Wednesday, October 10, 2012

ဦးသန်းရွှေရဲ့ တပည့်မွေးဗျူဟာ - အပိုင်း (၄)

(စည်းလုံးခြင်းရဲ့အင်အား)

စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးဟောင်းသန်းရွှေဟာ တပည့်များကို ဘယ်လိုနေရာပေး ဆွဲတင်လာခဲ့တယ်၊ တပည့်များရဲ့ တပ်တွင်း ဆက်ဆံရေး အနေအထား အခြေအနေတွေ ဘယ်လိုရှိတယ် ဆိုတာတွေကို စာဖတ်ပရိတ်သတ် အများစုက သိချင်နေကြပါတယ်။

ဒီတစ်ကြိမ်တော့ ပြည်တွင်းရှိ စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ် www.photayokeking.org မှ သတင်းထောက်များက စစ်ဖက်နီးစပ်သူများနဲ့ ကိုယ်တိုင်တွေ့ဆုံခဲ့ပြီး ဦးသန်းရွှေရဲ့ တပည့်များအကြောင်း အခုလို ပေးပို့လာပါတယ်။

(လယ်/ဆည်) ဝန်ကြီးဟောင်း ဗိုလ်ချုပ်ညွှန့်တင် (D.S.A – 7) ဆိုရင် ခလရ (၁) မှာကတည်းက ထိုစဉ်က တပ်ရင်းမှူးဦးသန်းရွှေရဲ့ အနီးကပ် IO (ထောက်လှမ်းရေး အရာရှိ) တစ်ဦး ဖြစ်ခဲ့ကြောင်း၊ ဒီလိုနဲ့ ဗိုလ်ချုပ်ညွန့်တင်လည်း နတခတိုင်းမှူး ဖြစ်လာရာ ဒုတပ်ချုပ် ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးကို “ဖား” တဲ့အနေနဲ့ သူ့ကိုယ်သူ ဗိုလ်ညွှန့်တင်လို့သာ နှိမ့်ချသမုတ်ခဲ့ကြောင်း၊ (လယ်/ဆည်) ဝန်ကြီး ဖြစ်လာပြီးမှ ဇနီးဘက်က မောင်တော်သူတစ်ဦးရဲ့ အဂတိလိုက်စားမှု ပြဿနာဖြစ်ခဲ့ကြောင်း၊ အဲဒီပြဿနာဟာ ဒေါ်ကြိုင်ကြိုင်နှင့် သွယ်ဝိုက် ပတ်သက်နေရာက တပ်ချုပ်လည်း တပည့်နဲ့ဇနီးကြား စိတ်သောကရပြီး ဆေးရုံတက်ရသည်အထိ ဖြစ်ခဲ့ကြောင်း၊ ဗိုလ်ချုပ်ညွန့်တင်ကို အနားပေးတာတောင် ဦးသန်းရွှေက ယခင်ဗိုလ်ချုပ်တွေလို အကျယ်ချုပ် မထားခိုင်းပဲ လွတ်လွတ်လပ်လပ် နေခွင့်ပေးခဲ့တာတွေရှိကြောင်း သိရှိရပါတယ်။


ဦးသန်းရွှေအနေနဲ့ ဗိုလ်ချုပ်စောမောင်ထံမှ အာဏာသိမ်းပြီးကတည်းက လုပ်ပိုင်ခွင့်ပေး တပည့်မွေးကာ စစ်အာဏာရှင်စနစ်ကို မိမိရရ လှလှပပ နှစ်လရှည်ကြာ အကောင်အထည် ဖေါ်ဆောင်နိုင်ခဲ့ပါတယ်။ နောက်တပည့် တစ်ဦးဖြစ်သူက ယဉ်ကျေးမှုဝန်ကြီးဟောင်း ဗိုလ်ချုပ်ကြည်အောင် ဖြစ်ပါတယ်။ ခလရ (၁) မှာ နေခဲ့ပြီး၊ ထိုမှ တပ်ရင်းမှူး၊ တပ်မ (၈၈) တပ်မမှူး၊ တောင်ပိုင်းတိုင်း တိုင်းမှူး အဆင့်ဆင့်တက်ပြီးမှ ဝန်ကြီးဖြစ်လာရကြောင်း၊ တပ်မှာနေခဲ့စဉ် လုပ်ရိုးလုပ်စဉ် စစ်သားထုံးစံ၊ သဘာဝအတိုင်း မပြုလုပ်ဘဲ တဘက်စွန်း ရောက်တတ်ကြောင်း၊ ဥပမာ တပ်မ (၈၈) ရှေ့တန်းထွက်ရင် တိုက်ပွဲဝင်ဖိနပ် အနက်ကြီးအား စစ်သည်တွေကို ဝတ်စေပြီးမှ ရှေ့တန်းထွက်ခိုင်းလို့ အားလုံး စိတ်ပျက်ခဲ့ရကြောင်း၊ လူ့ဂွစာဖြစ်လို့ ထိပ်ပိုင်း ဗိုလ်ချုပ်တွေနဲ့ ဆက်ဆံရေး မပြေလည်ကြောင်း၊ မကြာခင် သူပင်စင်ပေးခံရပြီး တပ်ချုပ်ဦးသန်းရွှေအား လက်အောက်ငယ်သားများအပေါ် ရာထူးပေး မညီမျှကြောင်း၊ သူနေရာမရလို့ ဝေဖန်ခဲ့သေးကြောင်း သိရှိရပါတယ်။

စခန်းမှူး (စစ်ရုံး) ဗိုလ်ချုပ်လှအောင်သိန်း ဆိုရင်လည်း ဗိုလ်မှူးအဆင့်နဲ့ပင် စစ်ရုံးရောက်ခဲ့ပြီး ရှေ့တန်းမထွက်ရဘဲနဲ့ ဗိုလ်ချုပ်ရာထူးအထိ အဆင့်အဆင့် တင်သွားသူဖြစ်ကြောင်း၊ ဒေါ်ကြိုင်ကြိုင်ရဲ့ အိမ်တော်ကြီး လိုအပ်ချက်များကို ထမင်းချိုင့် ပို့သည်ကအစ ဂိတ်စောင့် တပ်ရဲ ရွေးပေးရသည်အထိ ပြုလုပ်ပေးရကြောင်း၊ ဗိုလ်ချုပ်လှအောင်သိန်းလည်း ခလရ (၁) ခြံပေါက် တစ်ဦးဖြစ်ကြောင်း သိရှိရပါတယ်။  ဝန်ကြီးတွေ ဗိုလ်ချုပ်တွေ ပြုတ်ခါနီး အရေးယူဖို့ တပ်ချုပ်ရုံးတင်ပြီဆိုရင် သူက အားလုံးကို သတိဆွဲခိုင်းကာ အဘိုးကြီးရုံးခန်းသို့ မောင်းသွင်းရလို့ တပ်ချုပ်ရဲ့ သက်တော်စောင့်လိုပင် တချို့က ခေါ်ဝေါ်သမုတ်ကြတယ်လို့ သိရပါတယ်။


နောက်တစ်ဦး ခလရ (၁) ခြံပေါက်ဖြစ်တဲ့ ဗိုလ်မှူးချုပ်စောလှမင်းကတော့ စကခ (၄) တပ်မမှူး ဖြစ်နေချိန်မှာ ဒေါ်ကြိုင်ကြိုင်က သူ့ကို ရာထူးတက်တာ မြင်ချင်တယ်ဆိုလို့ တပ်မတော်နေ့ အခမ်းအနားမှာ အရံ စစ်ရေးပြမှူးကြီးအဖြစ် ထိုးတင်ပေးလိုက်ရကြောင်း သိရပါတယ်။ ဒေါ်ကြိုင်ကြိုင်ကိုယ်တိုင် အဲဒီစစ်ရေးပြမှာ ဗိုလ်မှူးချုပ်စောလှမင်းကို စပယ်ပန်းကုံးစွပ်ကာ ကြိုဆိုခဲ့ပါတယ်။ ဒါပေမယ့် တိုင်းမှူးပေးကာနီး လူကြီးတစ်ဦးက သူ့ပြစ်ချက်တွေကို ညှောင့်ပြ ထောက်ပြလို့ တိုင်းမှူးရာထူး မရရှာတော့ပဲ သံအမတ်ကြီးအဖြစ် လွင့်သွားခဲ့သူ ဖြစ်ပါတယ်။

ဦးသန်းရွှေ တပည့်တွေထဲမှာ ခေသူမဟုတ်တဲ့ နောက်တစ်ဦးကတော့ ခလရ (၁) မှာ AQ (ရေး/ထောက်) လုပ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးတင်အေး (D.S.A – 9) ဖြစ်ပါတယ်။ စကခ (၄) တပ်မမှူး အနေနဲ့ ဗိုလ်မှူးချုပ်တင်အေး စွယ်တော်မြတ် လုံခြုံရေး တာဝန်ထမ်းဆောင်ခဲ့စဉ်က ဗုံးပေါက်ကွဲမှု ကမ္ဘာအေးဘုရားမှာ ဖြစ်ပွားခဲ့ပါတယ်။ သူ့ရဲ့ G-3 (စစ်ဦးစီးမှူး တတိယတန်း) ဖြစ်သူဟာ အဲ့ဒီပေါက်ကွဲမှုဖြစ်နေချိန်မှာ ဘဲကင်စားသောက်ဆိုင်တွင် ရောက်နေပြီး သူ့ဆရာ ဗိုလ်ချုပ်တင်အေးက ဆယ်လူလာဖုန်းနဲ့ အမြန်လာခဲ့ဖို့နဲ့ မကြာခင် ငါတို့ အကျဉ်းသားဝတ်စုံ (အဖြူရောင်) ဝတ်ဖို့ ပြင်ထားဖို့ ပြောခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ရာထူးမပြုတ်တဲ့အပြင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ကကထုတ် ညွှန်ကြားရေးမှူးအဖြစ် အဆင့်ဆင့် ရာထူးတက်သွားပါတယ်။ အဲဒီနောက် တပ်မတော်ရဲ့ အဓိက စီးပွားရေးလုပ်ငန်း ဖြစ်တဲ့အပြင် နိုင်ငံတော်ရဲ့ စီးပွားရေးကို ချုပ်ကိုင်ထားတဲ့ ဦးပိုင်အကြီးအကဲအဖြစ် ဗိုလ်ချုပ်ကြီး တင်အေးဟာ ခံစားခွင့် ရရှိနိုင်ခဲ့ပါတော့တယ်။  အဲ့ဒီနေရာကို ယခင် အတွင်းရေးမှူး (၃) က ကိုင်ထားခဲ့ပါတယ်။ အစိုးရအဖွဲ့သစ် ဖွဲ့တဲ့အချိန်မှာလည်း ဗိုလ်ချုပ်ကြီးတင်အေးတစ်ယောက် ရာထူးနေရာ မရသေးဘဲ လွှတ်တော်ညီလာခံသို့ ပထမဦးဆုံး ဝင်လာခဲ့ပါတယ်။ ဒါပေမယ့် ကြားဖြတ်အမိန့် ဝင်လာပြီး သူ့အား ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌအဖြစ် ချက်ချင်း နေရာပေး ရရှိခဲ့ပါတယ်။ သူဟာ ယခု သမ္မတ ဦးသိန်းစိန်နဲ့ D.S.A တစ်ပတ်စဉ်ထဲဆင်း သူငယ်ချင်းတွေ ဖြစ်ကြပါတယ်။ ဦးတင်အေး မိသားစုဟာ အိမ်တော်ကြီးနဲ့ နှစ်အိမ် တစ်အိမ် နေခဲ့ကြောင်း သိရှိရပါတယ်။

နောက်ဆုံး ခလရ (၁) ခြံပေါက် တစ်ဦးကတော့ ပြုတ်သွားတဲ့ ရဲချုပ်စိုးဝင်း (O.T.S – 36) ဖြစ်ပါတယ်။ စစ်ဒေသ (၃) မှူး တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်မှူးကြီးစိုးဝင်းကို တပ်ချုပ်ဦးသန်းရွှေက မင်းကိုယုံလို့ ရဲတပ်ဖွဲ့ အကြီးအကဲတာဝန် ပေးမယ်လို့ပြောကြောင်း၊  အဲ့ဒီမှာပင် မူလ ရည်မှန်းချက်ကြီးကြီး ထားခဲ့တဲ့ တိုင်းမှူးရာထူးကို မှန်းထားသော ဗိုလ်မှူးကြီး စိုးဝင်းခမျာ ချုံးပွဲချငိုကြောင်း၊ သူက ရဲကိုမုန်းတီးကြောင်း တင်ပြခဲ့ပေမယ့် ဦးသန်းရွှေက ဇွတ်အတင်း တာဝန်ပေးခဲ့ကြောင်း၊ ဒါပေမယ့် သူတောင်းဆိုတဲ့ စစ်ဝတ် ဗိုလ်မှူးကြီးရာထူးနဲ့ပင် နေခွင့်ပြုကြောင်း၊ သူရဲချုပ် ဖြစ်လာမှ ရဲတပ်ဖွဲ့ဝင်များ တော်တော်ကြောက်ရကြောင်း၊ ပြုတ်သူပြုတ်၊ ပြောင်းသူပြောင်းရကြောင်း၊ သူက ရုပ်ဖျက်ပြီး ရဲစခန်းတွေထဲ ဝင်လာတတ်ကြောင်း၊ ဒါပေမယ့် ဦးနေဝင်းမြေးတွေ ကိစ္စမှာ ဦးစိုးဝင်း ပတ်သက်မိရာက ဦးသန်းရွှေ ခွင့်မလွှတ်တော့ဘဲ ဖြုတ်ခဲ့ကြောင်း စသဖြင့် သတင်း ပေးပို့လာပါတယ်။

ဦးသန်းရွှေရဲ့ ကျန်တပည့်များ အကြောင်းကိုလည်း အလျဉ်းသင့်သလို ဆက်လက် ဖော်ပြပေးသွားပါမယ်ခင်ဗျား။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။