပေးနိုင်မဲ့ ထောက်လှမ်းရေး အကြီးအကဲဖြစ်သူ ဗိုလ်ခင်ညွှန့်အား အစွမ်းကုန် ဖားသလို လက်အောက် ငယ်သား ထောက် လှမ်းရေး တပ်မှူးများအားလည်း ပါမစ်များ ချပေးရင်းး ထိန်းကျွေးကာ စည်းရုံးထားခဲ့ပါတယ်။

ဒါ့အပြင် ဗိုလ်သန်းရွှေရဲ့ အိမ်အတွင်းသို့ ၀င်ရောက်ခွင့် အထူးအခွင့် အရေး အတွက် အပတ်တကုတ် ကြိုးစားရာ အိမ်တော်ကြီးရဲ့ မီးဖိုချောင် ချက်ပြုတ်ရေးအား တာဝန်ယူပေးရတဲ့ အထိ အောင်မြင်ခဲ့ပါတယ်။ ဒါကြောင့် ဦးအောင်သောင်းဟာ အပေါ်လမ်း အောက်လမ်း ဆေးခတ်မှု အစီအမံများပါမကျန် ဗိုလ်သန်းရွှေအကြိုက် အခါတော်ပေးနိုင်ခဲ့မှု တွေကြောင့် စစ်အာဏာရှင် ဗိုလ်သန်းရွှေတို့ မိသားစု အနေနဲ့ သူပြောသမျှ ယုံကြည် လက်ခံနိုင်တဲ့အထိ အကြံအောင်ခဲ့ပါတယ်။

ဥပမာ - ဦးအောင်သောင်းဟာ ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ် ခင်ညွှန့်အား အာဏာသိမ်းမဲ့သူအဖြစ် ဒေါ်ကြိုင်ကြိုင်ကို ယုံကြည်အောင် သွေးထိုးလှုံ့ဆော်ပြောဆိုကာ ဖြုတ်ချဖို့ စည်းရုံး တိုက်တွန်းနိုင်ခဲ့သူ ဖြစ်ပါတယ်။

ဦးအောင်သောင်းဟာ တပ်မှာနေခဲ့စဉ်က စစ်ဆင်ရေး တစ်နေရာမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်သန်းရွှေအား ကယ်တင်ခဲ့ သယောင်လုပ်ကြံ ဇာတ်ထွင်ပြီး ယုံကြည်မှု တည်ဆောက်ခဲ့ပါတယ်။ ကျောင်းဆရာပီပီ စကားလုံး ဝေေ၀ဆာဆာ တန်ဆာဆင်ကာ တဖက်လူ အဟုတ်ထင်အောင် ပြောဆိုနိုင်ရာမှာတော့ ၀န်ကြီးအဖွဲ့အတွင်းတောင် ပြောစမှတ် ပြုကြရပါတယ်။

လျှပ်စစ်စွမ်းအားဝန်ကြီးနှင့် ဆောက်လုပ်ရေးဝန်ကြီးတို့အား ဗိုလ်သန်း ရွှေက ဆူဆဲနေချိန်မှာ ဦးအောင်သောင်းတစ်ယောက် သူ့အလှည့် မရောက်ခင် ကြိုတင်ကာကွယ်မှု ယူခဲ့ပါတယ်။ အဲဒါကတော့ နအဖရုံးမှာ ဒုတိယညွှန်ကြားရေးမှူးချုပ် တာဝန်ထမ်းဆောင်နေတဲ့ ဦးဇော်မြင့်ဖေဟာ ဦးအောင်သောင်းမိန်းမ ဒေါ်ခင်ခင်ရီ၏ ညီမအရင်းရဲ့ ယောင်္ကျား ဖြစ်နေ တာမို့လည်း တစ်ပြည်လုံးမှာရှိတဲ့ ၀န်ကြီးဌာနအားလုံးနဲ့ တိုင်းနဲ့ပြည် နယ်များမှ ၀င်စာ/ထွက်စာများ အားလုံးကို စိတ်တိုင်းကျ ကိုင်တွယ်ကြည့် ရှုနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါ့ကြောင့် စီမံကိန်းတွေကို အထက်အကြီး အကဲများ သွားရောက်စစ်ဆေးမည် ဆိုပါကလည်း ကြိုတင်သိရှိကာ စက်မှု (၁) မှ တာဝန်ကျေပို့ရမည့် ဘိလပ်မြေကို အမြန်ပို့ (လက်ပူတိုက်) ပို့ခိုင်းနိုင်လို့ အပြစ်လွတ်သွားတာ များပါတယ်။

ဦးအောင်သောင်းဟာ အမှတ် (၁) စက်မှုဝန်ကြီးဌာန ၀န်ကြီးအဖြစ် ပြောင်းရွှေ့လာပြီးနောက် သူ့ရဲ့ ချမ်းသာကြွယ်ဝမှုဟာ မြန်မာပြည်မှာ ထိပ်တန်းစာရင်း ၀င်လာခဲ့ပါတယ်။ စက်မှု (၁) ဂေါက်သီးပြိုင်ပွဲတွေမှာ ရတနာသိင်္ဂီ ၊မားသားထရေးဒင်း၊ အေအိတ်ခ်ျကေ၊ လွယ်ဟိန်း၊ အယ်လ် ပိုင်း၊ ရွှေသံလွင် စတဲ့ ကုမ္ပဏီပိုင်ရှင် သူဌေးကြီးများက ဂေါက်ရိုက်ပွဲမှ ပြန်လာတဲ့ ၀န်ကြီးကို အရှင်သခင် ကျေးဇူးရှင်ကြီးသဖွယ် ၊ခရီးဦးကြိုပြု ပုဝါကမ်းရတဲ့ မြင်ကွင်းဟာ အာဏာရှင်ကြီး အတွင်းသရုပ် ဖော်ကျူးနေ တဲ့ မြင်ကွင်းဖြစ်ပါတယ်။

သူ့မိသားစုရဲ့ ချမ်းသာကြွယ်ဝမှုကို ဖော်ထုတ်တင်ပြရရင် သူ့ရဲ့သားများ ဖြစ်ကြတဲ့ ကိုနေအောင်နဲ့ ကိုမိုးအောင်တို့ဟာ အောင်ရီဖြိုး ကုမ္ပဏီ ထူထောင်ပြီး ဖဲရိုက်ဝါသနာ ထုံသူများ ဖြစ်ကာ အလှည့်ကျ ဆွေမျိုး မိသားစုအိမ်တွေမှာ ဖဲလှည့်ရိုက်နေစဉ် သူတို့အချင်းချင်း ပိုင်ဆိုင်မှု ကြွယ်ဝချမ်းသာမှုအား ပြိုင်ဆိုင်ရင်း ဂုဏ်ယူဝံ့ကြွားခဲ့ရာမှာ အနိမ့်ဆုံး ချမ်းသာသူ မိသားစုဝင် တစ်ဦးပင်လျှင် ၂၀၀၀ ခုနှစ် အချိန်ကာလတုံးက သိန်းထောင်ချီနေပြီ ဖြစ်ကြောင်း သိရှိရပါတယ်။

ဦးအောင်သောင်းဟာ အတ္တသမားပီပီ ငါ့အတွက်၊ ငါ့မိန်းမ၊ ငါ့သားသမီး အတွက်၊ ငါ့ဆွေမျိုး အတွက် ငါ၏အရှက်ကို ပေးဆပ်မည်လို့ ကြွေးကြော် ရင်း အရှက်သိက္ခာမဲ့စွာ ကိုယ်ကျိုး စီးပွါးကိုသာ တစိုက်မတ်မတ် လုပ်ကိုင်ရင်း စက်မှု ( ၁) ရဲ့ အဆီအနှစ်များအား ၀ါးမြိုကာ စက်ရုံများ အရူံးပေါ်အောင်နဲ့ ၀င်းသူဇာဆိုင်ကြီး နလံမထူ ပျက်ဆီးဆုံးရူံးအောင် စွမ်းဆောင် ဦးဆောင်မှု ပေးနိုင်ခဲ့ပါတယ်။

စက်မှု (၁) ၀န်ကြီးဌာနမှာ တကယ်ကျွမ်းကျင်သူ ပညာရှင်တွေကို နေရာ မပေးဘဲ သူနဲ့ သူ့မိန်းမရဲ့ ဆွေမျိုးတွေ သူတို့ဇာတိ တောင်သာနယ် တ၀ိုက်က လူတွေကိုသာ အရည်အချင်း မရှိလည်း ဇွတ်အတင်း နေရာပေးထားမှုကြောင့် ၀န်ကြီးဌာနအတွင်းမှာ မကျေနပ်မှုများနဲ့ အတူ ပညာရှင်များစွာ အလုပ်မှ နှုတ်ထွက်ကုန်ကြလို့ အခုလို လုပ်ငန်းတွေ ဆုံးရူံးနစ်နာ အောင်မြင်မှု မရတာလို့ ၀န်ထမ်းတွေက ဝေဖန်ပြောကြားခဲ့ ပါတယ်။ ကိုယ်ကျိုးစီးပွါးကိုသာ အဓိက ကြည့်ရူကာ အောက်လမ်းနည်းနဲ့ ဗိုလ်သန်းရွှေအကြိုက် ဒေါ်အောင်ဆန်းစုကြည်အား တက်တက်ကြွကြွ ဝေဖန်တိုက်ခိုက်တတ်လို့ သူထင်သလို အခုလို တိုင်းပြည်ဘဏ္ဍာများအား ဆုံးရူံးနစ်နာအောင် ချယ်လှယ်ခွင့် ရနေခဲ့တာ ဖြစ်ပါတယ်။

ရွှေဂုံတိုင်မှာရှိတဲ့ အောင်ရီဖြိုး ကုမ္ပဏီဟာ ဦးအောင်သောင်းရဲ့ သားများ ဦးစီးတဲ့ ကုမ္ပဏီ ဖြစ်ပြီး မွေးမြူရေးနဲ့ ရေလုပ်ငန်းဝန်ကြီးဌာန၊ အမှတ် (၁) စက်မှုဝန်ကြီးဌာနနဲ့ အခြား ၀န်ကြီး ဌာနတို့မှ လိုအပ်သော ကုန်ကြမ်း ပစ္စည်းများကို တင်သွင်းခွင့်ပါမစ်၊ သွင်းကုန် ထုတ်ကုန် လိုင်စင်များအပြင် လုပ်ပိုင်ခွင့်အ၀၀ကို တစ်နည်းတစ်ဖုံ ချုပ်ကိုင်ရယူ ၀ါးမျိုထားကြတဲ့အပြင် ယခင် လျှပ်စစ်စွမ်းအားဝန်ကြီး ဗိုလ်ချုပ်တင်ထွဋ်ရဲ့သားနဲ့ ပူးပေါင်းပြီး တော့လည်း ရေအား လျှပ်စစ်စီမံကိန်းများ ကံထရိုက်ဆွဲကာ စက်ကြီးများ တင်သွင်းခွင့်ကိုလည်း ကန်ထရိုက် ရယူ ထားတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။
ဦးအောင်သောင်းဟာ စက်မှု (၁) ၀န်ကြီးဌာနကို တင်သွင်းမဲ့ တရုတ်နှင့် အိန္ဒိယတို့မှ နိုင်ငံခြား ကုမ္ပဏီများကို လာဘ်ငွေတောင်းခံရာမှာ ကြားခံ အဖြစ် အမျိုးသမီးစီးပွားရေး စွမ်းဆောင်ရှင် အသင်းမှ ပုဂ္ဂိုလ်လိုမျိုးအား ပွဲစားထားခဲ့ကာ အဂတိ လိုက်စားမှုအရာမှာ ကမ်းကုန်အောင် သောင်း ကျန်းခဲ့ပါတယ်။ ယခင်က မန္တလေးဘီယာ လုပ်ကိုင်ခွင့်ရထားသူ ဒေါ်ဝင်း ၀င်းနုထံမှ လစဉ် ထောက်ပံ့ကြေး သိန်း(၁၀၀) တောင်းခံခဲ့တယ်လို့လည်း သိရပါတယ်။

ဒီအကြောင်းတွေကို သိနေတဲ့ စက်မှု (၁) ဒုဝန်ကြီး ဗိုလ်မှူးချုပ်ကျော် ၀င်းဟာ ၀န်ကြီးချုပ် ဖြစ်နေတဲ့ ဗိုလ်ချုပ်ကြီးခင်ညွှန့်ထံ စက်မူ (၁) မှ သာပေါင်းစက်ရုံရဲ့ အဂတိ လိုက်စားထားတဲ့ ကိစ္စအား စာနဲ့တိုင်ကြားခဲ့ ပါတယ်။ ကံကောင်းထောက်မစွာ ဦးအောင်သောင်းဟာ သူ့ကို တိုင်ထား တဲ့ သတင်းအား ရရှိသွားပြီး လက်ဦးမှုယူကာ ဗိုလ်မှူးချုပ်ကျော်ဝင်းအား ဖြုတ်ချခဲ့ပါတယ်။ ဦးအောင်သောင်းဟာ ဗိုလ်သန်းရွှေရဲ့ အကြိုက်ကို သိသူပီပီ ကြံ့ဖွံ့အား အရောင်တင်ကာ လူမိုက်လုပ်ရင်း ဒီပဲယင်း အရေး အခင်းဖြစ်အောင် ဖန်တီးခဲ့တဲ့ အဓိက တရားခံ ဖြစ်ပါတယ်။ ဒေါ်အောင် ဆန်းစုကြည်ကို ဗိုလ်သန်းရွှေမှ မုန်းတီးအောင် အခါမလပ် သွေးထိုးနေပြီး မိမိရဲ့ အကျင့်ပျက် ခြစားမှုအား ကာကွယ်ရင်း အောက်လမ်းနည်းနဲ့ ရာထူးအာဏာကို ချုပ်ကိုင်ထားသူ ဖြစ်ပါတယ်။ ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ခင်ညွှန့်ကလည်း ဦးအောင်သောင်းရဲ့ ခြေလှမ်းကြဲ လာမှုကို ရိပ်မိလာကာ သူ့အား ခွင့်ပြုချက်မတောင်းပဲ ဒေါ်အောင်ဆန်းစု ကြည်ကို အကြမ်းဖက်မှု ဖြစ်အောင် ဖန်တီးလိုက်တဲ့ ဦးအောင်သောင်း အား ကြည့်မရတော့တာနဲ့ ဖြုတ်ဖို့ သာပေါင်း စက္ကူစက်ရုံကို စစ်ဆေးဖို့ ဆင်းသွားခဲ့ပါတယ်။

ဦးအောင်သောင်းဟာ ပြာသွားပြီး သူ့သားအငယ် ဗိုလ်မှူးပြည်အောင်အား ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့တစ်ဦးတည်းသော မွေးစားသမီး နန္ဒာအေးနဲ့ အမြန်လက် ဆက်စေပြီး အကာအကွယ် ရယူနိုင်ခဲ့ပြန်ပါတယ်။ အဲဒီနောက် သူ့ရဲ့သား မင်္ဂလာဆောင် ဆီဒိုးနားဟော်တယ်မှာ ဒုတပ်ချုပ် ဗိုလ်မောင်အေးရှေ့ တွင် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးခင်ညွှန့်အား မင်္ဂလာ ပန်ကုံးစွပ်ခိုင်းခြင်းဖြင့် ဦးအောင်သောင်းဟာ သူ့ရဲ့ အခြေ ပြန်ခိုင်သွားအောင် ဖန်တီးနိုင်ခဲ့ပါ တော့တယ်။

တဖန် ဗိုလ်ခင်ညွှန့်အား အာဏာရယူဖို့ ကြိုးစားနေကြောင်းနဲ့ ဗိုလ်နေ၀င်း မြေးတွေကိစ္စ၊ဒေါ်အောင်ဆန်းစုကြည်အပေါ် သဘောထား ပျော့ပြောင်း တဲ့ ကိစ္စများအား သွေးထိုးပြောဆို နိုင်ခဲ့ကာ နောက်ကျောကို ဓါးနဲ့ထိုး သလို ဆောင်ရွက်ခဲ့လို့ ဗိုလ်ခင်ညွှန့်ခမျာ ကျဆုံးခဲ့ရရှာပါတယ်။
အဲဒီလို ဦးအောင်သောင်းရဲ့ အတွင်းစိတ်ဟာ ရက်စက်ယုတ်မာ သလောက် သူ့ရဲ့ အသက် အိုးအိမ်စည်းစိမ် ထိခိုက်လာမယ်ဆိုရင်တော့ သေမလောက်အောင် ကြောက်သူလည်း ဖြစ်ပါတယ်။ သူ့ရဲ့အိမ် (၅၄) အင်းလျားလမ်း ပတ်ဝန်းကျင်မှာ လျှပ်စစ်လွှတ်ထားသော ၀ါယာကြိုးများ ပတ်ပတ်လည် ချထားပါတယ်။ စက်မှု (၁) အစည်းအဝေးတိုင်းမှာ မဆီ မဆိုင် ဒေါ်အောင်ဆန်းစုကြည် မကောင်းကြောင်းကိုသာ ပြောဆိုပုတ် ခတ် တိုက်ခိုက်တတ်ပြီး ရွေးကောက်ပွဲပြီးရင် သူဝန်ကြီးချုပ်လုပ်ဖို့ စိတ်ကူးယဉ်နေသလို ဗိုလ်သန်းရွှေအား နောက်ကွယ်မှ ကြိုးကိုင်နေသူ တစ်ဦးဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။



အပိုင်း (၆)

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အမှတ်(၈၈) ခြေမြန်တပ်မဌာနချုပ် တပ်မမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်ကရှေ့တန်းဌာနချုပ် ကျိုင်းတုံမြို့မှ နောက်တန်း ဌာနချုပ် မကွေးမြို့ကိုပြန်ပြီး အနားယူဖို့ အချိန်ကျရောက် လာပါတယ်။ ဒီမှာ သူ့အတွက် လုံခြုံရေးလဲဖြစ်ပြန်ပြီး အနားယူမယ့် သူ့အတွက် ပစ္စည်းပစ္စယ အကြံအဖန် မှောင်ခိုပစ္စည်းတွေ တင်ဖို့ တပ်ရင်း တစ်ရင်းစာမော်တော်ယာဉ်တန်း အစီး (၂၀)ကျော် အပြင် ကျိုင်းတုံ ဒေသမှာ သုံးစွဲဖို့ရွှေညောင်မှ တင်ပို့ပေးထားတဲ့ ဓါတ်ဆီပေပါ အခွံတွေ ပြန်တင်လာမဲ့ ယာဉ်ကလဲ အစီး (၂၀) ကျော် ရှိပါတယ်။

စုစုပေါင်း ယာဉ်အစီး (၄၀) ကျော်ရှိတဲ့ ဒီယာဉ်တန်းကြီး ကျိုင်းတုံက  ထွက်လာပါတယ်။ အဲဒီအချိန်မှာ မြန်မာပြည်ဟာ တံခါးပိတ် စီးပွားရေး စနစ်  ကျင့်သုံးနေပါတယ်။ ဒါပေမဲ့ အကောက်ခွန်မဲ့ မှောင်ခိုပစ္စည်းတွေ ကတော့ တစ်ဖက်နိုင်ငံ (ထိုင်း) ကနေ အမျိုးမျိုးသောနည်းနဲ့ ၀င်ရောက် နေ ကြတယ်။ ကျိုင်းတုံ၊ တာချီလိတ်ဒေသဟာလဲ မော်လမြိုင်နဲ့ အပြိုင်အဆိုင်ပါဘဲ။ တပ်မမှူးကြီး ဗိုလ်သန်းရွှေနဲ့ ပါလာတဲ့ ယာဉ်တန်းမှာ မှောင်ခိုပစ္စည်း အများအပြား ပါသွားတယ်ဆိုတဲ့ သတင်းအား ကျိုင်းတုံ ပါတီကောင်စီက တောင်ကြီးကို အကြောင်းကြားလိုက်တယ်။ 

တောင်ကြီး အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ကနေပြီး လွိုင်လင်မှာ ရှာဖွေစစ်ဆေးဖမ်း ဆီးဖို့ တာဝန် ပေးတယ်။ လွိုင်လင် ကောင်စီဥက္ကဌ အမှတ် (၂) ၀န်တင် တပ်ရင်းက ဗိုလ်ကြီး သန်းဌေးအပြင် လုံခြုံရေးအတွက် ကျွန်တော်နဲ့ တပ်စိတ်တစ်စိတ်က အကောက်ခွန်ရုံးထဲမှာ စောင့်နေရတယ်။
ယာဉ်တန်းက လွိုင်လင်မြို့ကို စ၀င်လာပြီ။ ပထမဦးဆုံး စစ်ကြောင်းကား တွေ ၀င်လာတယ်။ လွိုင်လင် ရေကန်ဘေးမှာ ရပ်ထားကြတယ်။ ကား တွေကို တစ်စီးချင်း အကောက်ခွန် ရုံးထဲ မောင်းဝင်ခိုင်းတယ်။ ကားပေါ် မှာ တာဝန်ခံအရာရှိတစ်ဦးနဲ့ ရဲဘော်၊ ဆရာ (၃၄) ယောက်ဘဲ ပါလာ တယ်။ ကားပေါ်မှာ ရှိသမျှ အထုပ်အထည်နဲ့ ထည့်ထားတဲ့ အထည် အလိပ်၊ ဓါတ်ဘူး၊ အချိုမှုန့်၊ စက်ဘီး၊ အခြား နိုင်ငံခြားပစ္စည်းမှန်သမျှ အကုန်ချ ပေးရတယ်။ စစ်ကြောင်းကားတွေ ကုန်သွားတော့ ဓါတ်ဆီပေပါ ခွံတွေ ပြန်တင်လာတဲ့ ကားတွေ၊ ဒီကားတွေက ၀န်ပေါ့ဖြစ်ရမှာပါ…
ဒါပေမဲ့ ကားတွေ တောင်ကုန်းတက်လာတဲ့အသံက ၀န်အပြည့်နဲ့ တက် လာနေတဲ့အသံ၊ ဒီမှာတင် ကားတွေကို ဆက်မသွားခိုင်းဘဲ အကုန်လုံးကို အကောက်ခွန်ရုံးထဲ မောင်း သွင်းခိုင်းတယ်။ အထဲရောက်လာတဲ့ ကားတွေကို ကျွန်တော်တို့ တက် ကြည့်တော့ ဓါတ်ဆီပေပါခွံတွေထဲမှာ အပြည့်ထည့်လာတဲ့ အထည်အလိပ်တွေမှန်း သိရတော့တယ်။ လေးတဲ့ (ပေပါ) မှန်သမျှ အကုန်ချ၊ တစ်ညလုံး မနားတမ်း ပစ္စည်းချတဲ့ အလုပ် လုပ်ရတော့တယ်။ မနက်မိုးလင်းတော့ နိုင်ငံခြား မှောင်ခို ပစ္စည်းတွေက ကြည့်မကောင်း မြင်မကောင်း လောက်အောင် ကွင်းထဲမှာ စုပုံထားရ တယ်။ ပစ္စည်းပိုင်ရှင် ဘယ်သူ ဘယ်ဝါ ဆိုတာ မသိရပေမဲ့ ဒီယာဉ်တန်း မှာ ရာထူးအကြီးဆုံးက တပ်မမှူး ဗိုလ်သန်းရွှေ ကိုယ်တိုင်ဘဲ။ ဗိုလ်သန်း ရွှေဟာ အဲဒီတုန်းက အခဲမကျေခဲ့တဲ့ ပါတီကောင်စီကို သူ ဒုတိယကာ ကွယ်ရေး ဦးစီးချုပ် ဖြစ်တဲ့အချိန်မှာ အခွင့်အရေးတစ်ရပ် အနေနဲ့ မဆလ စစ်အာဏာရှင် ဦးနေ၀င်းကို နှိပ်ကွပ်ခဲ့တာ ဒီဖြစ်စဉ် တစ်ပိုင်းတစ်စပါ ပါတယ်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဖြစ်နေတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဟာ တပ်မ (၈၈) တပ်မမှူးဘ၀တုံးက အခြားတပ်မမှူးများနှင့်စာရင် စစ်ရေးစစ်ရေးမှာ ညံ့ဖျင်းသလောက် ကျိုင်းတုံ ရှေ့တန်းဌာနချုပ်မှာ ဂေါက်မရိုက်တတ်ဘဲ ရိုက်တတ်နိုင်အောင် ကြိုးစားလေ့ကျင့် နေရသူ တစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီတုန်းက တပ်မ (၈၈) စစ်ဦးစီးမှူး (ဒုတိယတန်း) ဗိုလ်မှူး ၀င်းလှိုင် (န၀တ တက်ခါစ ပစ္စည်းဝယ်ယူရေး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ၀င်းလှိုင်) ကို ဆရာတင်ကာ ကျိုင်းတုံ ဂေါက်ကွင်းမှာ စစ်ရေးလေ့ကျင့်… မှားလို့… ဂေါက်ရိုက် လေ့ကျင့်နေသူ ဖြစ်ပါတယ်။

ထိုခေတ်က ကျိုင်းတုံမှာ လေယာဉ်လက်မှတ် တစ်စောင်လျှင် မှောင်ခို ဈေး ဈေးကြီးလို့ တပ်မက လေယာဉ်လက်မှတ်ခွဲတမ်း ကိုင်ထားရာ တရားမ၀င် အပိုဝင်ငွေများ ရရှိပါတယ်။ ဒါ့အပြင် ကျိုင်းတုံ - တာချီလိတ် ကားလမ်း လုံခြုံရေးနှင့် ကျိုင်းတုံ - တောင်ကြီး ကားလမ်း လုံခြုံရေးအား တပ်မ (၈၈) က တာဝန်ယူရတဲ့အတွက် ယာဉ်တန်းဖွင့်ဖို့ မှောင်ခိုကုန် သည် များဟာ တပ်မ (၈၈) ထံ ချဉ်းကပ် လာဘ်ထိုးရပါတယ်။ ဘယ် လောက် ချမ်းသာလဲလို့ ပြောရရင် ရှေ့တန်း ကျိုင်းတုံရှိ တပ်မ (၈၈) ကို စစ်ဆေးဖို့ စစ်အာဏာရှင် ဦးနေ၀င်း လာရန်ရှိတဲ့အတွက် ကျိုင်းတုံမြို့ တွင်း လမ်းမကြီးဘေးရှိ အရိပ်ရ သစ်ပင်များအား ထုံးသုတ်သန့်ရှင်း ခြင်းနှင့် စွန့်ပစ်ကန်ကို ငါးကန်အဖြစ် နေ့ချင်းညချင်း အပြီး အတု အယောင် ဖန်တီးလိုက်နိုင်အောင် ချမ်းသာပါတယ်။

ဒါကြောင့် အဲဒီကတည်းက ဗိုလ်သန်းရွှေဟာ စီးပွားရေးသောင်းကျန်းပြီး အတုအယောင် အဖြစ် ဖန်တီးတတ်သူဖြစ်လို့ ယနေ့ သူအုပ်ချုပ်နေတဲ့ မြန်မာပြည်ကိုလည်း သူ့ရဲ့မိသားစု စီးပွားရေးသောင်းကျန်းမှုအား ကမ်း ကုန်အောင် ခွင့်ပြုထားပါတယ်။
ပြည်သူလူထုကိုလည်း ၂၀၁၀ ရွေးကောက်ပွဲအား ဆက်ပြီး လိမ်ညာကာ ဖန်တီးအုံးမှာ မလွဲဧကန် ဖြစ်ပါတယ်။


အပိုင်း (၇)


အယ်ဒီတာ။       ။ ကျွန်တော်တို့ စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ် စာမျက်နှာမှာ ယခင်က ဇာခန်းဆီးနောက်ကွယ်မှ ဇာတ်လမ်းများ 
အမည်နဲ့ အခန်းဆက်ဆောင်းပါးတွေ တင်ပြခဲ့ရာမှာ ပရိတ်သတ်များရဲ့ အထူး နှစ်ခြိုက်အားပေးမှုကို ရရှိခဲ့ပါတယ်။ ယခုလက်ရှိကာလ မြန်မာ့ နိုင်ငံရေး အခြေအနေအရ ဖြစ်ပေါ်ဆက်စပ်နေတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး စစ်ဖက်နီးစပ်သူတွေက ပေးပို့လာကြတဲ့ ဇာခန်းဆီး နောက် ကွယ်မှ ဇာတ်လမ်းများကို ယခု ဆက်လက် ဖော်ပြပေးလိုက်ရပါတယ်။

စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေအနေနဲ့ ယခု အရပ်သား အစိုးရသစ်ရဲ့ ခေါင်းဆောင်များအပေါ်မှာ လွှမ်းမိုးမှု ရှိ/မရှိ၊ သူရဦးရွှေမန်းရဲ့ နောက် ကြောင်း ရာဇ၀င်အကျဉ်း၊ အစိုးရနဲ့ လွှတ်တော်ခေါင်းဆောင်များအကြား အားပြိုင်မှုများ၊ ထိပ်ပိုင်း ခေါင်းဆောင်နှစ်ယောက်ဖြစ်တဲ့ ဦးသိန်းစိန်နဲ့ ဦးရွှေမန်းတို့အပေါ် နှိုင်းယှဉ်ချက်များ စတာတွေကို ဖော်ပြသွားမှာ ဖြစ်ပါ တယ်။ အရပ်သားအစိုးရ ဖွဲ့ပြီးတဲ့နောက်ပိုင်းမှာ နိုင်ငံတော်ရဲ့ ဥပဒေပြု ရေး၊ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးကိစ္စတွေကို ဦးသန်းရွှေက ၀င်ရောက် စွက်ဖက်ခြင်း မရှိတော့ဘူးလို့ သတင်းထုတ်ပြန်ခဲ့ပေမဲ့ ဦးသန်းရွှေအနေနဲ့ သူ့ရဲ့လုံခြုံရေးကို အဓိကထားပြီး ဆက်နွယ်လာတဲ့ ဥပဒေပြုရေး လုပ်ငန်း စဉ်၊ မူဝါဒအချို့ကို ရံဖန်ရံခါ အမိန့်ပေးနေတယ်လို့ လက်တွေ့နယ်ပယ်ဖြစ် စဉ်များအရ စစ်ဖက်နီးစပ်သူတွေက ထောက်ပြ ပြောဆိုပါတယ်။ ဦးသန်း ရွှေရဲ့ အမိန့်ပေးခံရသူတွေကတော့ သူရဦးရွှေမန်းနှင့် ဦးသိန်းစိန်တို့ဖြစ် ကြပြီး ကျန်တဲ့ ဥပဒေပြုရေး၊ လုပ်ငန်းစဉ်/ မူဝါဒများကိုတော့ ၀င်ရောက် စွက်ဖက်မှု မရှိဘူးလို့ ဆိုပါတယ်။

ဦးသန်းရွှေဟာ အခုလက်ရှိ တာဝန်ယူနေတဲ့ အရပ်သားအစိုးရ အဖွဲ့ထဲက ထိပ်ပိုင်းခေါင်းဆောင်တွေ နေရာမှာလည်း သူ့ရဲ့လုံခြုံရေးကို အပြည့်အ၀ အကာအကွယ်ပေးနိုင်တဲ့ သစ္စာရှိသူများကိုသာ ရွေးချယ်ပြီး တင်မြှောက် ခိုင်းတဲ့ ဖြစ်စဉ်တွေ ရှိနေပါတယ်။ ဥပမာ ရန်ကုန်တိုင်းဝန်ကြီးချူပ် ဦးမြင့်ဆွေကို ဒုသမ္မတ တိုးပေးဖို့ ကိစ္စတွေဖြစ်လာသလို ယခင် ရန်ကုန် တိုင်း ဒုတိုင်းမှူးဖြစ်ခဲ့တဲ့ ဒုဗိုလ်ချူပ်ကြီး ဝေလွင်ကိုလည်း ရန်ကုန်တိုင်း ၀န်ကြီးချူပ်အဖြစ် လျာထားတဲ့ ကိစ္စမျိုးတွေ ဖြစ်ပါတယ်။

ဒါပေမယ့် သူလုပ်ခိုင်းတဲ့ လုပ်ရပ်တွေဟာ လုပ်ထုံးလုပ်နည်းနဲ့ မကိုက် ညီကြောင်း သူရဦးရွှေမန်းနဲ့ ဦးသိန်းစိန်တို့က တင်ပြခဲ့ဟန်တူပြီး လက် လျှော့သွားတဲ့သဘော ရှိပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်တဲ့ ကိစ္စမှာလည်း ၀င်ရောက်စွက်ဖက်တဲ့ အသွင်လက္ခဏာမျိုး တွေ့ရပါတယ်။ တဆက်တည်း ဒုတိယဗိုလ်ချူပ်ကြီး ဝေလွင်ကို ကာကွယ်ရေးဝန်ကြီး အဖြစ် ကြံကြံဖန်ဖန် နေရာပေးရတဲ့ တပ်ချူပ်ဒုဗိုလ်ချူပ်မှူးကြီး မင်း အောင်လှိုင်ရဲ့ဒုက္ခကို မြင်တွေ့ရပါတယ်။ ဒါတွေဟာ ဦးသန်းရွှေရဲ့ အရှိန်အ၀ါကို မလွန်ဆန်နိုင်သေးတဲ့ လက္ခဏာတွေပါ။

 
ဦးရွှေမန်းကို ၁၉၄၇ ခုနှစ်မှာ ပဲခူးတိုင်း၊ ကညွတ်ကွင်းမြို့တွင် မွေးဖွားခဲ့ပါ တယ်။ ၁၉၆၉ ခုနှစ် အသက် ၂၂ နှစ် အရွယ်မှာ အပတ်စဉ် (၁၁) ဖြင့် D.S.A မှ ကျောင်းဆင်းခဲ့ပြီး ပြန်တမ်းဝင်အမှတ်ကတော့ ကြည်း-၁၁၅၃၄ ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်မှာ တပ်မ (၆၆) ရဲ့ နည်းဗျူဟာမှူး၊ ဗိုလ်မှူးကြီး အဆင့် ရရှိခဲ့ပြီး  ၁၉၈၉ ခုနှစ် ကရင်ပြည်နယ်တွင် KNU နှင့် တိုက်ခိုက်ခဲ့ စဉ်က တိုက်ပွဲတစ်ပွဲမှာ သူရဘွဲ့ ရရှိခဲ့တယ်လို့ သိရပါတယ်။ ၁၉၉၇ ခုနှစ် မှာတော့ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ၂၀၀၃ ခုနှစ်မှာ တပ်မတော် (ကြည်း၊ ရေ၊ လေ) ညှိနှိုင်းကွပ်ကဲရေးမှူး ဖြစ်လာခဲ့ပြီး ဗိုလ်ချူပ်ကြီးအဖြစ် ရာထူးတိုးမြှင့်ခြင်း ခံရပါတယ်။ သူ့ရဲ့ဇနီး ဒေါ်ခင် လေးသက်ဟာ တရုတ်နွယ်ဖွားဖြစ်ပြီး ကျောင်းဆရာမ လုပ်ခဲ့ဖူးသူပီပီ အကွက်မြင်ကာ စစ်ဘက်လက်ထောက် ဗိုလ်ချုပ်နေ၀င်းမှတဆင့် ဦးသန်းရွှေရဲ့မြေး ဖိုးလပြည့်ကို စာသင်ရင်း ထိန်းကျောင်းပေးဖို့ အကူ အညီတောင်း ပြောခိုင်းခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် ဖိုးလပြည့်ကို စာသင်ရင်း ဦးသန်းရွှေဇနီးနဲ့ အလွမ်းသင့်ကာ အိမ်ကြီးအတွင်းလူ ဖြစ် သွားခဲ့ပါတယ်။ အရပ်သားအစိုးရအဖြစ် ဖွဲ့စည်းပြီးတဲ့နောက်မှာ သူရဦး ရွှေမန်းကို ပြည်သူ့လွှတ်တော်ရဲ့ ဥက္ကဌအဖြစ် တာဝန်ပေးခဲ့ပါတယ်။ ခုနောက်ပိုင်းမှာတော့ သူရဦးရွှေမန်းဟာ လွှတ်တော်အတွင်း နေရာရ လိုမှုနဲ့ ထင်ပေါ်ကျော်ကြားမှု ရှိလာစေရေးအတွက် ကြိုးစားလာတာ တွေ့ရပါတယ်။ သူဟာ အင်တာဗျူးတစ်ခုမှာ ပြည်သူလူထုက ရွေးချယ်တာဝန်ပေးရင် ဘယ်နေရာမဆိုလုပ်ဖို့ အဆင်သင့်ပဲလို့ ဆိုပါတယ်။ ဆိုလိုတာက သမ္မတရာထူး မှန်းတယ်လို့ ခန့်မှန်းရပါတယ်။

အခုလက်ရှိ အရပ်သားအစိုးရထဲက နေရာအတော်များများမှာ ဦးသိန်းစိန်၊ သူရဦးရွှေမန်းအပြင် အခြားစစ်ဗိုလ်ချုပ်တွေလည်း တာဝန်အသီးသီး ခန့်အပ် ခံထားရတာကို တွေ့ရပါတယ်။ သူရဦးရွှေမန်းရဲ့ တခြားဗိုလ်ချူပ် တွေနဲ့မတူ ခြားနားချက် အချို့ကို တင်ပြရရင် စကားလုံးထွားတာပဲ ဖြစ်ပါတယ်။ သူရဦးရွှေမန်းနဲ့ တွေ့ဆုံဖူးတဲ့ အရာရှိတစ်ဦးရဲ့ ပြောကြား ချက်အရ ဦးရွှေမန်းဟာ တပ်မ (၆၆) မှာ နည်းဗျူဟာမှူးနဲ့ နေခဲ့စဉ်က မာနယ်ပလော ကေအင်န်ယူ ဧရိယာနယ်မြေတွေကို တိုက်ခဲ့ရာမှာ ရှေ့ကတပ်တွေ အသေအကြေတိုက်ခဲ့လို့ ရန်သူစစ်ပန်းပြီး ဆုတ်ခွါချိန်နဲ့ တိုက်ဆိုင်နေတာမို့ သူ့တပ်တွေက အလွယ်တကူတက်သိမ်းလို့ နာမည် ရသွားခဲ့တာလို့ ဆိုပါတယ်။ မာနယ်ပလောစခန်းကို သိမ်းနိုင်တာတော့ မဟုတ်သေးပါဘူး။ စစ်ပွဲရဲ့အကျိုးအမြတ်ဟာ ရန်သူ့မြေကို ပိုင်တဲ့သူက အောင်နိုင်သူဖြစ်တာမို့ ရှေ့ကတပ်တွေ ဘယ်လောက်ပဲလုပ်လုပ် နောက် ကတပ်တွေက မြေပိုင်သွားတဲ့အတွက် ဦးရွှေမန်း နာမည်ကြီးသွားရတာ ဖြစ်ပါတယ်။ တကယ်တော့ သူ့အနေနဲ့ တိုက်ရည်ခိုက်ရည် ရှိလှသူတော့ မဟုတ်ပဲ ကံတရားက မျက်နှာသာ ပေးလို့သာဖြစ်တယ်လို့ ဆိုပါတယ်။ နတခတိုင်းမှူး ဖြစ်တုန်းက ပုသိမ် - ရန်ကုန် လမ်းမကြီးက ကားလမ်းတွေ ပျက်စီးနေတာကို ၀န်ကြီးတစ်ယောက်က ငြီးငြူပြောဆိုလို့ ဦးရွှေမန်း ကတော်က ဒါနိုင်ငံတော်ရဲ့တာဝန် ဖြစ်တယ်၊ တိုင်းမှူးနဲ့မဆိုင်ဘူးလို့ ဆင်ခြေ ပေးခဲ့ဖူးပါတယ်။ တဖန် ရှေ့တန်း သတင်းစာရှင်းလင်းပွဲ တစ်ခု မှာ ဥပဒေအထက်မှာ ဘယ်သူမှ မရှိစေရဘူးလို့ ဟစ်ကြွေးခဲ့လို့ လူရယ် စရာ ဟိုးလေးတကျော် ဖြစ်ခဲ့ဖူးပါတယ်။ သူ့ရဲ့သား၊ ဆွေမျိုးတွေကိုတော့ ဥပဒေအတွင်းမှာ နေထိုင်ဖို့ ဆုံးမထိန်းကျောင်းမှု မရှိခဲ့တာမို့ ဥပဒေ အထက်မှာနေလို့ လူရယ်စရာ ဖြစ်ခဲ့တာပါ။



အပိုင်း (၈)

အရပ်သား အစိုးရအဖြစ် ပြောင်းလဲဖွဲ့စည်းချိန်မှာ သူရဦးရွှေမန်းဟာ နိုင်ငံတော် သမ္မတအထိ ရည်မှန်းထားပေမဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌ နေရာသာ ခန့်အပ်ခံခဲ့ရပါတယ်။ သမ္မတနေရာကို စစ်တပ်ရဲ့ရာထူးအရ သူ့ထက်နိမ့်တဲ့ ဦးသိန်းစိန်က ရရှိသွားခဲ့တာမို့ မကျေမလည် ဖြစ်ခဲ့တယ် လို့ သိထားခဲ့ရပါတယ်။ တပ်မတော်တွင် သူတို့နှစ်ဦး တာဝန်ထမ်းဆောင် ခဲ့စဉ်က ဗိုလ်ချုပ်ကြီး သူရရွှေမန်းဟာ အဆင့် (၃) ညှိနှိုင်းကွပ်ကဲရေးမှူး ရာထူးရှိနေပြီး အဆင့် (၆) တွင် ရှိနေတဲ့ ဗိုလ်ချုပ်ကြီး သိန်းစိန်ဟာ စစ်ရေး ချုပ်တာဝန်ထမ်းဆောင်နေခဲ့တာ ဖြစ်ပါတယ်။ 
နိုင်ငံရေး ပါဝါအရ ကြည့်ရင်လည်း အတွင်းရေးမှူး (၂) ဗိုလ်ချုပ်ကြီး သိန်းစိန် ရှိနေချိန်မှာ အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီး စိုးဝင်း၊ သူ့ရှေ့နားတွင် ၀န်ကြီးချုပ် ဗိုလ် ချုပ်ကြီး ခင်ညွန့် ရှိနေပါတယ်။ သူရဦးရွှေမန်းနဲ့ ဦးသိန်းစိန် ကွာခြားချက် ကတော့ ဦးသိန်းစိန်ဟာ စစ်ရုံးမှာ ရုံးလုပ်ငန်း စစ်ဦးစီးဆိုင်ရာ အတွေ့ အကြုံများသလို အမျိုးသားညီလာခံ၊ အခြေခံဥပဒေ ရေးဆွဲခဲ့တဲ့ အတွေ့ အကြုံများလည်းရှိလို့ ဦးသန်းရွှေက သူရဦးရွှေမန်းထက် ဦးသိန်းစိန်ကို သမ္မတအဖြစ် ရွေးချယ် ထိုးတင်လိုက်တာ ဖြစ်ပါတယ်။ ဦးသိန်းစိန်ဟာ အမျိုးသားညီလာခံမှာ လက်နက်ကိုင် တိုင်းရင်းသားများ အပါအ၀င် တိုင်း ရင်းသားပါတီ၊ အလုပ်သမား၊ ပညာရှင်၊ ညီလာခံကိုယ်စားလှယ်၊ ကုန် သည် စီးပွားရေး လုပ်ငန်းရှင်များနဲ့လည်း ထိတွေ့မှု ပိုများပါတယ်။ စစ် အစိုးရ အရာရှိကြီးတွေ အများအပြားထဲမှာ အဂတိလိုက်စားမှု လာဘ်ပေး လာဘ်ယူ ကိစ္စတွေမှာ ခရိုနီများနဲ့ ပတ်သက်မှု အနည်းဆုံးသူဟာ ဦးသိန်း စိန်ဖြစ်တာကြောင့် ဦးသန်းရွှေက သူ့ကို သမ္မတနေရာ တင်လိုက်တယ်လို့ ယူဆရပါတယ်။

လက်ရှိအနေအထားအရ ကြံ့ဖွံ့ပါတီအတွင်းမှာတော့ သူရဦးရွှေမန်းရဲ့ ဦးဆောင်မှု အခန်းကဏ္ဍအနေနဲ့ မှေးမှိန်လျှက် ရှိပါတယ်။ သူဟာ စစ်တပ်ထဲမှာ အနေကြာပြီး ရွေးကောက်ပွဲနီးလာမှ အရပ်ဝတ် လဲလိုက် တာ ဖြစ်ပါတယ်။ ပိုဆိုးတာက ကြံ့ဖွံ့ပါတီ အောက်ခြေတွေက လူထု အပေါ် အနိုင်ကျင့်နေတာနဲ့ ပတ်သက်ပြီး အရေးယူမယ်လို့ ပြောလိုက် လို့လည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ကြံ့ဖွံ့ပါတီ ခေါင်းဆောင်အဖြစ် သူရဦးရွှေမန်း ဖြစ်လာမယ်လို့ထင်ကြောင်း စစ်ဖက်နီး စပ်သူများက ဆိုလာပါတယ်။ သူဟာ စစ်တပ်မှာလည်း တပ်မတော် (ကြည်း၊ ရေ၊ လေ) ညှိနှိုင်းကွပ်ကဲရေးမှူး ရာထူးမှ တပ်ချူပ်နေရာ မရခဲ့တဲ့အပေါ်မှာလည်းကောင်း၊ တဖန် သမ္မတရာထူးကို မျှော်လင့်ခဲ့ပေမဲ့ သူ့ထက်ရာထူးနိမ့်တဲ့ ဦးသိန်စိန်က ကျော်တက်သွားတဲ့ အပေါ်မှာလည်း ကောင်း ဒီတစ်ကြိမ်တော့ သူ့ကို စစ်တပ်က နေရာပေး ထောက်ခံကြလိမ့် မယ်လို့ ယူဆနေကြောင်း သိရပါတယ်။

သူရဦးရွှေမန်းဟာ ကြံ့ဖွံ့ပါတီအပေါ်မှာ သြဇာ မလွှမ်းမိုးနိုင်ပေမဲ့ စစ်တပ် အပေါ်မှာတော့ သြဇာသက်ရောက်မှု အထိုက်အလျှောက် ရှိပါတယ်။ တပ်မတော် (ကြည်း၊ ရေ၊ လေ) ညှိနှိုင်းကွပ်ကဲရေးမှူး တာဝန်ထမ်း ဆောင်နေတုန်း တပ်အပြောင်းအရွှေ့၊ ရာထူးအပြောင်းအရွှေ့လို ကိစ္စရပ် တွေမှာ ဒုတပ်ချူပ် ဒုဗိုလ်ချူပ်မှူးကြီး မောင်အေးရဲ့ သဘောထားတောင် တောင်းခံတာမျိုး မရှိပဲ တပ်ချူပ် ဦးသန်းရွှေကိုပဲ ခွင့်တောင်းပြီး နိုင်နိုင် နင်းနင်း လုပ်ခဲ့တဲ့ဖြစ်စဉ်မျိုးတွေ ရှိခဲ့ပါတယ်။ ဒါ့အပြင် ထောက်လှမ်းရေး ကို နှိပ်ကွပ်စဉ်က သူရဦးရွှေမန်းအနေနဲ့ ကက(ကြည်း) အမိန့်ကို တိကျ ပြတ်သားစွာ ထုတ်ပြန်ပြီး တပ်မ (၁၁) ကဲ့သို့သော ကြည်းတပ်တွေကို ပိုင်နိုင်စွာ ကွပ်ကဲသွားနိုင်တဲ့သူလည်း ဖြစ်တာကြောင့်  ဦးသန်းရွှေရဲ့ ယုံကြည်မှုကို ရသွားသူ ဖြစ်ပါတယ်။

လက်ရှိအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး အခန်းကဏ္ဍမှာလည်း သူရဦး ရွှေမန်းက ထိပ်ဆုံးမှာ ရှိနေပြီး ဥပဒေပြုရေးအတွက် လွှတ်တော်ကို ကိုင် ထားသလို ဖြစ်နေပါတယ်။ ပြုပြင်ပြောင်းလဲရေးအတွက် ဥပဒေအချို့ကို လည်း ပြုပြင်ပေးခဲ့ပါတယ်။ ဥပမာ ပြောရရင် မီဒီယာလွတ်လပ်ခွင့် ဥပဒေ မျိုးနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြသခွင့် ဥပဒေမျိုး ဖြစ်ပါတယ်။ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များနဲ့လည်း ဦးစွာတွေ့ဆုံခဲ့ပြီး ပြုပြင်ပြောင်းလဲ ရေး အတွက် ညှိနှိုင်းဆောင်ရွက်ဖို့ အတိုက်အခံများအပေါ် ပျော့ပြောင်း တဲ့ သဘောထားမျိုး တွေ့ရှိရပါတယ်။

ဒါပေမဲ့ လက်ရှိအချိန်မှာ သူ့ရဲ့အဓိက ပြိုင်ဘက်က ဦးသိန်းစိန် ဖြစ်ပါ တယ်။ ကြံ့ဖွံ့ပါတီရဲ့ အခြား ခေါင်းဆောင်တွေဖြစ်တဲ့ ဦးအောင်သောင်း၊ ဦးဌေးဦးတို့ကတော့ စစ်တပ်ရာထူးအရ သူ့ထက်နိမ့်တဲ့သူတွေ ဖြစ်သလို ကြံ့ဖွံ့ပါတီမှာလည်း ပြိုင်ဘက်အဆင့်တွေ မဟုတ်သေးပါဘူး။ ဒါ့အပြင် သူရဦးရွှေမန်းဟာ ကြံ့ဖွံ့ရဲ့အဂတိလိုက်စားမှု၊ ပြည်သူလူထုအပေါ် တာဝန်မကျေပွန်မှု၊ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်မရမှုတွေအပေါ် အစည်းအဝေးတွေမှာ ထောက်ပြဝေဖန်ခဲ့တဲ့အတွက် ဦးဌေးဦးတို့လို ကြံ့ဖွံ့ခေါင်းဆောင်အချို့နဲ့ သိပ်အဆင်မပြေကြောင်း စစ်ဖက်နီးစပ် သူများက ဆိုပါတယ်။ ယခင် လျှပ်စစ်ဝန်ကြီးဟောင်း ဦးဇော်မင်းနဲ့ ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်းတို့ရဲ့ လက်လွတ်စပယ် ပြောဆိုမှုတွေကြောင့်လည်း ကြံ့ဖွံ့ပါတီဟာ ပြည်သူရဲ့ထောက်ခံမှု ပိုမို ကျဆင်း စေခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ NLD ပါတီကို ယှဉ်ပြိုင်နိုင်ဖို့အတွက် ကြံ့ဖွံ့ပါတီကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာနိုင် တယ်လို့ စစ်ဖက်နီးစပ်သူများက သတင်း ပေးပို့လာပါတယ်ခင်ဗျား။



No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။