Sunday, July 28, 2013

အဖိုး သခင် ကိုယ်တော်မှိုင်းသို့

(စည်းလုံးခြင်းရဲ့အင်အား)

အယ်ဒီတာအဖွဲ့၏ တင်ပြချက်။      ။ အဘိုးဆရာကြီး သခင်ကိုယ်တော်မှိုင်းကို ဂုဏ်ပြုစပ်ဆိုခဲ့သည့် ကဗျာအား ပြည်တွင်းမှ တပ်မတော် အရာရှိ တစ်ဦးက ပေးပို့ ခဲ့သဖြင့် ကျေးဇူးတင် ရှိပါကြောင်း မှတ်တမ်းတင် အပ်ပါသည်။
 
အဖိုးသခင် ကိုယ်တော်မှိုင်းသို့

သာကူးညာစံ နာခံခက်တဲ့

ရာထူးရာခံ အာဏာမစွက်ခဲ့ဘဲ

ပြောစရာမပြီးအောင် သြဇာကြီးလှတဲ့

အမျိုးရိုင်းမြန်မာ တပည့်တို့ရဲ့

အဖိုးမှိုင်းမဟာက၀ိ။

 

အသိတစ်မျိုးစီနဲ့ တပည့်ဆိုးအလီလီကို

ဥုံသရဏံဂစ္ဆာမိတဲ့ ဂဠုန်ဆရာစံ ချစ်စရာတပည့်ကအစ

“စိုး” နဲ့ “သန်း” ကိုလည်း တမျိုးကွဲ့လွမ်းတဲ့ဆရာ ဆိုပြီး

အိုကြီးအိုမအထိ ငိုချင်းဆိုပြသည့်

ငြိမ်းချမ်းရေးအတွက် ကိန်းခန်းမရွေး

ခွန်းဖွဲ့ခဲ့တဲ့ဆရာလွန်း။

 

အဖိုးဆုံးတာ လေးဆယ့်ကိုးနှစ်အကြာ

တစ်မျိုးလုံးမှာ ဘေးထွက်ဆိုးကျိုးအဖြာဖြာနဲ့

တစ်ခါလာမဲပြာပုဆိုး ကမ္ဘာမှာ အမွဲချာဆုံးအမျိုး

အဖိုးရဲ့ တပည့်ဆိုးရဲ့ တပည့်ဆိုးတွေကို

မဆုံးမတောင် အသုံးကျအောင် ကူပါအဖိုး။

 

သြော်

တိုင်းမြန်မာတစ်ခွင်မှာ နှိုင်းစရာမမြင်ခဲ့

အမျိုးအစဉ်အလာသမိုင်းမှာ

တန်ခိုးယှဉ်ကာမနှိုင်းသာတဲ့

အဖိုးသခင်ကိုယ်တော်မှိုင်း။

မောင်သာအေး

၂၃.၇.၂၀၁၃

(၂၃.၇.၁၉၆၄) တွင် ကွယ်လွန်သည့် အဖိုးသခင် ကိုယ်တော်မှိုင်းအား ဂုဏ်ပြုဖွဲ့ဆိုပါသည်

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ကြည့်ကောင်းမဲ့ သုံးပွင့်ဆိုင် သတင်းကိုတော့ ကြာသပတေးနေ့မှာ ဆက်လက် တင်ပြသွားပါမည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။