Sunday, July 28, 2013

ဗိုလ်လေးဘ၀ အမှတ်တရများ - အပိုင်း (၁)

(စည်းလုံးခြင်းရဲ့အင်အား)

ပေါ်တာများနဲ့အတူ မြန်မာ့တပ်မတော် စစ်ကြောင်းတစ်ခု

ဆောင်းပါးရှင် - စစ်မင်း (ပြည်တွင်းမှ တပ်မတော် အရာရှိ တစ်ဦး)

အယ်ဒီတာအဖွဲ့၏ တင်ပြချက်။    ။ ပြည်တွင်းမှ တပ်မတော်အရာရှိတစ်ဦးက အလုပ်သင်ဗိုလ် တာဝန် ထမ်းဆောင်ခဲ့စဉ် ကိုယ်တွေ့ အတွေ့အကြုံများကို ဆောင်းပါး ရေးသားပေးပို့လာရာ စာဖတ် ပရိသတ်များအား တင်ပြပေးလိုက်ပါတယ်။ ဒီအခန်းဆက် ဆောင်းပါးမှာ ကြမ်းတမ်းတဲ့ ခယောင်းလမ်းကို စတင် ဖြတ်သန်းရပုံ၊ တပ်မတော်မှာ အဘ ဆိုတဲ့ အခေါ်အဝေါ်နဲ့ ပတ်သက်တဲ့ အတွေ့အကြုံ၊ နောက်ပိုင်းမှာ အဘ ဆိုတဲ့ အသုံးအနှုန်း တွင်ကျယ်လာပုံ၊ ပေါ်တာ (အထမ်းသမား) များအား စိတ်သောက ဖိစီးမှုများစွာနဲ့ ထိမ်းသိမ်းခဲ့ရပုံ၊ အများသူငှာ ထင်နေသလို ပေါ်တာများကို ရက်စက်စွာ ပြုမှုခြင်း မရှိဘဲ ကြင်နာစွာ လူသားချင်းစာနာ ဆက်ဆံခဲ့ပုံ၊ တပ်တွင်းနေ မိသားစုများရဲ့ ဘ၀ စတာတွေကို ကိုယ်တွေ့ဖြစ်ရပ်မှန် ရသမြောက်စွာ တင်ပြထားပါတယ်။ ယခုလို ပေးပို့လာတဲ့ အတွက် ဆောင်းပါးရှင်အား စည်းလုံးခြင်းရဲ့အင်အားမှ အထူး ကျေးဇူးတင်ရှိကြောင်းနဲ့ ပင်တိုင် ဆောင်းပါးရှင်အဖြစ် ဖေါ်ပြအပ်ပါတယ်။ အပတ်စဉ် တင်ပြနေတဲ့ တရုတ်ကျူးကျော်မှုကို ကျွန်ုပ်တို့ ဘိုးဘွားများ တွန်းလှန်တိုက်ဖျက်ခဲ့ခြင်း ဆောင်းပါးကို နောက်အပတ်များမှာ ဆက်လက် တင်ပြ သွားပါမယ် ခင်ဗျား။


ကျွန်တော် ဗိုလ်လေးဖြစ်တာ ၁၉၈၂ ခုနှစ် စက်တင်ဘာလပါ။ ခမရ (၈) တပ်မ (၄၄) မှာ တာဝန်ကျပါတယ်။ အလုပ်သင်ဗိုလ် တပ်စုမှူးတာဝန် ဖြစ်ပေမယ့် တပ်ရင်းမှူးက တပ်ရင်းနဲ့ ထိတွေ့လေ့လာနိုင်ဖို့ တပ်စုကို မပို့သေးဘဲ သူ့စစ်ကြောင်းမှာ ခေါ်ထားပါတယ်။ ရှေ့တန်းစစ်ဆင်ရေး နယ်မြေက ကမမောင်း၊ လေးကေ၊ ကတိုင်တိ၊ ဆင်ဆွယ်၊ ဖာပွန်ဂွင်အတွင်း လှုပ်ရှားစစ်ကြောင်းဖြစ်လို့ နေ့စဉ် လမ်းလျှောက်နေရပါတယ်။ တပ်ရင်းရောက်ခါစဆိုတော့ အခေါ်အဝေါ်တွေကအစ နားမလည်သေးပါ။ ကျွန်တော့်ကိုတော့ အားလုံးက ဗိုလ်လေးလို့ ခေါ်ကြပါတယ်။ တစ်နေ့ လှုပ်ရှား နယ်မြေရှင်းလင်းရင်း နေ့ဖလန်တောင်ရွာ ဘုန်းကြီးကျောင်းမှာ နေ့လည်စာစားဖို့ ပြင်ဆင်ကြတယ်။ မိုးကလည်းရွာ ဗိုက်ကလည်း ဆာနေကြတော့ အားလုံး အလုပ်ရူပ် နေကြတယ်။ အားနေတာ ကျွန်တော်ဘဲရှိတော့ ထောက်လှမ်းရေးအရာရှိ (IO) က ဖျာတစ်ချပ် ဆွဲလာပြီး “ဗိုလ်လေး အဘထိုင်ဖို့ ခင်းပေးလိုက်” လို့ ပြောပြီး ထွက်သွားပါတယ်။ ကျွန်တော်လဲ ဖျာခင်းပေးပြီး “အဘထိုင်လို့ ရပါပြီ” လို့ လေးလေးစားစား ပြောလိုက်ပါတယ်။ တပ်ရင်းမှူး မျက်နှာပျက်သွားပေမယ့် ဘာကြောင့်မှန်းတော့ မသိပါ။ နေ့လည်စာစားရင်း (တပ်ရင်းမှူး၊ IO၊ AQ၊ အားလုံး အတူစားကြပါတယ်) တပ်ရင်းမှူးက “အင်း..အသက်တွေလဲ ကြီးလာပြီလား မသိပါဘူး၊ အဘတောင် အခေါ်ခံနေရပြီ” လို့ ပြောတော့ IO၊ AQ လည်း ဘာမှန်းမသိဖြစ်ပြီး ညကျမှ ကျွန်တော့်ကို မေးတော့တယ်။ ကျွန်တော်ရှင်းပြတော့မှ “သေလိုက်ပါတော့ကွာ၊ နောက်မသေမချင်း မှတ်ထား၊ တပ်ရင်းမှူးကို တပ်ရင်းမှူးလို့ခေါ်၊ ဒါမှမဟုတ် (CO) ကြီးလို့ခေါ်” ဆိုပြီး ကျွန်တော့်ခေါင်းကို ထုပါတော့တယ်။ မမေ့နိုင်တဲ့ အမှတ်တရ တစ်ခုပါဘဲ။


RPG ထမ်း မြန်မာစစ်သား

အခုတော့ ခေတ်ရေစီးနဲ့အတူ တပ်မတော်ကြီးမှာလည်း အခေါ်အဝေါ်တွေ ပြောင်းလဲခဲ့ပါပြီ။ ကျွန်တော်တို့ခေတ်က အသက်ကြီးကြီး တပ်ရင်းမှူးကြီးတွေက “အဘ” လို့ ခေါ်တာ မကြိုက်ပေမယ့် အခုခေတ် တပ်ရင်းမှူး ငယ်ငယ်လေးတွေ ခေတ်မှာတော့ “အဘ” လို့ ခေါ်ရတာ အစဉ်အလာ ဖြစ်သွားပါပြီ။ ဒုတိယ တပ်ရင်းမှူးကိုတောင် “အဘလေး” လို့ ခေါ်နေကြရပါပြီ။ မသေမချင်း မှတ်ထားလို့ ဆိုခဲ့တဲ့ ကျွန်တော့်အစ်ကိုကြီး (IO) ကို ခုအချိန်များ ပြန်တွေ့ရရင် တပ်မတော်ကြီးမှာ နောင်အနှစ် (၂၀) လောက် ရှေ့ကို ကြိုမြင်ပြီး ပြောခဲ့တဲ့ ကျွန်တော့်စကားကို ဂုဏ်ပြုသောအားဖြင့် အစ်ကိုကြီးရဲ့ ဆုံးမစကားကို ပြန်ရုပ်သိမ်းပါတော့လို့ ပြောချင်ပါတော့တယ်။

အဲ့ဒီအချိန်ကာလက တပ်ရင်းမှူးတစ်ယောက်ရဲ့ အရှိန်အ၀ါဟာ တော်တော်ကြီးပါတယ်။ ရှေ့တန်း ဆိုလို့ အစားအသောက် ငတ်မယ်ထင်ခဲ့တဲ့ ကျွန်တော်ဟာ တပ်ရင်းမှူးနဲ့အတူ စားနေရတော့ မနက်စောစော ဟောလစ်၊ ခေါက်ဆွဲကြော်၊ နေ့လည်နဲ့ ညစာ အသားဟင်း (အစိုမရရင် အခြောက်) နဲ့ ဇိမ်ကျနေပါတယ်။ ရှေ့တန်းရေးထောက် (AQ) က တပ်ရင်းမှူးအတွက် အကုန်စီစဉ်ရပါတယ်။ ၀န်ထမ်းခတို့ ၀န်ထမ်းရိက္ခာတို့ ရတော့ တော်တော် အဆင်ပြေပါတယ်။ တပ်မတော်ကြီးရဲ့ စံနစ်တကျ ဖွဲ့စည်းမှုတွေ တကယ်ကောင်းပါတယ်။ လက်နက်ကြီး ဗုံးသီးသယ်ကအစ ရှေ့ပြေးတပ်စု တပ်စိတ်ရဲ့ ကျောပိုးအိတ်သယ်အထိ ၀န်ထမ်းခ ခွင့်ပြုပေးထားပါတယ်။ ၀န်ထမ်းကတော့ ဘယ်ငှားလို့ ရပါ့မလဲ။ ကျွန်တော်တို့ စစ်ဆင်ရေးဂွင် အတွင်းမှာတော့ စစ်ကြောင်းတွေ့တာနဲ့ ရွာသားကလည်း ပြေးတော့တာပါဘဲ။ တပ်စခန်းရှိတဲ့ ရွာတွေရောက်မှ ၀န်ထမ်းလဲလှယ် ရပါတယ်။

စစ်ကြောင်းရုံးမှာ တစ်လလောက် ဇိမ်ကျပြီးနောက် တပ်စုမှူးတာဝန် ထမ်းဆောင်ဖို့ တပ်ခွဲ (၁) တပ်စု (၂) မှာ တာဝန်ကျပါတယ်။ တပ်မတော်ကလည်း ၁၉၇၉ ခုနှစ်မှာ တပ်မ (၄၄) ကို ဖွင့်ပြီး KNU ကို ချေမှုန်းဖို့ စစ်ရှိန်မြှင့်နေချိန်၊ KNU ကလည်း နယ်စပ်မှောင်ခို ဂိတ်စခန်းတွေ ကာကွယ်ဖို့ အတွင်းပိုင်းမှာ ထိုးဖောက်တိုက်ကွက် ဖော်နေချိန်ဆိုတော့ ကရင်ပြည်နယ် စစ်ဆင်ရေးဟာ တော်တော် ကြမ်းပါတယ်။ မိုးများတဲ့ ဒေသမှာ နေ့စဉ်သွားနေရလို့ အားလုံးခြေထောက်တွေမှာ သဲဝဲစားခံရပါတယ်။ ကျွန်တော်တို့တပ်စုမှူး တာဝန်ကတော့ ရှေ့ပြေးတပ်စု အလှည့်ကျရင် စစ်ကြောင်းတစ်ခုလုံးရဲ့ ရှေ့ဆုံးက ဦးဆောင်ရှင်းလင်း ချီတက်၊ နောက်တစ်နေ့ ၀န်ထမ်းထိန်း တာဝန်ကျရင် ချီတက်နေစဉ် တလျှောက်လုံးနဲ့ ညအိပ်စခန်းချချိန် ၀န်ထမ်းတွေ မပြေးအောင် ကင်းစောင့်ရတာတွေပါဘဲ။ တာဝန် (၂) ခုစလုံး လူပင်ပန်း စိတ်ပင်ပန်းပါတယ်။ ရှေ့ပြေးတပ်စု တာဝန်က စခန်းချရင် ပြီးသွားပေမယ့် ၀န်ထမ်းထိန်းတာဝန်က စခန်းချချိန်မှ ပိုစိတ်ညစ်ရပါတယ်။ စစ်ကြောင်းရုံးက ၀န်ထမ်းတွေ အားလုံးစုပြီး ရွာမှာဆို အကြီးဆုံး အိမ်တစ်လုံးပေါ်တင်၊ တောထဲဆို ပတ်ချာလည် သစ်ကိုင်းတွေခုတ် ကာပြီး မပြေးအောင် ကင်းစောင့်ရပါတော့တယ်။ တော်တော်ခက်ပါတယ်။ ပြေးရင် အသေပစ်မယ် ဘာညာ ခြိမ်းခြောက်ထားပေမယ့် တကယ်လည်း ပစ်လို့မရပါဘူး။ အတွေ့အကြုံရင့် အငှားလိုက် ၀န်ထမ်းတွေက အကြောင်းသိနေတော့ လစ်တာနဲ့ ပြေးတာပါဘဲ။

အောင်ဇေယျ ပူးပေါင်းစစ်ဆင်ရေးအတွင်း ခြေလျင်စစ်သည်များ ချီတက်လေ့ကျင့်

တပ်စုတစ်စုလုံး နည်းမျိုးစုံနဲ့ စောင့်ရပါတော့တယ်။ စစ်ကြောင်းအပြင်ဖက် တပ်စုတွေက ပင်ပန်းလို့  ကင်းငိုက်ချင် ငိုက်မယ်။ စစ်ကြောင်းအလယ်က ၀န်ထမ်းထိန်း တပ်စုကတော့ လုံးဝမငိုက်ရဲပါဘူး။ မနက်မိုးလင်းလို့ အလှည့်ကျတပ်စုကို ၀န်ထမ်းအရေအတွက် အတိအကျ လွှဲပြီးမှ သက်ပြင်း ချနိုင်ပါတော့တယ်။ အရေအတွက် လျော့လို့ကတော့ AQ ရဲ့ အဆူအဟောက်ခံပြီး ပြေးတဲ့ဝန်ထမ်း ထမ်းတဲ့ပစ္စည်းတွေကို တပ်စုရဲဘော်သွားထမ်း အဲ့ဒီရဲဘော်ရဲ့ပစ္စည်းတွေကို တပ်စုက မျှထမ်းနဲ့ တော်တော် စိတ်ညစ်ရပါတယ်။ နောက်ပိုင်း အတွေ့အကြုံ ရလာတော့ ကျွန်တော်တို့ ရှေ့ပြေးတပ်စု အလှည့်ကျရင် ဖမ်းမိတဲ့ ရွာသားတွေကို အကုန်မအပ်တော့ပါဘူး။ ကိုယ့်တပ်ခွဲ တပ်စုအတွင်းမှာဘဲ ချန်ထားပြီး လျော့သွားတဲ့ဝန်ထမ်းရှိရင် အစားထိုး ပေးလိုက်ပါတယ်။

အပိုင်း (၂) ကို မနက်ဖန်မှာ ဆက်လက် တင်ပြသွားပါမယ်ခင်ဗျား။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။