Sunday, July 21, 2013

တရုတ် ကျူးကျော်မှုကို ကျွန်ုပ်တို့ ဘိုးဘွားများ တွန်းလှန် တိုက်ဖျက်ခဲ့ခြင်း - အပိုင်း (၈)

(စည်းလုံးခြင်းရဲ့အင်အား)


Red Cliff ရုပ်ရှင်ဇာတ်ကားထဲမှ တရုတ် စစ်သည် ရဲဘော်များ

အယ်ဒီတာအဖွဲ့ တင်ပြချက်။ ။ တရုတ်လူမျိုးတို့သည် စီးပွားရေး အင်ပါယာ ချဲ့ထွင်လာသည်နှင့်အမျှ ရန်ကုန်မြို့တော် ဧရိယာအတွင်းသာမက အသစ် ဆောက်လုပ်ပေးမည့် ဒလမြစ်ကူးတံတား ဆောက်လုပ်ရေး စီမံကိန်းအပေါ် စီးပွားရေး မျက်စိကျလာသည့် တရုတ်လူမျိုးများ၏ မြေကွက်ဝယ်ယူကစားမှုကြောင့် ဈေးနှုန်းအဆမတန် မြင့်တက်လာသည့်အပေါ် ပေးပို့လာသည့် ပြည်တွင်းက တပ်မတော် အရာရှိတစ်ဦး၏ ကဗျာတပုဒ်အား ဖော်ပြပေးလိုက်ပါသည်။ ယခုလို ပေးပို့လာသည့် တပ်မတော် အရာရှိအား ဤဝက်ဘ်ဆိုဒ်မှ ကျေးဇူးတင်ရှိအပ်ပါသည်။
 

လဒတို့ရဲ့ ဒလမြို့

ရေချိုရှာ ဘ၀သမား စိတ်ပျောက်ဖို့

ရွှေတိဂုံမှာ လဒနား အတိတ်ကောက်လို့

ပြေဒဂုံအညှာ ဒလသားတို့ ထိပ်ရောက်ပြီ။

ရှုပ်ရှုပ်ထွေးထွေး အုပ်ချုပ်ရေးတွေကြောင့်

ကျုပ်တို့ ဘိုးဘေးမြေအကျိုးပေးပုံက

နသိုးလေးအဝှေ့ သင်စလို မြင်သမျှကို အရင်အရဆို

အကြိုက်ဆုံရင် အမှိုက်ပုံပင် အပြေးဝယ်ကြ။

တံတားလေး ဆောက်ဟန်ပြင်ရုံနဲ့

တအားဈေးမြောက်ကာ ၀င်ကုန်တဲ့

တရုတ်တရက်တွေရဲ့ ဗရုတ်ဗရက်အမွှေက

ပြုသမျှ အလှမ်းမဝေးသေးတဲ့ ဒုတိယ မန္တလေးရဲ့အစ။

သဘောအရင်းမှာ လက်ကြောမတင်းရှာသူတွေမို့

ငွေမြင်ရင် မြေအလျှင်ပေး လှူကြ ရှေးမူအလှ ဗမာ့ရိုးရာ

အပေးအယူမျှ ဒလတစ်ရိုးမှာ။

အရသာ အ၀ခဲဖို့ ဒလမှာ လဒ၀ဲလို့

ခနတာ မြေပွဲကို တစ်ဘ၀စာ အမွေခွဲ

အခြေမွဲတဲ့ ဒို့ပြေရွာ။

သြော်..အရင်လမ်းအမွေနဲ့ သခင်အကန်းတွေရဲ့

အထင်မရိုင်းချင်ပေမယ့် မြင်စိုင်းဘုရင်လိုဖွဲ့ ရရင်ဖြင့်..

ဒလရွှေပြည်သာ မည်လော သာမည် သာမည်

ငွေမိုးရွာသည် ဖြိုင်ဖြိုင်လော ဖြိုင်ဖြိုင်

တရုပ်လာသည် ရိုင်ရိုင်လော ရိုင်ရိုင်..။

မောင်သာအေး

မြန်မာတို့ သိန္နီမြို့ကို ၀န်းဝိုင်း တိုက်ခိုက်ကြခြင်း

လက်ဝဲကြောင်းချီ နေမျိုးစည်သူ၏ စစ်ကြောင်းသည် ၀ါးဖြူတောင်၊ မိုးကုတ်၊ မိုးမိတ်တို့ကိုဖြတ်၍ သိန္နီ အနောက်ဖက်သို့ ရောက်လာသည်။ နံပင်မြစ်တောင်ဘက် တောင်ကုန်းများတွင် တပ်ချ ရပ်စွဲထားသော ၀န်ကြီးမဟာသီဟသူရ စစ်ကြောင်းများနှင့် ဆက်မိသည်။

စစ်ရေးသုံးသပ်ခြင်း

လုပ်ရေးကြံရေးများကို တိုင်ပင်ကြရာတွင် နေမျိုးစည်သူစသော ဗိုလ်မှူးတပ်မှူးတို့က နေပြည်တော်သို့ သီပေါလမ်းမှ တက်သွားသော မြင်းခုံရဲ (မင်ဂျွီ) တပ်များကို ကျွန်တော်တို့ဘက်မှ ခံသမျှ တပ်များမခံနိုင်၊ ရွေ့သည်ဟု ကြားရပါသည်။ ထိုသို့ဖြစ်လျှင် နေပြည်တော်တွင် လုပ်ရေးကြံရေး ခက်ပါလိမ့်မည်။ ယခု ကျွန်တော်တို့ သိန္နီတွင် စူတာလောရဲ (CHU-LU-NA) တို့ကို ၀ိုင်းဝန်း လုပ်ကြံနေကြပါသည်။ ထို့ထက် မင်းကြီးစစ်ကြောင်းနှင့် ကျွန်တော်တို့စစ်ကြောင်း နှစ်ခု ပေါင်း၍ တပ်အားလုံး စုစုပေါင်း ၃၀ - ကျော်နှင့် မြင်းခုံရဲ (မင်ဂျွီ) ကို နောက်မှလိုက်၍ လုပ်ကြံရသော် ရန်သူတို့မှာ စစ်နှစ်ဖက် ညှပ်ခံရပြီး အရေးလွယ်ဖွယ်ရာ ရှိပါသည်ဟု ၀န်ကြီးမဟာသီဟသူရအား လျှောက်ထားကြ၏။

ထိုအခါ ၀န်ကြီးက ဤအကြံလည်း ကောင်းပါသည်။ သို့သော် ဆင်ဖြူရှင်ဘုရင်သည် ၁၇ -နှစ်သား ကတည်းက စစ်တိုက်လာသည့်အတွက် စစ်ရေးဝသူ ဖြစ်ပါသည်။ ရန်သူနှစ်သိန်း သုံးသိန်းခန့် အင်းဝအရေးတော်ပေါ်စဉ်က အင်းဝကို လာရောက်ဝိုင်းကြသည်။ ဆင်ဖြူရှင်သည် လူလေးငါးထောင်နှင့် မြို့တွင်းကခံသည်။ လူနှစ်ထောင် သုံးထောင်ခန့် အရံကိုထုတ်ပြီး ရန်သူတို့ကို ထွက်တိုက်ရာ အရေးအောင်ဖူးပါသည်။ ဘုရင်သည် သာမည မဟုတ်ပါ။ စိုးရိမ်ပူပန်ကြပါနှင့်ဟု ပြန်ပြောလေသည်။

ထိုနောက် ဆက်လက်၍ စစ်တို့သဘောသည် နောက်တပ်မနှင့် မျိုးရိက္ခာ အမြစ်အရင်းဖြစ်သည်။ စစ်ဦးစစ်ဖျား ဆိုသည်မှာ အခက်အလက်မျှသာ ဖြစ်သည်။ အမြစ်အရင်းဖြစ်သော မျိုးရိက္ခာ၊ နောက်တပ်မကို ဖြတ်ပိုင်းတူးပစ်လျှင် အခက်အလက်ဖြစ်သော စစ်ဖျားစစ်ဦး နွမ်းနယ် သွေ့ခြောက်၍ ထင်းမီးအစာတို့ ဖြစ်ရသကဲ့သို့သာ ရှိလိမ့်မည်။ ယင်းသို့ ဖြစ်သောကြောင့် သိန္နီမြို့တခွင်တပြင် ရှိနေသည့် ဥဒည်မင်းညီ စူတာလောရဲ (CHU-LU-NA) နှင့်တကွ တရုတ်ဆိုသမျှ အလွန်ငတ်မွတ်ကြသည်။ ငါတို့လုပ်ကြံလျှင် ခံနိုင်မည်လော။ ငါတို့ဆင်မြင်း လူသူခြေလက် ပင်ပန်း နွမ်းနယ်လေအောင် နောက်သို့ပြန်၍ အပန်းတကြီး မလုပ်ကြံသင့်သေး။ ယခုသည်တွင် ဥဒည်မင်းညီ စူတာလောရဲနှင့်တကွ တရုတ်ဆိုသမျှကို နိုင်လိုက်သည့်ကာလ သိန္နီမြို့ကို အခိုင်အလုံ အစောင့်အနေထားခဲ့၍ သီပေါကြောင်းသွားသည့် ဥဒည်မင်းသားမက်နှင့်တကွ တရုတ်အလုံးအရင်း ဆိုသမျှ ပိုက်သို့ဝင်မှားသော ငါးကဲ့သို့ ရှိသည်ကို  တစ်ယောက်မကျန်ပြန်၍ သတ်မည်ဟု မိန့်ကြားသည်။ ကျန်ဗိုလ်မှူး တပ်မှူးများလည်း သဘောတူညီကြလေသည်။

သိန္နီတိုက်ပွဲ

စူတာလောရဲသည် သိန္နီမြို့တွင်းတွင် လက်နက် ခဲယမ်းများ သွင်းထားပြီးလျှင် စော်ဘွားနှင့်အတူ တရုတ်ဗိုလ်မှူးတို့ကို အခိုင်အမာနေစေသည်။ စူတာလောရဲကား သိန္နီမှမနီးမဝေးတွင် တပ်ကြီးအခိုင်အလုံတည် လုပ်စွဲရပ်သည်။

ဝန်ကြီး မဟာသီဟသူရတို့သည် စူတာလောရဲ၏တပ်တွင် စစ်သည်ဗိုလ်ပါ ကြံ့ခိုင်ထူထပ် များပြားသည်။ သိန္နီမြို့တွင်ကား တရုတ်နှင့်နယ်သားများ အရောရောရှိသဖြင့် အစည်းအကြပ်မရှိ၊ အလုပ်အကြံ လွယ်သည်ဟု တွက်ယူကြသည်။

လက်ဝဲ၀င်းမှူး နေမျိုးစည်သူနှင့် တစ်ဆယ့်တစ်တပ်၊ တိုက်ဆင်တစ်ရာ မြင်းတစ်ထောင်၊ စစ်သည်သူရဲတစ်သောင်းနှင့် လက်ဝဲကြောင်း။ ရှေ့ဝင်းမှူး တိမ်ကြားမင်းခေါင်နှင့် တစ်ဆယ့်တစ်တပ်၊ တိုက်ဆင်တစ်ရာ၊ မြင်းတစ်ထောင်၊ စစ်သူရဲတစ်သောင်းနှင့် လက်ယာကြောင်း။ ၀န်ကြီးမဟာသီဟသူရမှာ တပ်ပေါင်းဆယ်တပ်၊ တိုက်ဆင်တစ်ရာ၊ မြင်းတစ်ထောင်၊ စစ်သည်သူရဲတစ်သောင်းနှင့် အလယ်ကြောင်းနေပြီးလျှင် သုံးကြောင်းလုံး လက်နက်တူရွင်း လှေကားနှင့် မြို့ကို တဟုန်တည်းချဉ်း၍ တက်သည်။ တက်ညီလက်ညီ ရွပ်ရွပ်ချွံချွံ၊ ပြင်းပြင်းထန်ထန် လုပ်ကြံကြလျှင် မြို့ပေါက်လေသည်။ သိန္နီစော်ဘွားနှင့် တရုတ်ဗိုလ်မှူး တပ်မှူးတို့ ရုံးမိသမျှနှင့် ကိုယ်လွတ်ခွာ၍ စူတာလောရဲတပ်သို့ ပြေးဝင်ကြလေသည်။ တရုတ်တို့လက်နက် ခဲယမ်း စစ်တန်ဆာ ဆိုသမျှကို မြန်မာတို့ ရကြသည်။ ၀န်ကြီးမဟာသီဟသူရသည် သိန္နီမြို့ကိုရလျှင် ဥဒိန်ပုညာနှင့် မြို့ဝန်ဟောင်း စစ်ကောင်းသီရိတို့ကို မြို့အားစည်းကြပ် စောင့်နေစေသည်။

စူတာလောရဲတပ်သည် ခိုင်ခံ့သည်၊ လူနှစ်သောင်း၊ မြင်းသိန်းကျော်ရှိ၍ အင်အားကြီးလှသည်။ သူတို့တပ်အားလုံးသည် ငတ်မွတ်လှပြီ။ ငါတို့ဗိုလ်ပါသူရဲ အရှအန အသေအဆုံးခံ၍ ဆောဆောလျင်လျင် မတိုက်သင့်သေး။ တရုတ်တို့ ရေမခပ်မယူရအောင် တို့တပ်များအားလုံးက ပိတ်ဆို့စွဲရပ် ရံကြရမည်။ သူတို့ရေငတ်သည့်ကာလမှ တိုက်မည်ဟု မိန့်ကြားသည်။ သိန္နီမြို့တောင် နံပင်ချောင်းတဖက် ကျောက်ကုန်းရပ်မှသည် မြို့ရှေ့နံပင်ချောင်းကိုလျှောက်၍ မြို့နောက်နံ့တူမြစ်ကို သိမ်းရုံးပတ်ပိုက်မိအောင် တပ်များကို နေရာချထားသည်။ ရေခပ်လမ်း ပေါက်လမ်းဝ ဟူသမျှကို တရုတ်တို့ ရေမခပ်မယူရအောင် တပ်နှင့်ချည်း ခန့်ထားပိတ်ဆို့စေသည်။

စူတာလောရဲတို့မှာ နောက်ပိုင်းမှ ပို့သမျှရိက္ခာတို့ မပေါက်မရောက်၍ အစားအစာ ငတ်မွတ်ရင်းရှိသည်တွင် ရေမသောက်ရလေလျှင် အလွန် ပင်ပန်းကြလေသည်။ အသက်စွန့်၍ ရေရှိရာ ပြေးလာကြသူတို့ကို မြန်မာတို့က ၀ိုင်းဝန်း ဖမ်းဆီးကြသည်။ ရန်သူတို့တပ်တွင်းမှာ အလွန် အကြပ်အတည်း ရှိနေကြောင်းကို သေချာစွာ သိရလေသည်။ ထိုအခါ စစ်သုံးကြောင်းဖြန့်၍ စူတာလောရဲတပ်ကို အပြင်းတိုက်ကြသည်။ ဗိုလ်ချုပ်စူတာလောရဲ (CHU-LU-NA) တိုက်ပွဲတွင် ကျသည်။ ယုံချန်ယင်(YANG-CHUNG-YING) ကို လက်ရဖမ်းဆီးမိသည်။ စူတာလောရဲ ယောက်ဖဗိုလ်၊ ခဲဝါဗိုလ်၊ ပန်းသေးဗိုလ်၊ ရည်စုံရဲ၊ ကွင်လောရဲတို့ကိုလည်း စီးသည့်မြင်းများနှင့် တကွရသည်။

သိန္နီတွင် အလိုပြည့်ပြီးနောက် ၀န်ကြီးမဟာသီသူရသည် ဥဒိန်ပုညာနှင့် စစ်ကောင်းသီရိတို့ကို အင်အား ထပ်မံဖြည့်သည်။ ကျန်တပ်များကိုမ၍ မင်ဂျွီအား နောက်ပိုင်းမှတိုက်ရန် သီပေါကြောင်း ချီလေသည်။

အကြီးချဲ့ပြီး ကြည့်လိုရင် ဒီနေရာမှာ နှိပ်ပါ

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။