Monday, April 28, 2014

ဦးသန်းရွှေ (သို့မဟုတ်) နေပြည်တော် မင်းသားကြီး (အပိုင်း ၁ - ၄)

သန်းဝင်းလှိုင် (မိုးမခ)

နိဒါန်း

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အကြောင်းကိုရေးသားရသည်မှာမ လွယ်ကူ လှပေ။မြန်မာစာပေလောက ၌ သူ့ အကြောင်းတရားဝင် ရေးသား ထုတ်ဝေသောစာ အုပ်ဟူ၍မရှိသလောက်ပင်ဖြစ်သည်။ သူနှင့်ပတ်သက်၍   The Irrawaddy အပတ်စဉ်ဂျာနယ် တည်ထောင်သူနှင့် အယ်ဒီတာချုပ် အောင်ဇော်ရေးသားခဲ့သော”အာဏာရှင်များနှင့်မြန်မာတပ်မတော်”အခန်းဆက်ဆောင်ပါးတွင် သာပါရှိသည်။

          ထို့ ပြင် ၂ဝ၁ဝ ပြည့်နှစ်က ထိုင်းနိုင်ငံရှိ Silkworm စာအုပ်တိုက်မှထုတ်ဝေသောစာရေး ဆရာ ဘင်နဒစ်ရော်ဂျာစ်(Bendict Rogers) ရေးသားခဲ့သည့် Than Shwe:Unmasking Burma’s Tyrant (ဦးသန်းရွှေ၊မြန်မာနိုင်ငံ၏ မင်းဆိုးမင်းညစ်တစ်ဦးကိုမျက်နှာဖုံးခွာကြည့်ခြင်း) စာအုပ်၌လည်းဦးသန်းရွှေနှင့် ပတ်သက်သော အချက်အလက်အတော်များများမှာ လွဲမှားနေ သော်လည်း မဖြစ်နိုင်ဟုငြင်းဆိုရန်လည်းခက်လှပါသည်။


          မည်သို့ ဆိုစေ ဦးသန်းရွှေသည်မြန်မာ့နိုင်ငံရေးလောကမှအနားယူသွားပြီဟုသူ့ တပည့် များက   မည်သို့ ပင်ဆိုနေစေကာမူ သူသည် ကလာကာနောက်ကွယ်မှ ယနေ့ တိုင် ကြိုးကိုင် ချယ်လှယ်နေဆဲဖြစ်သည်။၂ဝ၁၅ ခုနှစ်၌ ကျင်းပမည့် အထွေထွေရွေးကောက်၌ တရားမျှတမှု နှင့်ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအပါအဝင်မြန်မာ့နိုင်ငံရေးဖြစ်စဉ်အားလုံး၏ အလေး အနက်အကျိုးဆက် အားလုံးသည်သူ့ အပေါ်တွင်သာမူတည်နေသောကြောင့် သူ့ အကြောင်း လက်လှမ်းမှီသရွေ့ စုံစမ်းရှာဖွေ၍ ရေးသားလိုက်ပါသည်။အစုံတရာလွဲချော်မှုများရှိပါက တည့် မတ်ပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။


ဦးသန်းရွှေ (သို့မဟုတ်) နေပြည်တော် မင်းသားကြီး  အပိုင်း (၁)

နောက်ခံသမိုင်း
၁၉၆၂ ခုနှစ် ၊ မတ်လ ၂ ရက်နေ့  အဖွဲ့ဝင် ၁၇ ဦး ပါဝင်သော ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်သည့် တော်လှန်ရေးကောင်စီသည် ပြည်သူရွေးကောက်တင်မြှောက်ထားသော ပါလီမန် ဒီမိုကရေစီ အစိုးရကို လက်နက်အားကိုးဖြင့် ဖြုတ်ချ၍ အာဏာသိမ်းပိုက်ခဲ့ကာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုအပါအ၀င် အစိုးရအဖွဲ့ဝင် ၀န်ကြီးများကိုလည်း ဖမ်းဆီးထိန်းသိမ်းလိုက်သည်။ ၁၉၆၂ ခု၊ မတ်လ ၇ ရက်နေ့တွင် တော်လှန်ရေး ကောင်စီသည် ကြေညာချက်ထုတ်ပြန်၍ လက်ရှိ တရားဥပဒေအားလုံးသည် တော်လှန်ရေးကောင်စီက မရုတ်သိမ်းသမျှ (သို့မဟုတ်) မပြင်သေးသမျှ ဆက်လက်အာဏာ တည်စေရမည်ဟု ပြဌာန်းခဲ့သည်။ မတ် လ ၃၀ တွင် တရားလွှတ်တော်ချုပ်၊ တရားလွှတ်တော်နှင့် တရားဝန်ကြီးများကို ရပ်စဲပြီး အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး နေ၀င်းကိုယ်တိုင် တရားရေးဝန်ကြီးအဖြစ် ဆောင်ရွက်သော တရားရုံးချုပ်ကို အသစ်ပြန်လည် ဖွဲ့စည်းလိုက်သည်။ အစိုးရ၏ အကြံပေးကော်မရှင်နှင့် ရွေးကောက်ပွဲ ကော်မရှင်တို့ကိုလည်း ဖျက်သိမ်းခဲ့သည်။ ဧပြီ ၁ တွင် တရားစီရင်ရေး တရားရုံးများ၊ အကျဉ်းထောင်များ၊ ပြည်သူ့ရဲတပ်ဖွဲ့ အချုပ်စခန်းများကို စီမံခန့်ခွဲ အုပ်ချုပ်ရန် နိုင်ငံတော်တရားရုံးချုပ်ကို အသစ်ပြန်လည်ဖွဲ့စည်းပြီး တရားသူကြီးချုပ်နှင့် တရားသူကြီးများကို ခန့်ထားလိုက်သည်။

ထို့နောက် ၁၉၆၂ ခု၊ ဇူလိုင်လ ၄ ရက်နေ့တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေကို ကြေညာ၍ မဆလ ပါတီကို စတင် တည်ထောင်ခဲ့သည်။ ၁၉၇၁ တွင် မဆလ ပါတီ၏ ဦးဆောင်မှုဖြင့် ၁၉၇၄နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ရေးဆွဲ၍ ၁၉၇၄ ဒီဇင်ဘာလတွင် အယောင်ပြ ဆန္ဒခံယူပွဲ ကျင်းပကာ ၁၉၇၄ ဇန်နဝါရီလ ၃ ရက်နေ့ တွင် အတည်ပြု ပြဌာန်းခဲ့သည်။ ၁၉၇၄ ခုနှစ် အခြေခံဥပဒေကို အခြေခံ၍ ၁၉၇၄၊ ဇန်န၀ါရီလ ၂၇ ရက်မှ စတင်ကာ ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီ အဆင့်ဆင့် ရွေးချယ် တင်မြှောက်ပွဲများကို ကျင်းပခဲ့သည်။

တော်လှန်ရေးကောင်စီသည် ၁၉၇၄ ခု ဖေဖော်ဝါရီ ၂၈ ရက်စွဲပါ ကြေညာချက်အမှတ် ၁၁၅၊၁၁၆၊၁၁၇ တို့ကို ထုတ်ပြန်ကာ ပြည်သူ့လွှတ်တော်အစည်းအဝေး ကျင်းပသည့်နေ့မှစ၍ ကချင်ပြည်နယ်ဦးစီးအဖွဲ့၊ ကယားပြည်နယ်ဦးစီးအဖွဲ့၊ရှမ်းပြည်နယ်ဦးစီးအဖွဲ့နှင့် ချင်းရေးရာဦးစီးအဖွဲ့တို့ကိုလည်းကောင်း၊ တော်လှန်ရေး ကောင်စီ အတိုင်ပင်ခံ အဖွဲ့ကိုလည်းကောင်း၊ ပြည်သူ့လွှတ်တော်က ပြည်သူ့လုပ်ငန်း စစ်ဆေးရေး အဖွဲ့ကို ရွေးချယ်တင်မြှောက်သည့်နေ့မှစ၍ပြည်သူ့ငွေစာရင်း၊စစ်ဆေးရေးကော်မတီကိုလည်းကောင်း၊ဖျက်သိမ်းကြောင်း ကြေညာခဲ့သည်။

၁၉၆၂ မှ ၁၉၈၈ ခုနှစ်အထိ တစ်ပါတီ အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်၍ နှစ်တိုနှစ်ရှည် စီမံကိန်း ရေးဆွဲ အကောင်အထည် ဖော်ခဲ့သော်လည်း အာဏာအလွဲသုံးစားမှုများ၊ကိုယ်ကျိုးစီးပွား ရှာမှုများ၊ လာဘ်ပေးလာဘ်ယူ အဂတိလိုက်စားမှုများ၊ လေလွင့်ပြုန်းတီးမှုများ၊ ရင်းနှီးမြုပ်နှံမှု ခွဲဝေပုံ မှားယွင်းမှုများ၊ အုပ်ချုပ်ရေး အရည်အချင်း ညံ့ဖျင်းမှုများကြောင့် မည်သည့်စီမံကိန်းမျှ အောင်မြင်မှု မရဘဲ နိုင်ငံတော် စီးပွားရေးသည် တဖြည်းဖြည်း ချွတ်ခြုံကျကာပြည်ပနိုင်ငံများထံမှချေးငှားထားသော ကြွေးမြီများလည်း ကြောက်ခမန်းလိလိ ကြီးထွားလာခဲ့ သည်။

ဤသို့ဖြင့် နိုင်ငံနှင့် ပြည်သူတစ်ရပ်လုံးသည် စီးပွားရေး၊ လူမှုရေး၊ ပညာရေးနိမ့်ကျကာ စားဝတ်နေရေး ပြဿနာများကြုံတွေ့လာခဲ့ရသည်။ကမ္ဘာပေါ်တွင်ကြွေးတင်နိုင်ငံများအနက်မြန်မာနိုင်ငံသည်တလွဲဆံပင်ကောင်း ကာမည်သည့်နိုင်ငံ၏သြဇာမျှမခံဘဲလွဲမှားစွာလွတ်လပ်၍တက်ကြွသောနိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးခဲ့မှုကြောင့် နောက်ဆုံးတွင် ၄၂ နှစ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ၁၉၈၇ ဒီဇင်ဘာလ ၁၁ ရက်နေ့၌ ကျင်းပသော ၉၆ ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက် (၄၂/၄၂၈) အရ ဖွံ့ဖြိုးမှု အနည်းဆုံး (၀ါ) ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံစာရင်း ၀င်သွားခဲ့သည်။ ဤသို့ဖြင့် သယံဇာတပေါကြွယ်၍ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်နေသော မြန်မာနိုင်ငံနှင့် ပြည်သူတစ်ရပ်လုံးသည် ကမ္ဘာ့ မိသားစုအလယ်၌ ခေါင်းမဖော်ဝံ့အောင် ဂုဏ်သိက္ခာ ကျဆင်းသွားခဲ့ရလေသည်။

ယင်းသို့ ပြည်သူတစ်ရပ်လုံး ဒုက္ခ အခက်အခဲမျိုးစုံ ရင်ဆိုင်နေရစဉ်အတွင်း အာဏာရှင် ဗိုလ်နေ၀င်း ခေါင်းဆောင်နေသော တစ်ပါတီအာဏာရှင် အစိုးရသည် နိုင်ငံတော်အကျိုးမျှော်ကိုး၍ ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ရမည့်အစား မြန်မာနိုင်ငံအတွင်း လှည့်ပတ်သုံးစွဲလျက် ရှိသော ငွေစက္ကူကျပ် ၁ဝဝ တန်၊ ကျပ် ၅ဝ တန်နှင့်၊ ကျပ် ၂ဝ တို့ကို ၁၉၈၅ နိုဝင်ဘာ ၃ ရက်နေ့တွင်လည်းကောင်း၊ ၁၉၈၇ စက်တင်ဘာလ ၅ ရက်နေ့တွင် နိုင်ငံတော်ဗဟိုဘဏ်က မကြာမီကမှ အသစ်ထုတ်ဝေထားသော ၂၅ ကျပ်တန်၊ ၃၅ ကျပ်တန်၊ ၇၅ ကျပ်တန် ငွေစက္ကူများကို တရားဝင်ငွေအဖြစ်မှလည်းကောင်း၊ ဥပဒေကဲ့သို့သော အာဏာတည်သော အမိန့် (အမိန့်အမှတ် (၁) ၁၉၈၇) ကို ထုတ်ပြန်၍ ရပ်စဲပစ်လိုက်လေသည်။ လူထုတစ်ရပ်လုံး ချွေးနဲစာ စုထားသော ငွေအားလုံးကို အေးဓားပြ အတိုက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

သို့ဂလို ပြည်သူလူထု တစ်ရပ်လုံးသည် အခက်အခဲ၊ အကျပ်အတည်း ဒုက္ခမျိုးစုံ ဖြစ်ပေါ်လာကာ ဒုက္ခပင်လယ်ဝေ၍ အထွေထွေမကျေနပ်မှုများ ဖြစ်ပွားနေစဉ်အတွင်း၊ ၁၉၈၈ မတ်လ ၁၂ ရက်နေ့တွင် ကမ္ဘာကို ကိုင်လှုပ်ခဲ့သော ရှစ်ဆယ့်ရှစ် ဒီမိုကရေစီ အရေးတော်ပုံကြီးအစ မတ်လ ကျောင်းသားအရေးအခင်း စတင် ဖြစ်ပွားခဲ့လေသည်။

၁၉၈၈ အရေးတော်ပုံကြီး၏ ဇစ်မြစ်အစ

၁၉၈၈ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့ ည ၉ နာရီ အချိန်ခန့်တွင် အင်းစိန်မြို့နယ် အနောက်ကြို့ကုန်း၊ ဘူတာအနီး စန္ဒာဝင်းလက်ဖက်ရည်ဆိုင်တွင် ရန်ကုန် စက်မှုတက္ကသိုလ် ဒုတိယနှစ် ကျောင်းသားများ ဖြစ်ကြသော ၀င်းမြင့် (နွားထိုးကြီး) အမည်တူ ၀င်းမြင့် (ပုလဲ) နှင့် ကျော်ဆန်းဝင်း တို့သည် အဆိုတော် စိုင်းထီးဆိုင်၏ သီချင်းခွေ ဖွင့်ရန် ပြောကြားရာမှ ဆိုင်အတွင်း၌ အရက်မူးနေသော ရပ်ကွက်လူငယ် ဇော်ဇော် (ခေါ်) ညီညီလွင် နှင့် အချင်းများခဲ့သည်။ ထို့နောက် ညီညီလွင်က ထိုင်ခုံတစ်လုံးကို ကောက်ကိုင်ကာ ၀င်းမြင့်(ပုလဲ) ၏ ခေါင်းကို ရိုက်ချလိုက်သည်။ ရိုက်ပွဲမှာ မကြာလိုက်ပါ။ ကျောင်းသားသုံးဦးအနက် ၀င်းမြင့်နှင့် ကျော်ဆန်းဝင်းတို့ ခေါင်းကွဲသွား၍ စိုးရိမ်စိတ်ဖြင့် နီးရာဆေးခန်းသို့ ခေါ်သွားကြသည်။ ယင်းသို့ ဖြစ်ပွားခဲ့သော အဖြစ်အပျက်ကို ကျောင်းသားများက အနီးဆုံး အင်းစိန်ရဲစခန်းသို့ အကြောင်းကြားခဲ့သည်။ အသေးစိတ် မှတ်တမ်းယူပြီးနောက် အချင်းဖြစ်ပွားခဲ့သည့် လက်ဖက်ရည်ဆိုင်သို့ ရဲများသွားရောက်၍ ဇော်ဇော်နှင့် တရားခံ ငါးဦးကို ဖမ်းဆီး၍ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၅/၁၁၄ အရ အမှုဖွင့်ခဲ့သည်။ ဒဏ်ရာရရှိသော ၀င်းမြင့်မှာ ခေါင်းတွင် ပတ်တီးအဖွေးသားဖြင့် ကျောင်းဆောင်သို့ ပြန်သွားခဲ့သည်။

သို့သော် ထိုကိစ္စထိုမျှပင် ပြီးမသွားခဲ့ချေ။ ကျောင်းသား ၀င်းမြင့်ကို ရိုက်သူမှာ ရပ်ကွက်ပြည်သူ့ကောင်စီ ဥက္ကဌ၏ သား ဖြစ်နေသောကြောင့် ရဲက တရားခံများကို မတ်လ ၁၂ ရက်နေ့ နေ့လည်ပိုင်းကပင် ပြန်လွှတ်ပေးလိုက်သည်။ ရပ်ကွက်ပြည်သူ့ကောင်စီ ဥက္ကဌဆိုသည်မှာ ဗိုလ်နေဝင်း၏ တစ်ပါတီ အာဏာရှင်စနစ်တွင် နိုင်ငံတော်အုပ်ချုပ်ရေး ယန္တရားကို လည်ပတ်စေသော ရပ်ကွက်ဆိုင်ရာ အခြေခံ ဒေါက်တိုင်များပင် မဟုတ်ပါလော။ ထိုသတင်းကို မတ်လ ၁၃ ရက် တနင်္ဂနွေနေ့ နံနက်တွင် စက်မှုတက္ကသိုလ် ကျောင်းသားများ ကြားသိသောအခါ ဒေါသူပုန်ထကြတော့သည်။ ဆိုင်ရှင်ထံမှ ရိုက်နှက်သူ၏ အမည်ကို သိရှိခဲ့ရာမှ ကျောင်းသား ၃၀ ခန့် ပြည်သူ့ကောင်စီရုံးသို့ သွား၍ ရိုက်နှက်သူများကို ထုတ်ပေးရန် တောင်းဆိုခဲ့ကြသည်။ ကောင်စီဥက္ကဌက ကျောင်းသားများ၏ နစ်နာချက်များကို နားမထောင်လိုကြောင်း ငြင်းပယ်လိုက်သဖြင့် ကျောင်းသားများက ခဲများဖြင့် ရပ်ကွက်ကောင်စီရုံးကို ပစ်ပေါက်ကြရာ ရုံး၏ ပြတင်းပေါက်များ ပျက်စီးသွားသည်။ အချို့ကျောင်းသားများက ရုံးအတွင်းသို့ ၀င်ရောက်ကာ စားပွဲ၊ ကုလားထိုင်များ ဗီရိုများကို ရိုက်ချိုးဖျက်ဆီးခဲ့ကြသည်။

ထို့နောက် ကျောင်းသားများသည် ကျောင်းသို့ပြန်၍ လူစုခဲ့ကြသည်။ ဤအကြိမ်တွင် ကျောင်းသားဦးရေ နှစ်ရာသုံးရာခန့် လက်ဖက်ရည်ဆိုင်အနီး လမ်းဆုံသို့ ချီတက်ခဲ့ကြသည်။ လမ်းဆုံသို့အရောက်တွင် မမျှော်လင့်သော မြင်ကွင်းတစ်ရပ်က စောင့်ကြိုလျက် ရှိသည်။ မီးသတ်ပိုက် အသင့်ပြင်ထားသော မီးသတ်ရဲများနှင့် ဒိုင်းများ၊ နံပါတ်တုတ်များ ရိုင်ဖယ်သေနတ်များ ကိုင်ဆောင်ထားသော လုံထိန်း ၅ဝဝ ခန့်က စောင့်နေကြသည်။

အရေးအခင်းကို သက်ဆိုင်ရာ တာဝန်ရှိသူများက အေးချမ်းစွာ ညှိနှိုင်းဖြေရှင်းနိုင်ပါလျက် တဆိတ်ရှိ လက်နက်အားကိုးဖြင့် အတင်းအဓမ္မ ဖြေရှင်းလိုကြသည့် အာဏာပိုင်တို့၏ လုပ်ရပ်ကို ကျောင်းသားထုက တွေ့မြင်လိုက်ရသောကြောင့် ယမ်းပုံအပေါ် မီးကျသလို ဒေါသပေါက်ကွဲချေတော့သည်။

လုံထိန်းများ ရှိရာသို့ ခဲများပစ်ပေါက်ကြပြီး မကြာမီမှာပင် ရုတ်တရက်ဆိုသလို မောင်းပြန် သေနတ်သံများ ဆက်တိုက် ထွက်ပေါ်လာတော့သည်။ ကျောင်းသားအတော်များများ လဲကျသွားသည်။ လမ်းမပေါ်တွင် သွေချောင်းစီးလျက်ရှိသည်။ သွေးအလူးလူးနှင့် အသက် ၂၃ နှစ်သာ ရှိသေးသော စက်မှုတက္ကသိုလ်ကျောင်းသား မောင်ဖုန်းမော်အား သူ့သူငယ်ချင်းများက ကျောင်းဆောင်သို့ သယ်ယူခဲ့ကြသည်။ အဆောင်ရောက်ပြီး ခဏအကြာတွင် ဖုန်းမော်သည် ပြင်ပဒဏ်ရာ ၁၃ ချက်၊ ကျည်ဝင်ဒဏ်ရာ ၃ ချက်ဖြင့် သူ့ဆရာလက်ပေါ်၌ပင် အသက်ပျောက်သွားခဲ့ရလေသည်။ ထိုနေ့ကား မတ်လ ၁၃ ရက်နေ့ပင်တည်း။ (နောင်တွင် ဖုန်းမော် ကျဆုံးသောနေ့ကို မြန်မာနိုင်ငံ လူ့အခွင့်အရေးအဖြစ် သတ်မှတ်ကာ ကျင်းပလာခဲ့ကြသည်။)

သေနတ်ဒဏ်ရာ ရထားသော ကျောင်းသား ၆ ယောက်အား လက်ထိပ်ခတ်ကာ လှိုင်မြို့နယ် ရဲစခန်းသို့ ခေါ်သွားသည်။ လေးဦးမှာ သတိလစ်နေသည်။ သူတို့ကံကြမ္မာ မည်သို့ရှိသည်ကို မသိရသော်လည်း စတုတ္ထနှစ် ဓာတုအင်ဂျင်နီယာကျောင်းသား စိုးနိုင်နှင့် မြင့်ဦးတို့မှာ ရက်များမကြာမီ ဆေးရုံ၌ပင် သေဆုံးခဲ့ရသည်။ စိုးနိုင်၏ အသည်းထဲသို့ ကျည်ဆန်ဝင်သွားပြီး မြင့်ဦးမှာ ၀မ်းဗိုက်တွက်တစ်ချက် ဆီးအိမ်တွင်တစ်ချက် ကျည်ထိမှန်ခဲ့သည်။ အာဏာပိုင်တို့က သူတို့အား ခွဲစိတ်ကုသမည့် ဆရာဝန်များကို တားမြစ်မြင်း မရှိခဲ့ပါက အသက်ရှင်ကောင်း ရှင်နိုင်ပေလိမ့်မည်။ သို့ဖြင့် ကိုစိုးနိုင်သည် နှစ်ခါခွဲစိတ်ခံရကာ ဧပြီလ ၅ ရက်နေ့တွင် သေဆုံးသွားခဲ့ရသည်။

ရက်စက်ကြမ်းကြုတ်မှုမှာ ရင်နင့်စရာပင်။ ပထမဆုံး သေဆုံးခဲ့ရသော မောင်ဖုန်းမော်သည် မဆလပါတီ၏ လမ်းစဉ်လူငယ် ခေါင်းဆောင်တစ်ဦးဖြစ်ပြီး စက်မှုတက္ကသိုလ် ကြက်ခြေနီအသင်းခေါင်းဆောင် တစ်ဦးလည်း ဖြစ်သည်။ ထို့အပြင် ဓာတုအင်ဂျင်နီယာ သင်တန်းတစ်လျှောက်တွင် ထူးချွန်သော ကျောင်းသားတစ်ဦး ဖြစ်ခဲ့သည်။

ထိုဖြစ်ရပ်နှင့် တစ်ဆက်တည်း ဖြစ်ပွားခဲ့သော ဖြစ်ရပ်တစ်ခုမှာ လက်ဖက်ရည်ဆိုင်အနီး ပြည်သူ့ဆိုင်မီးလောင်မှု ဖြစ်သည်။ ရပ်ကွက်လူကြီးများနှင့် သမ၀ါယမ လူကြီးများက ကျောင်းသားများ မီးရှို့သည်ဟု စွပ်စွဲပြီး အရပ်သားများက ဆိုင်တာဝန်ခံများ မီးရှို့ခြင်း ဖြစ်သည်ဟု ပြောဆိုခဲ့ကြသည်။ ပြဿနာ ရှုပ်ထွေးနေသည်ကို အခွင့်ကောင်းယူပြီး ငွေစာရင်းနှင့် ကုန်ပစ္စည်းစာရင်း မှတ်တမ်းစာအုပ်များကို မီးရှို့ဖျောက်ဖျက်ခြင်းသာ ဖြစ်သည်။

ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီး အိတ်ဖွင့်ပေးစာ၌လည်း “သမ၀ါယမဆိုင် မီးရှို့တာ ကျောင်းသားတွေ မဟုတ်ပါ၊ သမ၀ါယမစာရင်း ပိတ်ခါနီးလို့ စာရင်းတွေ ကွာနေတာကို ဖျောက်ချင်လို့ ရောင်တော်ပြန်လွှတ်တဲ့ အနေနဲ့ သူတို့ဘာသာ ရှို့ခဲ့တာပါ” ဟူ၍ ဖော်ထားသည်။

ထိုနေ့ညတွင် ခံပြင်းဒေါသထွက်နေကြသော ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားများသည် ကျောင်းဆောင်များ၌ စည်းဝေးတိုင်ပင်ကာ အချက် ၇ ချက်ပါ တောင်းဆိုချက်ကို တောင်းဆိုခဲ့သည်။

(က) ကျောင်းမပိတ်ရေး။
(ခ) ကျောင်းပတ်ဝန်းကျင် လုံခြုံရေးချထားသော ရဲများကို အမြန်ရုတ်သိမ်းပေးရေး။
(ဂ) တောင်းဆိုချက်များကို အမြန်ဆုံး ဖြေရှင်းပေးနိုင်သည့် တာဝန်ရှိသူတစ်ဦးဦးနှင့် ဖြေရှင်း မပေးနိုင်ပါက တာဝန်ရှိသူများ အနီးသို့ မလာရောက်ရန်။

ထို့အပြင် ထိုနေ့ မွန်းလွဲ ၂ နာရီခန့်တွင် သက်ဆိုင်ရာ အာဏာပိုင်များထံ ထပ်မံပေးပို့ခဲ့ပြန်ပါသည်။
(က) ၁၃-၃-၈၈ နေ့ ဖြစ်ရက်ကို သတင်းစာထဲ၌ အမှန်အတိုင်း ရေးသားဖော်ပြရန်။
(ခ) ကျဆုံးသွားသော ကျောင်းသားများကို ကိုယ်တိုင်သဂြိုဟ်ခွင့်ပြုရန်။
(ဂ) အပြစ်မဲ့သော သေဆုံးသူ သူငယ်ချင်းများအား ၀မ်းနည်းကြောင်း မှတ်တမ်းတင်ပေးရန်။
(ဃ) မျက်ရည်ယိုဗုံး၊ မီးကျည်ပစ်သူတို့ကို အရေးယူပေးရန်။
(င) ကျောင်းသားများ လိုလားချက်ကို တရားဝင် အဖွဲ့အစည်း တစ်ရပ်ရပ်မှ တာဝန်ယူ ဆောင်ရွက်ပေးရန်။

ခံယူချက် ပို၍ ပြင်းထန်သော ကျောင်းသားများက မောင်ဖုန်းမောင်အား နိုင်ငံတော် ဈာပနအခမ်းအနားဖြင့် ဂုဏ်ပြုသဂြိုဟ်ပေးရန်အထိ တောင်းဆိုခဲ့သည်။ အမာခံ ကျောင်းသား (၁၃) ဦးက ကျစ်လစ်သော သွေးသောက်ဖွဲ့စည်းလိုက်ပြီး မိမိတို့အနေဖြင့် အဖြစ်မှန် ပေါ်ထွက်ရေးအတွက် အသက်ပင် စတေးရန် ပြင်ဆင်ထားကြောင်း သိရသည်။

ပညာရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဒေါက်တာမောင်ဒီသည် စက်မှုတက္ကသိုလ်သို့ ညတွင်းချင်း ရောက်ရှိလာပြီး ကျောင်းသားများ၏ တောင်းဆိုချက် အားလုံးကို ပယ်ချလိုက်သည်။

သန်းခေါင်ယံမတိုင်မီကလေး၌ပင် ကျောင်းသားတစ်စုသည် ဖုန်းမော်သေဆုံးခဲ့သော နေရာ၌ပင် လွမ်းသူ့ပန်းခွေများချကာ ဂုဏ်ပြုခဲ့သည်။ အချို့မှာ လမ်းပေးတွင် ဒူးတုပ်၍ ပန်းခွေရှေ့တွင် ဦးချ ငိုကြွေးပြီး ပစ်ခတ်သတ်ဖြတ်မှုကို ခံပြင်းကာ ရှုံ့ချခဲ့ကြသည်။ တက္ကသိုလ် ပရိဝုဏ်အတွင်း၌လည်း အစိုးရ၏ လုပ်ရပ်ကို ရှုံ့ချ ကြွေးကြော်ဆန္ဒပြခဲ့သည်။ မတ်လ ၁၅ ရက် အင်္ဂါနေ့တွင် လုံထိန်းနှင့် စစ်သား ၆၀၀ ခန့်သည် မွန်းလွဲ ၃ နာရီ ၁၅ မိနစ်တွင် စက်မှုတက္ကသိုလ် ၀င်းအတွင်းသို့ အတင်းဝင်ရောက်လာကြပြီး စစ်ကားများပေါ်မှ ခုန်ဆင်းလာသော လုံထိန်းများသည် နံပါတ်တုတ်များ ၀င့်ကာ ကျောင်းသားအုပ်ဆီသို့ ညာသံပေး၍ ပြေးတက်လာကြသည်။ ကျောင်းသား အများအပြား သတ်ဖြတ်၊ ရိုက်နှက်ဖမ်းဆီးခြင်း ခံခဲ့ရသည်။

ညပိုင်းတွင်မြန်မာ့အသံမှစက်မှုတက္ကသိုလ်အခင်းဖြစ်ပွားမှုကိုထုတ်ပြန်ကြေညာခဲ့သည်။ အခင်းဖြစ်ပွားမှု နှင့် ပတ်သက်၍ ကျောင်းသားများအပေါ် အပြစ်လုံးလုံး ပုံချလိုက်သည်။ မတ်လ ၁၆ ရက်နေ့တွင် ကျောင်းသားများ သတ်ဖြတ်ခြင်း၊ ရိုက်နှက်ခံရခြင်းနှင့် ဖမ်းဆီးခံရခြင်း သတင်းများသည် ရန်ကုန်မြို့ရှိ အခြား တက္ကသိုလ်နယ်မြေများသို့ လျင်မြန်စွာ ပြန့်နှံ့သွားခဲ့သည်။

ဆန္ဒပြပွဲသည် တဖြည်းဖြည်းအစိုးရ ဆန့်ကျင်ရေးအသွင်သို့ ကူးပြောင်းသွားခဲ့သည်။ အထူးသဖြင့် မနေ့ညက မြန်မာ့အသံမှ မဟုတ်မမှန် လုပ်ကြံသတင်း ထုတ်လွှင့်မှုကြောင့် ကျောင်းသားထု၏ ဒေါသကို မီးလောင်ရာ လေပင့်ဆိုသလို ဖြစ်ပွားခဲ့ရသည်။ မတ်လ ၁၆ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်(ပင်မ) ပရိဝုဏ်မှတစ်ဆင့် ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေသို့ ပူးပေါင်းရန် ချီတက်လာရာ တံတားဖြူအနီးသို့ အရောက်တွင် သံဆူးကြိုးခွေများ လမ်းမပေါ်၌ ဖြတ်ကာ၍ လက်နက်ကိုယ်စီ ကိုင်ဆောင်ထားသော စစ်သားများက ရင်ဘောင်တန်း ရပ်နေသည်ကို တွေ့လိုက်ရသည်။ တပ်ဖွဲ့၏လမ်း အလယ်၌ ဘရင်းကယ်ရီယာ (စစ်သေနတ် တပ်ဆင်ထားသော သံချပ်ကာ) များ ရပ်ထားသည်။

မကြာမီအတွင်း အမိန့်ပေးသံတစ်ခု ထွက်ပေါ်လာပြီးနောက် ၀ါးရင်းတုတ်များ၊ ကြိမ်ဒိုင်းများ၊ ရိုင်ဖယ်သေနတ်များနှင့် သံခမောက်ဆောင်းထားသော လုံထိန်းများက ကျောင်းသားထုအတွင်းသို့ အတင်း ၀င်ရိုက်တော့သည်။ နံပါတ်တုတ်များ၏ ရိုက်နှက်မှုကြောင့် အရိုးကျိုးအက်သံများ အတိုင်းသား ကြားနေရသည်။ သွေးများလူးနေသည့် ကျောင်းသားများ၏ ညည်းတွားသံများ ငယ်သံပါအောင် အော်ဟစ်နေသံများ ပွတ်လော ရိုက်သွားသည်။ ကန်ဘောင်ရိုး လှေကားမှတဆင့် ကန်ဘောင်ပေါ်သို့ ပြေးတက်ရန် ကြိုးစားကြသည့် ကျောင်းသူ ကျောင်းသားများမှာ အတုန်းအရုန်း လုံထိန်းတို့၏ ပိတ်၍ အရိုက်ခံရလေသည်။ တစ်ချို့ လုံထိန်းများက ကျောင်းသူများကိုသာ မဲ၍ ရိုက်နှက်ကာ ဝတ်ဆင်ထားသော လက်ဝတ်ရတနာများ၊ လက်ပတ်နာရီများကို အတင်းချွတ်ယူကြသည်။ တစ်ချို့က ပြေးလွှားနေသော ကျောင်းသားများကို အင်းလျားကန်ထဲသို့ မောင်းချကာ ခေါင်းကို ရေထဲနစ်၍ မသေမချင်း သတ်ခဲ့ကြသည်။ လူသတ်ပွဲမှာ တစ်နာရီခန့်အကြာတွင် ကန်ဘောင်အနီး ပြည်လမ်းမတစ်လျှောက်တွင် တုံးလုံးပက်လက်လဲနေသော ကျောင်းသားများ၏ အလောင်းများမှာ သုသာန်တစပြင်ကဲ့သို့ မြင်မကောင်းအောင် ပြန့်ကျဲနေလေသည်။ ရုတ်ခြည်း ကန်ဘောင်ပေါ်ရှိ “တံတားဖြူသည်” “တံတားနီ” ဘဝသို့ ကူးပြောင်းသွားခဲ့ရသည်။

မတ်လ ၁၆ ရက်နေ့ည သန်းခေါင်ယံတွင် လုံထိန်းကားတစ်စီးဖြင့် မည်သည့်နေရာမှ ခေါ်ဆောင်လာသည် မသိရသော မိန်းကလေး သုံးဦးကို ကန်ဘောင်ပေါ်တွင် မုဒိန်းကျင့်၍ ပစ်ထားခဲ့ရာ တွေ့မြင်လိုက်ရသော ကျောင်းသားတစ်စုက အဆိုပါ မေ့မျောနေသည့် မိန်းကလေးများကို ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးလိုက်ကြသည်။ ဆေးရုံမှ သူနာပြု ဆရာမတစ်ဦးက ဒီလိုအမှုတွေ အများကြီး ဆေးရုံရောက်နေသည်ဟု ဆိုသည်။ မိန်းကလေးတစ်ဦးဆိုလျှင် အုပ်စုလိုက် မတရား ပြုကျင့်ခံရသောကြောင့် သားအိမ်ကွဲပြီး မနေ့ညက သေဆုံးသွားခဲ့သည်ဟု ပြောပြသည်။

အစိုးရက မတ် ၁၆ ရက် နှင့် ၁၇ ရက်နေ့ ဖြစ်ပွားသော အရေးအခင်းတွင် ကျောင်းသားကျောင်းသူ ၁၅၄ ယောက်ကို စိစစ်ထိန်းသိမ်း၍ သေဆုံးသူ၊ ဒဏ်ရာရသူ လုံးဝမရှိ။ လိမ်ညာသတင်း ထုတ်လွှင့်ခဲ့သည်။ အမှန်စင်စစ် မျက်မြင်သက်သေများ၏ ထွက်ဆိုချက်အရ ကျောင်းသားကျောင်းသူ တစ်ထောင်ကျော် ထိန်းသိမ်းခံရပြီး ၁ဝဝ ကျော်ခန့် သေဆုံးခဲ့သည်ဟု ဆိုသည်။

သို့ကလို ကျောင်းသားများ ရိုက်နှက်သတ်ဖြတ် ဖမ်းဆီးခြင်းခံရသဖြင့် ပြည်သူတစ်ရပ်လုံးက မခံမရပ် အုံကြွလာမည်ကို ရိပ်မိသွားသောကြောင့် မတ်လ ၁၇ ရက်နေ့တွင် ပြည်သူ့တရားသူကြီး အဖွဲ့ဝင် ဦးဘမော် ဥက္ကဌအဖြစ် ပါဝင်သော စုံစမ်းရေးကော်မရှင် တစ်ရပ်ကို ဖွဲ့စည်းပေးခဲ့သည်။ ထိုကော်မရှင်သည် (၁၂-၃-၈၈) ရက်နေ့တွင် ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းသားအချို့နှင့် ကြို့ကုန်းအနောက်ရပ်ကွက်မှ လူထုအချို့တို့ ဖြစ်ပွားခဲ့သော အရေးအခင်းကို စုံစမ်းတင်ပြရမည်ဟု သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါ ကော်မရှင်ကို ပြည်ထောင်စုဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်ကောင်စီမှ ၁၉၈၈ ခုနှစ် မတ်လ ၁၇ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၄၅/၈၈) ဖြင့် ထုတ်ပြန်ကြေညာခဲ့ရာ ထိုအမိန့်ကြော်ငြာစာအရ ထိုကော်မရှင်တွင် -

(က) ဦးဘမော် (ပြည်သူ့တရားသူကြီးအဖွဲ့ဝင်)     – ဥက္ကဌ
(ခ) ဦးလှတင့် (ပြည်သူ့ဥပဒေအကျိုးဆောင်)      – အဖွဲ့ဝင်
(ဂ) ဒေါက်တာမောင်ရှိန် (ပြည်သူ့လုပ်ငန်း စစ်ဆေးရေးအဖွဲ့) – အဖွဲ့ဝင်
တို့ ပါဝင်ခဲ့သည်။

စုံစမ်းရေးကော်မရှင်သည် အရေးအခင်း မည်ကဲ့သို့ စတင်ပေါ်ပေါက်ခဲ့မှု၊ သေဆုံးထိခိုက်ဒဏ်ရာရရှိမှု၊ အခြေအနေအချက်အလက်များကို စုံစမ်း၍ အစီရင်ခံစာကို (၁၇-၄-၈၈) ရက်နေ့အရောက် နိုင်ငံတော်ကောင်စီသို့ တင်ပြရန် ပါရှိသည်။ ကော်မရှင်သည် သက်သေ ၉၇ ဦး ကို စစ်ဆေးခဲ့ရာ၊ ဒုဝန်ကြီး နှစ်ဦးပင် ပါဝင်သည်ဟု ဆိုသည်။ ကော်မရှင်သည် စစ်အာဏာပိုင်များအား မလွန်ဆန်နိုင်သောကြောင့် အဖြစ်မှန်ကို ဖုံးဖိ၍ လိမ်ညာအစီရင်ခံစာ ပြုစုတင်ပြခဲ့ကြသည်။ ထိုနေ့မှာပင် မောင်ဖုန်းမော် အသုဘသို့ နောက်ဆုံးအကြိမ် ဂါရ၀ပြုရန် ထောင်ပေါင်းများစွာသော လူထုကြီးက ကြံတောသင်္ချိုင်း အပြင်ဘက်တွင် စုဝေးရောက်ရှိနေကြသည်။ သို့သော် မောင်ဖုန်းမော်၏ ရုပ်အလောင်းကို အစိုးရက တစ်နေရာတွင် လျှို့ဝှက်မီး သဂြိုဟ်ခဲ့ပြီဖြစ်ကြောင်း သိလိုက်ရမှ တဖြည်းဖြည်း လူစုကွဲသွားလေသည်။

ရန်ကုန်တက္ကသိုလ် ပင်မကျောင်းဝင်းအတွင်း၌ ပြုလုပ်သော အစည်းအဝေးတွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂဟု ဖွဲ့စည်းလိုက်သည်။

မတ်လ ၁၈ ရက်နေ့တွင် ထောင်ပေါင်းများစွာသော ကျောင်းသားများ ရန်ကုန်မြို့လယ်ရှိ ဆူးလေဘုရားသို့ ချီတက်ကြပြီး တခြားကျောင်းသားများနှင့် ပူးပေါင်းကြသည်။ အစိုးရကလည်း တပ်မ ၂၂၊ ၆၆၊ နှင့် ၇၇ တို့ကို ခေါ်ယူလိုက်သည်။ ထောင်ပေါင်းများစွာသော ကန့်ကွက်ဆန္ဒပြသူများကို ဖမ်းဆီးကြသည်။ “သွေးစွန်းသော သောကြာနေ့” အဖြစ် လူသိများသော ထိုနေ့တွင် လုံထိန်းတို့၏ တပ်မှူး ဗိုလ်မှူးချုပ် စိန်လွင်မှာလည်း “ရန်ကုန်မြို့၏ လူသတ်သမား” ဟု အမည်စတွင်ခဲ့သည်။ ကျောင်းများနှင့် တက္ကသိုလ်များကိုလည်း အစိုးရက ပိတ်လိုက်ကြသည်။

ထိုနေ့ညဥ့် သန်းခေါင်ကျော်အချိန်၌ ရန်ကုန်မြို့တွင်း၌ ဆန္ဒပြခဲ့သူများကို အချုပ်ကားများဖြင့် အင်းစိန် ဗဟိုအကျဉ်းထောင်သို့ ပို့ခဲ့ရာ ထောင်သို့ရောက်ရှိသောအခါ (၇၁) ဦး တင်ဆောင်လာသော မော်တော်ကား တစ်စီးတွင် (၄၁)ဦး သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။ အစိုးရက အချုပ်ကား မလုံလောက်မှုကြောင့် အချုပ်သားဦးရေ ပို၍တင်ဆောင်ခဲ့ရခြင်း၊ ၄၅ မိနစ်သာ မောင်းရသည့် ခရီးကို လမ်းများ ပိတ်ဆို့မှု အခြေအနေ ၂ နာရီခန့်ကြာအောင် မောင်းနှင်ရခြင်းတို့ကြောင့် သေဆုံးခဲ့ရခြင်း ဖြစ်သည်ဟု အကြောင်းပြကာ (၁၉-၇-၈၈) ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ထို့နောက် အစိုးရက ဖွဲ့စည်းပေးထားသော စုံစမ်းစစ်ဆေးရေး ကော်မရှင်က မတ်လ အဓိကရုဏ်းတွင် ကျောင်းသား ၃ ယောက်သာ သေဆုံးပြီး ၆၂၅ ယောက် အဖမ်းခံရကာ ၁၄၁ ယောက်ကို ဆက်လက်ထိန်းသိမ်း ထားသည်ဟု ကြေညာခဲ့သည်။ ထိုနေ့မှာပင် စာမျက်နှာ ၄၂ မျက်နှာပါသော အိတ်ဖွင့်ပေးစာကို ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီးက ဦးနေ၀င်းထံ ရေးသားပေးပို့ခဲ့သည်။

ထိုစဉ်အတွင်း ဧပြီလ ၁၁ ရက်နေ့တွင် ဦးနေ၀င်းနှင့် အဖွဲ့ဝင်များသည် အနောက်ဂျာမနီနှင့် ဆွစ်ဇာလန်နိုင်ငံသို့ ထွက်ခွာသွားသည်။ မေလ ၁ဝ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က ထုတ်ဝေခဲ့သော စာမျက်နှာ (၇၁) မျက်နှာရှိသည့် ထုတ်ပြန်ချက်တွင် မြန်မာ့တပ်မတော်သည် ဖမ်းဆီးသတ်ဖြတ်မှုများ နယ်စပ်ဒေသများတွင် ညှဉ်းပန်းမှု၊ အမျိုးသမီးများကို အဓမ္မပြုကျင့်မှုများနှင့် ရွာသားများကို ပေါ်တာ (ရှေ့တန်းလုပ်အားပေး) အဖြစ် အတင်းစေခိုင်းကာ လူမျိုးစု လက်နက်ကိုင်များကို တိုက်ခိုက်ရာတွင် “လူသားမိုင်းရှင်းကိရိယာ” အဖြစ် တပ်ဖွဲ့ရှေ့မှ သွားစေခြင်းတို့အတွက် အဓိက တာဝန်ရှိကြောင်း ပါရှိသည်။

မေလ ၉ ရက်နေ့တွင် ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီးက ၁၉၈၈ မတ်လအတွင်း ဖြစ်ပွားသော အရေးအခင်းနှင့် စပ်လျဉ်း၍ အိတ်ဖွင့်ပေးစာ တစ်စောင်ကို ထုတ်ဝေဖြန့်ချိလာပြန်သည်။

မေလ ၁၂ ရက်စွဲ တပ်ထားသော -

“ကိုင်း… အခုတော့ ကောင်းနိုင်ကြသေးရဲ့လား” ခေါင်းစဉ်တပ်ထားသော အဆိုပါစာ၌ တော်လှန်ရေးကောင်စီ အာဏာသိမ်းပြီး ၂၆ နှစ်အကြာ အခြေအနေသည် ယိုယွင်းရုံသာမက ပျက်စီးခြင်းမက ပျက်စီးသွားပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအားလုံး ကျဆုံးခြင်းမက ကျဆုံးခဲ့ကြောင်း၊ လက်အောက်ရှိ တာဝန်ရှိသူများက တာဝန်ယူကြရန် ခေါင်းခံလိုကြောင်း၊ မိမိအနေဖြင့် စာတမ်းတစ်စောင် ရေးသား တင်ပြခဲ့ကြောင်း၊ ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီး နုတ်ထွက်ခါနီး ပါတီဥက္ကဌကြီးက သုံးနှစ်လုပ်မယ်၊ မအောင်မြင်လျှင် ဗိုလ်အောင်ကြီးတို့ လုပ်ကြပါဟု ပြောခဲ့ကြောင်း၊ နိုင်ငံရေးသမား လုပ်ဖော်ကိုင်ဖက်တွင် ဦးနုနှင့် ပါတီဥက္ကဌကြီးသာရှိပြီး ကျန်လူများ ကွယ်လွန်ပြီဖြစ်ကြောင်း၊ မကြာမီတိုင်းပြည်တွင် ဆန်ပြဿနာ ဖြစ်တော့မည်ဖြစ်ကြောင်း ၊ စက်မှုလုပ်ငန်း အားလုံးလိုလို ပိတ်ပင်ထားရကြောင်း၊ ဒုက္ခရောက်မည့် အရေးကို သတိပေးကြောင်း ဖော်ပြထားသည်။

မေလ ၂၆ ရက်နေ့ ဥရောပသို့ ခရီးထွက်သွားသော ဦးနေ၀င်းနှင့်အဖွဲ့ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီးနောက် မေလ ၃ဝ ရက်နေ့တွင် ကျောင်းများနှင့် တက္ကသိုလ်များအားလုံး ပြန်လည်ဖွင့်လှစ်ခဲ့သည်။ သို့သော် ကျောင်းသားဦးရေ ၃ဝ ရာခိုင်နှုန်းသာ ကျောင်းပြန်တက်ခဲ့ကြသည်။ တက္ကသိုလ် ကျောင်းဝင်းများ၌ အစိုးရဆန့်ကျင်ရေး စာရွက်စာတမ်းများ ပြန်လည်ထွက်ပေါ်လာသည်။ အင်းစိန်ထောင်မှ ပြန်လွတ်လာသော ကျောင်းသားများက စစ်ကြောရေးစခန်းများ၌ ညှဉ်းပန်းနှိပ်စက်ခံရခြင်း၊ အရိုက်အနှက်ခံရခြင်းနှင့် လျှပ်စစ်ဓါတ်ဖြင့်ထိုးကာ စစ်ဆေးခဲ့မှုများကို ပြန်လည်ထုတ်ဖော် ပြောကြားခဲ့သည်။ အကျဉ်းကျ ခံနေရစဉ်အတွင်း လုံထိန်းများက ကျောင်းသူများကို အဓမ္မကျင့်ခဲ့သည့် သတင်းများလည်း ပေါ်ထွက်လာခဲ့သည်။

ဇွန်လ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့များတွင် ရန်ကုန်တက္ကသိုလ်(ပင်မ)၌ ဆန္ဒပြပွဲများနှင့် စည်းဝေးပွဲများ ပြန်လည်ပေါ်ပေါက်လာခဲ့သည်။ ဇွန် ၁၇ ရက်နေ့တွင် ဆန္ဒပြပွဲ ဆက်လက်ဖြစ်ပေါ်နေသဖြင့် ရန်ကုန်တက္ကသိုလ် (ပင်မ)မှ သင်တန်းများ အားလုံးကို အစိုးရအာဏာပိုင်များက ရပ်စဲလိုက်သည်။ ဆန္ဒပြပွဲနှင့် ဆွေးနွေးပွဲများ ပြည်လမ်းဆေးတက္ကသိုလ် (၁) သို့ ရွှေ့ပြောင်းသွားသည်။

ဇွန်လ ၂၀ ရက်တွင် ရန်ကုန်မြို့၌ ကျောင်းသားအင်အား ၆၀၀၀ နှင့် ပြည်သူများပါ ပူးပေါင်းကာ တောင်းဆိုဆန္ဒပြခဲ့ကြသည်။ တောင်းဆိုမှုများ၌ ကျောင်းထုတ်ခံရသော ကျောင်းသားများကို ကျောင်းပြန်တက်ခွင့် ပေးရန်နှင့် မတ်လအတွင်း သတ်ဖြတ်မှုများကို ကျူးလွန်ခဲ့သူတို့အား အရေးယူ အပြစ်ပေးရန်တို့ ဖြစ်သည်။ ဦးနေ၀င်းကို ထိုးနှက်တိုက်ခိုက်သော ပိုစတာများလည်း ထွက်ပေါ်လာခဲ့သည်။ ဦးနေ၀င်း၏ ဆွစ်ဇာလန်ဘဏ်များတွင် အပ်နှံထားသော ငွေကြေးအရှုပ်တော်ပုံ သတင်းများလည်း ပျံ့နှံ့ထွက်လာသည်။ ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) အနီးရှိ အထည်အလိပ် စက်ရုံ အလုပ်သမားများကလည်း ကျောင်းသားများနှင့်အတူ ပူးပေါင်း၍ ဆန္ဒပြခဲ့ကြသည်။

ယင်းနောက် ဇွန်လ ၂၁ ရက်နေ့တွင် ပြည်လမ်းရှိ ဆေးတက္ကသိုလ် (၁) မှ ထောင်ပေါင်းများစွာသော ကျောင်းသားများသည် ရန်ကုန်မြို့လယ်သို့ ကြွေးကြော်သံများကို လုံထိန်းများက တားဆီးကာ မျက်ရည်ယိုဗုံးများ၊ ရိုင်ဖယ်သေနတ်များဖြင့် ပစ်ခတ်ကြသောကြောင့် ကျောင်းသားများက ခဲများ၊ ဂျင်ကလိများဖြင့် ပစ်ခတ်ကြကာ အဓိကရုဏ်း ဖြစ်ပွားခဲ့သဖြင့် ပြည်သူ ၈ဝ ကျော်နှင့် လုံထိန်း ၂ဝ ခန့် သေဆုံးခဲ့ရသည်။ ထိုနေ့၌ အာဏာပိုင်တို့က လူစုဝေးခြင်းကို ရက်ပေါင်း ၆ဝ မျှ မပြုလုပ်ရန် ကြေညာခဲ့သည်။ ရန်ကုန်မြို့၌ ဇွန်လ ၂၁ ရက်မှ သြဂုတ်လ ၁၉ ရက်နေ့အထိ ညနေ ၆ နာရီမှ နံနက် ၆ နာရီအတွင်း အပြင်မထွက်ရ အမိန့်ကို ထုတ်ပြန်ခဲ့သည်။ ဆေးတက္ကသိုလ် (၁) (၂) နှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များမှ သင်တန်းအားလုံး ရပ်စဲလိုက်သည်။ ဇွန်လ ၂၂ ရက်နေ့တွင် ကျောင်းသားများသည် သမိုင်းဝင် ရွှေတိဂုံ စေတီတော်သို့ နေရာရွှေ့ပြောင်း၍ လူစုဝေးခြင်း မပြုရ ဟူသော ပိတ်ပင်တားမြစ်မှုကို ဖီဆန်ကာ သပိတ်စခန်း ဖွင့်လှစ်လိုက်သည်။
လူထုမငြိမ်သက်မှုများသည် ရန်ကုန်မြို့နှင့် မိုင် ၅၀ ခန့် ကွာဝေးသော ပဲခူးအထိ ပျံ့နှံ့သွားလေသည်။ ပဲခူး၌ အဓိကရုဏ်းဖြစ်ပွားမှုကြောင့် လူ ၇၀ ကျော် သေနတ်ဖြင့် ပစ်သတ်ခံရသည်။ မော်လမြိုင်နှင့် ပြည်မြို့သို့လည်း ဆန္ဒပြမှုများ ပျံ့နှံ့သွားသည်။

ဇူလိုင်လ ၁ ရက်နေ့တွင် အပြင်မထွက်ရ အမိန့်ကို ည ၈ နာရီမှ နံနက် ၄ နာရီသို့ လျှော့ပေါ့ပေးလိုက်သည်။ ထိုကန့်သတ်ချိန်၌ အပြင်ဘက်သို့ ထွက်ခဲ့သူ လူအတော်များများကို ရဲနှင့် စစ်တပ်က သေနတ်များဖြင့် ပစ်ခတ်ခဲ့ကြသည်။

ဇူလိုင် ၃ ရက်မှ ၆ ရက်နေ့အတွင်း ငွေစက္ကူများ ထပ်မံဖျက်သိမ်းတော့မည် ဟူသော ကောလာဟလများကြောင့် ကုန်ဈေးနှုန်း အဆမတန် ကြီးထွားလာခဲ့ရာ ဇူလိုင်လ ၇ ရက်နေ့၌ ဇူလိုင်လ ၁၃ ရက်နေ့တွင် မဆလပါတီက အရေးပေါ် ပါတီညီလာခံကို ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

ဇူလိုင် ၉ ရက်နေ့တွင် ရန်ကုန်၊ ပဲခူး၊ ပြည်နှင့် မော်လမြိုင်မြို့တို့တွင် ထုတ်ပြန်ထားသော ည မထွက်ရ အမိန့်ကို အစိုးရက ပြန်လည်သိမ်းလိုက်သည်။ ကျောင်းထုတ်ခံရသော ကျောင်းသားများ ကျောင်းပြန်တက်ခွင့် ပြန်လည်လျှောက်ထားနိုင်ကြောင်း ကြေညာခဲ့သည်။

သို့သော် ဇူလိုင် ၁၂ ရက်နေ့တွင် ဗုဒ္ဓဘာသာနှင့် အစ္စလာမ် ဘာသာဝင်များ လူမျိုးရေး ပဋိပက္ခဖြစ်ပွားခဲ့ရာ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် အရေးပေါ် အမိန့် ထုတ်ပြန်လိုက်သည်။ အဆိုပါ ပဋိပက္ခများကို အစိုးရက လူထုအား အာရုံပြောင်းရန် တမင်လှုံ့ဆော်ဖန်တီးခဲ့သည်ဟု ကျောင်းသားများက စွပ်စွဲပြောဆိုခဲ့သည်။

ဇူလိုင်လ ၁၈ ရက်တွင် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီး ဦးမင်းဂေါင်အား နုတ်ထွက်ခွင့် ပြုလိုက်သည်။ ဦးမင်းဂေါင်က မတ်လအတွင်းက ဖမ်းဆီးခံရသူများအား အင်းစိန်ထောင်သို့ ပို့ဆောင်ရာတွင် ဆန္ဒပြသူ ၄၁ ဦး ထောင်ကားပေါ်၌ အသက်ရူကျပ်ကာ သေဆုံးခဲ့မှုတွင် သူ့တွင် တာဝန်ရှိကြောင်း ၀န်ခံခဲ့သည်။

ဤသို့ အဓိကရုဏ်းများ ဖြစ်ပွားနေစဉ်အတွင်း ဇူလိုင်လ ၂၃ ရက်နေ့တွင် မဆလပါတီ၏ အရေးပေါ်ညီလာခံ စတင်ကျင်းပခဲ့ရာ ဦးနေ၀င်းက မိန့်ခွန်းပြောကြား၍ သူတို့နှင့်အတူ ပါတီဒုတိယဥက္ကဌ ဦးစန်းယု၊ အထွေထွေအတွင်းရေးမှူး ဦးအေးကို၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးစိန်လွင်၊ ဗဟိုကော်မတီ အလုပ်အမှုဆောင် အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးကျော်ထင်နှင့် ဦးထွန်းတင်တို့ပါ အနားယူတော့မည်ဟု ကြေညာသည်။ စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန်နှင့် တစ်ပါတီစနစ် (သို့မဟုတ်) ပါတီစုံစနစ် ကျင့်သုံးရန် ကိစ္စအတွက် ပြည်သူ့ဆန္ဒ ခံယူပွဲကျင်းပရန် အဆို တင်သွင်းလိုက်သည်။

သို့သော်ကိုယ်စားလှယ်များက ဦးနေဝင်းအား ရာထူး၌ ဆက်လက်နေရန် တိုက်တွန်းကြပြီး ၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု အစီအစဉ်ကို ထိခိုက်နိုင်သည်ဟူသော အကြောင်းပြချက်ဖြင့် တစ်ပါတီစနစ် ကျင့်သုံးရေးအတွက် ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပရန် အဆိုတင်သွင်းလိုက်သည်။

ဇူလိုင်လ ၂၅ ရက်နေ့တွင် ကျင်းပသော အရေးပေါ် အစည်းအဝေးတွင် စီးပွားရေးပြုပြင်ပြောင်းလဲမှုကို အရှိန်အဟုန်မြှင့်ရန်နှင့် ညီလာခံက ပြည်သူ့ဆန္ဒခံယူပွဲကို ခံယူပွဲကို သဘောမတူကြောင်း ဦးအေးကိုက အဆိုတင်သွင်းသည်။ ညီလာခံက နောက်ဆုံးတွင် ဦးနေ၀င်းအား ပါတီဥက္ကဌအဖြစ်မှ အနားယူမှုကိုသာ ခွင့်ပြုကာ ပြည်သူ့ဆန္ဒခံယူပွဲ မပြုလုပ်ရန် သဘောတူ ဆုံးဖြတ်ကြသည်။

နောက်တစ်နေ့တွင် မဆလပါတီ ဗဟိုကော်မတီ အစည်းအဝေးကို ကျင်းပ၍ ဦးစိန်လွင်ကို ပါတီဥက္ကဌသစ် အဖြစ် ရွေးချယ်ခဲ့သည်။ ဦးစန်းယုအား နုတ်ထွက်ခွင့်ပြုသော်လည်း ဦးကျော်ထင်၊ ဦးအေးကိုနှင့် ဦးထွန်းတင်တို့ကို ပြန်လည်ရွေးကောက်တင်မြှောက်ကြသည်။ ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့ ဥက္ကဌ ဦးမြင့်မောင်နှင့်အတူ ၀န်ကြီးချုပ် ဦးမောင်မောင်ခတို့ကို ရာထူးမှ ထုတ်ပယ်လိုက်သည်။

ဇူလိုင်လ ၂၇ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးကျင်းပရာ ဦးစိန်လွင်ကို နိုင်ငံတော်ကောင်စီဥက္ကဌ (နိုင်ငံတော်သမ္မတ) အဖြစ် ရွေးချယ်တင်မြှောက်လိုက်သည်။ ဦးကျော်ထင်အား နိုင်ငံတော်ကောင်စီ အတွင်းရေးမှူး၊ ဦးထွန်းတင်အား ၀န်ကြီးချုပ်နှင့် ဒေါက်တာမောင်မောင်အား နိုင်ငံတော် ပြည်သူ့ဥပဒေ အကျိုးဆောင်အဖွဲ့ ဥက္ကဌအဖြစ် အသီးသီး ရွေးကောက်တင်မြှောက်လိုက်ကြသည်။

သြဂုတ်လ ၁ ရက်နေ့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ အဖွဲ့ချုပ်က ၁၉၈၈ သြဂုတ်လ ၈ ရက်နေ့တွင် တစ်ပြည်လုံးအနှံ့ အထွေထွေသပိတ်ကြီး ဆင်နွှဲရန် ဆော်သြသည့် စာရွက်စာတမ်းများ ဖြန့်ဝေကြသည်။ သြဂုတ်လ ၃ ရက် ညနေ ၆ နာရီတွင် ရန်ကုန်မြို့၌ စစ်ဥပဒေ အမိန့် ထုတ်ပြန်ထားသော်လည်း ဆန္ဒပြသူ လူတစ်သောင်းက အမိန့်ကို ဖီဆန်၍ မြို့တွင်းသို့ လှည့်လည်ဆန္ဒပြခဲ့ကြသည်။ အစိုးရက စစ်ဥပဒေကို ဖီဆန်မှုဖြင့် ရာပေါင်းများစွာသော ပြည်သူတို့ကို ဖမ်းဆီးလိုက်သော်လည်း ဆန္ဒပြပွဲများ ဆက်လက် ဖြစ်ပွားခဲ့သည်။ အရေးအခင်းကြီး ဖြစ်ပွားနေစဉ်မှာပင် သြဂုတ်လ ၆ ရက်နေ့တွင် မဆလ အစိုးရသည် တရုတ်ပြည် ယူနန်နယ်ရှိ ထုတ်ကုန်သွင်းကုန် ကော်မရှင်နှင့် ကုန်သွယ်ရေးဝန်ကြီးဌာနတို့က သဘောတူ စာချုပ်ကို လက်မှတ်ရေးထိုး ချုပ်ဆိုကြသည်။ ထိုအချိန်မှစ၍ အရည်အသွေး ညံ့ဖျင်း၍ ဈေးပေါသော တရုတ် ပစ္စည်းများ မြန်မာနိုင်ငံသို့ လှိမ့်ဝင်လာခဲ့သည်။

သြဂုတ်လ ၈ ရက်နေ့တွင် ကမ္ဘာကပင် တုန်လှုပ်ခြောက်ခြားခဲ့ရသော ရှစ်ဆယ့်ရှစ် ဒီမိုကရေစီ အရေးတော်ပုံကြီး ဖြစ်ပွားခဲ့သည်။ ထောင်ပေါင်းများစွာသော ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ရရှိရန်၊ မဆလပါတီ နုတ်ထွက်ပေးရန်နှင့် ဆိုရှယ်လစ်စီးပွားရေးစနစ် အဆုံးသတ်ရန် တောင်းဆိုကြသည်။ ထိုနေ့ည ၁၁ နာရီ ၄၅ မိနစ်တွင် ဆူးလေဘုရားနှင့် မြို့တော်ခန်းမရှေ့၌ ဆန္ဒပြနေသော လူအုပ်ထဲသို့ စစ်တပ်က မောင်းပြန်သေနတ်များဖြင့် ပစ်ခတ်ခဲ့သည်။ လူထုဆန္ဒပြပွဲများသည် သြဂုတ်လ ၉ ရက်နေ့၌ မြို့ပေါင်း ၄၀ သို့ ပျံ့နှံ့သွားသည်။ ရန်ကုန်မြို့တွင် တပ်မ ၂၂ မှ တပ်ဖွဲ့များက ဆန္ဒပြသူများကို ပစ်ခတ်ရှင်းလင်းရာ လူ ၅၀၀၀ ကျော် သေကျေ၍ ထောင်ပေါင်းများစွာ ဖမ်းဆီးခံရသည်။ အစိုးရက သေဆုံးသူ အမျိုးသား ၁၀၆ ဦး၊ အမျိုးသမီး ၈ ဦး စုစုပေါင်း ၁၁၄ ဦးသာ သေဆုံးခဲ့သည်ဟူ၍ ထုတ်ပြန်ခဲ့သည်။ ထို့ပြင် ဒဏ်ရာရသူ ၃၃၆ ဦးနှင့် ဖမ်းဆီးခံထားသူပေါင်း ၂၉၆၅ ဦး ရှိသည်ဟု ဆိုသည်။ သို့သော် ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွားရာ မြန်မာနိုင်ငံရှိ ကျောင်းများအားလုံးကို ပိတ်လိုက်ရတော့သည်။

စစ်ကိုင်းမြို့တွင် ရဲနှင့်စစ်တပ်က ဆန္ဒပြနေသော လူထုကို ပစ်ခတ်ခဲ့သဖြင့် လူ ၄၀၀ ကျော်ခန့် သေဆုံးခဲ့ရသည်။ ၁၉၈၈ သြဂုတ်လ ၁၀ ရက်နေ့တွင် ရန်ကုန်မြို့၌ ဘရင်းကယ်ရီယာများပေါ်မှ စစ်သားများ၏ ပစ်ခတ်မှုကြောင့် ဆန္ဒပြသူ ကျောင်းသားနှင့် အရပ်သား အမြောက်အမြား သေဆုံးခဲ့ရပြန်သည်။ ဆန္ဒပြသူများ ကလည်း စစ်သားများကို ဓါတ်ဆီဗုံး၊ ဂျင်ကလိ၊ ဓားရှည်နှင့် လှံများ အသုံးပြုကာ ပြန်လည်တိုက်ခိုက်ခဲ့ကြသည်။ ထိုနေ့၌ ရန်ကုန်ဆေးရုံကြီး၌ စစ်တပ်က ဆေးရုံအမှုထမ်းများ ပစ်ခတ်မှုကြောင့် သူနာပြု ဆရာမများ၊ ဆရာဝန်နှင့် လူနာအချို့ သေဆုံးခဲ့ရသည်။ မြောက်ဥက္ကလာပတွင် ဒေါသထွက်နေသော လူအုပ်ကြီးက ရဲတပ်သားအချို့အား ပထမဆုံးအကြိမ် ခေါင်းဖြတ်သတ်လိုက်ကြသည်။

သြဂုတ်လ ၁၁ ရက်နေ့တွင် အထွေထွေသပိတ်ကြောင့် အစိုးရယန္တရားများ လုံးဝရပ်ဆိုင်းသွားသည်။ စစ်တပ်အဖွဲ့များ သွားလာမှုကို ဟန့်တားရန် လူထုက တားဆီးပိတ်ဆို့မှုများ ပြုလုပ်ခဲ့ကြသည်။ အမေရိကန် အထက်လွှတ်တော်က မဆလအစိုးရနှင့် မြန်မာပြည်မှ လူသတ်မှုများအား ရူတ်ချသည့် အဆိုကို တညီတညွတ်တည်း အတည်ပြုလိုက်သည်။ သြဂုတ်လ ၁၂ ရက်နေ့ သမ္မတသက်တမ်း ၁၇ ရက်သာ ရှိသေးသည့် သမ္မတဦးစိန်လွင်သည် နိုင်ငံတော်ကောင်စီဥက္ကဌ၊ နိုင်ငံတော်သမ္မတအဖြစ်မှ ဆင်းပေးလိုက်ရပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ပေးလိုက်ရသည်။ ဦးစိန်လွင်ပြုတ်ကျသွား၍ ရန်ကုန်မြို့လယ် လမ်းများပေါ် ထွက်လာသော ပြည်သူလူထုက ပျော်ရွှင်စွာ ကခုန်ခဲ့ကြသည်။

သြဂုတ် ၁၅ ရက်တွင် သြဂုတ် ၉ ရက်နေ့မှစ၍ ရန်ကုန်၊ စစ်ကိုင်းနှင့် အခြားမြို့များတွင် လုံခြုံရေးတပ်ဖွဲ့များက ကလေးများ ၊ ကျောင်းသားများနှင့် ပြည်သူများကို သေနတ်ဖြင့် ပစ်သတ်ခြင်းနှင့် လှံစွပ်ဖြင့် ထိုးသတ်ခြင်းတို့မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေများကို လုံးဝဆန့်ကျင်ရာ ရောက်ကြောင်း ရန်ကုန် ရှေ့နေများ ကောင်စီက ထုတ်ပြန်ကြေညာသည်။ ဒေါ်အောင်ဆန်းစုကြည်က ကျောင်းသားနှင့် အစိုးရကြားတွင် ၀င်ရောက်စေ့စပ်ပေးနိုင်ရန်အတွက် ပြည်သူ့အတိုင်ပင်ခံ ကော်မတီတစ်ရပ် ဖွဲ့စည်းရန် အဆိုပြုလိုက်သည်။ နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်း ဦးနု၊ သမ္မတဟောင်း မန်းဝင်းမောင်တို့အပြင် ၁၉၆၂ ခုနှစ်မတိုင်မှီက နိုင်ငံရေးဆောင်ရွက်ခဲ့သော ၀ါရင့်နိုင်ငံရေး ခေါင်းဆောင်များက ထောက်ခံကြိုဆိုခဲ့ကြသည်။

သြဂုတ်လ ၁၆ ရက်နေ့တွင် မြန်မာနိုင်ငံ ဆရာဝန်များအသင်းက ရန်ကုန်မြို့တွင် အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်းကို ကန့်ကွက်ခဲ့ကြသည်။ သြဂုတ်လ (၁၇) ရက်နေ့တွင်မူ ရန်ကုန်ဆေးရုံကြီး အပြင်ဘက်၌ လူ ၃၀၀၀ ခန့် ဆန္ဒပြနေစဉ် စစ်တပ်မှ သံချပ်ကာများနှင့် ၀န်းရံထားလိုက်သည်။

သြဂုတ်လ ၁၉ ရက်နေ့တွင် မဆလအစိုးရက စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော် အရေးပေါ် အစည်းအဝေး ကျင်းပကာ နိုင်ငံတော်ကောင်စီဥက္ကဌနှင့် နိုင်ငံတော်သမ္မတအဖြစ် ဒေါက်တာမောင်မောင်ကို ရွေးချယ်တင်မြှောက်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ထိုနေ့မှာ နိုင်ငံတော် ကောင်စီ ကြေညာချက် (အမှတ် ၃/၈၈) ဖြင့် ပြည်သူ့တရားသူကြီးအဖွဲ့ဥက္ကဌ ဦးတင်အောင်ဟိန်း ဦးဆောင်သည့် ပြည်သူ့ဆန္ဒ လေ့လာစုံစမ်းရေး ကော်မရှင်ကို ဖွဲ့စည်းလိုက်သည်။

သြဂုတ်လ ၂၀ ရက်တွင် ဆန္ဒပြသူများက ဒေါက်တာမောင်မောင် သမ္မတရာထူးမှ နုတ်ထွက်ပေးရန်နှင့် အထွေထွေရွေးကောက်ပွဲကို ကျင်းပရန်အတွက် ကြားဖြတ်အစိုးရ ဖွဲ့စည်းပေးရန် တောင်းဆိုကြသည်။
သြဂုတ် ၂၂ မှ ၂၃ ရက်နေ့အထိ ပြည်သူထောင်ပေါင်းများစွာ လမ်းပေါ်ထွက်၍ ဆန္ဒပြခဲ့ကြသည်။ အထွေထွေ သပိတ်ကြီးက အစိုးရနုတ်ထွက်ရန် တောင်းဆိုခဲ့ကြသည်။ ဟင်္သာတ၊ မုံရွာ၊ ရေဦး၊ ရေနံချောင်း၊ ချောက်၊ မကွေးနှင့် အထက်မြန်မာပြည် မြို့ကြီးများတွင်လည်း နေ့စဉ်လိုလို ဆန္ဒပြခဲ့ကြသည်။ အထွေထွေသပိတ်ကြီးတွင် လူထုခြောက်သိန်းခန့် ပါဝင်ဆန္ဒပြခဲ့သည်ဟု သိရသည်။

သြဂုတ်လ ၂၃ ရက်နေ့တွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် အေဒီလမ်း (ယခု မေခလမ်း) ရှိ ဦးနေ၀င်းအိမ်တွင် အရေးပေါ် အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာသည်။ ထိုအစည်းအဝေးတွင် လူထုမငြိမ်သက်မှုများကို ဖြိုခွင်းရန် သေနင်္ဂဗျူဟာ အသစ် ရေးဆွဲကြသည်။

သမ္မတ ဒေါက်တာမောင်မောင်သည် သြဂုတ်လ ၂၄ ရက်နေ့တွင် မာရှယ်လော စစ်ဥပဒေကို ရုပ်သိမ်းလိုက်သည်။ ရန်ကုန်မြို့၌ ချထားသော တပ်များလည်း ပြန်လည်ရုပ်သိမ်းသွားသည်။ ဒေါက်တာ မောင်မောင်က တစ်ပါတီစနစ် (သို့မဟုတ်) ပါတီစုံစနစ် ကျင့်သုံးရန် ကိစ္စအတွက် ပြည်သူ့ဆန္ဒခံယူပွဲကို ပြုလုပ်ပေးရန် ကတိပြုလိုက်သည်။

သြဂုတ်လ ၂၅ ရက် နံနက်ပိုင်းတွင် ဇူလိုင်လ ၂၉ ရက်နေ့က ဖမ်းဆီးထားခဲ့သည့် ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီးနှင့် အပေါင်းအပါ ၉ ဦးကို ပြန်လည်လွှတ်ပေးလိုက်သည်။ ထိုနေ့မှာပင် သြဂုတ်လ ၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ ဖမ်းဆီးခဲ့သော သံဃာတော် ၂၇ ပါး၊ ကျောင်းသား ၅၉၇ ဦး၊ ကျောင်းသူ ၁၄၇ ဦး၊ အရပ်သား ၁၅၈၈ ဦး၊ အရပ်သူ ၂၂၂ ဦး ၀န်ထမ်း ၁၆၉ ဦး စုစုပေါင်း ၂၇၅ဝ ဦးတို့ကို ပြန်လည်လွှတ်ပေးခဲ့သည်။

ထိန်းသိမ်းရာမှ ပြန်လည်လွတ်မြောက်လာသော ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီးသည် ထိုနေ့ ညနေပိုင်းတွင် စမ်းချောင်းမြို့နယ် ပဒုမ္မာကွင်း၌ လူထုအစည်းအဝေး ပြုလုပ်၍ လူထုကြီးအား “စစ်တပ်ကို စိတ်နှင့်တောင် မပြစ်မှားကြနဲ့ဟု” ပြောဆိုခဲ့သောကြောင့် သုံးဖက်ချွန် အောင်ကြီး ဟူ၍ လူထု၏ ကင်ပွန်းတပ်ခြင်း ခံခဲ့ရသည်။

အလားတူ သြဂုတ်လ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ရွှေတိဂုံစေတီတော် အနောက်ဘက်မုခ်၌ မိန့်ခွန်းပြောကြားခဲ့သည်။ အဆိုပါ လူထုအစည်းအဝေးပွဲတွင် ပြောကြားခဲ့သော မိန့်ခွန်းသည် ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာနိုင်ငံခရီးစဉ်၌ ပထမဆုံး ပြောကြားခဲ့သော မိန့်ခွန်းဖြစ်သလို လူထုတစ်ရပ်လုံးက ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းကို သဘောကျ နှစ်ခြိုက်ကာ ထိုနေ့မှ စတင်ကာ လူထုခေါင်းဆောင်အဖြစ် အားလုံးက သတ်မှတ်ခဲ့ကြလေသည်။

သြဂုတ်လ ၂၆ ရက်မှ ၂၈ ရက်အတွင်း အင်းစိန်ထောင်၌ ထောင်တွင်းဆူပူမှုများ စတင်ဖြစ်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် နိုင်ငံအ၀ှမ်းရှိ မြို့ပေါင်း (၉)မြို့မှ ထောင်များတွင်လည်း အဓိကရုဏ်းများ တစ်ပြိုင်နက် ဖြစ်ပေါ်လာပြီးနောက် အစိုးရက အကျဉ်းသား ၉ဝဝဝ ကျော်ခန့်ကို လွှတ်ပေးလိုက်သည်။

သြဂုတ်လ ၂၇ ရက်နေ့တွင် ရန်ကုန်မြို့ အထွေထွေရောဂါကု ဆေးရုံကြီးအရေးပေါ်ဌာနရှေ့၌ ကာကွယ်ရေးဦးစီးချုပ်ဟောင်းနှင့် ကာကွယ်ရေး ၀န်ကြီးဟောင်း ဦးတင်ဦးက မိန့်ခွန်းပြောကြားသည်။

သြဂုတ်လ ၂၈ ရက်နေ့တွင် ရန်ကုန်မြို့၌ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂကို ဖွဲ့စည်း တည်ထောင်၍ ဥက္ကဌအဖြစ် မင်းကိုနိုင်ကို ရွေးချယ်တင်မြှောက်ကြသည်။ ထိုနေ့မှာပင် ၀န်ကြီးချုပ်ဟောင်း ဦးနုက ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအဖွဲ့ချုပ် (ယာယီ) ကို တည်ထောင်ခဲ့ရာ ဗိုလ်မှူးအောင် ၊ သခင်ခင်အောင်၊ သခင်ချစ်၊ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦး၊ ဗိုလ်မှူးချုပ်ဟောင်း အောင်ရွှေ၊ ဗိုလ်မှူးကြီးဟောင်း စောမြင့် ၊ ၀ိဓူရ သခင်ချစ်မောင်၊ သခင်သိန်းဖေ (၀ါးခယ်မ) စသော ၀ါရင့်နိုင်ငံရေးသမားကြီးများ ပါဝင်ခဲ့သည်။

သြဂုတ်လ ၂၉ ရက်နေ့တွင်ရှေ့နေများ၊ စာရေးဆရာများ၊ ရုပ်ရှင်သရုပ်ဆောင်များ၊ အဆိုတော်များလည်း ဆန္ဒပြပွဲများတွင် ပါဝင်လာခဲ့ကြသည်။ လူထုလူတန်းစားအသီးသီး လူထုဆန္ဒပြပွဲတွင် ပါဝင်လာပြီးနောက် မဆလပါတီ ထောင်ပေါင်းများစွာ ပါတီဝင်အဖြစ်မှ နုတ်ထွက်ခဲ့ကြသည်။

သြဂုတ်လ ၃၁ ရက်နေ့တွင် အနောက်ဂျာမနီက ရန်ကုန်မြို့မှ သတ်ဖြတ်မှုများကို သဘောမတူကြောင်း ပြသရန်အတွက် ဂျာမန်မတ်ငွေ ၆၅ သန်း ထောက်ပံ့ကူညီမှုကို ရပ်စဲလိုက်သည်။

စက်တင်ဘာလ ၂ ရက်နေ့တွင် မြန်မာနိုင်ငံ ရှေ့နေများအသင်းက ၁၉၇၄ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းပေးရန် တောင်းဆို၍ ၁၉၆၂ ခုနှစ် အာဏာသိမ်းမှုမှာ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်ခဲ့ခြင်းသာ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွားကာ မြို့ကြီးမြို့ငယ် စုစုပေါင်း ၅ဝ ခန့်မှာ ဆန္ဒပြသူများ လက်ထဲ ကျရောက်သွားသည်။

စက်တင်ဘာလ ၃ ရက်နေ့တွင် အမေရိကန် လွှတ်တော်အမတ် စတီဗင်ဂျေဆိုလာ့ဇ် (Stephen J.Solarz) ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး သမ္မတ ဒေါက်တာမောင်မောင်နှင့် တွေ့ဆုံခဲ့သည်။

စက်တင်ဘာလ ၅ ရက်နေ့တွင် ရန်ကုန်မြို့ရှိ စစ်မှုထမ်းဟောင်းများနှင့် ၀န်ထမ်းအများစု နေထိုင်ရာ တောင်ဥက္ကလာပမြို့နယ် စီမံကိန်း (၁) ရပ်ကွက်သို့ ကပစမှ ညအချိန်တွင် ဂျင်ကလိ သေတ္တာများ လာရောက်ပေးပို့ပြီးနောက် တစ်ဖက်နှင့်တစ်ဖက် အုပ်စုဖွဲ့အဓိကရုဏ်းများ ပေါ်ပေါက်ကာ လူပေါင်း ၂၃ ယောက် ခေါင်းဖြတ်မီးရှို့သတ်ဖြတ်ခဲ့ကြသည်။

ဆန္ဒပြအင်အားစုတို့သည် အထွေထွေ သပိတ်ကော်မတီ (G.S.C)၊ ကျောင်းသားများ စည်းကမ်းထိန်းသိမ်းရေး ကော်မတီ (S.C.S) များ ဖွဲ့စည်းပြီး ရက်ပေါင်းများစွာ ဆန္ဒပြကာ ကြားဖြတ်အစိုးရ ဖွဲ့စည်းရေးကို တောင်းဆိုနေကြသော်လည်း အချိန်ကြာညောင်းလာသည်နှင့်အမျှ သပိတ် အင်အားစုများလည်း ပင်ပန်းလာကြသည်။ ထိုစဉ်အတွင်း ဗိုလ်မှူးကြီး ခင်ညွှန့်ဦးဆောင်သော ထောက်လှမ်းရေးတပ်ဖွဲ့များက လူထုစားသုံးသော အစားအစာနှင့် ရေတို့တွင် အဆိပ်ခတ်၍လည်းကောင်း၊ ရပ်ကွက်တွင်းသို့ မီးကွင်းများပစ်၍ လည်းကောင်း၊ ပြည်သူတို့ ကျီးလန့်စာစားဖြစ်စေရန် အဖျက်အမှောင့်လုပ်ငန်း လုပ်ကိုင်ခဲ့သည်။

စက်တင်ဘာလ ၉ ရက်နေ့တွင် ၀န်ကြီးချုပ်ဟောင်း ဦးနုက ရန်ကုန်မြို့ ၀င်္ကဘာလမ်း ခြံအမှတ် ၁၀ ၌ သူ့ထံမှ လုယူခံရသော အာဏာတော်ကို သူပြန်လည်ရယူသည့်အနေဖြင့် တရားဝင် စင်ပြိုင်အစိုးရကို ၀န်ကြီးစာရင်တင်ပြ၍ ဖွဲ့စည်းကာ ကမ္ဘာသို့ ကြေညာခဲ့သည်။

ဦးနု၏ တရားဝင်စင်ပြိုင်အစိုးရကို ၆၂ ကျောင်းသားများသမဂ္ဂ၊ တိုက်ပွဲဝင် ရှေ့နေများအဖွဲ့၊ စက်မှု (၁) သမဂ္ဂ၊ ရေလုပ်ငန်းသမဂ္ဂ စသော အဖွဲ့ (၇) ဖွဲ့က ချက်ချင်းထောက်ခံကြောင်း ကြေညာခဲ့သည်။ အထွေထွေသပိတ် ကော်မတီက ပထစ အစိုးရကို အသက်သွင်းခြင်း မဟုတ်ပါက စင်ပြိုင်အစိုးရကို ထောက်ခံမည်ဟု ကြေညာခဲ့သည်။ ထိုနေ့မှာပင် တပ်မတော်(လေ) မှ စစ်သည်ပေါင်း ၂၀၀ ခန့်က လူထုဆန္ဒပြပွဲများတွင် ပူးပေါင်းပါဝင်ကာ ဆန္ဒပြခဲ့ကြသည်။

ဦးနု၏ တရားဝင်စင်ပြိုင်အစိုးရ ကြေညာပြီးနောက် မကြာမီမှာပင် ဒေါက်တာမောင်မောင်က မဆလ ပါတီ ဒုတိယအကြိမ် အရေးပေါ် ပါတီညီလာခံခေါ်ယူပြိး ၁၉၇၄ ခုနှစ် အခြေခံဥပဒေပုဒ်မ (၁၁) အရ မဆလ တစ်ပါတီတည်းသာ ရှိရမည်ဟူသော ပြဌာန်းချက်ကို ပယ်ဖျက်ပေးမည်။ ပါတီများ ဖွဲ့ကြပါ။ သုံးလအတွင်း ပါတီစုံ အထွေထွေရွေးကောက်ပွဲကို တရားမျှတစွာ ကျင်းပပေးမည်၊ မဆလပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များ မည်သူတစ်ဦးတစ်ယောက်မျှ အရွေးမခံပါ ဟု ကြေညာခဲ့သည်။

ဦးနုက သပိတ်ကော်မတီဝင်များနှင့် တွေ့ဆုံ၍ သမ္မတဒေါက်တာ မောင်မောင်၏ ကတိကို ယုံကြည်ကြောင်း၊ ဒေါက်တာမောင်မောင်သည် ဂုဏ်သိက္ခာရှိသည့် လူကြီးလူကောင်းတစ်ယောက်ဖြစ်သည်။ သပိတ်ကော်မတီများအနေဖြင့် ရွေးကောက်ပွဲ ၀င်သင့်ကြောင်း ပြောကြားခဲ့သည်။

စက်တင်ဘာလ ၁၁ ရက်နေ့တွင် ရန်ကုန်မြို့ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ရွေးကောက်ပွဲ ကျင်းပနိုင်ရန်အတွက် ဦးဘဌေး၊ ဦးကျော်ညွှန့်၊ ဦးစန်းမောင်၊ ဦးစောကြာဒိုး၊ ဆရာချယ် တို့ ပါဝင်သော ရွေးကောက်ပွဲ ကော်မရှင်ကို ဖွဲ့စည်းပေးသည်။

သပိတ်ကော်မတီဝင်များက “ဒေါက်တာမောင်မောင်ကို မယုံကြည်ကြောင်း၊ အကယ်၍ ရွေးကောက်ပွဲ ၀င်ပါက မဆလပါတီသည် အဖွဲ့ဝင်အင်အား ၊ ငွေကြေးအင်အား ပြည့်စုံသည့် အဖွဲ့ကြီးဖြစ်၍ ဒီမိုကရေစီ အင်အားစုများအနေဖြင့် ယှဉ်ပြိုင် အနိုင်ယူဖွယ် မရှိကြောင်း” တင်ပြကြသည်။

သပိတ်ကာလ အချိန်ကြာလာပြီးနောက် တစ်စုံတစ်ရာ အဆုံးအဖြတ် မပေးနိုင် ဖြစ်လာသောအခါ ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂက ဦးနု၊ ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီး၊ ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်ကြီးဟောင်း တင်ဦးတို့ကို ဆေးတက္ကသိုလ် (၁) ခန်းမသို့ ဖိတ်ကြား၍ မည်သို့ ဆက်လက်ဆောင်ရွက် သင့်ကြောင်း သြ၀ါဒပေးပါဟု တောင်းဆိုခဲ့ကြသည်။ ယခုချက်ချင်း အဆုံးအဖြတ်ပေးရန်မဟုတ်ဘဲ ၄၈ နာရီအတွင်း အဖြေပေးရန် ပန်ကြားရာ ဦးနုက နောက်တစ်နေ့တွင် တကသ အဖွဲ့ဝင် ကျောင်းသားများနှင့် တွေ့ဆုံ၍ “သူဖွဲ့စည်းထားသော စင်ပြိုင်အစိုးရကို ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော ဒီမိုကရေစီ အင်အားစုများက ထောက်ခံကြပါ၊ ထောက်ခံပါက အစစအရာရာ သူတာဝန်ယူမည်။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည်တို့ တင်ပြထားသလို ကြားဖြတ်အစိုးရ ဖွဲ့မည်ဆိုလျှင် မိမိတို့ဘာသာဖွဲ့၍ အစိုးရဖွဲ့ပေးမည်ကို မစောင့်ပါနှင့်၊ ဖွဲ့ပြီးပါက သူထောက်ခံမည် ဖြစ်ကြောင်း ပေးသည့်တာဝန်ကို သူထမ်းရွက်မည် ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် အင်အားတစ်သိန်း ရှစ်ထောင်ရှိသော စစ်တပ်ကို မဆလ ပါတီမှ နုတ်ထွက်ခွင့်ပြုကြောင်း အစိုးရက ကြေညာသည်။ ထိုနေ့မှာပင် ကာကွယ်ရေးဝန်ကြီးဌာန အပြင်ဘက် ဖဆပလရပ်ကွက်အနီး၌ ဆန္ဒပြသူများနှင့် စစ်သားများ ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ပွားခဲ့သည်။ ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီးနှင့် အခြားပုဂ္ဂိုလ်များက အခြေအနေကို ၀င်ရောက်ထိန်းသိမ်း၍ လူစုခွဲပေးလိုက်သည်။

စက်တင်ဘာလ ၁၇ ရက်နေ့တွင် ကုန်သွယ်ရေး ဝန်ကြီးဌာနအပေါ်မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့သော စစ်သား ၂၄ ဦးစလုံးမှာ နောက်ဆုံးတွင် လက်နက်ချလိုက်ရသည်။ အစိုးရက နုတ်ထွက်ပေးရန်နှင့် ကြားဖြတ်အစိုးရဖွဲ့စည်းပေးရန် ငြင်းဆန်ခဲ့သဖြင့် ဆန္ဒပြမှုများ ပို၍ ပြင်းထန်လာခဲ့သည်။ ကျောင်းသားအချို့မှာ တိုင်းရင်းသားလက်နက် အဖွဲ့များထံတွင် စစ်သင်တန်းများ တက်ရောက်ရန်နှင့် လက်နက်များ ရရှိရန်အတွက် ထိုင်း-မြန်မာ နယ်စပ်ဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။


ဦးသန်းရွှေ (သို့မဟုတ်) နေပြည်တော် မင်းသားကြီး – အပိုင်း (၂)


၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့တွင် ဆန္ဒပြပွဲများ ဆက်လက်ဖြစ်ပွားခဲ့ရာ ထိုနေ့မှာပင် ကြိုတင်စီစဉ်ထားသည့်အတိုင်း ညနေ ၄ နာရီခွဲတွင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမောင် ဦးစီးသော စစ်တပ်က နိုင်ငံတော်အာဏာကို သမ္မတဒေါက်တာမောင်မောင် အစိုးရထံမှ လွှဲပြောင်းယူပြီးနောက် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) ကို ဖွဲ့စည်းလိုက်ကြောင်း ရေဒီယို၊ ရုပ်မြင်သံကြားတို့မှ ကြေညာခဲ့သည်။ ပြည်ထောင်စုမြန်မာနိုင်ငံပြန်တမ်း အတွဲ ၄၁၊ အမှတ် ၃၆ (၂၈-၁ဝ-၈၈) ၌ အာဏာသိမ်းခဲ့ခြင်းကို -

“နိုင်ငံတော်တစ်ဝန်း၌ အဘက်ဘက်၌ ယိုယွင်းနေသော အခြေအနေကို အချိန်မီ ထိန်းသိမ်းနိုင်ရန် အတွက် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ ကြေညာချက်အမှတ် ၁/၈၈ ဖြင့် နိုင်ငံတော် အာဏာအရပ်ရပ်ကို တပ်မတော်က ထိန်းသိမ်းသည်” ဟူ၍ ဖော်ပြထားသည်။

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ကို အောက်ပါပုဂ္ဂိုလ်များနှင့် ဖွဲ့စည်းကြောင်း အမိန့်အမှတ် (၁/၈၈) ကို ထုတ်ပြန်ကြေညာသည်။ ယင်းတို့မှာ -
(၁) ဗိုလ်ချုပ်ကြီး စောမောင်- ဥက္ကဌ
(၂) ဒုတိယဗိုလ်ချုပ်ကြီး သန်းရွှေ- အဖွဲ့ဝင်
(၃) ဗိုလ်ချုပ် မောင်မောင်ခင်-     ။
(၄) ဗိုလ်ချုပ် တင်ထွန်း-     ။
(၅)ဗိုလ်မှူးချုပ် အောင်ရဲကျော်-     ။
(၆) ဗိုလ်ချုပ် ဘုန်းမြင့်-     ။
(၇) ဗိုလ်ချုပ် စိန်အောင်-     ။
(၈) ဗိုလ်ချုပ် ချစ်ဆွေ-     ။
(၉) ဗိုလ်မှူးချုပ် ကျော်ဘ-     ။
(၁၀) ဗိုလ်မှူးကြီး မောင်သင့်-     ။
(၁၁) ဗိုလ်မှူးချုပ် မောင်အေး-     ။
(၁၂) ဗိုလ်မှူးချုပ် ညဏ်လင်း-     ။
(၁၃) ဗိုလ်မှူးချုပ် မြင့်အောင်-     ။
(၁၄) ဗိုလ်မှူးချုပ် မြသင်း-     ။
(၁၅) ဗိုလ်မှူးချုပ် ထွန်းကြည်-     ။
(၁၆) ဗိုလ်မှူးချုပ် အေးသောင်-     ။
(၁၇) ဗိုလ်မှူးချုပ် မျိုးညွှန့်-     ။
(၁၈) ဗိုလ်မှူးချုပ် ခင်ညွှန့်- အတွင်းရေးမှူး (၁)
(၁၉) ဗိုလ်မှူးကြီး တင်ဦး- အတွင်းရေးမှူး (၂)
တို့ ဖြစ်သည်။

ထိုနေ့မှာပင် နဝတအဖွဲ့သည် ပြည်သူ့လွှတ်တော်၊နိုင်ငံတော်ကောင်စီ၊ ဝန်ကြီးအဖွဲ့ ၊ ပြည်သူ့တရားသူကြီး အဖွဲ့၊ ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့၊ ပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့နှင့် ပြည်နယ်၊တိုင်း၊မြို့နယ်၊ ရပ်ကွက်ကျေးရွာ ပြည်သူ့ကောင်စီအဆင့်ဆင့် စသည့် နိုင်ငံတော် အာဏာပိုင် အဖွဲ့အစည်းများနှင့် ဒုတိယဝန်ကြီးများအား တာဝန်မှ ရပ်စဲသည့် ကြေညာချက်အမှတ် (၂/၈၈) ကို ထုတ်ပြန်ခဲ့သည်။

ညဘက်တွင် ပြည်သူလူထုက လမ်းများအားလုံးကို တားဆီးပိတ်ဆို့မှုများ ချထားလိုက်ပြီး၊ လျှပ်စစ်ဝါယာကြိုးများကို ဖြတ်တောက်ကာ လမ်းမီးများအားလုံးကို အမှောင်ချထားလိုက်သည်။ နဝတအစိုးရ ပြည်သူလူထုအား စီတန်းလှည့်လည်ခြင်း၊ သပိတ်စခန်းဖွင့်ခြင်း၊ လမ်းပိတ်ဆို့ ဆန္ဒပြခြင်းနှင့် လုံခြုံရေးတာဝန် ထမ်းထောင်သူများကို နှောင့်ယှက်ခြင်း မပြုရန်နှင့် ည မထွက်ရအမိန့်ကို ထုတ်ပြန်ခဲ့သော်လည်း လူထုက ဆန့်ကျင်ကာ ဆက်လက်ဆန္ဒပြခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက မြင်မြင်သမျှ ဆန္ဒပြသမားများကို  ပစ်ခတ်ရှင်းလင်းခဲ့သည်။

ထိုနေ့ ညနေ ၄း၁ဝ နာရီမှ ၄း၅ဝ နာရီအထိ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) စစ်ဆင်ရေး အစည်းအဝေး ခန်းမသစ်တွင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမောင်နှင့် ဒုတိယကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး သန်းရွှေတို့က နိုင်ငံတော်အာဏာကို သိမ်းပိုက်ရခြင်းနှင့် ပတ်သက်၍လည်း ရှင်းလင်းသည့် အစည်းအဝေး တစ်ရပ်ကို ပြုလုပ်ခဲ့သည်။ အဆိုပါ အစည်းအဝေးသို့ ဗိုလ်ချုပ်ကြီး စောမောင် အပါအဝင် စစ်တပ်အရာရှိကြီးပေါင်း ၅၆ ဦး တက်ရောက်ခဲ့ကြသည်။

အစည်းအဝေး၌ န၀တဥက္ကဌ ဗိုလ်ချုပ်ကြီး စောမောင်က…

ယနေ့အခြေအနေ အရပ်ရပ်အရ မိမိတို့အနေနှင့် ဤတာဝန်ကို ထမ်းဆောင်လိုက်ရသည်မှာ နိုင်ငံတော်၏ အခြေအနေသည် ယင်းသို့ မလုပ်လျှင် မရတော့သဖြင့် လုပ်လိုက်ကြရခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော်၏ စက်ယန္တရားအားလုံးမှာ လုံးဝရပ်ဆိုင်းနေပြီး လူတွေလည်း စားဝတ်နေရေး အခက်အခဲများ တွေ့နေရကြောင်း၊ အထိတ်ထိတ် အလန့်လန့်ဖြင့် နေကြရ၊ သွားရေး လာရေး အဆင်မပြေ၊ တရားဥပဒေ စိုးမိုးရေးကလည်းမရှိ စသည့်အခြေအနေမျိုးများရှိပြီးတစ်ဖက်ကလည်း ပြန်လေ့လာကြည့်လျှင် သာမာန်အားဖြင့် ဒီမိုကရေစီ တောင်းဆိုသည့် အရေးအခင်းမှ တဖြည်းဖြည်း ပုံသဏ္ဌာန်ပြောင်းလာသည်မှာ နောက်ဆုံးတွင် မင်းမဲ့စရိုက်ဆန်သည့်အခြေအနေမျိုးဖြစ်ပေါ်လာနိုင်ကြောင်းကို အထောက်အထားများအရ သော်လည်းကောင်း၊ အခြားအကြောင်းအချက်များအရသော်လည်းကောင်း၊ မိမိတို့မှန်းဆ၍ရကြောင်း ကျောင်းသူကျောင်းသားများနှင့် ဒီမိုကရေစီအရေးအတွက် မှန်မှန်ကန်ကန် လုပ်ဆောင်သည့် အခြားသော အဖွဲ့အစည်းများကို ရှေ့တန်းတွင် ဗန်းပြထားပြီးနောက်ပိုင်းတွင် နိုင်ငံတော်၏ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးကို ဖျက်ဆီးပစ်ရန် အာဏာရလိုသည့် အဖွဲ့အစည်းများ၏ လှုပ်ရှားမှုကို ပေါ်ပေါ်လွင်လွင် တွေ့ရကြောင်း၊ ယင်းအခြေအနေမျိုးတွင် ထိန်းသိမ်းရန်မှာ တပ်မတော်၏ တာဝန်သာဖြစ်ကြောင်း ၊ မိမိတို့ မကြာခဏ ပြောသကဲ့သို့ လွတ်လပ်ရေး အဓွန်ရှည်စွာ တည်တံ့ခိုင်မြဲအောင် တိုင်းရင်းသားအားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ရှိအောင် ရပ်ရွာအေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး ရရှိအောင် ဆောင်ရွက်ပေးရမည်မှာ ပြည်သူ့တပ်မတော်၏ တာဝန်သာဖြစ်ကြောင်း၊ ယင်းမှာ မိမိတို့ တစ်ဖွဲ့တည်းနှင့် ဆောင်ရွက်ရမည့်ကိစ္စမဟုတ်ဘဲ အခြားသော သက်ဆိုင်ရာ ဝန်ကြီးအဖွဲ့ ဌာနများ စုပေါင်းယူကြရန် လိုကြောင်း၊ သို့သော်လည်းပဲ အခု ခိုင်ခိုင်မြဲမြဲနှင့် တည်တည်တံ့တံ့ ရပ်တည်နိုင်သည်မှာ မိမိတို့ကာကွယ်ရေး ဝန်ကြီးဌာန တစ်ခုသာလျှင်ကျန်ကြောင်း ၊ တစ်ဖက်က ထိုးနှက်မှု၏ အနေအထားများကို ဆန်းစစ်ကြည့်လျှင် ကာကွယ်ရေးဝန်ကြီးဌာန အဖွဲ့အောက်တွင် ရှိသည့် တပ်မတော် (ကြည်း၊ရေ၊လေ) အဖွဲ့အစည်းများ ပြိုကွဲရေးကို ဦးတည်လာနေသည်ကို တွေ့ရကြောင်း ၊ ဤအဖွဲ့ပြိုကွဲသွားလျှင် နိုင်ငံတော်၏ အခြေအနေမှာ ထိန်းမနိုင် သိမ်းမရဖြစ်သွားပြီး ပြည်တွင်းရေးရာ ကိစ္စများသာမက ပြည်ပစွက်ဖက်မှုများပါ ဖြစ်ပေါ်လာနိုင်သည်ကို တွေ့ရကြောင်း၊ မိမိတို့အနေနှင့် အာဏာကို လိုချင်၍ မဟုတ်ကြောင်း၊ တိုင်းသူပြည်သားများ၏ ဆန္ဒနှင့်အညီ ဥပဒေအရ ဒီမိုကရေစီစနစ်အရ ပြည်သူလူထုက တောင့်တနေသည့် ဒီမိုကရေစီစနစ်ကို ဖော်ထုတ်ပြီး ပြည်သူလူထုက  ၎င်းတို့ အစစ်အမှန်ကို လိုလားနှစ်သက်သူများနှင့် ဖွဲ့စည်းသည့် လွှတ်တော်အဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက်လာပြီး၊ နိုင်ငံတော်ကို အနာဂတ်တွင် ဦးဆောင်မည့် အစိုးရအဖွဲ့တစ်ဖွဲ့ ပေါ်ပေါက်လာလျှင် မိမိတို့အာဏာကို အမြန်ဆုံး လွှဲပေးမည်ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်နိုင်ဖို့ ဆိုသည်မှာ တိုင်းပြည်၏ ငြိမ်ဝပ်ပိပြားရေး တည်တည်ငြိမ်ငြိမ်ရှိရန် အရေးကြီးဆုံးဖြစ်ကြောင်း၊ ယင်းအပေါ်တွင် မူတည်ပြီး ယိမ်းယိုင်နေသည့် အခြေအနေများကို မိမိတို့ ဝင်ရောက်မထိန်းသိမ်းလျှင် မဖြစ်တော့သည့်အတွက် မိမိတို့၏ တာဝန်ကို ထမ်းဆောင်နေခြင်းဖြစ်ကြောင်း၊ ယင်းသို့ တာဝန် ထမ်းဆောင်သည့်အခါ မိမိတို့ တပ်မတော်သားများ ထားရှိသည့် နဂိုဗီဇအတိုင်း ပုဂ္ဂိုလ်ရေးအာဃာတရှိမှု အစရှိသည်များ ရှိမည်မဟုတ်ကြောင်း၊ သို့သော်လည်း မိမိတို့အနေဖြင့် တရားဥပဒေစိုးမိုးပြီး ငြိမ်ဝပ်ပိပြားအောင် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ လွတ်လပ်မှုနှင့် အချုပ်အခြာ အာဏာမဆုံးရှုံးအောင် ကာကွယ်တည်ဆောက်ရမည်ဖြစ်ကြောင်း၊ ငြိမ်ဝပ်ပိပြားမှု အမြန်ဆုံးရပြီး လူထုဆန္ဒနှင့်အညီ ရွေးချယ်တင်မြှောက်ပွဲ လုပ်ပြီးသည်နှင့် လွှတ်တော်ခေါ်ခေါ်၊ ပါလီမန်ခေါ်ခေါ်၊ ယင်းသို့ အထွေထွေးရွေးချယ် တင်မြှောက်ပွဲပြီး၍ လူထုကိုယ်စားလှယ်များ တက်လာပြီးမှ ဖွဲ့စည်းပုံ အခြေခံဥပဒေများ ရေးဆွဲကြပြီးလျှင် ဖွဲ့စည်းပုံ အခြေခံဥပဒေပေါ်တွင် ပေါ်ပေါက်လာမည့် အစိုးရကို အာဏာလွှဲပေးဖို့ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ယင်းတာဝန်ကျေပွန်ဖို့ ဆိုသည်မှာ မိမိတစ်ယောက်တည်းနှင့် မပြီးကြောင်း၊ မိမိကွပ်ကဲမှု အောက်တွင် ရှိနေသည့် တပ်မှူးကြီးများ၊ တပ်မှူးများ၊ တပ်ဖွဲ့မှူးများနှင့် တပ်မတော် ကြည်း၊ရေ၊ လေ၊ တပ်ရင်း၊ တပ်ဖွဲ့ တပ်မတော်သားအားလုံးက ဝိုင်းဝန်းကြိုးပမ်းကြမှ ယင်းတာဝန် ပြီးဆုံးမည်ဖြစ်ကြောင်း ၊ ယင်းသို့ တာဝန်ထမ်းဆောင်ကြသည့်အခါ ယနေ့အခြေအနေအရ တင်းမာမှုများ ဖြစ်ပေါ်ချင်လည်း ဖြစ်ပေါ်လာနိုင်ကြောင်း အားလုံးက လက်ခံပြီး ပြေပြေလည်လည် ဖြစ်သွားနိုင်လျှင်လည်း ဖြစ်နိုင်ကြောင်း၊ အချို့တဝက်လောက်က မကျေနပ်သဖြင့် တင်းမာမှုဖြစ်စေ၊ အံတုမှုဖြစ်စေ၊ အပြုအမူမျိုး ပြုလုပ်လာနိုင်ကြောင်းလည်း မျှော်မှန်းကြရမည်ဖြစ်ကြောင်း၊ ယင်းအခြေအနေမျိုး ဖြစ်လျှင် မိမိတို့အနေနှင့် သွေးထွက်မှုအနည်းဆုံးဖြစ်အောင် တတ်စွမ်းသမျှ ကြိုးပမ်းကြရမည်ဖြစ်ကြောင်း၊ ယနေ့လှုပ်ရှားမှုများကို ပြန်ကြည့်ရာတွင် ရိုးရိုးသားသားနှင့် တကယ့်ဒီမိုကရေစီ ရရှိအောင် ကြိုးပမ်းနေသည့် ရဟန်း၊ ရှင်၊ လူ ပြည်သူအပေါင်း အမှုထမ်းများ၊ ကျောင်းသားလူငယ်များ စသည်ဖြင့် ရိုးရိုးသားသား ဆောင်ရွက်နေသူများ ရှိသကဲ့သို့ အမှောင့်ပယောဂဝင်ပြီး ယင်းကို အခွင့်အရေးယူ အမြတ်ထုတ်ချင်သည့် သူများလည်း ရှိကြောင်း၊ ယင်းအမျိုးအစား (၂) ခုကိုလည်း မိမိတို့ အမြဲသတိချပ်ရန်လိုကြောင်း ၊ လုပ်ကြကိုင်ကြရာတွင် စဉ်းစဉ်းစားစား၊ ချင့်ချင့်ချိန်ချိန်၊ မှန်မှန်ကန်ကန်၊ မျှမျှတတ လုပ်ကြရန်လိုကြောင်း၊ နှိမ်နှင်းဖို့ လိုအပ်မည်ဆိုလျှင်လည်း မသက်ဆိုင်သည့် ကလေးအရွယ်၊ ရဟန်းသံဃာများကို အသက်ညှာဆုံး စဉ်းစား၍ ယင်းနောက်တွင် ကပ်ပါလာမည့်အမှောင့်ပယောဂကိုရွေးချယ်တတ်ရန်လိုကြောင်း၊ယခုအချိန်အခါတွင်ပထမဆုံး ဆောင်ရွက်ရ မည်မှာ ဆောင်ရွက်ကြသည့်အခါ မိမိတို့အင်အားကို အသုံးပြုရန်လိုအပ်ကြောင်း၊ တစ်ဖက်ကလည်း သွေးထွက်သံယိုမှုအနည်းဆုံးဖြစ်အောင် ဆောင်ရွက်ကြရန်ဖြစ်သကဲ့သို့တစ်ဖက်ကလည်း မိမိတို့ရှိသည့် အင်အားကို သုံး၍ ငြိမ်ဝပ်ပိပြားရေးနှင့် တရားဥပဒေ စိုးမိုးရေးရအောင် ဆောင်ရွက်ကြရန် ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်ကြသည့်အခါ ပစ်ခတ်မှုများလည်း ရှိနိုင်ကြောင်း၊ မိမိတို့နိုင်ငံအတွက် တပ်မတော်အတွက် ယနေ့ဆင်နွှဲရမည့် တိုက်ပွဲသည် အခက်အခဲဆုံး တိုက်ပွဲဖြစ်ကြောင်း၊ မိမိတို့စိတ်တွင် ခံယူထားရမည်မှာ မည်သို့သော အခက်အခဲမျိုးကိုမဆိုကျော်လွှား အောင်မြင်အောင်မိမိတို့တတွေအားလုံး ၀ိုင်းဝန်းဆောင်ရွက်ရ မည်ဟု ဆုံးဖြတ်ထားရန်ဖြစ်ကြောင်း၊ အောင်မြင်လျှင် ပြည်သူအတွက်ဖြစ်ပြီး၊ ဆုံးရှုံးမှုရှိလျှင် မိမိတို့အားလုံး မိမိတို့၏ အသက်ခန္ဓာကို စွန့််လွှတ်ရမည်ဖြစ်ကြောင်း ၊ မိမိတို့ ယင်းကဲ့သို့ ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်မှ လုပ်ငန်းအောင်မြင်မည် ဖြစ်ကြောင်း၊ အခြေအနေကို မိမိတို့ ရူမြင်သည့်အခါတွင် မှန်မှန်ကန်ကန် ရူမြင်တတ်ရန် လိုပြီး တွေးခေါ်စဉ်းစားမှုကအစ မိမိမကြာခဏ ပြောသကဲ့သို့ အတိတ်က ဖြစ်ခဲ့သည့် ကိစ္စ၊ ပစ္စုပ္ပန်တွင် ဖြစ်နေသည့်ကိစ္စ၊အနာဂတ်တွင် ဖြစ်ပေါ်လာမည့်ကိစ္စစသည်ဖြင့် ယင်းတို့ကိုဆက်စပ်၍ တွေးမြင်တတ်ရန် လိုကြောင်း၊ ယနေ့ဖြစ်နေသည့် အခြေအနေကို မျက်စိအောက်တွင် မြင်သဖြင့်  ကြည့်ရူတတ်မည် ဖြစ်သော်လည်း အတိတ်က မည်သို့ဖြစ်ခဲ့ပြီးပြီ၊ ယနေ့ မည်သို့ ဖြစ်ပေါ်နေသည်၊ နောင်တွင် မည်သို့ ဖြစ်မည် စသည်ဖြင့် ရှည်ရှည်ဝေးဝေးတွေးပြီးလုပ်ငန်းတာဝန်များကိုဆောင်ရွက်ကြရန်လိုကြောင်း၊ လုပ်ကြကိုင်ကြရာတွင် ပြတ်ပြတ်သားသား လုပ်ကြရန်လိုကြောင်း ၊ မှန်မှန်ကန်ကန်၊ ရိုးရိုးသားသားနှင့် ဒီမိုကရေစီရရှိရေးအတွက် ကြိုးပမ်းသည့်သူများ ရှိသကဲ့သို့ ပယောဂနှင့် လူမမယ်အရွယ်များကို ခိုင်းစေမှုများလည်း ရှိကြောင်း၊ ရဟန်းသံဃာများနှင့် ကျောင်းသားလူငယ်များကို ရှေ့တန်းတင်ပြီး နောက်က ကြိုးကိုင်နေသည့်သူများလည်း ရှိရာ ယင်းတို့ကို ကွဲကွဲပြားပြား နားလည်ပြီး အမှောင့်ပယောဂ ကပ်နေသည့်သူ၊ နောက်က ကြိုးကိုင်နေသည့်သူများကို ဖော်ထုတ်ရှင်းလင်းပစ်ရမည်ဖြစ်ကြောင်း ယင်းမှာ လူပုဂ္ဂိုလ်ရေး မဟုတ်ကြောင်း၊ နိုင်ငံတော်အကျိုးကိစ္စကို ဆောင်ရွက်ခြင်းဖြစ်သည်ဟု ခံယူပြီး ပြတ်ပြတ်သားသား လုပ်ရမည်ဖြစ်ကြောင်း၊ လျော့လျော့ပေါ့ပေါ့ မည်သည့်ကိစ္စကိုမျှ တွက်ရန်မဟုတ်ကြောင်း၊ အလေးအနက်ထားပြီး လုပ်သင့်သည်ကို အချိန်မီလုပ်ကြရန်လိုကြောင်း၊ မိမိလုပ်ပိုင်ခွင့် အတိုင်းအတာအတွင်း လုပ်ပိုင်ခွင့်ရှိသည်များ အားလုံးကို အထက်ဌာနက ညွှန်ကြားမှမဟုတ်ဘဲ မိမိတို့၏ အတွေ့အကြုံများနှင့် ပေါင်းစပ်ပြီး လုပ်သွားရန် လိုကြောင်း၊ ယင်းမှာ မိမိတို့ လုပ်ငန်းတာဝန် ဆောင်ရွက်သွားရမည့်အပိုင်းဖြစ်ကြောင်း ၊ နောက်တစ်ပိုင်းအနေနှင့် ဤကဲ့သို့ အချိန်မျိုးတွင် မိမိတို့၌ အာဏာအပြည့်အ၀ ရှိနေရာ ယင်းအပေါ်တွင် အခွင့်အရေးယူ၊ အလွဲသုံးစားမှု၊ အဂတိတရား လိုက်စားမှုများ မပြုလုပ်ကြဖို့ အထူးသတိထားရန် လိုအပ်ကြောင်း၊ စစ်သည်တော် ကျင့်ဝတ်များနှင့်  ပြည်သူ့တပ်မတော်သား ကျင့်ဝတ်များတွင်  ပါရှိသည့်အတိုင်း တိတိကျကျ လိုက်နာသွားကြရန် လိုကြောင်း၊ တပ်မတော်အနေနှင့် ထုတ်ပြန်ထားသည့် တပ်မတော်အက်ဥပဒေကို တိတိကျကျ လိုက်နာကြလျှင် မိမိတို့အမှားဖြစ်ရန် ဘာမျှမရှိကြောင်း၊ ယခုအချိန်တွင် အကောင်းဆုံး စံပြစည်းကမ်းများရှိရန် လိုကြောင်း၊ အပြောအဆို အနေအထိုင် အပြုအမူ အကျင့်အကြံအားလုံး သမာသမတ်ရှိရမည်၊ သမာဓိတရား ရှိရမည်။ ယင်းသို့ ဆောင်ရွက်ကြရန်လိုကြောင်း၊ ယနေ့နိုင်ငံတော်တာဝန်သည် မိမိတို့ပုခုံးပေါ်တွင် ရောက်လာပြီဖြစ်ရာ ယင်းကို မိမိတို့တတွေအားလုံးညီညွတ်စွာ တက်ညီလက်ညီစိတ်တူသဘောတူဝိုင်းဝန်း ဆောင်ရွက်ကြရန်လို ကြောင်း၊ မိမိတို့ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်ပေါ်တွင်လည်း သံသယစိတ်ရှိရန် မသင့်ကြောင်း၊ အတိုချုပ်ပြောရလျှင် ဒီကနေ့ အင်မတန်ကြီးမားသည့် နိုင်ငံ့တာဝန်ကို မိမိတာဝန်ယူရသည်မှာ ခံစားမှု အများကြီးရှိကြောင်း၊ အာဏာကိုလိုချင်၍ မဟုတ်ကြောင်း၊ အာဏာကို ယူရမည့် အချိန်အခါလည်း မဟုတ်ကြောင်း၊ နိုင်ငံတာဝန်ကိုလည်း လုပ်သင့်လုပ်ထိုက်သလောက် မိမိတာဝန်ထမ်းဆောင်ခဲ့ပြီးဖြစ်ကြောင်း၊ မလွှဲမရှောင်သာ၍ ဤတာဝန်ကို မိမိထမ်းရခြင်းဖြစ်ကြောင်း၊ တစ်ဖက်ကလည်း မိမိတို့တွင် တာဝန်ရှိ၍ဖြစ်ကြောင်း၊ နောက်တစ်ချက်အနေဖြင့် တပ်မတော်ကို အစဉ်အလာ ပြုစုပျိုးထောင်ခဲ့သည့် တပ်မတော်အပေါ်တွင် အင်မတန်ကြီးမားသည့် သစ္စာခံယူထားပြီး တပ်မတော်ကို ယခုထိအောင် မိမိ၏ သားသမီးသဖွယ် ကြည့်ရူပြုပြင် ကြပ်မတ်ပေးခဲ့သည့် ပုဂ္ဂိုလ်များရှိရာ တချို့လည်း သက်ရှိထင်ရှားရှိပြီး တချို့လည်း ကွယ်လွန်ကြပြီဖြစ်ကြောင်း၊ သက်ရှိထင်ရှား ရှိရာတွင်လည်း တိုင်းပြည်နှင့် တပ်မတော်အပေါ်တွင် တကယ့်စေတနာအမှန်နှင့် တာဝန်ယူ ဆောင်ရွက်ခဲ့သည့်သူများ ရှိသလို၊ အကြောင်းအမျိုးမျိုးကြောင့် အကြီးအကဲများဖြစ်ပြီး ထွက်ကြပြုကြသူများလည်း ရှိကြောင်း၊ ယခုအချိန်တွင် နားမယောင်ရန်လိုကြောင်း၊ သင်္ကာမကင်းဖြစ်လျှင် စိတ်ထဲတွင် သံသယရှိလျှင် မိမိတို့ကို ပွင့်ပွင့်လင်းလင်းပြောကြရန်လိုကြောင်း ယခုအချိန်တွင် ဒီတာဝန်ကို မိမိမခံယူကြောင်း၊ ပြုပြင်သင့်တာရှိလျှင် ပြုပြင်သင့်တာတွေ့လျှင် မိမိကိုဝိုင်းပြီး အကြံပေးပါ၊ အကြံဥာဏ်ပေးဖို့လည်း မိမိဖိတ်ခေါ်ကြောင်း၊ နောက်ဆုံးပြောရလျှင် ယနေ့ကျရောက်လာသည့် တိုင်းပြည်၏ တာဝန်၊ နိုင်ငံတော်၏ တာဝန်ကို မိမိတို့တတွေ ပူးပေါင်း၍ တက်ညီလက်ညီ ဆောင်ရွက်ကြရန် လိုကြောင်း “မိန့်ကြားသွားပါသည်။

ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး သန်းရွှေကလည်း  အောက်ပါအတိုင်း မိန့်ခွန်းပြောကြားခဲ့ပြန်သည် -

“နယ်မြေမှူးများနှင့် ဒေသတာဝန်ခံများကို ရှေ့ဖြစ်လာမည့် အခြေအနေများနှင့် ပတ်သက်၍ အနည်းငယ် ရှင်းပြလိုကြောင်း၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ ကြေညာချက် (၁/၈၈) ပေါ်တွင် စေတနာကောင်း၊ စေတနာမှန်ရှိသူ တော်တော်များများက လက်ခံနိုင်မည် ဟု မိမိယုံကြည်ကြောင်း၊ ယနေ့ အခြေအနေ အရပ်ရပ်အရ မည်သူမျှ ထိန်းနိုင်သည့် အခြေအနေ မရှိသဖြင့် တပ်မတော်က တာဝန်မယူချင်သော်လည်း ပြည်ထောင်စု တည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသားမပြိုကွဲရေး၊ အချုပ်အခြာ အာဏာတည်တံ့ ခိုင်မြဲရေးတို့သည် မိမိတို့၏ အဓိက တာဝန်ကြီး (၃) ရပ် အပေါ်တွင် မလွဲမရှောင်သာဘဲ မိမိတိုင်းပြည်၏ မျက်နှာကို ကြည့်၍ လုပ်လိုက်ရခြင်းဖြစ်ကြောင်း၊ မည်သူမျှ အာဏာကို မက်မောပြီး ယူချင်သည့် သူ မရှိကြောင်း၊ စဉ်းစားလိုက်တိုင်း တာဝန်က ကြီးလေးလွန်းလှသည့်အတွက် တာဝန်မယူချင်သော်လည်း တိုင်းပြည်၏ ယိုယွင်းနေသည့် အခြေအနေများအရ လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း၊ ယင်းကို တချို့တချို့သော  ဆင်ခြင်တုံတရား ကင်းမဲ့သူများမှလွဲ၍ စေတနာကောင်း၊ စေတနာမှန် ရှိသည့်သူ အများစုက လက်ခံနိုင်မည် ဖြစ်ကြောင်း၊ နောက်တစ်ချက်အနေဖြင့် မြေပေါ် မြေအောက် ကွန်မြူနစ်များက အောက်ခြေအပိုင်းနှင့် အလယ်အလတ်ပိုင်း အလွှာကို တော်တော်လေး စီးမိချုပ်ကိုင်မိနေသည့် အခြေအနေမျိုးရှိကြောင်း၊ ယင်းကို အပြင်အပ အဖွဲ့အစည်းများ အနေနှင့် သိရှိလက်ခံကြောင်း၊ ၎င်းတို့ အနေနှင့်လည်း ထိမ်းနိုင်သိမ်းနိုင် လက်ခံနိုင်သည့် အနေအထားမရှိကြောင်း၊ အကြမ်းဖက်ပြီး လက်ရှိအစိုးရကို မလိုလားသည့် သူများနှင့် ကွန်မြူနစ်ဝါဒကို လက်ခံပြီး အာဏာရရှိရေးလုပ်ရန် ၀င်လာသူများ အနေနှင့် လက်ခံနိုင်ဖို့ရာ အကြောင်း ရှိချင်မှ ရှိမည်ဖြစ်ကြောင်း၊ လက်မခံနိုင်လျှင် မိမိတို့၏ စခန်းနေရာများကို  ၀င်ရောက်နှောင့်ယှက် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်လာနိုင်သည့် အခြေအနေများရှိကြောင်း ၊ မိမိတို့ရရှိထားသည့် သတင်းများအရလည်း ၎င်းတို့တွင် လက်နက်တော်တော်များများ စုဆောင်းထားသည်၊ သွင်းလာသည်ဟု သိရကြောင်း၊ မည်မျှအထိ မှန်ကန်မည်ဟု မသိရသေးသော်လည်း ယင်းအခြေအနေများကို မိမိတို့ရဲဘော်များအား သဘောပေါက်အောင် ပြောထားရန် လိုကြောင်း၊ ယနေ့တိုင်းပြည်၏ ချွတ်ယွင်းနေသည့်၊ ယိုယွင်းပျက်စီးနေသည့် အနေအထားသည် ပြည်ထောင်စုကြီး ပြိုကွဲသွားနိုင်ပြီး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပြိုကွဲသွားနိုင်ကြောင်း၊ အချုပ်အခြာ အာဏာလည်း ဆုံးရှုံးသွားနိုင်ကြောင်း၊ ယင်းကြောင့် တပ်မတော်၏ အဓိက တာဝန်ကြီး (၃) ရပ်ပေါ်တွင် မိမိတို့တတွေ မလွဲမရှောင်သာဘဲ လုပ်လိုက်ရခြင်းဖြစ်ကြောင်း၊ ယနေ့အခြေအနေအရ ကွန်မြူနစ်များက အောက်ခြေနှင့် အလယ်အလတ်ပိုင်း တော်တော်များများကို  စီးမိသည့် အနေအထားမျိုးဖြစ်ပြီး တပ်မတော်ကို တိုက်နေသည့် အနေအထားမျိုး ရောက်နေကြောင်း၊ ယင်းသို့ ကြာရှည်နေခဲ့လျှင် တပ်မတော်အတွင်းတွင်  ကွဲသွားပြီး တပ်မတော်ပါ အဖတ်ဆယ်မရဘဲ တိုင်းပြည်က စုံးစုံးမြုပ်သွားသည့် အနေအထားမျိုးဖြစ်ကြောင်း ၊ ယင်းအနေအထားပေါ်တွင် မူတည်ပြီး လုပ်လိုက်ရခြင်း ဖြစ်သည်ဆိုသည့် မိမိတို့၏ (cause) ကို သေသေချာချာ သဘောပေါက်အောင် ရှင်းလင်းရန်လိုကြောင်း၊ ရဲဘော်များ သဘောပေါက်ဆိုရာတွင်လည်း အောက်ခြေအထိ သေချာစွာ ထိတွေ့ပြီး ရှင်းလင်းရန်လိုကြောင်း၊ နောက်တစ်ချက်အနေဖြင့် ယခုအချိန် ထိတွေ့ပြီး လက်ရုံးကြီး (၃) ရပ်ဖြစ်သည့် တပ်မတော် (ကြည်း၊ရေ၊လေ) စသည်တို့သည် တစ်ယောက်နှင့်တစ်ယောက် စည်းစည်းလုံးလုံး ကျောချင်းကပ်၍ ဖြစ်လာမည့် အန္တရာယ် ညီညီညွတ်ညွတ် တိုက်ဖျက်မည်ဆိုသည့် သန္နိဋ္ဌာန်စိတ်ရှိရန် လိုသည်ဟု ပြောချင်ကြောင်း၊ ယခုအချိန်တွင် သွေးထိုးမှုကလည်းများပြီး တစ်ယောက်နှင့်တစ်ယောက် အထင်အမြင်လွဲမှားမှုတွေကလည်း  များနေရာ ဘေးစကားတွေကို မယုံဘဲနှင့် ကာကွယ်ရေးဦးစီးချုပ် ပြောခဲ့သည့်အတိုင်း သံသယရှိသည်ဆိုလျှင် မိမိတို့ကို မေးကြပါ၊ အတတ်နိုင်ဆုံး ဖြေရှင်းပေးသွားမည် ဖြစ်ကြောင်း၊ သံသယအပေါ်တွင် မူတည်ပြီး မိမိတို့အတွင်းတွင် သွေးကွဲလျှင် မိမိတို့၏ လုပ်ငန်းစဉ် အောင်မြင်မည် မဟုတ်ကြောင်း၊ မိမိတို့ လုပ်ငန်းစဉ်သည်လည်း  ဤကြေညာချက်ကို အပြန်အလှန် ဖတ်ကြည့်လျှင်မွန်မွန်မြတ်မြတ်ဖြစ်သည်ကိုတွေ့ရမည်ဖြစ်ကြောင်း၊မိမိတို့အာဏာလည်းမယူ၊ထိန်းလည်းမ ထား ဘဲ၊ယနေ့ဖြစ်နေသည့်အခြေအနေကိုတတ်နိုင်သမျှထိန်းပေး၍ရွေးချယ်တင်မြှောက်ပွဲလုပ်ပေးပြီး ပါတီစုံဒီမိုက ရေစီဖြင့်၎င်းတို့ဘာသာတိုင်းပြည်အုပ်ချုပ်ကြရမည်ဖြစ်ကြောင်းမိမိတို့အနေဖြင့်အုပ်ချုပ်မည်မဟုတ်ကြောင်း၊ယခု ရှိသည့်သူများသည်လည်း ရွေးချယ်တင်မြှောက်ပွဲဝင်၍ အမတ်ရွေးခံပြီးလုပ်မည့်   အဖွဲ့အစည်းလည်းမဟုတ် ကြောင်းနောက်တိုင်းပြည်တွင်တည်တည်တံ့တံ့နှင့်ဖြစ်သွားပြီးစနစ်တကျဖြစ်သွားအောင် လုပ်သည့်သဘောဖြစ် ကြောင်း၊အားလုံးကိုချောချောမောမော ဖြစ်အောင်ဝင်လုပ်သည့်အနေအထားဖြစ်ကြောင်း ပြန်ရောက်သွားအခါ တွင် တချို့ရဲဘော်များအနေဖြင့် သွေးထိုးထားမှုများ ရှိချင်ရှိမည်၊ သံသယဝင်နေမှုများ ရှိချင်ရှိမည်ဖြစ်ရာ မိမိတို့တတွေ တပ်မတော်တွင် မထိန်းသိမ်းခဲ့လျှင် ယနေ့ တို့တာဝန် (၃) ရပ်က ပျက်စီးရတော့မည်ဖြစ်ရာ ယင်းအခြေအနေအရ ခေတ္တခဏတည်ငြိမ်အောင် ၀င်ထိန်းပြီး တည်ငြိမ်သည်နှင့်အမျှ ဆက်လက်၍ ရွေးချယ်တင်မြှောက်ပွဲများ လုပ်ပြီး လွှဲလိုက်မည်ဆိုသည်ကို သဘောပေါက်အောင် ပြောရန်လိုကြောင်း၊ ယင်းမှာ အဓိက အချက်ပင်ဖြစ်ကြောင်း၊ မိမိတို့သာ သဘောပေါက်ရုံမဟုတ်ဘဲ တပ်သား၊ အကြပ်၊ အရာခံ၊ အရာရှိ စသည့် ကွင်းဆက် (၃) ဆက်လုံးခိုင်မာနေမှသာလျှင် မိမိတို့လုပ်သည့် လုပ်ငန်းများ အောင်မြင်မည်ဆိုသည်ကို  သတိချပ်ပြီး ၊ ငါသိရုံနှင့်ပြီးပြီ၊ အောက်ကလည်း သိနေမှာပါပဲလေ ဟု သဘောမထားဘဲ အားလုံးက ရဲဘော်တွေကို ထိတွေ့ပြီး အမြဲတမ်း ရှင်းပြနေရန် လိုအပ်ကြောင်း၊ နောက် မိမိတို့၏ လက်ရုံးကြီး သုံးရပ်ဖြစ်သည့် တပ်မတော် (ကြည်း၊ရေ၊လေ) သည် တစ်စုတပေါင်းတည်း၊ တညီတညွတ်တည်း မိမိတို့ ချမှတ်ထားသည့် တိုင်းပြည်၏ တာဝန်ကို ကျေပွန်အောင် ယုံယုံကြည်ကြည်နှင့် ထမ်းဆောင်သွားကြရန် လိုသည်ဟု ပြောလိုကြောင်း၊ ဤမျှ ရှေ့လျှောက် ဂရုစိုက်ရန် လိုသည်ဟု ပြောလိုကြောင်း၊ ကွန်မြူနစ်များအနေနှင့် ၎င်းတို့အတွက် ပိုပြီး အခွင့်အလမ်း ပိတ်သွားသဖြင့်  မိမိတို့ကို  ဖိတိုက်မည့် သဘောဖြစ်လာပြီး၊ မိမိတို့ကို ရသည့်လက်နက်နှင့် အထဲတွင် ပြောက်ကျားသဘောမျိုး လိုက်လာနိုင်သည်ဖြစ်ရာ မိမိတပ်၏ လုံခြုံရေး၊ မိမိတစ်ဦးချင်း၏ လုံခြုံရေးကို ဂရုစိုက်ပြီး လုပ်သွားရန်ပြောလိုကြောင်း၊ နောက်တစ်ချက်အနေနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက်  မိမိတို့လုပ်ပေးရန်လိုကြောင်းနှင့် အောင်အောင်မြင်မြင်ဖြစ်အောင် ဆက်လုပ်သွားကြရန်လိုကြောင်း ၊ တပ်မတော်၏ မျက်နှာ၊ တိုင်းပြည်၏ မျက်နှာ၊ အမိအဖ (၂) ပါး၏ မျက်နှာကိုသာကြည့်ပြီး၊ မည်သူ့မျက်နှာကိုမျှ မကြည့်ဘဲ မိမိတို့၏ တာဝန်များကို  ကျေပွန်အောင် လုပ်ရန်လိုကြောင်း” ပြောကြားသွားသည်။


ထို့နောက် နိဂုံးချုပ် အနေဖြင့် ဗိုလ်ချုပ်ကြီး စောမောင်က -
“မိမိတို့ ယနေ့ ဤသို့ကြေညာပြီး မနက်ဖြန်တွင် ရင်ဆိုင်ရမည့် သဘောရှိကြောင်း၊ မိမိတို့ဖြစ်ခဲ့သည့် ဖြစ်စဉ်များကို  ပြန်ကြည့်လျှင် ပထမ လူစုလူဝေးနှင့် အော်ဟစ်ဆန္ဒပြကြ၊ စုဝေးကြ၊ အချိန်တန်လျှင် ညနေစောင်းလျှင် ပြန်သွားကြ၊ ယင်းသို့ဖြင့် စခဲ့ကြကြောင်း၊ နောက်တဖြည်းဖြည်းနှင့် ပုံမှန်လှုပ်ရှားမှု လုပ်ကြောင်း ပုံမှန်လုပ်ရိုးလုပ်စဉ် လုပ်မှာပဲ ဟု တွက်ပြီး ကြည့်နေရင်း ကြည့်နေရင်းနှင့် လွန်ခဲ့သည့် သြဂုတ်လ ၈ ရက်နေ့က ပုံမှန်မဟုတ်တော့ကြောင်း၊ သာမန်အားဖြင့် ညနေတွင် လူစုကွဲသွားသော်လည်း သြဂုတ်လ ၈ ရက်နေ့ ည ၈ နာရီ ၉ နာရီအထိ လူစုမကွဲသေးဘဲ နောက်ထပ်လူအုပ်များကလည်း ထောင်နှင့်ချီ၍ ချီတက်လာသည်ကို တွေ့ရသဖြင့် ယနေ့သည်ပင် မိမိတို့အတွက် အဆုံးအဖြတ်ပေးရတော့မည် ဟု မိမိတို့တွက်ကြောင်း၊ တကယ်တမ်းတွင်မူ စစ်အုပ်ချုပ်ရေးကို သြဂုတ်လ ၃ ရက်နေ့တွင် ကြေညာပေးခဲ့ပြီး သြဂုတ် ၃ ရက်နေ့မှ ၇ ရက်နေ့အထိ စစ်အုပ်ချုပ်ရေးအာဏာ အပ်ထားသည့် ကာလအတွင်း သေနတ်တစ်ချက်မျှ မပစ်ခဲ့ကြောင်း၊ သြဂုတ်လ ၈ ရက်နေ့တွင် မလွဲမရှောင်သာတော့ဘဲ အင်အားနှင့် မဖြိုခွဲလျှင် နောက်နေ့တွင် အတောမသတ်နိုင်သည့် လူသတ်ပွဲကြီးများ ဖြစ်လာနိုင်ကြောင်း၊ ရှုံးချင်လည်းရှုံးသွားမည်၊ လည်ပင်း ကြိုးကွင်းတပ်ပြီး ဆွဲချင်လည်း ဆွဲသွားမည်၊ ယင်းသို့သော အခြေအနေများ ဖြစ်သည့်အတွက် မိမိတို့ သြဂုတ်လ ၈ ရက်နေ့တွင် လူစုခွဲရခြင်းဖြစ်ကြောင်း၊ ယင်းကို မိမိတို့ ရှင်းလင်းပြောကြားပြီးဖြစ်ကြောင်း၊ ယင်းအချိန်တွင် အင်မတန် ထောက်ထောက်ထားထားဖြင့်  အပေါ်ကို ထောင်၍ ပစ်ဖောက် သတိပေးရသည့်အဆုံး Rubber Bullet ဖြင့် (၆) ထောင့်သာ ပစ်ရာ ဒဏ်ရာရသည့်သူ (၄) ယောက်သာရှိကြောင်း၊ လူအုပ်သိန်းဂဏန်းနှင့် ရှိကြောင်း  ရဲဘော်၏ ခြေထောက်ကို ဖက်၍ တောင်းပန်သည့် နည်းများနှင့်လည်း လာဦးမည်ဖြစ်ရာ ရဲဘော်သည်လည်း နှလုံးသားနှင့်သူဖြစ်၍ မိမိတို့မည်မျှ အမိန့်ပေးပေး ယင်းအချိန်တွင် ပါသွားမည်ကို  မိမိတို့ စိတ်ပူကြောင်း၊ သြဂုတ် ၉ ရက်နေ့တွင် အင်မတန်ကြီးမားသည့် လူအုပ်ကြီးနှင့် ရင်ဆိုင်ရကြောင်း၊ ယင်းအချိန်တွင် မိမိတို့ မထိန်းနိုင်ကြောင်း၊ ရော်ဘာကျည်ဆန်နှင့် ပစ်မှန်းသိသည့်အခါ အကာအကွယ် လုပ်လာကြောင်း၊ ယင်းသို့ပြုလုပ်၍ ကာဘိုင်၊ဂျီသရီး စသည့် လက်နက်များကို သုံးလာရကြောင်း၊ ပထမ warning shoot သတိပေး၍ မိုးပေါ်ကျော်ပစ်ကြောင်း၊ နောက်တစ်ခါ တည့်တည့်ပစ် စသည့် Sequence နှင့် သွားကြောင်း၊ သို့သော် ယနေ့လုပ်ရမည့် စနစ်သည် ယင်းစနစ် မဟုတ်ကြောင်း warning ပေး၊ လူစုခွဲ၍ မရလျှင် ပစ်ရမည်ဖြစ်ကြောင်း၊ မနေ့က ကုန်သွယ်ရေးဝန်ကြီးဌာနရှိ မိမိတပ်စုလေးတစ်စုကို လူထောင်သောင်းနှင့် ချီ၍ ၀ိုင်းကြောင်း ၊ ယင်းတပ်စုကို ရဟန်းသံဃာများ ၊ ကျောင်းသားများ၊ တပ်မှူးဟောင်းများ ၀င်ကယ်သော်လည်း မရသည့်အဆင့်သို့ ရောက်သွားကြောင်း၊ နောင်လည်း ယင်းပုံစံမျိုးလာမည်ဖြစ်ကြောင်း၊ ယင်းတို့ကို ထိန်းရမည်၊ ထောင်ပစ်၍ မဖြစ်ကြောင်း ၊ ဖြစ်နိုင်သမျှ မိမိတို့ သတ်မှတ်ပေးရမည်ဖြစ်ကြောင်း၊ လူအုပ်တွေ့လျှင် warning ပေး၍ လူစုခွဲရန် ပြောပြီး မရလျှင်ပင် ထောင်ပစ်ရန် မဟုတ်ကြောင်း၊ ဖြစ်နိုင်သည်မှာ ကျောင်းသား၊ ကလေး၊ အမျိုးသမီးကို ရှေ့တင်လာမည် ဖြစ်၍ ယင်းကို မျှော်မှန်းပြီး မိမိတပ်ကို ပြင်ဆင်စုဖွဲ့ရန် Grouping  လုပ်ရန်လိုကြောင်း၊ အခြားသော တိုင်းနှင့်ပြည်နယ်များတွင် သိပ် ဆိုးဆိုးရွားရွား ဖြစ်ရန်မရှိသော်လည်း ရန်ကုန်၊ မန္တလေး၊ မုံရွာ စသည့် နေရာများတွင် အကြိတ်အနယ်လုပ်ရမည်ဟု မှန်းထားကြောင်း၊ ယနေ့အခြေအနေ ဤသို့ဖြစ်သဖြင့် မနက်ဖြန် သွေးထိုးစမ်းလာလိမ့်မည်ဟု မျှော်မှန်းကြောင်း၊ နောက်တစ်နေ့ဆိုလျှင် ပြင်းထန်သည့် အခြေအနေ တွေ့နိုင်ရာ ပိတ်စရာ၊ ဆို့စရာရှိသည့် ၀င်ပေါက်၊ ထွက်ပေါက် များကို ပိတ်ဆို့ရန်လိုကြောင်း၊ ရန်ကုန်တွင် ဗကပ၏ အခြေစိုက် စခန်းများအနေနှင့် မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ၊ သာကေတ စသည်တို့တွင် Block တွေ၊စည်းတွေ အစရှိသဖြင့် လုပ်ဖို့လိုကြောင်း၊ မိမိတို့ တပ်မိသားစုများအနေနှင့်လည်း မြို့ထဲ၊ ရပ်ထဲတွင် နေကြသဖြင့်  လုပ်ဖို့ ကိုင်ဖို့ တော်တော်ခက်သော်လည်း မိမိတို့သည် နိုင်ငံ၏ မျက်နှာကိုသာ ကြည့်နိုင်ကြောင်း၊ မိသားစုအရေးကို မကြည့်နိုင်ကြောင်း၊ ယင်းသို့ ဆုံးဖြတ်ချက်နှင့် လုပ်ရကြောင်း၊ ယခုအချိန်တွင် မိုက်ပြရမည့် အချိန်အခါဖြစ်ကြောင်း၊ ဒါပြီးလျှင် မြို့တွင် ပြောက်ကျားတိုက်ပွဲများ ဖြစ်လာနိုင်သည်ဟု မိမိတို့ မှန်းကြောင်း၊ တွက်ကြောင်း၊ မြို့များတွင် ယင်းသို့သော ပြောက်ကျားတိုက်ပွဲများ ဖြစ်ပြီး ယင်းနောက် ရန်ကုန်၏ အပြင်အပကို  သွားမည်ဖြစ်ကြောင်း၊ ယင်းကဲ့သို့ ရေရှည်အတွက် မျှော်မှန်းပြီးပြင်ကြ၊ ဆင်ကြ၊ လုပ်ကြ ကိုယ့်တာဝန်ကို ကျေပွန်အောင်လုပ်၊ လက်မြှောက်တာအရှုံးပေးတာ မရှိအောင်၊ လက်မြှောက်အရှုံးပေးသည်ထက် သေသည်ကမှ မြတ်သည်ဟု မိမိတို့ကိုမိမိတို့ အဆုံးဟု သဘောထား၍ ယနေ့တိုက်ပွဲကို ဆင်နွှဲရမည် ဖြစ်ကြောင်း၊ ရဲဘော်များကို ပြောပြီးပြီဟူ၍ တစ်ခါတည်း မနေပါနှင့်၊ ရဲဘော်နှင့် လက်ပွန်းတတီးနေပါ၊ မကြာခဏ ပညာပေးပါ ယင်းကို အထူးအလေးအနက်ထားပြီး မီးကုန်ယမ်းကုန် ဘယ်လိုပဲဖြစ်ဖြစ်၊ မိမိတို့ ရင်ဆိုင်ရတော့မည့် သဘောဖြစ်ကြောင်း၊ ရင်ဆိုင်မည်ဟု ယတိပြတ်ဆုံးဖြတ်၊ ရင်မဆိုင်နိုင်လျှင်လည်း ကိုယ့်ဘ၀ ဆုံးပြီ ဟုသာ မှတ်လိုက်ရန်ဖြစ်ကြောင်း ၊ မိမိတို့ လူသတ်ချင်သည့် လူသတ်ကောင် မဟုတ်ကြောင်း၊ နိုင်ငံတော်အတွက် လုပ်ရသည်ဖြစ်ပြီး တွေ့သမျှလူကို ပစ်ရမည်မဟုတ်ကြောင်း၊ လူကောင်းသူကောင်းတွေ အများကြီးရှိရာ ရန်ကုန်တွင် လူဦးရေနှင့်ကြည့်လျှင် ၂၈ သိန်းရှိရာ တကယ့်ဆူပူဆန္ဒပြသူထဲမှ အမြင့်ဆုံး ဂဏန်းသည် ရှစ်သောင်း၊ တစ်သိန်းသာရှိကြောင်း၊ ယင်းအထဲတွင် လူကောင်း အများကြီးပါရှိပြီး ပယောဂ၀င်သည့် လူ(၂) သောင်း၊ (၃)သောင်းသာ ပါမည်ဖြစ်ရာ မိမိတို့ မတတ်နိုင်ကြောင်း၊ မိမိတို့ လူများသည်လည်း အထိအခိုက် အဆုံးအရှုံးများ ရှိမည်ဖြစ်ရာ ယင်းကိုလည်း တွက်ဆပြီး ဆုံးရှုံးမှုမရှိအောင် စီမံရန်နှင့် သိပ်သွေးမပူရန်လည်း လိုကြောင်း၊ ဤနေရာတွင် လုပ်ရကိုင်ရသည်မှာ စစ်ဆင်ရေးတွင် လုပ်ရကိုင်ရသည့် နည်းမျိုးမဟုတ်ကြောင်း၊ မိမိတို့လူမျိုးသည် သွေးဆူလွယ်သည့် လူမျိုးဖြစ်ရာ ခြေလျင်က တပ်မှူးများသိကြောင်း၊ ဗကပတို့၊ ကေအင်န်ယူတို့ကို တိုက်ကြခိုက်ကြရာ အချို့နေရာများတွင် ရာနှင့်ချီပြီး ရဲဘော်များကို စွန့်လွှတ်ရကြောင်း၊ ဤနေရာတွင် အသက်ပေးရသည့် ကိစ္စများလည်း ဖြစ်လာနိုင်ကြောင်း၊ ဆယ်ဂဏန်း၊ ရာဂဏန်းထိ ရှိလာနိုင်ရာ ယင်းအပေါ်တွင် သွေးဆူပြီး ၎င်းတို့၏ အကွက်ထဲလည်း နင်းမသွားရန်လိုကြောင်း၊ ယင်းတို့ကို နားလည်ပြီး လုပ်ကြကိုင်ကြရန် ပြောလိုကြောင်း” မိန့်ကြားသွားသည်။

ယင်းနောက် အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။ အဆိုပါ အစည်းအဝေး၌ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမောင် နှင့် ဒုတိယကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး သန်းရွှေ တို့၏ မိန့်ခွန်းကို သေချာစွာ လေ့လာကြည့်ပါက ၁၉၈၈ စက်တင်ဘာလ ၁၈ ရက်နေ့တွင် အာဏာသိမ်းပိုက်ခဲ့မှုနှင့် ကျူးလွန်ခဲ့သော ရာဇဝတ်ပြစ်မှုများကို  တပ်မတော် ကြည်း၊ရေ၊လေ မှ အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သား များအား လိမ်ညာဝါဒဖြန့်လိုမှုနှင့် ယင်းတို့ လုပ်ဆောင်ခဲ့မှုကို ဥပဒေနှင့်အညီ တရားဝင် လုပ်ဆောင်ခဲ့ သယောင်ယောင် ဖြစ်စေရန် ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အစည်းအဝေး မှတ်တမ်းများကိုလည်း အောက်ခြေရဲဘော်များ သိစေရန် နှင့် သွေးအေးမသွားစေရန် တပ်ရင်းတပ်ဖွဲ့ အဆင့်ဆင့် ရှင်းလင်းစေခဲ့သည်။



ဦးသန်းရွှေ (သို့မဟုတ်) နေပြည်တော် မင်းသားကြီး – အပိုင်း (၃)


ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဘ၀အရုဏ်ဦး

သို့ကလို နဝတ အာဏာသိမ်းခဲ့စဉ်က နဝတအဖွဲ့၏ သာမန်အဖွဲ့ဝင်သာ ဖြစ်ခဲ့သော ဗိုလ်သန်းရွှေသည် အလုပ်သင် ဗိုလ်လောင်း (O.T.S) အပတ်စဉ် (၉) သင်တန်းဆင်း၍ ခလရ(၁)၊ ခမရ(၁ဝ၁)၊ တပ်မ (၈၈)၊ နတခ ခေါ်အနောက်တောင်တိုင်းစစ်ဌာနချုပ်စသည့်တိုက်ခိုက်ရေးတပ်များ၌တာဝန်အဆင့်ဆင့် ထမ်းဆောင်ခဲ့ဖူး သော်လည်း တိုက်ခိုက်ရေးဘက်၌ ထူးချွန်သူတစ်ဦး မဟုတ်သလို၊ သူရဘွဲ့၊ သီဟသူရဘွဲ့ မဆိုထားဘိ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ပင် ရရှိခဲ့သူ မဟုတ်ပေ။

သူသည် ၁၉၈ဝ ပြည့်နှစ်က တပ်မ (၈၈) တပ်မမှူး ဘဝဖြင့် ကျိုင်းတုံဒေသ၌ စစ်ဆင်ရေးတာဝန်များ၊ ထမ်းဆောင်နေစဉ်အတွင်း တပ်မ (၈၈) ကို ဗကပ (၈၁၅) စစ်ဒေသ လက်အောက်ခံတပ်များက ပြင်းပြင်းထန်ထန် ပိတ်ဆို့တိုက်ခိုက် ချေမှုန်းခဲ့သည့်အတွက် တပ်မ(၈၈) လက်အောက်ခံ အမှတ် (၃) ကချင်သေနတ်ကိုင်တပ်ရင်း ဌာနချုပ်သည် ကျဆုံးခဲ့သလို စစ်သည်နှင့်မိသားစု မြောက်မြားစွာ သေဆုံးခဲ့ရသည်။

သို့သော် ဗိုလ်ချုပ်သန်းရွှေသည် ထိုစဉ်က အာဏာရှင်ပါတီ ဥက္ကဌကြီး ဦးနေဝင်း၏ အထူးယုံကြည် စိတ်ချရသည့် တပည့်ရင်း ဖြစ်နေသောကြောင့် အရေးယူခြင်း မခံရသည့်အပြင် ၁၉၈၁ ခုနှစ် သြဂုတ်လ ၃ ရက်မှ ၈ ရက်နေ့အထိ မင်္ဂလာဒုံဗဟိုနိုင်ငံရေး တက္ကသိုလ်ဝင်းအတွင်းရှိ ညီလာခံ ခန်းမ၌ ကျင်းပသော စတုတ္ထအကြိမ် ပါတီညီလာခံတွင် ဗဟိုကော်မတီဝင်အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရသည်။



ယင်းနောက် ၁၉၈၃ ဇူလိုင်လ ၂၂ ရက်နေ့တွင် အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဖြစ်လာပြီး ထိုနှစ် သြဂုတ်လ ၅ ရက်နေ့တွင် ဧရာဝတီတိုင်း၏ ဒေသပါတီ ကော်မတီဥက္ကဌ ဖြစ်လာခဲ့သည်။ တစ်ဖန် ၁၉၈၄ ခုနှစ် သြဂုတ်လ ၁၆ ရက်တွင် ဗိုလ်မှူးချုပ်ရာထူး တိုးမြှင့်ခံရပြီး နောက်တစ်နှစ် ၁၉၈၅ ခု နိုဝင်ဘာလ ၄ ရက်နေ့တွင် တပ်မတော် ဒုတိယကာကွယ်ရေးဦးစီးချုပ် ဖြစ်လာသည်။ ထိုစဉ်က သူ့အသက်က ၅၂ နှစ် အရွယ်သာရှိပြီး ရာထူးအဆင့် (၂) ဆင့်ကို ခုန်ပျံကျော်တက်ပြီး ဒုတိယကာကွယ်ရေးဦးစီးချုပ် ဖြစ်လာသည့်အတွက် သူ့ထက်ဝါရင့်ပြီး မေမြို့စစ်တက္ကသိုလ်ဆင်း၊ မဆလ တပ်မတော် ထိပ်ပိုင်းတပ်မှူးများက အတော်ပင် မကျေမနပ် ဖြစ်ခဲ့ကြသည်။



သို့သော်လည်း စစ်အာဏာရှင်ကြီး ဗိုလ်နေဝင်း၏ အကွက်ချ အစီအမံ ဖြစ်သောကြောင့် မိမိတို့၏ မကျေနပ်ချက်များကို မျိုသိပ်ထားခဲ့ရသည်။



သို့ကလို ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် စစ်မတိုက်သော်လည်း အကင်းပါး၍ လူကြီးအကြိုက် ပြုမူဆောင်ရွက်တတ်ပြီး ကွက်ကျော်မြင်တတ်သောကြောင့် ရာထူးအတက်မြန်သည်ဟု ဆိုရပေမည်။



မွေးဇာတိ


ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ၁၉၃၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက် သောကြာနေ့ နံနက် ၅ နာရီခန့်တွင် ကျောက်ဆည်မြို့နယ် အင်းရွာ၌ အဖ ဦးလေးမြင့်၊ အမိဒေါ်စိမ်းရင်တို့မှ ဖွားမြင်ခဲ့သည်။ သို့သော် မြန်မာ့သမိုင်း အဖွဲ့ဝင် ဦးကျော်ငြိမ်း ပြုစုသော “ကိုလိုနီခေတ် မြန်မာရက်စွဲသမိုင်း” (၁၈၈၆-၁၉၄၂)၌ ၁၉၃၃ ဖေဖော်ဝါရီလ ၂ ရက် ကြာသပတေးနေ့ဟူ၍ ဖော်ပြထားသည်။ ထို့အတူ Benedict Rogers ရေးသား၍ ထိုင်းနိုင်ငံမှ Silkworm စာအုပ်တိုက် မှ ၂ဝ၁ဝ ခုနှစ်က ထုတ်ဝေခဲ့သော Than Shwe: Unmasking Burma’s Tyrant စာအုပ် စာမျက်နှာ ၁ဝ နှင့် အွန်လိုင်းစာမျက်နှာ၌လည်း ယင်းအတိုင်းပင် ဖော်ပြထားသည်။ Emma Larkin ရေး၍ ပင်ကွင်းစာအုပ်တိုက်မှ ၂ဝ၁ဝ ထုတ်ဝေသော Everything is Broken စာအုပ် စာမျက်နှာ ၁၆၇ ၌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မွေးသက္ကရာဇ် ၁၉၃၃ ဖေဖော်ဝါရီလ ၂ ရက်နေ့သည် မမှန်ဟု ဆိုသည်။ ၎င်းက ၁၉၃၂ ဧပြီ ၁ ရက် နံနက် ၆ နာရီသာ အမှန်ဟု ဆိုသည်။ သို့သော် အမည်မဖော်လိုသော ဝေဒပညာရှင် တစ်ဦးကမူ ၁၉၃၃ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက် သောကြာနေ့သာ ဖြစ်ရမည်ဟု ဆိုသည်။



အကြောင်းမှာ ဦးသန်းရွှေ၏ ချက်တဝိုက်၌ မှဲ့စလွယ် (သို့မဟုတ်) စာအမှတ်အသား ပါရှိသောကြောင့်ဟု ဆိုသည်။ ထို့ကြောင့် ၎င်းရေးသားပေးသော မွေးသက္ကရာဇ်ကိုသာ ခေတ္တအတည်ယူထားလိုက်ပါသည်။



ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ငယ်စဉ်က ကျော်ဆည်မြို့၌ စတင်ပညာသင်ကြား၍ ၁၉၅၁ ခုနှစ် အသက် ၁၈ နှစ်၌ အင်္ဂလိပ် – မြန်မာ ၁ဝ တန်းအထိ ပညာသင်ကြားခဲ့သည်။ ၁ဝ တန်း စာမေးပွဲ အောင် မအောင် ကို အတိအကျ မသိရသော်လည်း မဆလပါတီ ဗဟိုကော်မတီလောင်း ကိုယ်ရေးမှတ်တမ်း အကျဉ်း၌ ၁ဝ တန်းအောင်ဟု ဖော်ပြထားသည်။



ထို့နောက် ၁၉၅၂ ခုနှစ် မိတ္ထီလာမြို့ရှိ စာတိုက်၌ တစ်နှစ်ခန့် စာတိုက်စာရေး ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် တပ်မတော် အရာရှိ လေ့ကျင့်ရေးကျောင်း O.T.S အပတ်စဉ် (၉) သို့ တက်ရောက်ကာ ဒုဗိုလ်အဖြစ် ခန့်အပ်ခြင်း ခံရသည်။ သူ၏ကိုယ်ပိုင်နံပါတ်မှာကြည်း၆၇၁ဝ ဖြစ်ပြီးအမှတ်(၁) ခြေလျင်တပ်ရင်းတွင် တာဝန်ကျခဲ့သည်။ သူ၏ အပတ်စဉ် တစ်ပတ်တည်း ကျောင်းဆင်းခဲ့သူများမှာ နဝတခေတ်၌ ပထမ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဖြစ်ပြီးနောက် ၊များမကြာခင်ယဉ်ကျေးမ၀န်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ရွှေ့ပြောင်းခံရသူ ကိုယ်ပိုင်နံပါတ် (ကြည်း – ၆၅၉ဝ) ဒုဗိုလ်မှူးကြီးဟောင်း စိုးညွှန့် (ကဗျာဆရာ ထီလာစစ်သူ)နှင့် ဗိုလ်ချုပ်ဘုန်းမြင့် (ကြည်း-၆၆၆၂)၊ ဗိုလ်ချုပ် မြသင်း (ကြည်း-၆၆၀၅) တို့ ဖြစ်သည်။ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်များတွင် KNU နှင့် ဗကပတို့ကို စစ်ဆင်ရေး တိုက်ပွဲများတွင် ပါဝင်ခဲ့သည်။ ထို့နောက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ ဗဟိုနိုင်ငံရေးသိပ္ပံကျောင်း၊ စိတ်ဓာတ် စစ်ဆင်ရေးဌာနတွင် ပြောင်းရွှေ့တာဝန် ထမ်းဆောင်ခဲ့ရသည်။၁၉၆၂တွင်ဗဟိုနိုင်ငံရေးတက္ကသိုလ်၌နည်းပြ၊ဌာနမှူးအဖြစ် ပြောင်းရွှေ့တာဝန်ထမ်း ဆောင်ခဲ့သည်။



၁၉၈၁ စတုတ္ထအကြိမ် ပါတီညီလာခံ ဗဟိုကော်မတီဝင်လောင်း ကိုယ်ရေးမှတ်တမ်း အကျဉ်း၌ ဦးသန်းရွှေ၏ ကိုယ်ရေးအကျဉ်းကို ဤသို့ ဖော်ပြထားသည်။



အမည်- ဗိုလ်မှူးချုပ် သန်းရွှေ
ပါတီဝင်အမှတ်/သက်တမ်း- ၁ဝဝ၁၄၈၉/၂၂ နှစ် ၆ လ။
လူမျိုး- မြန်မာ၊ ပညာအရည်အချင်း အင်္ဂလိပ်-မြန်မာ ၁ဝ တန်းအောင်။
မွေးနေ့သက္ကရာဇ်- ၂ – ၂ – ၁၉၃၃ ။ အသက် ၅၂ နှစ်။
ဗဟိုကော်မတီဝင် လက်ရှိပါတီ- ဥက္ကဌ၊ ဧရာဝတီတိုင်း၊ ဒေသပါတီကော်မတီ၊ တိုင်းမှူး၊ အနောက်တောင်
တာဝန်/ လက်ရှိ အလုပ်အကိုင်-   တိုင်းစစ်ဌာနချုပ်။
၁၉၃၃ ခုနှစ်မှ ၁၉၄၂ ခုနှစ်အထိ- ကျောက်ဆည်မြို့ အစိုးရ မူလတန်းကျောင်းတွင် တတိယတန်း ပညာ သင်ကြားခဲ့သည်။
၁၉၄၂ ခုနှစ်မှ ၁၉၄၈ ခုနှစ်အထိ- ကျောက်ဆည်မြို့ အစိုးရ အထက်တန်းကျောင်းတွင် ပညာသင်ကြားနေဆဲ ဖြစ်သည်။
၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ- ၁၉၅၁ ခုနှစ်တွင် ကျောက်ဆည်မြို့ အစိုးရ အထက်တန်းကျောင်းမှ မင်္ဂလိပ် – မြန်မာ ၁ဝ တန်း အောင်မြင်ခဲ့သည်။ ၁၉၅၂ - ၅၃ ခုနှစ်များတွင် မိတ္ထီလာစာတိုက်၌ စာတိုက်စာရေးအဖြစ် အမှုထမ်းခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် ဗိုလ်လောင်းအပတ်စဉ် (၉) တက်ရောက်ခဲ့ပြီး အမှတ် (၁) ခြေလျင်တပ်ရင်း တွင် ဒုဗိုလ်အဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် တပ်ခွဲမှူးတာဝန် ထမ်းဆောင်နေရာမှ အမှတ်(၉၁) နယ်လှည့်စိတ်ဓာတ် စစ်ဆင်ရေးတပ်သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ၁၉၆၂ ခုနှစ် ဗဟိုနိုင်ငံရေး တက္ကသိုလ် နည်းပြ၊ ဌာနမှူးအဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့သည်။



၁၉၆၂ ခုနှစ်မှ ယခုအထိ- ၁၉၆၆ ခုနှစ်တွင် အမှတ် ၁၀၁ ခြေလျင်တပ်ရင်း၌ ဌာနချုပ် တပ်ခွဲမှူးအဖြစ် လည်းကောင်း၊ ၁၉၆၈ ခုနှစ်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ စစ်ဦးစီးဌာနတွင် စစ်ဦးစီးမှူး (ဒုတိယတန်း) အဖြစ် လည်းကောင်း၊ ၁၉၇၅ ခုနှစ်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စစ်ဆင်ရေးဌာနစု စစ်ဦးစီးမှူး (ပထမတန်း) အဖြစ်လည်းကောင်း ၊ ၁၉၇၇ ခုနှစ်တွင် အမှတ် ၈၈ ခြေမြန်တပ်မဌာနချုပ်၌ ဒုတိယတပ်မမှူး၊ ၁၉၈၀ ပြည့်နှစ် မတ်လတွင် ယင်းတပ်မ၌ပင် တပ်မမှူးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ ၈-၈-၈၃ ရက်နေ့တွင် အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးတာဝန် တိုးမြှင့် ထမ်းဆောင်ခဲ့သည်။ ၉-၈-၈၃ ရက်နေ့မှစ၍ ဧရာဝတီတိုင်း ဒေသပါတီ ကော်မတီဥက္ကဌ တာဝန်ထမ်းဆောင်ခဲ့သည်ဟူ၍ ဖော်ပြထားသည်။



၁၉၇ဝပြည့်နှစ် အမှတ်(၁)ခြေလျင် တပ်ရင်းတွင် တပ်ရင်းမှူး တာဝန်ထမ်းဆောင်ခဲ့ပြီး သံလွင်မြစ် အ ရှေ့ပိုင်းနှင့် ရှမ်းပြည်မြောက် ပိုင်း နယ်မြေများ တွင် စစ်ဆင်ရေး တာဝန်များ ယူခဲ့သည်။



၁၉၇၅ ခုနှစ်တွင် ရန်ကုန်စစ်ရုံးချုပ်သို့ ရောက်လာပြီး စစ်ဆင်ရေး ဗျူဟာများကို တာဝန်ယူခဲ့သည်။ ၁၉၈၀ ပြည့်နှစ်တွင် တပ်မ (၈၈) တပ်မမှူးအဖြစ် ခန့်အပ်ခံရပြီး ရှမ်းပြည်နယ်တွင် ဗကပများ နှိမ်နှင်းရေး စစ်ဆင်မှုများကို ကွပ်ကဲခဲ့ရသည်။ ၁၉၈၃ ခုနှစ်တွင် အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဖြစ်လာသည်။



ထို့နောက် ဗိုလ်မှူးချုပ် သန်းရွှေသည် ၁၉၈၆ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် ဗိုလ်ချုပ် အဆင့် တိုးမြှင့်ချင်း ခံရသည်။ တဖန် တစ်နှစ်အကြာ ၁၉၈၇ ခု နိုဝင်ဘာလ ၄ ရက်နေ့တွင် ဒုတိယဗိုလ်ချုပ်ကြီး အဆင့် တိုးမြှင့်ခံရသည်။ ၁၉၈၈ ခု၊ ဇူလိုင် ၂၇ တွင် ဒုတိယကာကွယ်ရေးဝန်ကြီး ဖြစ်လာသော်လည်း ၁၉၈၈ ခုနှစ် တွင် စစ်အာဏာရှင် ဦးနေဝင်းနှင့် သမီး ဗိုလ်မှူး ခင်စန္ဒာဝင်းတို့က ဒုတိယဗိုလ်ချုပ်ကြီး သန်းရွှေကို ခေါက်ထားပြီး စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်မှူးချုပ် ခင်ညွှန့်ကိုသာ ရှေ့တန်းတင် ပွဲထုတ်ထားခဲ့သည့်အတွက် မကျေမနပ် ဖြစ်ခဲ့သည်။ သို့သော် သူ၏ မကျေနပ်ချက်ကို မျိုသိပ်ခဲ့လေသည်။



ထို့နောက် ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလအတွင်း စစ်အာဏာရှင် ဦးနေဝင်းက ဗိုလ်ချုပ်ကြီး စောမောင်နှင့် ဗိုလ်မှူးချုပ် ခင်ညွှန့်တို့ကို မရမ်းကုန်းမြို့နယ် (၇) ရပ်ကွက်၊ မေခလမ်းရှိ သူ့အိမ်ကို ခေါ်ယူတွေ့ဆုံပြီး စစ်တပ်ဖြင့် အာဏာသိမ်းရန်နှင့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး ခေါင်းစဉ်တပ်ထားသော စစ်အာဏာသိမ်း ကောင်စီ၌ ဗိုလ်ချုပ်ကြီး စောမောင်ကို ဥက္ကဌလုပ်ခိုင်းပြီး ဗိုလ်မှူးချုပ် ခင်ညွှန့်နှင့် ဗိုလ်မှူးကြီး တင်ဦးတို့ကို နဝတ အဖွဲ့ အတွင်းရေးမှူး (၁) နှင့် (၂) ဆောင်ရွက်ရန် ညွှန်ကြားခဲ့သည်။ အာဏာသိမ်းရမည့် စက်တင်ဘာလ ၁၈ ရက်ကို ဦးနေ၀င်းကပင် ဂဏန်းဗေဒင်အရ တွက်ချက်ပေးခဲ့သည်။ ဦးနေဝင်းသည် ဂဏန်းဗေဒင်ပညာကို အလွန်ယုံကြည်သူဖြစ်ရာ သူ၏ မွေးနံဂဏန်း (၆) နှင့် အကျိုးပေးသော ၃ နှင့် ၉ ဂဏန်းကို အလွန်နှစ်သက်သောကြောင့် စစ်အာဏာသိမ်းကောင်စီ၏ အမည်ကိုပင် ၉ ဂဏန်းကျစေရန် နဝတ (န=၇+ဝ=၄+တ=၇=၁၈=၁+၈=၉) ဟူ၍ အတိုကောက် မှည့်ခေါ်စေသလို ၉ ဂဏန်းကျသော စက်တင်ဘာလ ၁၈ ရက်နေ့ကိုပင် အာဏာသိမ်းခိုင်းခဲ့သည်။



ဗိုလ်ချုပ်ကြီး စောမောင်ကလည်း ဒုတိယကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး သန်းရွှေကို နဝတ အဖွဲ့၌ သာမန်အဖွဲ့ဝင် တစ်ဦးအဖြစ်သာ ထည့်သွင်းခဲ့ပြီး အရေးပါလှသည့် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ ပေါ်လစီများကို ကိုင်တွယ်ခိုင်းခြင်း မရှိဘဲ လမ်းဖောက်၊ တံတားဆောက် စသည့် လုပ်ငန်းအချို့တွင်သာ ကြီးကြပ်စေခဲ့သောကြောင့် ယင်းတို့အပေါ်တွင် အညိုးအတေး ထားခဲ့သည်။ သို့သော် မိမိ၏ မကျေနပ်မှုကို မျိုသိပ်ကာ လေသံမျှပင် မဟခဲ့ချေ။



အလွန် အကင်းပါးသော ဗိုလ်မှူးချုပ် ခင်ညွှန့်က နဝတ အတွင်း စည်းလုံးညီညွတ်ရေးကို ရှေ့ရူပြီး ဒုတိယဗိုလ်ချုပ်ကြီး သန်းရွှေကို နဝတ အဖွဲ့၏ ဒုတိယဥက္ကဌအဖြစ် ခန့်အပ်တာဝန်ပေးရန် အခွင့်သာတိုင်း အကြိမ်ကြိမ် နားချစည်းရုံးခဲ့သည်။ သို့သော်ဗိုလ်ချုပ်ကြီးသန်းရွှေသည် ဗိုလ်ချုပ်သန်းရွှေကို ၁၉၈၉ မေလ ၂၃ မှာ စတင်ဖွဲ့စည်းခဲ့သည့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုအဖွဲ့၌ ဥက္ကဌ အဖြစ်သာ ခန့်အပ်သည်။



ထို့နောက် ၁၉၉ဝ ပြည့်နှစ် အစောပိုင်းတွင် နဝတဥက္ကဌ၊ ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး တာဝန်ယူထားသော ဗိုလ်ချုပ်ကြီး စောမောင်သည် ဗိုလ်ချုပ်မှူးကြီး ရာထူးကို ယူခဲ့ပြီး ဒုတိယဗိုလ်ချုပ်ကြီး သန်းရွှေကို ဗိုလ်ချုပ်ကြီး ရာထူးတိုးမြှင့်ကာ နဝတအဖွဲ့၏ ဒုတိယဥက္ကဌအဖြစ် ခန့်အပ်ခဲ့သည်။



ထိုနှစ်မှာပင် နဝတအတွင်းရေးမှူး (၁) ဗိုလ်မှူးချုပ် ခင်ညွှန့်သည် ဗိုလ်ချုပ် အဆင့်သို့လည်းကောင်း၊ အတွင်းရေးမှူး(၂) ဗိုလ်မှူးကြီး တင်ဦးသည် ဗိုလ်မှူးချုပ် အဆင့်သို့လည်းကောင်း တိုးမြှင့်ခံရသည်။ ၁၉၉၁ စက်တင်ဘာလ ၁၈ ရက်နေ့ န၀တအဖွဲ့ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး စောမောင်သည် မိမိတာဝန်ယူထားသော နိုင်ငံခြားရေးဝန်ကြီးဌာန၏ ၀န်ကြီးတာဝန်ကို ဦးအုံးဂျော်အား လွှဲပြောင်းပေးအပ်သည့် ကြေညာချက် အမှတ် ၁/၉၁ ကို ထုတ်ပြန်ခဲ့သည်။



ဗိုလ်ချုပ်ကြီးသန်းရွှေအား နဝတ ဒုဥက္ကဌ ခန့်အပ်ခဲ့သော်လည်း အညိုးအတေး ကြီးလှသော ဗိုလ်ချုပ်ကြီး သန်းရွှေသည် ဗိုလ်ချုပ်မှူးကြီး စောမောင်၏ ခြေလှမ်းအမှားကိုသာ စောင့်ဆိုင်းနေခဲ့သည်။ စစ်ထောက်လှမ်းရေး အကြီးအကဲနှင့် နဝတ အတွင်းရေးမှူး (၁) ဗိုလ်ချုပ် ခင်ညွှန့်ကိုမူ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ အတွင်း အဖျက်အမှောင့် လုပ်ငန်းများကို လျှို့ဝှက်လုပ်ကိုင်၍ စစ်အာဏာသိမ်းရန် အခြေအနေပေါ် ပေါက်ရန် ဖန်တီး လုပ် ဆောင်ပေးခဲ့သူ ဖြစ်သောကြောင့် ၎င်းအတွက် တစ်ချိန်ချိန် တွင် အသုံးတည့်နိုင် သည်ဆိုသည့် အတွေးဖြင့် အချို သတ် ဆက်ဆံ ထားခဲ့သည်။



တပ်ချုပ်ကြီး ဘဝ


ဗိုလ်ချုပ်မှူးကြီး စောမောင်သည် ၁၉၉၀ ပြည့်နှစ်မေလ ၂၇ ရက်နေ့တွင် ကျင်းပခဲ့သော ပါတီစုံ အထွေထွေရွေးကောက်ပွဲ၌ မဆလပါတီ တဖြစ်လဲ တစည ခေါ် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ အနိုင်ရရှိမည်ထင်၍ ရွေးကောက်ပွဲပြီးလျှင် တပ်မတော်က စစ်တန်းလျား ပြန်မည်ဟု အာချောင်မိခဲ့သည်။ သို့သော် တကယ်တမ်း N.L.D ပါတီက အပြတ်အသတ် အနိုင်ရရှိသောအခါ နဝတအဖွဲ့အတွင်း သဘောထား တင်းမာသော ဗိုလ်ချုပ်ကြီး သန်းရွှေ ဦးဆောင်သည့် နဝတဗိုလ်ချုပ်များက လွှတ်တော်ခေါ်ပေးရန်နှင့် N.L.D ပါတီကို အာဏာလွှဲပြောင်းပေးမည့် ကိစ္စကို ပြင်းထန်စွာကန့်ကွက်သောကြောင့် ဗိုလ်ချုပ်မှူးကြီး စောမောင်သည် ကတိမတည်သူအဖြစ် ပြည်တွင်းပြည်ပ၏ အကြီးအကျယ် ထိုးနှက်ဝေဖန်ခြင်းကို ခံခဲ့ရသည်။



သို့ကလို ဘေးကျပ်နံကျပ် အခြေအနေများနှင့် ရင်ဆိုင်လာခဲ့သည့် ဗိုလ်ချုပ်မှူးကြီး စောမောင်သည် စိတ်ထွက်ပေါက် ရှာသည့်အနေဖြင့် အရက်ကို နေ့ရောညပါသောက်စားမူးယစ်ခဲ့ရာမှ နောက်ဆုံး၌ စိတ်ဝေဒနာပါ စွဲကပ်လာပြီး မိန့်ခွန်းခြွေရာမှာပင် အမှားအယွင်းများ ဖြစ်ပေါ်လာခဲ့သည်။ အကွက်ကောင်းကို ချောင်းနေသော ဗိုလ်ချုပ်ကြီး သန်းရွှေသည် ဗိုလ်ချုပ်မှူးကြီး စောမောင်၏ မိန့်ခွန်းများကို တစ်လုံးမှ ပြင်ဆင်တည်းဖြတ်ခြင်း မပြုဘဲ၊ ရေဒီယိုနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့်ခိုင်းခဲ့ပြီး ပြည်သူနှင့် တပ်မတော်အကြား၌ ပညာသားပါပါ သိက္ခာချခဲ့သည်။



ထို့နောက် တပ်မတော်ဆေးဝန်ထမ်း ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် ကျော်ဝင်း (နောင် ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး) ဦးဆောင်သည့် သမားတော်ကြီးများကို ဆေးစစ်ဆေးခိုင်းပြီး ဗိုလ်ချုပ်မှူးကြီး စောမောင်၏ ကျန်းမာရေး အခြေအနေ မကောင်းကြောင်း၊ ဆေးထောက်ခံစာ တင်ပြခိုင်းသည်။  ဗိုလ်ချုပ်ကြီး သန်းရွှေသည် အဆိုပါ ဆေးစာကို နဝတ အဖွဲ့နှင့် စစ်အစိုးရအဖွဲ့ဝင်များကို ပြသ၍ တစ်ဦးချင်း သဘောထားကို ခေါ်ယူမေးမြန်းခဲ့သည်။ ထိုစဉ်အတွင်း ၁၉၉၂ ခုနှစ် မတ်လ ၂ဝ တွင် နဝတအဖွဲ့၏ ကြေညာချက် ၆/၉၂ ဖြင့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး သန်းရွှေသည် ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် လွှဲပြောင်းယူလိုက်သည်။



အစစ အရာရာ အကွက်စေ့အောင် ဖန်တီးနိုင်ခဲ့သည့် ဗိုလ်ချုပ်ကြီးသန်းရွှေသည် သူကိုယ်တိုင် လက်မှတ် ရေးထိုးထားသည့် နဝတ ကြေညာချက်အမှတ် ၈/၉၂ ကို ၁၉၉၂ ခုနှစ် ဧပြီလ ၂၃ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး စောမောင်ကို တာဝန်အရပ်ရပ်က အနားပေးလိုက်ကြောင်း ကြေညာခဲ့သည်။ ကြေညာချက်၌…



“နိုင်ငံတော်၏ မြားမြောင်ကြီးလေးလှသော အလုပ်တာဝန်များ၏ ဒဏ်ကြောင့် ဗိုလ်ချုပ်မှူးကြီး စောမောင်၏ ကျန်းမာရေးသည် အနားမယူလျှင် မဖြစ်တော့သည့် အခြေအနေအထိ ချွတ်ယွင်းလာသဖြင့် တာဝန်များ ပြန်လည်ထမ်းဆောင်နိုင်သော ကျန်းမာရေး အခြေအနေသို့ ရောက်ရှိသည်အထိ အနားယူနေရန် ကျွမ်းကျင်သော ဆရာဝန်ကြီးများက အကြံပြုထောက်ခံချက်ကို နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အစည်းအဝေးတွင် တင်ပြပြီး ဗိုလ်ချုပ်မှူးကြီး စောမောင်အား အနားယူစေရန် ဆုံးဖြတ်လိုက်ကြောင်း ကြေညာအပ်ပါသည်” ဟူ၍ ဖော်ထားသည်။ န၀တအဖွဲ့ အတွင်းရေးမှူး (၁) ဗိုလ်ချုပ် ခင်ညွှန့်ကလည်း အဆိုပါ ရက်စွဲဖြင့်ပင် နဝတ ကြေညာချက် ၉/၉၂ ကို ထုတ်ပြန်ခဲ့ပြီး န၀တ ဥက္ကဌနေရာကို ယခုအချိန်မှစ၍ ဗိုလ်ချုပ်ကြီး သန်းရွှေက ဆက်လက်တာဝန်ယူသွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ အမှန်စင်စစ် ဗိုလ်ချုပ်ကြီး သန်းရွှေသည် ၁၉၉၂ ဧပြီလ ၂၂ ရက်နေ့ ကတည်းကပင် ကာကွယ်ရေးဦးစီးချုပ် တာဝန်ကို စတင် ထမ်းဆောင်နေခဲ့ပြီ ဖြစ်သည်။



တစ်ဖန် ၁၉၉၂ ဧပြီလ ၂၄ ရက်နေ့တွင် နဝတအဖွဲ့၏ ကြေညာချက် ၁ဝ/၉၂ ဖြင့် နဝတ ဥက္ကဌ ဗိုလ်ချုပ်ကြီး သန်းရွှေသည် အစိုးရအဖွဲ့တွင် ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး၏ တာဝန်အပြင် ဝန်ကြီးချုပ်၏ တာဝန်ကိုပါ ထမ်းဆောင်ကြောင်း ကြေညာခဲ့သည်။



ဤသို့ဖြင့် ဗိုလ်ချုပ်မှူးကြီး စောမောင်သည် တပ်ချုပ်ကြီး ရာထူးနှင့် နဝတ ဥက္ကဌရာထူးမှ ဖယ်ရှားခံလိုက် ရတော့သည်။ ဗိုလ်ချုပ်မှူးကြီး စောမောင်အပေါ် သစ္စာဖောက်ပြီး နောက်ကျောကို ဓားနှင့် ထိုးခဲ့ကြသည့် ဗိုလ်ချုပ်ကြီး သန်းရွှေနှင့် ဗိုလ်ချုပ်ခင်ညွှန့်တို့ကို ဗိုလ်ချုပ်မှူးကြီး၏ ဇနီး ဒေါ်အေးရီက ခံပြင်းဒေါသထွက်ကာ ကာကွယ်ရေးဦးစီးချုပ်ရုံးပေါ်အထိ တက်၍ ရန်တွေ့ခဲ့သည်။



ထို့နောက် ဗိုလ်ချုပ်ကြီး သန်းရွှေသည် ကာကွယ်ရေးဦးစီးချုပ်နှင့် နဝတ ဥက္ကဌဖြစ်လာပြီးနောက် သူ့ရဲ့အာဏာ တည်တံ့ခိုင်မြဲရေးအတွက် စစ်ရုံးချုပ်နှင့် ဗိုလ်ချုပ်ခင်ညွှန့်၏ ထောက်လှမ်းရေးဌာနများ၌ “သူ့အတွင်းလူ” များကို နေရာချထားလိုက်သည်။ သူ တပ်မ (၈၈) တပ်မှူးအဖြစ် တာဝန်ထမ်းဆောင်စဉ်က စစ်ဦးစီးမှူး (ဒုတိယတန်း) အဖြစ် သူ့လက်အောက်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသော ဒုဗိုလ်မှူးကြီး ကျော်ဝင်း (မန္တလေး အမှတ်(၁) စစ်ထောက်လှမ်းရေး တပ်မှူး) ကို ၁၉၉၂ မေလတွင် ရန်ကုန်စစ်ရုံးချုပ်ကို ချက်ချင်းခေါ်ယူခဲ့ပြီး တပ်မတော်ထောက်လှမ်းရေး ညွှန်ကြားရေးမှူး အဖြစ် ခန့်အပ်ကာ ဗိုလ်ချုပ်ခင်ညွှန့်ကို အနီးကပ် ထိန်းချုပ်နိုင်ရန် စတင် ကြိုးပမ်းခဲ့သည်။



ဗိုလ်ချုပ်မှူးကြီး စောမောင်လက်ထက်က စစ်ရုံးချုပ်မှ ယာယီနှင့် ထုတ်ထားသော သူ့တပည့်ရင်း ဗိုလ်မှူးချုပ် တင်ဦး (အတွင်းရေးမှူး – ၂) နှင့် စစ်ဦးစီး (ပထမတန်း) ဗိုလ်မှူးကြီး ခင်မောင်သန်းကို စစ်ရုံးချုပ်ကို ပြန်လည်ခေါ်ယူ၍ တာဝန်ပြန်ပေးအပ်ခဲ့သည်။ ဗိုလ်မှူးကြီး ခင်မောင်သန်းကို တပ်မ (၁၁) တပ်မမှူး အနေဖြင့် ခန့်အပ်တာဝန်ပေးထားသော်လည်း အမှန်စင်စစ် ဗိုလ်ချုပ်ကြီး သန်းရွှေသည် သူ့အနီးခေါ်ယူကာ တပ်မ (၁၁)ကို စစ်ရုံးချုပ်မှနေ၍ ကွပ်ကဲစေသည်။ ဗိုလ်ချုပ်မှူးကြီးဟောင်း စောမောင်၏ အတွင်းလူများ အားလုံးကိုလည်း စစ်ရုံးချုပ်မှ ဖယ်ရှားပစ်ခဲ့ပြီးနောက် ဗိုလ်ချုပ်ကြီး သန်းရွှေ နတခ တိုင်းမှူးဘ၀ဖြင့် ပုသိမ်၌ နေထိုင်စဉ်အတွင်း သူ့ဇနီး ဒေါ်ကြိုင်ကြိုင်၏ စကားကို မြေ၀ယ်မကျ နားထောင်ခဲ့သော ဗိုလ်မှူးနေ၀င်းကို ရာထူးအဆင့်ဆင့် တိုးမြှင့်ကာ န၀တဥက္ကဌ၏ စစ်ဘက်လက်ထောက် ခန့်အပ်ခဲ့သလို သူ့အတွင်းလူ ဗိုလ်မှူးဆန်းဆင့် ကို ဗိုလ်ချုပ်ရာထူးအထိ အဆင့်ဆင့်တိုးပေး၍ စစ်ရာထူးခန့်ချုပ်အဖြစ် မြှောက်စားခဲ့သည်။ ထို့ပြင် ဗိုလ်ချုပ်ကြီး သန်းရွှေ တိုင်းမှူးဘဝက အိမ်တော်စောင့် လုံခြုံရေး အရာရှိ လုပ်ခဲ့သော ဗိုလ်ကြီးလှအောင်သိန်း ကိုလည်း စစ်ရုံးချုပ် စခန်းမှူး ဗိုလ်ချုပ် လှအောင်သိန်းအဖြစ် ခန့်အပ်ထားလိုက်သည်။



နောက်မကြာခင်မှာပင် ဗိုလ်ချုပ်ကြီးသန်းရွှေသည် ဗိုလ်ချုပ်မှူးကြီး ရာထူးကို ယူလိုက်သည်။ ဗိုလ်ချုပ်မှူးကြီးရာထူးကို အင်္ဂလိပ်ဘာသာဖြင့် Senior General လို့ သုံးနှုန်းထားရာ တိုက်ရိုက်ဘာသာပြန်လျှင် ဝါရင့် ဗိုလ်ချုပ်ကြီး အဆင့်ရာထူးပင် ဖြစ်သည်။ အဆိုပါ ရာထူးများအားလုံးသည် တရုတ်စစ်တပ်ဖွဲ့စည်းပုံအရ တိုက်ရိုက်ကူးယူထားခြင်း ဖြစ်ပါသည်။ ထူးခြားမှုက တရုတ်စစ်တပ်၌ Senior Major (ဝါရင့် ဗိုလ်မှူး) နှင့် Senior Sergeant (ဝါရင့်တပ်ကြပ်ကြီး) ရှိသော်လည်း မြန်မာ့တပ်မတော်၌ အဆိုပါ ရာထူး နှစ်ခုတော့ မရှိပါချေ။

မြန်မာ့တပ်မတော်၏ ပြန်တမ်းဝင် အရာရှိ ရာထူးအဆင့်ဆင့် ခန့်အပ်ထားပုံမှာ ဒုဗိုလ်၊ ဗိုလ်၊ ဗိုလ်ကြီး၊ ဗိုလ်မှူး၊ ဒုတိယဗိုလ်မှူးကြီး၊ ဗိုလ်မှူးကြီး၊ ဗိုလ်မှူးချုပ်၊ ဗိုလ်ချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ်ကြီး၊ ဒုတိယဗိုလ်ချုပ်မှူးကြီး၊ ဗိုလ်ချုပ်မှူးကြီးတို့ပင် ဖြစ်သည်။



ဦးနေဝင်းနှင့် မဆလ ထိပ်တန်းခေါင်းဆောင်များက ၁၉၈၈ စက်တင်ဘာလ၌ တပ်မတော်ကို အာဏာသိမ်းရန် အမိန့်ပေးခဲ့စဉ်က အာဏာသိမ်းအဖွဲ့၌ ဗိုလ်ချုပ်မှူးကြီး စောမောင်ပြီးရင် ဗိုလ်ချုပ် ခင်ညွှန့်ကို ဒုတိယခေါင်းဆောင်အဖြစ် သတ်မှတ်ပေးထားခဲ့သည်။



သို့သော် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာပြီးနောက် လစ်လပ်သွားသော သူ၏ ဒုတိယကာကွယ်ရေး ဦးစီးချုပ်ကို အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မောင်အေးကို ၁၉၉၃ မတ်လ ၂၇ ရက်နေ့တွင် လွှဲပြောင်းပေးအပ်ခဲ့သည်။



န၀တ ဒုတိယဥက္ကဌရာထူးကို ဗိုလ်ချုပ်ခင်ညွှန့်ကို ပေးလိုက်လျှင် စစ်တပ်၏ စည်းလုံးညီညွတ်မှု ပျက်စီးကာ နောက်ထပ်အာဏာသိမ်းမှု တစ်ခု ဖြစ်လာနိုင်သည်ဟု ယူဆထားပုံရသည်။



ဗိုလ်ချုပ် မောင်အေးသည် ကန့်ဘလူမြို့၌ ၁၉၃၇ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့က ဖွားမြင်ခဲ့သည်။ ၁၉၅၄ ခုနှစ်၌ ဒသမတန်း အောင်မြင်ပြီး ၁၉၅၅ ခု၊ ဇွန်လ ၂ဝ ရက်နေ့တွင် တပ်မတော်သို့ ဝင်ရောက်၍ မေမြို့ စစ်တက္ကသိုလ် ဗိုလ်သင်တန်း အပတ်စဉ် (၁) သို့ တက်ရောက်ခဲ့သူ ဖြစ်သည်။ ၁၉၅၉ ခုနှစ် ဇွန်လ ၁၂ ရက်၌ တပ်မတော် ပြန်တမ်းဝင် အရာရှိအဖြစ် ခန့်အပ်ခြင်း ခံရပြီး ခလရ ၃ဝ မှာ တပ်စုမှူး၊ တပ်ခွဲမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ထို့နောက် ၁၉၆၅ တွင် ကာကွယ်ရေးဝန်ကြီးဌာန လေ့ကျင့်ရေးနှင့် စီမံရေးညွှန်ကြားရေးမှူးရုံးသို့ ပြောင်းရွှေ့ပြီး စစ်ဦးစီးအရာရှိ (တတိယတန်း) အဖြစ်လည်းကောင်း၊ ဗဟိုနိုင်ငံရေး သိပ္ပံကျောင်း၌ တောင်သူလယ်သမားရေးရာ အမှတ်စဉ် (၇) တပ်ခွဲ (၁) တပ်စု ၃ နှင့် ၄ တို့ကို ၁၉၆၇ ခုနှစ် မေလ ၂၀ မှ သြဂုတ်လ ၁၉ ရက်နေ့အထိ သင်တန်းမှူးအဖြစ် သင်ကြားပေးခဲ့သည်။ ၁၉၇၃ ဒီဇင်ဘာလတွင် စစ်တက္ကသိုလ်မှ လေ့ကျင့်ရေး ညွှန်ကြားရေးမှူးရုံးသို့ စစ်ဦးစီးမှူး (ဒုတိယတန်း) အဖြစ် ပြောင်းခဲ့သည်။ ၁၉၇၅ မတ်လ ၁၃ ရက်တွင် ခလရ ၆၈ တွင် ယာယီတပ်ရင်းမှူးအဖြစ် စတင် တာဝန်ထမ်းဆောင်ပြီး၊ ၁၉၇၆ မတ် ၁၃ တွင် ဒုတိယဗိုလ်မှူးကြီး အဆင့်ရရှိခဲ့သည်။ ၁၉၇၈ ဖေဖော်ဝါရီလ ၂ဝ ရက်တွင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်သို့ စစ်ဦးစီးမှူး (ပထမတန်း) အဖြစ် ပြောင်းရွှေ့တာဝန် ထမ်းဆောင်ခဲ့ရပြီး ၁၉၇၈ ခု နိုဝင်ဘာလ ၁၅ မှ ၁၉၈၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် စစ်ဗျူဟာ (၁) စစ်ဗျူဟာမှူး၊ ၁၉၈၂ ဇန်န၀ါရီလ ၁ ရက်တွင် ဒုတိယတပ်မမှူးအဖြစ် အမှတ် ၇၇ ခြေမြန်တပ်မဌာနချုပ်သို့လည်းကောင်း၊ ၁၉၈၃ သြဂုတ်လ ၈ ရက်တွင် ကာကွယ်ရေးဝန်ကြီးဌာန စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူးနှင့် မဆလခေတ် မိုးကောင်းမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အသီးသီးထမ်းရွက်ခဲ့သူ ဖြစ်ပါသည်။ ထို့နောက် ရပခ တိုင်းမှူး ဖြစ်လာခဲ့သည်။



အမှန်စင်စစ် ဗိုလ်ချုပ်မှူးကြီး စောမောင်နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ အသက် ၆ဝ ပြည့်လျှင် သက်ပြည့်ပင်စင်ဖြင့် အငြိမ်းစားသွားခဲ့လျှင် မြန်မာ့တပ်မတော်ကို ဆက်လက်ဦးဆောင်ရန်အတွက် ကာကွယ်ရေး ဦးစီးချုပ်ဟောင်းအဖြစ် လျာထားခြင်းခံရသူများ၌ မူလက ရတခ တိုင်းမှူး ဗိုလ်ချုပ် ဥာဏ်လင်း (D.S.A) အသက် ၅၂ နှစ်ကို သတ်မှတ်ထားခဲ့ကြသည်။ သို့သော် ဗိုလ်ချုပ် ဥာဏ်လင်းသည် ကျန်းမာရေး မကောင်းသည့်အတွက် ၁၉၉၁ မတ်လ ၁၈ ရက်နေ့တွင် ဆေးပင်စင်ဖြင့် အငြိမ်းစားယူသွားခဲ့ပြီး ၁၉၉၆ မတ်လ ၂၅ ရက်တွင် ကွယ်လွန်သွားခဲ့သောကြောင့် သူနှင့် စစ်တက္ကသိုလ် တစ်ပတ်စဉ်တည်း ဆင်းခဲ့သော ဗိုလ်ချုပ် မောင်အေးကို မလွှဲသာမရှောင်သာ ရွေးချယ်လိုက်ရသည်ဟု သိရှိရသည်။



ထိုစဉ်က အသက် ၅၄ နှစ်သာ ရှိသေးသော ကျောက်တန်းသား ဗိုလ်ချုပ် ခင်ညွှန့်သည် သူ့စစ်မှုထမ်း သက်တမ်းတစ်လျှောက်တိုက်ခိုက်ရေး တာဝန်များထက် ဦးစီးအရာရှိတာဝန်များကိုသာ ထမ်းရွက်ခဲ့သောကြောင့် စစ်ဘက်ရေးရာ ကိစ္စထက် အုပ်ချုပ်ရေးပိုင်း၌သာ ပိုပြီး စိတ်ဝင်စားခဲ့သည်။ ထို့ကြောင့် ဗိုလ်ချုပ်ခင်ညွှန့်သည် ဒုတိယကာကွယ်ရေးဦးစီးချုပ် ရာထူးကို ရရှိရန်မျှော်မှန်းမထားသော်လည်း နဝတ ဒုဥက္ကဌရာထူးကိုမူ သူသာလျှင် ဖြစ်ထိုက်သည်ဟု ယူဆထားခဲ့သည်။



သို့သော် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကဗိုလ်ချုပ်ခင်ညွှန့်ကိုယင်းရာထူးပေးရန်မူလကတည်း စိတ်မကူး ခဲ့ချေ။ ဗိုလ်ချုပ်ခင်ညွှန့်သည် ရည်ရွယ်ချက်ကြီးမားပြီး အင်မတန် အကွက်မြင်၍ ပါးနပ်မှုလည်း ရှိသည့်အပြင် ဦးနေဝင်းမိသားစုအပါအဝင် မဆလစစ်ခေါင်းဆောင်အချို့ကလည်း သူ့ကိုသဘောကျ အားပေးထောက်ခံနေ သည့်အတွက် တစ်နေ့လျှင် သူ့ကိုယ်ပါ တက်နင်သွားမည်ကို စိုးရိမ်ခဲ့သောကြောင့် နဝတ ဒုတိယဥက္ကဌရာထူးကို ဘယ်သူ့ကိုမှမပေးဘဲ(၂)နှစ်နီးပါးခန့်အချိန်ဆွဲထားခဲ့သည်။နဝတစစ်အာဏာသိမ်းကောင်စီနှင့် အစိုးရဝန်ကြီးအ ဖွဲ့၌ အဆိုပါ ရာထူးကို ဗိုလ်ချုပ် ခင်ညွှန့်သာ ရထိုက်သည်။ ဗိုလ်ချုပ်ကြီး မောင်အေးသာ ထိုက်တန်သည်ဟူ၍ အတွင်းကြိတ် အုပ်စုတိုက်ပွဲလေးများ ပေါ်ပေါက်နေခဲ့သည်။ သို့သော် နောက်ဆုံးတွင် ဗေဒင်ကိန်းခန်းပါမကျန် အမျိုးမျိုး တွက်ချက်ပြီးနောက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် နဝတ ဒုဥက္ကဌရာထူးကို ၁၉၉၄ ခုနှစ် ဧပြီ ၂၇ ရက်နေ့တွင် ဗိုလ်ချုပ်ကြီး မောင်အေးကိုသာ ပေးအပ်လိုက်လေသည်။

ဗိုလ်ချုပ်ခင်ညွှန့်သည် နောက်ဆုံး စိတ်ဓါတ်ကျသွားပြီး သူ့ကို နဝတ အဖွဲ့မှ နုတ်ထွက်ခွင့်ပေးရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ အကြိမ်ကြိမ် တောင်းဆိုခဲ့သည်။ သို့သော် တပ်ချုပ်ကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နုတ်ထွက်ခွင့်လည်းမပေး၊ လုပ်ပိုင်ခွင့်လည်း တိုးမပေးဘဲ ကြိုးရှည်ရှည်ဖြင့် လှန်ထားခဲ့သည်။




ဦးသန်းရွှေ (သို့) နေပြည်တော် မင်းသားကြီး – အပိုင်း (၄)


ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစု

သွားလေသူ ဗိုလ်ချုပ်ကြီးစောမောင်က သူ့ကိုယ်သူ ကျန်ခဲ့သည့် စစ်သား (ဝါ) ကျန်စစ်သား ဟူ၍ သူ၏ ကမ္ဘာကျော်မာရသွန် မိန့်ခွန်းရှည်ကြီး၌ ထည့်သွင်းပြောဆိုခဲ့ဖူးသည်။ စစ်ထောက်လှမ်းရေးများ ဦးစီး၍ စစ်ထောက်လှမ်းရေး (၁၂)၏ သောင်ရင်း စာပေဝိုင်း ဟူ၍ အမည်တပ်ထားသော စာပေတိုက်မှ ထုတ်ဝေသော မြက်ခင်းသစ် မဂ္ဂဇင်း ရှေ့ဆုံး စာမျက်နှာ၌ “မုဒိတာ” ခေါင်းစဉ်တပ်၍ များစွာသော ခပ်သိမ်းသောသူ အပေါင်းတို့သည် သားတကွဲ၊ မယားတကွဲ၊ မိတကွဲ၊ ဖတကွဲ ဖြစ်ကြရကုန်၏။ ထိုသူတို့၏ ဆင်းရဲဒုက္ခကို ငါ ငြိမ်းပါအံ့။ ထိုသူတို့၏ မျက်ရည်ကို ငါ သုတ်ပေးပါအံ့။ ငါ၏ လက်ယာလက်ဖြင့် ဆန်စပါးရိက္ခာကိုပေးအံ့။ ငါ၏ လက်ဝဲလက်ဖြင့် ဝတ်စားတန်ဆာကို ပေးအံ့။ အမိသည် သားငယ်ကို ရင်ခွင်၌ နှစ်သိမ့်စေသကဲ့သို့ ငါသည်လည်း တိုင်းသူပြည်သားတို့ကိုနှစ်သိမ့်စေသကဲ့သို့ငါသည်လည်းတိုင်းသူပြည်သားတို့ကိုနှစ်သိမ့်စေအံ့”  (ကျန်စစ်သား မင်း ခရစ်နှစ် ၁ဝ၈၄ – ၁၁၁၂) ဟူ၍ ဖော်ပြကာ၊ “မင်းရူးဘုံဆော်” လုပ်ပေးခဲ့ကြသည်။ နောက်ဆုံးတွင် ဗိုလ်ချုပ်မှူးကြီး စောမောင်သည် ယဉ်ယဉ်ကလေး မင်းရူး ရူးကာ အထုတ်ခံလိုက်ရတော့သည်။
ဗိုလ်ချုပ်မှူးကြီး စောမောင်အား ဖယ်ရှား၍ အာဏာလွှဲယူလိုက်သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုလည်း သူ ကိုးကွယ်နေသော ဘိုးတော်တစ်ဦးက ညောင်ရမ်းမင်းဆက် (ခရစ် ၁၆ဝဝ – ၁၇၅၂) မှ သာလွန်မင်းတရားကြီး (ခရစ်၁၆၂၉-၁၆၄၈) ဝင်စားခဲ့သူဟူ၍ ပြောဆိုရာမှ နောက်ပိုင်းတွင် သူကိုယ်တိုင် အပါအဝင် တစ်အိမ်သားလုံးက ယုံကြည်သွားကြသည်။

သူ့ဇနီး ဒေါ်ကြိုင်ကြိုင်ကလည်း ၂၀၀၂ ခုနှစ်မှစပြီး သူ့ကို “မယ်တော်ကြီး” ဟု ခေါ်စေပြီး သူ့သမီးများကို “သမီးတော်” ဟု ခေါ်ဝေါ်ကြရန် သူတို့မိသားစုနှင့် နီးစပ်သော စစ်ဘက်အရပ်ဘက် အရာရှိကြီးများကို နှုတ်မိန့်ဖြင့် ညွှန်ကြားခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၁၉၆၉ ခု၊ ဇန်န၀ါရီလ၌ ကရင်ပြည်နယ်ရှိ အမှတ် (၇၇) ခြေမြန်တပ်မသို့ ဗိုလ်မှူးရာထူးဖြင့် ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရင်း ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၊ ပဲခူးရိုးမ၊ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်များ လှည့်လည်သွားလာခဲ့ ရသည်။

ဤသို့လှည့်လည်ရင်း ကရင်ပြည်နယ် ဘားအံမြို့ ကုန်ကလေးအရပ်၌ အဒေါ်များနှင့် နေထိုင်သော ဒေါ်ကြိုင်ကြိုင်နှင့် တွေ့ဆုံရင်းနှီးကာ ချစ်ကျွမ်းဝင် လက်ထပ်ခဲ့သည်ဟု သိရသည်။ ဒေါ်ကြိုင်ကြိုင်သည် ကရင်ပြည်နယ် မြိုင်ကလေးအနီးရှိ ထီလုံခြမ်း၌ အဖ တရုတ်လူမျိုး ဦးကြူတင်နှင့် မိခင် ပအို့ဝ်သူ ဒေါ်ဖွားမေတို့မှ ဖွားမြင်ခဲ့သည်။ သို့သော် ကော့ကျိုက်မြို့၌ ကြီးပြင်းခဲ့သည်ဟု ဆိုသည်။ မွေးချင်း ၉ ဦးအနက် ပဉ္စမမြောက် သမီးဖြစ်သည်။ ဒေါ်ကြိုင်ကြိုင်၏ မွေးချင်းအစ်ကိုနှင့် ညီမနှစ်ဦးမှာ ဦးဘသိန်း၊ ဦးအောင်သန်း၊ ဒေါ်မြမေ၊ ဒေါ်မအုံ တို့ ဖြစ်သည်။ သူ့ဖခင် ဦးကြူတင်သည် အိမ်ထောင်နှစ်ဆက် ရှိသူဖြစ်ပြီး ပထမဇနီးမှာ ဒေါ်နန်းဝန်းဖြစ်သည်။ ပထမဇနီးနှင့် သား ဦးစိန်ကီး (မန္တလေး) (နှလုံးခွဲစိတ်ကုဆရာဝန် ဒေါက်တာ ခွန်စိုးမိုး၏ ဖခင်) နှင့် ဦးစောစံရွှေ (သမဝါယမမင်းကြီးဟောင်း) တို့ ထွန်းကားခဲ့သည်။ ဒုတိယဇနီး ဒေါ်ဖွားမေနှင့် သားသမီး (၉) ဦး ထွန်းကားခဲ့သည်။

ဦးသန်းရွှေနှင့် အိမ်ထောင်မကျခင်က ဒေါ်ကြိုင်ကြိုင်သည် မော်လမြိုင်မြို့၌ ပညာသင်ကြားနေဆဲ ဖြစ်သည်။ ဒေါ်ကြိုင်ကြိုင်၏ အမည်ရင်းမှာ မကြန်ဖြစ်သည်။ နောင်တွင် အများက ဒေါ်မကြိုင်ဟု ခေါ်တွင်ရာမှ ဒေါ်ကြိုင်ကြိုင် ဖြစ်လာသည်။ ဗိုလ်မှူးကလေး သန်းရွှေနှင့် ဒေါ်ကြိုင်ကြိုင် အကြင်လင်မယား ဖြစ်ပြီးနောက် သား (၃) ဦးနှင့် သမီး (၅) ဦး [ နိုင်စန်းရွှေ၊ ထွန်းနိုင်ရွှေ၊ မဒေဝါရွှေ၊ မခင်ပြုံးရွှေ၊ မကြည်ကြည်ရွှေ (မသြ)၊ သန့်ဇော်ရွှေ (မောင်မောင်) ၊ မအေးအေးသစ်ရွှေ၊ မသန္တာရွှေ (မပေါက်) ] ထွန်းကားခဲ့သည်။

သား နိုင်စန်းရွှေ၏ ဇနီးမှာ ဒေါက်တာ ခင်ဝင်းစိန်ဖြစ်ပြီး ထွန်းနိုင်ရွှေ၏ ဇနီးမှာ သန္တာခင် ဖြစ်သည်။ သမီး ကြည်ကြည်ရွှေ၏ ခင်ပွန်းမှာ ဆေးတပ်အရာရှိ ဒေါက်တာနေစိုးမောင် ဖြစ်သည်။ သမီးငယ် ခင်ပြုံးရွှေ၏ ခင်ပွန်းမှာ ဗိုလ်မှူးကြီး သိန်းနိုင် (လေတပ်) ဖြစ်သည်။ ၎င်းသည် မကြာမီမှာပင် တပ်တွင်း အပြောင်းအလဲ၌ ဗိုလ်မှူးချုပ်အဆင့် တိုးမြှင့်ခံရကာ မင်္ဂလာဒုံ လေတပ်စခန်းမှူးအဖြစ် တာဝန်ပေးအပ်ခံရသည်။ အငယ်ဆုံး သမီးထွေး သန္တာရွှေ၏ ခင်ပွန်းမှာ ဗိုလ်မှူး ဇော်ဖြိုးဝင်းဖြစ်သည်။ ယင်းတို့၏ မင်္ဂလာဆောင်ကို ရိုက်ကူးထားသော “စိန်စီသောည” ဗွီဒီယိုခွေဖြင့် အွန်လိုင်းတွင် ပျံ့နှံ့ခဲ့သည်။ သမီးကြည်ကြည်ရွှေနှင့် ဒေါက်တာနေစိုးမောင် (နောင်ဒုတိယဗိုလ်မှူးကြီး၊ ပြည်သူ့ကျန်းမာရေးတက္ကသိုလ် ကထိက)တို့မှ သား နေရွှေသွေးအောင် ကို ဖွားမြင်သည်။ ၀ါဆိုလပြည့်နေ့၌ ဖွားမြင်၍ “ဖိုးလပြည့်” ဟု မှည့်ခေါ်ထားပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အချစ်ဆုံး မြေးတော်ဖြစ်သည်။ ၎င်းသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဖခင်ဝင်စားသူဟူ၍ မိသားစုက ယုံကြည်ခဲ့ကြသည်။

ထို့နောက် ကြည်ကြည်ရွှေသည် အိမ်ထောင်ရေး အဆင်မပြေမှုကြောင့် ဒေါက်တာနေစိုးမောင် နှင့် တရားဝင် ကွာရှင်းပြတ်စဲလိုက်သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မိသားစုသည် စီးပွားရေးလုပ်ငန်းကြီးများ၌ ထင်ထင်ပေါ်ပေါ် လုပ်ကိုင်သည်ကို မတွေ့ရသော်လည်း နှစ်စဉ် သက်ဆိုင်ရာ ဝန်ကြီးဌာန အသီးသီးမှ ကန်တော့ငွေများ၊ ပုဂံလေကြောင်း အပါအဝင် ကျောက်မျက်အသင်း ဥက္ကဌနှင့် ထူးကုမ္ပဏီပိုင်ရှင် ခရိုနီ ဦးတေဇ နှင့်မကြာခင်လွတ်မြောက်လာသော ဦးမောင်ဝိတ်တို့၏ စီးပွားရေးလုပ်ငန်းများ၌ အစုရှယ်ယာ ထည့်ဝင်ထား ကြောင်း သိရသည်။

ဒေါ်ကြိုက်ကြိုင်သည် ဗိုလ်မှူးသန်းရွှေနှင့် လက်ထပ်ပြီးနောက် အောက်ခြေသိမ်း အိမ်မှုကိစ္စများသာမက ခင်ပွန်းဖြစ်သူ၏ အနာဂတ် တက်လမ်းအတွက် အကြံဥာဏ်ရလိုရကြောင်း၊ နောက်ကွယ်၌ တတ်ကျွမ်း နားလည်သည့် ဗေဒင်လက္ခဏာ ဆရာများကို ချဉ်းကပ်ပြီး ခင်ပွန်းဇာတာကို တွက်ချက် စစ်ဆေးလေ့ ရှိသည်ဟု သိရသည်။

ဧရာဝတီ ဂျာနယ် အတွဲ – ၁၊ အမှတ် -၅ (၂ဝ၁၄ ဖေဖော်ဝါရီ ၂ ရက်) ထုတ်၌ အောင်ဇော် ရေးသားခဲ့သော “အာဏာရှင်များနှင့် မြန်မာ့တပ်မတော် အပိုင်း (၅)” ဆောင်းပါး၌ ဒေါ်ကြိုင်ကြိုင်သည် ၁၉၈ဝ ပြည့်နှစ် ဝန်းကျင်လောက်တွင် အခြားအရာရှိ ကတော်များနှင့်အတူ နာမည်ကျော် ဝေဒပညာရှင် ဦးဥာဏ်ဇော် ဆီ သွားရောက်ဗေဒင်တွက်ခဲ့ရာ သူ့ခင်ပွန်းသည် တစ်နေ့ကျလျှင် မြန်မာနိုင်ငံ၏ အကြီးအကဲ ဖြစ်လာလိမ့်မည်ဟု ဟောကိန်းထုတ်ခဲ့ရာ ပထမပိုင်း၌ ဒေါ်မကြိုင်သည် မယုံကြည်ခဲ့ ဟု ဆိုသည်။ ထို့ပြင် မလိုသူများ သိသွားလျှင် သူ့ခင်ပွန်း အလုပ်ပြုတ်သွားမည်ကိုလည်း စိုးရိမ်ခဲ့ကြောင်း ၊ ထို့ကြောင့် ယင်းအကြောင်းကို မည်သူ့ကိုမျှ မပြောခဲ့ကြောင်း ရေးသား ဖော်ပြသည်။

ထို့နောက် အခြားဗေဒင်ဆရာများကလည်း ယခင်ဗေဒင်ဆရာများ ဟောခဲ့သည့်အတိုင်း ထပ်တူထပ်မျှ ထပ်မံဟောကြားခဲ့ရာ ဒေါ်ကြိုင်ကြိုင်သည် ယုံရအခက် မယုံရအခက် ဇဝေဇဝါ ဖြစ်လာခဲ့သည်။ ဦးသန်းရွှေ၏ ဖအေတူ အမေကွဲ အစ်မကြီးဖြစ်သူ ဒေါ်ကြီးခင် ကလည်း စကားစပ်၍ “မောင်သန်းရွှေက မွေးကတည်းက ထူးခြားသူပါအေ၊ အချင်းစလွယ်သိုင်း မွေးခဲ့သလို သူ့ကိုယ်မှာလည်း မှဲ့စလွယ်ပါတယ်” ဟု ဆိုခဲ့သည်။ မြန်မာ့ရိုးရာ အစဉ်အလာ မှဲ့စလွယ်ပါသူများ နှင့် အချင်းစလွယ်သိုင်း မွေးဖွားသူများသည် ဘုန်းရှင် ကံရှင်၊ ပါရမီထူးသူများဖြစ်ပြီး တစ်နေ့တွင်  အကြီးအကဲဖြစ်သည့် ပုဗ္ဗနိမိတ်ဟူ၍ ယုံကြည်ခဲ့ကြသည်။

မည်သို့ဆိုစေ အမှန်တကယ်ပင် တစ်နေ့သောအခါ၌ သူသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် န၀တအဖွဲ့၏ ဥက္ကဌကြီး ဖြစ်လာခဲ့လေသည်။

အာဏာရှင် ဘဝ ၏ အစ

မြန်မာနိုင်ငံတွင် ၁၉၆၂ ခုနှစ်၊ မတ်လ ၁၂ ရက် နေ့မှ ၂ဝ၁၁ ခုနှစ် မတ်လအထိ စစ်အာဏာရှင် သုံးဦး ရာစုဝက်မျှ အုပ်ချုပ်မင်းမူခဲ့ရာ ဗိုလ်ချုပ်ကြီး နေဝင်း (၁၉၆၂ – ၁၉၈၈)၊ ဗိုလ်ချုပ်မှူးကြီး စောမောင် (၁၉၈၈- ၁၉၉၂) နှင့် နောက်ဆုံးအာဏာရှင်ကြီးမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေပင် ဖြစ်သည်။ သူတို့သုံးဦးအနက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၁၉၉၂ ခုနှစ် အာဏာမရခင်အထိ လူသိများ ထင်ရှားခဲ့သူ မဟုတ်ချေ။ သို့သော် သူသည် ဆရာ့ဆရာများထက် တပည့်လက်ဝါးစောင်းထက် ဆိုသလို ဆရာသမားတို့၏ စံချိန်ကို ချိုးကာ အကြွင်းမဲ့အာဏာရှင် အဖြစ် ၁၉၉၂ မှ ၂ဝ၁ဝ အထိ ၁၈ နှစ်တိုင်တိုင် အုပ်ချုပ် စိုးမိုးနိုင်ခဲ့သည်။

မြန်မာနိုင်ငံတွင် သူတို့ သုံးဦး မင်းမူအုပ်ချုပ်သွားခဲ့မှုကြောင့် အရှေ့တောင်အာရှတွင် သယံဇာတ အကြွယ်ဆုံး၊ လူသားအရင်းအမြစ် အဖွံ့ဖြိုးဆုံးနှင့် အာရှတွင်ဖွံ့ဖြိုးတိုးတက် အလားအလာအရှိဆုံးနိုင်ငံ တစ်နိုင်ငံ အဖြစ် စုတေ၍ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ၊ ယဉ်ကျေးမှုနယ်ပယ် အရပ်ရပ်တွင် ချွတ်ခြုံကျသွားသော ကျရူံးနိုင်ငံ (Failed Country) အဖြစ် သက်ဆင်းသွားခဲ့ရပေသည်။

ယခုအချိန်အထိ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေသည် နောက်ကွယ်မှ နိုင်ငံတော်အာဏာအရပ်ရပ်ကို ချုပ်ကိုင်ထားနိုင်သော တစ်ဦးတည်းသော သက်ရှိထင်ရှား ရှိသည့် အာဏာရှင်ကြီးပင် ဖြစ်သည်။ စင်စစ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် အောက်ခြေမှ အဆင့်ဆင့် ထိပ်ပိုင်းသို့ရောက်လာသော ၀ါရင့်စစ်သားကြီး တစ်ဦးမျှသာ ဖြစ်သည်။ ၁၉၈၀ ပြည့်နှစ်များတွင် မဆလပါတီ ဗဟိုကော်မတီတစ်ဦးအဖြစ် တာဝန်ယူခဲ့ရုံမျှလွဲ၍ မည်မည်ရရ နိုင်ငံရေး အတွေ့အကြုံ မရှိလှပေ။ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်နေဝင်းတို့ကဲ့သို့ နိုင်ငံရေး အစဉ်အလာ ရှိသူလည်း မဟုတ်ချေ။

ထို့ကြောင့်လည်း နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းတွင် သူသည် စစ်ရေးအမြင် ၊ စစ်ရေးရပ်တည်မှု၊ စစ်အာဏာ တည်မြဲမှုကိုသာ ရှေးရူ၍ အရာရာကို စစ်ရေးအမြင်ဖြင့်သာ ရူမြင်သုံးသပ် ဆောင်ရွက်ခဲ့သည်။ သူသည် စစ်ရေးအင်အားကိုသာ အားပြုခဲ့သည်ဟု ဆိုနိုင်ပေသည်။

သူသည် အာဏာရရှိလာသည်နှင့် တစ်ပြိုင်နက် စစ်တပ်ဖွံ့ဖြိုးကြီးပွားရေးကို ဦးစားပေး ဆောင်ရွက်ခဲ့သည်။ ပြည်သူလူထု၏ လိုလားထောက်ခံမှုထက် စစ်တပ်၏ ထောက်ခံမှု ရရှိရေးသာ အဓိကဟု ခံယူထားသည်။ စစ်တပ်ထောက်ခံမှု ခိုင်မာမှ သူ့အာဏာ ကုလားထိုင်မြဲမည်ဟူ၍လည်း လက်ခံထားသူ ဖြစ်သည်။ နှစ်ပေါင်း ၂၀ ကျော် သူ၏ အာဏာရှင် အုပ်စိုးမှုက ဤသို့သော စစ်တပ်ထောက်ခံမှု ကျောထောက် နောက်ခံကို သူ ပိုင်ပိုင်နိုင်နိုင် ရယူနိုင်ခဲ့ကြောင်း ညွှန်းဆိုပြလျက်ရှိသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ယခင်ကာကွယ်ရေးဦးစီးချုပ်များ အသက် ၆ဝ ပြည့်လျှင် မယူမနေရ သက်ပြည့်ပင်စင် အငြိမ်းစားယူခဲ့ရမည့် အစဉ်အလာ စည်းကမ်းကို ချိုးဖောက်၍ အသက် ၇၈ နှစ် အချိန်အထိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးကို ဆုပ်ကိုင်ထားခဲ့သည်။ ရည်ရွယ်ချက်မှာ စစ်တပ်ကို ဆက်လက် ထိန်းချုပ်နိုင်ရန် ဖြစ်သည်။ သူယုံကြည် စိတ်ချထားသူ အနည်းငယ်မှလွဲ၍ ကျန်စီနီယာ စစ်အရာရှိကြီးများ အားလုံးကို အငြိမ်းစား ယူစေ၍ စစ်တပ်မှ ထွက်ခိုင်းခဲ့သည်။

သာဓကအားဖြင့် ခပ်ရင့်ရင့် စစ်တိုင်းမှူးများဖြစ်ကြသော နမခ (နောင်လပခ) တိုင်းမှူး ဗိုလ်ချုပ် ထွန်းကြည်၊ မပခ တိုင်းမှူး ဗိုလ်ချုပ် ကျော်ဘ နှင့် လပခတိုင်းမှူး ဗိုလ်ချုပ် အေးသောင်တို့သည် စစ်ရုံးချုပ်မှ ဗိုလ်ချုပ်ကြီးများကို သိပ်ဂရုမစိုက်ဘဲ ယင်းတို့လုပ်ချင်ရာကို စွပ်လုပ်တတ်သူများအဖြစ် နာမည်ကြီးပေသည်။

ဗိုလ်ချုပ် ထွန်းကြည် ၁၉၃၈ ခု၊ မေလ ၁ ရက်နေ့တွင် မုံရွာမြို့၌ ဖွားမြင်ခဲ့ပြီး ၁၉၅၄ ခုနှစ်၊ မေမြို့ စစ်တက္ကသိုလ်သို့ တက်ရောက်ခဲ့သူ ဖြစ်သည်။ ၁၉၅၉ တွင် ပြန်တမ်းဝင်အရာရှိ ဒုဗိုလ် အဖြစ် ခန့်အပ်ခံရပြီးနောက် အမတ ၁ တွင် တပ်စုမှူး၊ တပ်ထောက်၊ ၁၉၆၄ တွင် ဗထူးမြို့ရှိ တိုက်ခိုက်ရေး သင်တန်းကျောင်း (တခရ) ၌ နည်းပြအရာရှိ ၁၉၆၉ တွင် အမတ ၃ တပ်ခွဲမှူး၊ ၁၉၇၁ တွင် ခလရ ၂၆ ခွဲမှူး (ဗိုလ်မှူး) ၊ ၁၉၇၂ ခုနှစ် နမခတွင် စစ်ဦးစီးမှူး (ဒုတိယတန်း) ၊ ၁၉၇၆ မပခတွင် စစ်ဦးစီး (ပထမတန်း)၊ တိုင်းစည်းရုံးရေးကော်မတီဝင်၊ ၁၉၈၁ တွင် တမခ ၈၈ ၌ တပ်မမှူး၊ တပ်မတော်စည်းရုံးရေးကော်မတီ ဥက္ကဌနှင့် ၁၉၈၈ မတိုင်မီ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) တိုင်းမှူးအဖြစ် ထမ်းရွက်ခဲ့သူ ဖြစ်သည်။

ဗိုလ်ချုပ်ကျော်ဘသည် ၁၉၃၂ ခု ဇွန်လ ၇ ရက်နေ့တွင် လွိုင်ကော်မြို့၌ ဖွားမြင်ခဲ့ပြီး မော်ချီးမိုင်းနှင့် လွိုင်ကော်မြို့၌ ပညာသင်ကြားခဲ့သည်။ ၁၉၅၀ အဋ္ဌမတန်း၌ ပညာသင်ကြားနေစဉ် ဆသရ တပ်ဖွဲ့သို့ ၀င်ရောက်အမှုထမ်းခဲ့ပြီး ၁၉၅၃-၅၄ တို့တွင် နဂါးနိုင်၊ ဘုရင့်နောင် စစ်ဆင်ရေးတို့၌ ပါဝင်ဆင်နွှဲခဲ့သည်။ ၁၉၅၇ တွင် တန်းမြှင့်ကျောင်းထွက် စာမေးပွဲကို ပြင်ပမှ ဖြေဆိုအောင်မြင်ပြီး ဗိုလ်လောင်းသင်တန်း အပတ်စဉ် (၂၁) သို့ တက်ရောက်ခဲ့သည်။ ယင်းနောက် ပြန်တမ်းဝင်အရာရှိ ဒုဗိုလ်အဖြစ် ခလရ ၂ တွင် တာဝန်ချထားခြင်း ခံရသည်။

ခလရ ၂ တွင် စုမှူး၊ ခွဲမှူးနှင့် တပ်ရေး၊တပ်ထောက်တွင် ထမ်းရွက်ခဲ့ရာ ၁၉၆၅ ဇန်န၀ါရီလ ၁ ရက်နေ့တွင် ဗိုလ်ကြီးအဆင့်သို့ တိုးမြှင့်ခံရသည်။ ၁၉၆၅ ခု သြဂုတ်လ မှ ၁၉၇၁ ဇွန်လအထိ စစ်တက္ကသိုလ်တွင် ဗိုလ်လောင်းတပ်စုမှူး၊ တပ်ခွဲမှူး၊ လေ့ကျင့်ရေးတပ် တပ်ရေးတာဝန်များနှင့် ခလရ ၁၂ တွင် ၁၉၇၁ ဇွန်လမှ ၁၉၇၄ ခု ဇန်န၀ါရီလ အထိ တပ်ခွဲမှူး (ဗိုလ်မှူးအဆင့်ဖြင့်) တာဝန်များ ထမ်းဆောင်ခဲ့သည်။ ၁၉၇၆ မှ ၁၉၇၈ အထိ စစ်ဦးစီးတက္ကသိုလ်တွင် နည်းပြဆရာနှင့် လက်ထောက်ကျောင်းအုပ်ကြီး (ဒုဗိုလ်မှူးကြီး)၊ ၁၉၇၈ မှ ၁၉၇၉ အထိ ခလရ ၃၈ တွင် တပ်ရင်းမှူး၊ ရပခနှင့် ကစထ – ၁ တွင် စစ်ဦးစီး (ပထမတန်း) ၊ ၁၉၇၉ မှ ၁၉၈၀ အထိ တမခ ၄၄ တွင် နည်းဗျူဟာမှူး၊ ၁၉၈၀ မှ ၁၉၉၈ အထိ တမခ ၆၆ တွင် နည်းဗျူဟာမှူး၊ ၁၉၈၁ မှ ၁၉၈၄ ထိ တမခ – ၉၉ တွင် ဒုတပ်မမှူးနှင့် ၁၉၈၄ မှ ၁၉၈၇ ထိ တမခ ၃၃ တပ်မမှူး၊ ၁၉၈၇ တွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၌ တိုင်းမှူးတာဝန်ကို ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

ဗိုလ်ချုပ် အေးသောင်သည် ၁၉၃ဝ မတ်လ ၁၃ ရက်နေ့တွင် တောင်သာမြို့၊ ကျောက်ချောရွာ၌ ဖွားမြင်ခဲ့ပြီး ၁၉၄၃ တွင် အဋ္ဌမတန်းအောင်သည်အထိ ပညာသင်ကြားခဲ့သည်။ ၁၉၄၈ မတ်လ ၁၃ ရက်နေ့တွင် တပ်မတော်သို့ တပ်သားအဖြစ် စတင် ၀င်ရောက်ခဲ့သည်။ သနက ၃ တွင် တပ်သားအဆင့်မှ တပ်ကြပ်ကြီး အဆင့်အထိ ထမ်းရွက်ခဲ့သည်။ ၁၉၅၄ တွင် ဗိုလ်သင်တန်းတက်ခွင့်ရပြီး သနက – ၅ တွင် တပ်စုမှူး၊ ထောက်လှမ်းရေးမှူး၊ တပ်ထောက်ဗိုလ်ကြီး၊ ဒုတပ်ခွဲမှူး စသည့် တာဝန်များ ထမ်းရွက်ခဲ့သည်။ ၁၉၅၉ ဇူလိုင်လ ၂၉ တွင် ဗိုလ်ကြီးအဆင့် တိုးမြှင့်ခံရပြီးနောက် ခလရ ၄၉ တွင် အုပ်ချုပ်မှုခွဲမှူး၊ တပ်ရေး၊ တပ်ထောက် တာဝန်များကို ထမ်းဆောင်ခဲ့သည်။ တရုတ်ဖြူပိတ်ဆို့ရေးတွင် ပါဝင်တိုက်ခိုက်ခဲ့သည်။

သနက – ၃ တွင် ၁၉၆၈ – ၁၉၇၀ ထိ ထမ်းရွက်၍ ၁၉၇ဝ စက်တင်ဘာ – ၇ ရက်တွင် ခမရ ၁၀၇ သို့ ဗိုလ်မှူးအဆင့်ဖြင့် ခွဲမှူးတာဝန် ပြောင်းရွှေ့ထမ်းရွက်ခဲ့ရသည်။ စစ်ဆင်ရေးတွင်   ဗကပ ဗိုလ်ကျင်ဖေအား အသေရရှိခဲ့သည်။ ၁၉၇၁ ခုနှစ် နိုဝင်ဘာ ၂၂ တွင် တမခ ၇၇ ညှိနှိုင်းကွပ်ကဲရေးမှူး၊ ၁၉၇၃ ဧပြီတွင် ခမရ ၁၀၈ တပ်ရင်းမှူးအဖြစ် ဆောင်ရွက်၍ ၁၉၇၅ ဇန်န၀ါရီ ၁၄ တွင် ဒုဗိုလ်မှူးကြီးအဆင့် တိုးမြှင့်ခံရသည်။ ရမခတွင် စစ်ဦးစီးမှူး (ပထမတန်း) နတခတွင် ယာယီဒုတိုင်းမှူးနှင့် စစ်ဗျူဟာမှူး၊ တတိယအကြိမ် ပါတီညီလာခံ ကိုယ်စားလှယ်အဖြစ် တမခ-၈၈ မှ ရွေးချယ်ခံရသည်။ ရမခတွင် ဒုတိုင်းမှူး၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် တိုင်းမှူးအဖြစ် ထမ်းရွက်ခဲ့သူ ဖြစ်သည်။

သူတို့ သုံးဦးသည် ထိုအချိန်မှာပင် နာမည်ကြီးခဲ့သူများဖြစ်ပြီး (၄) လပတ် အစည်းအဝေးတစ်ခု၌ “ရုတ်ရုတ်ရုတ်ရုတ်တော့ မလုပ်နဲ့၊ တို့ (၃) ယောက် ပေါင်းလိုက်ရင် မြန်မာနိုင်ငံကို နှစ်ပိုင်း ခွဲပစ်လို့ရတယ်” ဟူ၍ပင် စစ်ရုံးချုပ်ကိုပင် ခပ်ပြောင်ပြောင် ခြိမ်းခြောက်ရဲသူများ ဖြစ်သည်။

ဒီလို စစ်တိုင်းမှူးတွေ ရှိနေသရွေ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် တပ်မတော်တစ်ခုလုံးကို သူ့ခြေသူ့လက် ထင်သလို ချုပ်ကိုင်၍ မရနိုင်ကြောင်း ကြိုတင်သဘောပေါက်ခဲ့သူ ဖြစ်သည်။

ထို့နောက် သူသည် ဗိုလ်ချုပ်မှူးကြီး စောမောင် ကျန်းမာရေး အခြေအနေဆိုးလာသည့် အချိန်မှစ၍ ခပ်ထောင်ထောင် ဗိုလ်ချုပ်များကို တပ်မဲ့ ဗိုလ်ချုပ်ဖြစ်လာအောင် စနစ်တကျ စတင်လုပ်ဆောင်ခဲ့သည်။

၁၉၉၂ ခုနှစ် မတ်လ ၅ ရက်နေ့တွင် စစ်ရေးချုပ် ဗိုလ်ချုပ်မြင့်အောင်ကို လယ်ယာစိုက်ပျိုးရေးဝန်ကြီး၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်မြသင်းကို သမဝါယမဝန်ကြီးအဖြစ်ပြောင်းလဲ ခန့်ထားလိုက် သည်။

စစ်ရေးချုပ် ဗိုလ်ချုပ်မြင့်အောင်နှင့် နပခတိုင်းမှူး ဗိုလ်ချုပ်မြသင်းတို့သည်လည်း ခေသူများ မဟုတ်ပါ။ ဗိုလ်ချုပ်မြင့်အောင်သည် ရှစ်ဆယ့်ရှစ် ဒီမိုကရေစီ အရေးတော်ပုံအတွင်း နတခ တိုင်းမှူးအဖြစ်နှင့် ဧရာဝတီတိုင်း ပုသိမ်မြို့၌ တာဝန်ထမ်းဆောင်နေစဉ် “တစ်ပြည်လုံး ဒီမိုကရေစီရရင်တောင် ငါ့တိုင်းမှာတော့ မမျှော်လင့်နဲ့၊ ငါ့တစ်သက် ဘယ်တော့မှ မပေးဘူး” ဟူ၍ ခပ်တင်းတင်း ကြေညာခဲ့သူ ဖြစ်သည်။

ဗိုလ်ချုပ်မြင့်အောင်သည် ၁၉၃၂ ခု ဖေဖော်ဝါရီ ၁ဝ ရက်နေ့တွင် ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့တွင် ဖွားမြင်ခဲ့သည်။ ၁၉၃၂ မှ ၁၉၄၈ အထိ ငါးသိုင်းချောင်းမြို့တွင် အထက်တန်းအထိ ပညာသင်ကြား၍ ၁၉၅၁ တွင် တပ်မတော်သို့ ၀င်ခဲ့သည်။ ၁၉၅၇ တွင် ဗိုလ်သင်တန်း အပတ်စဉ် ၁၈ သို့ တက်ရောက်ပြီး သေနတ်ကိုင်တပ်ရင်း သနက (၅) တွင် ဒုဗိုလ် အဖြစ် စတင် ထမ်းရွက်ရသည်။ သာယာဝတီမြို့နယ်မှ နတ်တလင်းမြို့တလျှောက်ရှိ စစ်ဆင်ရေးများတွင်လည်းကောင်း၊ ကျုံပျော်၊ ကျောင်းကုန်း၊ အိမ်မဲနယ်မြေအတွင်း စစ်ဆင်ရေးများတွင် လည်းကောင်း ပါဝင်ခဲ့သည်။

ထို့နောက် သနက ၅ တွင် တပ်ခွဲမှူးအဖြစ် ရှမ်းပြည်မြောက်ပိုင်း၌ ပြုလုပ်ခဲ့သော စစ်တံခွန် စစ်ဆင်ရေးတွင် ပါဝင်သည်။ ၁၉၆၅ တွင် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) စစ်ဆင်ရေးဌာန၌ ဦးစီးမှူး (တတိယတန်း) အဖြစ် ထမ်းရွက်၍ ၁၉၇၁ တပ်ခွဲမှူးအဖြစ် သနက(၅) သို့ ပြောင်းရွှေ့ခဲ့သည်။ ၎င်းမှတစ်ဆင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်တွင် (ဒုတိယတန်း) စစ်ဆင်ရေးအဖြစ် ထမ်းရွက်ခဲ့သည်။ ၁၉၇၄ တွင် ခလရ ၆၃ တပ်ရင်းမှူးအဖြစ် ထမ်းရွက်၍ မိုးမိတ်၊ မဘိမ်း၊ မန်တုံနယ်မြေတွင် ပြုလုပ်ခဲ့သော အောင်ကျော်မိုး စစ်ဆင်ရေးတွင် ပါဝင်၍ ၁၉၇၈ စစ်ဦးစီးမှူး (ပထမတန်း) အဖြစ် ရပခသို့ ပြောင်းရွှေ့ပြီး ၁၉၇၈ တွင် ရပခ၌ စစ်ဗျူဟာမှူးအဆင့်သို့ တိုးမြှင့်ခံရသည်။ ယင်းနောက် လေးမာရ်အောင် စစ်ဆင်ရေးတွင် ပါဝင်ခဲ့သည်။ ၁၉၇၉ တွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် (ရပခ) ၌ပင် ဒုတိယတိုင်းမှူး အဆင့်တိုးမြှင့်ခံရပြီး လေးမာန်အောင် စစ်ဆင်ရေးအား ကွပ်ကဲသည်။ ထို့နောက် အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) တိုင်းမှူးအဖြစ် ထမ်းရွက်၍ စစ်ရေးချုပ်အဖြစ် ခန့်အပ်ခံရသည်။

ဗိုလ်ချုပ်မြသင်းသည် ၁၉၃၁ ဒီဇင်ဘာလ ၃၁ ရက် ဖွားမြင်၍ သတ္တမတန်းအထိ ပညာသင်ကြားခဲ့သည်။ ၁၉၄၉ တွင် တပ်မတော်သို့ဝင်၍ သနက-၂ တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၅၃ ဇူလိုင်လတွင် ဗိုလ်သင်တန်း ဆင်းပြီး ၁၉၅၄ သြဂုတ်လအထိ ခလရ (၅) တွင်လည်းကောင်း၊ ၁၉၅၄ ခု သြဂုတ်လမှ ၁၉၅၅ ခု ဖေဖော်ဝါရီလ အထိ ခလရ(၁၅) တွင်လည်းကောင်း၊ ၁၉၅၅ ဖေဖော်ဝါရီလမှ ၁၉၆ဝ ဇူလိုင်လအထိ တိုင်းလေ့ကျင့်ရေးနှင့် ဖြည့်တင်းရေးတွင်လည်းကောင်း၊ ၁၉၆ဝ ဇူလိုင်လတွင် ခမရ ၁ဝ၆ သို့လည်းကောင်း အသီးသီး ပြောင်းရွှေ့ထမ်း၍ တပ်ခွဲအရာရှိ၊ မော်တော်ယာဉ်မှူး၊ တပ်ခွဲမှူး၊ တပ်ရေးဗိုလ်ကြီးအဖြစ် ထမ်းရွက်ခဲ့သည်။

၁၉၆၂ မှ ၁၉၆၃ ခုနှစ်အထိ ခမရ ၁ဝ၆ ၊ ၁၉၆၃ ခု ဧပြီမှ ၁၉၆၆ ဇူလိုင်လအထိ ခလရ ၄၉၊ ၁၉၆၆ ဇူလိုင်လမှ ၁၉၆၉ ဇူလိုင်လအထိ တမခ ၇၇၊ ၁၉၇ဝ နိုဝင်ဘာလမှ ၁၉၇၂ စက်တင်ဘာလအထိ ခမရ ၁ဝ၁၊ ၁၉၇၂ စက်တင်ဘာမှ ၁၉၇၅ ဖေဖော်ဝါရီအထိ ရတခ၊ ၁၉၇၅ မတ်လမှ သြဂုတ်လအထိ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) စစ်ဆင်ရေးဌာန ၄ ခု၊ ၁၉၇၅ စက်တင်ဘာလမှ ၁၉၇၉ မတ်လအထိ ရတခ၊ ၁၉၇၉ ဧပြီလမှ ၁၉၈၃ သြဂုတ်လထိ တမခ၄၄၊ ၁၉၈၃ မှ ၁၉၄၆ ထိ နပခတွင် တပ်ရေး၊ တပ်ခွဲမှူး၊ နည်းဗျူဟာ ညှိနှိုင်းကွပ်ကဲရေးမှူး၊ တပ်ရင်းမှူး၊ တပ်ထောက် စစ်ဦးစီး (ပထမတန်း)၊ ဒုတိယတိုင်းမှူး၊ တိုင်းစည်းရုံးရေးကော်မတီဝင်၊ တပ်မှူး၊ တပ်မစည်းရုံးရေးကော်မတီဥက္ကဌ နှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် ရခိုင်ပြည်နယ် ဒေသပါတီကော်မတီဥက္ကဌ တာဝန်များကို ထမ်းရွက်ခဲ့သည်။ တတိယအကြိမ် ပြည်သူ့လွှတ်တော်တွင် ယင်းမာပင်မြို့နယ်မှ ကိုယ်စားလှယ်အဖြစ်လည်း ရွေးချယ်ခြင်း ခံရသည်။

ထို့နောက် သုံးယောက်ပေါင်း လောင်းကျော်ဖြစ်သည့် စစ်တိုင်းမှူးများဖြစ်သော ဗိုလ်ချုပ် ထွန်းကြည်ကို ကုန်သွယ်ရေးဝန်ကြီး၊ ဗိုလ်ချုပ်ကျော်ဘကို ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီး၊ ဗိုလ်ချုပ် အေးသောင်ကို အလုပ်သမားဝန်ကြီးအဖြစ်ဖြင့် ၁၉၉၂ စက်တင်ဘာလ ၂၄ ရက်နေ့တွင် ခန့်အပ်ကာ တပ်နှင့် အဆက်ဖြတ်လိုက်လေသည်။ သို့သော် စစ်တိုင်းမှူး တာဝန်များမှ ရုပ်သိမ်း၍ တပ်နှင့် အဆက် ဖြတ်ထားသော်လည်း ဗိုလ်ချုပ်အဆင့်ဖြင့် စစ်ဘက်ဆိုင်ရာ ရာထူးများကို ဆက်လက်ပေးထားသည့်အပြင် မြိုးမြိုးမြက်မြက်လေး စားရသည့် ၀န်ကြီးဌာနများကို ပေးပြီး နှစ်သိမ့်လိုက်သည့်အတွက် ခပ်ထောင်ထောင် စစ်တိုင်းမှူးတစ်စုသည် အဆီရစ်၍ အိပက်အိပက် အငိုက်မိသွားခဲ့လေသည်။

ထိုနေ့မှာပင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်ခင်နှင့် ကာကွယ်ရေးဦးစီးချုပ် (လေ) ဒုတိယဗိုလ်ချုပ်ကြီးတင်ထွန်းတို့ကိုလည်း ဒုတိယဝန်ကြီးချုပ်များအဖြစ် ပြောင်းရွှေ့ခန့်ထားကာ လေတပ်၊ ရေတပ်များနှင့် အဆက်ဖြတ်လိုက်သည်။

ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်ခင်သည် ၁၉၂၉ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ဖွားမြင်၍ ရန်ကုန်တက္ကသိုလ် ဥပစာ အထက်တန်းအထိ ပညာသင်ကြားခဲ့သူ ဖြစ်သည်။ တက္ကသိုလ်သံမဏိတပ်တွင် ပါဝင်လှုပ်ရှားခဲ့ဖူးသည်။၁၉၄၈ ဧပြီလတွင်တပ်မတော်(ရေ)သို့ ဗိုလ်လောင်းအဖြစ် ၀င်ရောက်ပြီး အင်္ဂလန်ပြည်သို့ ရေတပ်ပညာ သင်ကြားပို့လွှတ်ခြင်း ခံရသည်။

သင်တန်းဆင်းပြီးနောက် ၁၉၅၀ ခုနှစ်၊ စက်တင်ဘာတွင် ဗိုလ်အဆင့် ခန့်အပ်ခံရသည်။ ရေတပ်တွင် ဆက်လက်၍ ဗိုလ်ကြီး၊ ဗိုလ်မှူး ရာထူးအဆင့်ဆင့်ဖြင့် ဒုစစ်ရေယာဉ်မှူး၊ စစ်ရေယာဉ်မှူး၊ စစ်ဦးစီးမှူး (ရေ) တာဝန်များကို ထမ်းဆောင်ခဲ့သည်။

ထို့နောက် ၁၉၅၈ တွင် ယူဂိုဆလားဗီးယားနိုင်ငံ၍ ရေအောက်လက်နက် သင်တန်း တက်ရောက် အောင်မြင်ခဲ့ပြီးနောက်၁၉၆၁တွင်အမေရိကန်ပြည်ထောင်စု၌ဆိပ်ကမ်းကာကွယ်ရေးသင်တန်းကို တက်ရောက် ခဲ့ သည်။ ၁၉၆၁ တွင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ (B.A) ရရှိခဲ့သည်။

၁၉၆၃-၆၄ တွင် ဗြိတိန်နိုင်ငံ၌ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်လက်ထောက် စစ်သံမှူးအဖြစ် ထမ်းဆောင်ခဲ့သည်။ ၁၉၆၄ နောက်ပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိပြီး ဗိုလ်မှူးကြီး အဆင့်ဖြင့် စစ်ရေယာဉ်မှူး၊ တော်ပီတိုရေယာဉ်စုမှူး၊ စစ်ဦးစီးမှူး တာဝန်များကို ထမ်းရွက်သည်။ ၁၉၇၄ မှ ၁၉၇၈ အတွင်း လမ်းစဉ်ပါတီမှ ဖွဲ့စည်းပေးထားသော ရေကြောင်းလူငယ်အဖွဲ့ချုပ် ဥက္ကဌနှင့် မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ် ဥက္ကဌတာဝန်များ ထမ်းဆောင်ခဲ့သည်။ ၁၉၇၈ မှ ၁၉၈၁ အတွင်း အရှေ့တောင်တိုင်း စစ်ဌာနချုပ် စည်းရုံးရေး ကော်မတိဝင်နှင့် တနင်္သာရီ ရေတပ်စခန်းဌာနချုပ် ဌာနချုပ်မှူး တာဝန်ကို ထမ်းရွက်ခဲ့သည်။ ၁၉၈၁ တွင် လမ်းစဉ်ပါတီဗဟိုကော်မတီဝင်အဖြစ်လည်းကောင်း၊မြိတ်အနောက်မြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ်လည်းကောင်း၊ရွေးချယ်ခြင်းခံရပြီးစစ်ဦးစီးဗိုလ်မှူးကြီး(ရေ)နှင့်ကာကွယ်ရေးဦးစီးချုပ်ရုံး စည်းရုံးရေးကော် မတိဝင်အဖြစ် ခန့်အပ်တာဝန်ပေးခြင်း ခံရသည်။ ၁၉၈၂ တွင် ပါတီစည်းကမ်းထိန်းသိမ်းရေး ကော်မတီဝင်၊ လမ်းစဉ်လူငယ်စည်းရုံးရေး ဗဟိုကော်မတီအဖွဲ့ဝင် (အချိန်ပိုင်း) တာဝန်များကို ထမ်းရွက်သည်။

ထို့နောက် ၁၉၈၅ တွင် ဒုတိယကာကွယ်ရေးဦးစီးချုပ် (ရေ) အဖြစ် ခန့်အပ်ခြင်း ခံရပြီး ၁၉၈၆ တွင် ဗိုလ်ချုပ်၊ ၁၉၈၈ စက်တင်ဘာလ ၁၈ တွင် နဝတအဖွဲ့၌ အဖွဲ့ဝင် ဆောင်ရွက်၍ စက်တင်ဘာလ ၂ဝ တွင်  စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန ၀န်ကြီးအဖြစ်လည်းကောင်း ဆောင်ရွက်၍ ၁၉၉ဝ ပြည့်နှစ်တွင် ဒုတိယဗိုလ်ချုပ်ကြီး အဆင့်သို့ တိုးမြှင့်ခန့်အပ်ခြင်း ခံရသည်။ ၁၉၉၂ စက်တင်ဘာလ ၂၄ တွင် ဒုတိယ၀န်ကြီးချုပ်အဖြစ် ခန့်အပ်ခံရသည်။

ဒုတိယဗိုလ်ချုပ်ကြီး တင်ထွန်းသည် ၁၉၃၀ ဒီဇင်ဘာလ ၂၈ ရက်တွင် ဖွားမြင်၍ ရန်ကုန်တက္ကသိုလ် ဥပစာ (သိပ္ပံ)တန်း အထိ ပညာသင်ကြားခဲ့သည်။ ၁၉၅၁ ခုနှစ်တွင် တပ်မတော် (လေတပ်) သို့ ၀င်ရောက်၍ ဗြိတိန်နိုင်ငံ အင်္ဂလန်ပြည်တွင် လေယာဉ်မောင်းသင်တန်း တက်ရောက်ခဲ့သည်။ နဂါးစစ်ဆင်ရေး၊ ဘုရင့်နောင် စစ်ဆင်ရေးများတွင် ပါဝင်ခဲ့ပြီး သူရဲကောင်း မှတ်တမ်းဝင်အဖြစ် ချီးမြှင့်ခံရသည်။

၁၉၇၆ မှ ၁၉၈၁ ခုနှစ်အထိ စူးအက်ဒေသ ကုလသမဂ္ဂ အကဲခတ် အရာရှိအဖြစ်လည်းကောင်း၊ ၅၀၂ လေတပ်စခန်းမှူးအဖြစ် ထမ်းဆောင်ခဲ့သည်။ တတိယအကြိမ် အရေးပေါ်ပါတီ ညီလာခံနှင့် စတုတ္ထအကြိမ် ပါတီညီလာခံတွင် ရန်ကုန်တိုင်းမှ ကိုယ်စားလှယ်အရွေးခံခဲ့ရသည်။ ၁၉၈၀ တွင် စစ်မှုထမ်းကောင်းတံဆိပ် ချီးမြှင့်ခံရသည်။ ၁၉၈၈ စက်တင်ဘာလ ၁၈ ရက် အာဏာသိမ်းပိုက်ခဲ့သော န၀တအဖွဲ့၌ ဗိုလ်ချုပ်အဆင့်ဖြင့် အဖွဲ့ဝင်အဖြစ်ပါဝင်၍ စက်တင်ဘာလ ၂ဝ ရက်တွင် ပို့ဆောင် ဆက်သွယ်ရေး ၀န်ကြီးဌာနနှင့် ဆောက်လုပ်ရေး ၀န်ကြီးဌာနတို့တွင် ၀န်ကြီးတာဝန်များ ထမ်းရွက်ခဲ့သည်။ ၁၉၉၂ စက်တင်ဘာလလ ၂၄ တွင် ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ဖြင့် ဒုတိယဝန်ကြီးချုပ် တာဝန်ကို ပေးခံခဲ့ရသူ ဖြစ်သည်။

ထို့နောက် လစ်လပ်သွားသော ကာကွယ်ရေးဦးစီးချုပ် (လေ)၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) နှင့် စစ်တိုင်းမှူးများနေရာ၌ ဗိုလ်ချုပ်ကြီး သန်းရွှေသည် ၎င်း၏ ယုံကြည်စိတ်ချရသူများနှင့် အစားထိုးခန့်အပ် ခဲ့တော့သည်။ တပ်မမှူးနေရာများနှင့် စစ်ရုံးချုပ်မှ အရေးကြီးသည့် နေရာများ၌လည်း သူ၏ တပည့်ရင်းများကိုသာ တာဝန်ပေး ခန့်အပ်မှုများကို ချက်ချင်းပြုလုပ်ခဲ့သည်။ တစ်ဖန် တပ်နှင့် အဆက်ဖြတ်ခံရပြီး ၀န်ကြီး အပေးခံလိုက်ရသည့် ဗိုလ်ချုပ်များကို နှစ်သိမ့်ကြိုးပမ်းသည့် အနေဖြင့် ၁၉၉၃ မတ်လ ၂၇ ရက် တော်လှန်ရေးနေ့တွင် ဒုတိယဗိုလ်ချုပ်ကြီး အဖြစ် တိုးမြှင့်ပေးခဲ့ပြီးနောက်၊ သူကိုယ်တိုင်လည်း ထိုနေ့မှာပင် ဗိုလ်ချုပ်မှူးကြီး ရာထူးကို တိုးမြှင့်ရယူလိုက်လေသည်။
အတွင်းရေးမှူး (၁) နှင့် (၂) တို့တွင် ထမ်းရွက်လျက်ရှိသောဗိုလ်ချုပ်ခင်ညွှန့်နှင့် ဗိုလ်ချုပ်တင်ဦးတို့သည်လည်း ဒုတိယဗိုလ်ချုပ်ကြီးများ ဖြစ်လာကြ သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် တစ်နှစ်နီးပါးခန့် လစ်လပ်ထားခဲ့သော ဒုတိယ တပ်မတော်ကွယ်ရေး ဦးစီးချုပ်နေရာကို ဗိုလ်ချုပ် မောင်အေးအား ပေးလိုက်သည့်အတွက် ၎င်းနှင့် အပတ်စဉ်တစ်ခုတည်းဆင်းများ ဖြစ်ကြသောဒုတိယဗိုလ်ချုပ်ကြီးထွန်းကြည်တို့ အုပ်စုကလည်း ဗိုလ်ချုပ်မောင်အေးသာတစ်နေ့ တပ်မ တော်အကြီး အကဲ ဖြစ်လာခဲ့လျှင် သူတို့အတွက်လည်း အာမခံချက်နှင့် အခွင့်အရေးများ ယခုထက် ပိုမို ရရှိ လိမ့်မည်ဟု မျှော်လင့်၍ ဗိုလ်ချုပ်မှူးကြီး၏ ဆောင်ရွက်မှုကို ထောက်ခံခဲ့ကြသည်။

သို့သော် ယင်းတို့မျှော်လင့်ထားသလို ဖြစ်မလာဘဲ ဗိုလ်ချုပ်ကြီး မောင်အေးသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ကျော်လွန်၍ ဘာမှ မလုပ်ရဲသည့်အပြင် ဗိုလ်ချုပ်မှူးကြီး အကြိုက်ကိုသာ လိုက်နာလုပ်ဆောင် ပေးနေရသည့်အတွက် ဗိုလ်ထွန်းကြည်တို့ အုပ်စုသည် ယူကျုံးမရ ဒေါသထွက် ခံပြင်းခဲ့ကြသည်။

ထို့နောက် တစ်ဆင့်တက်၍ ဗိုလ်ချုပ်မှူးကြီးသည် ဒုတိယဗိုလ်ချုပ်ကြီး ခင်ညွှန့်ကို စည်းရုံး၍ ၁၉၉၇ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (န၀တ) အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီိး (၁၃) ဦး ဖြစ်ကြသော ဒုတိယဗိုလ်ချုပ်ကြီး ဘုန်းမြင့်၊ ဒုတိယဗိုလ်ချုပ်ကြီး ချစ်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး မြသင်း၊ ဒုတိယဗိုလ်ချုပ်ကြီး မြင့်အောင်၊ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဘ၊ ဒုတိယဗိုလ်ချုပ်ကြီး  ထွန်းကြည်၊ ဒုတိယဗိုလ်ချုပ်ကြီး မျိုးညွှန့်၊ ဒုတိယဗိုလ်ချုပ်ကြီး မောင်သင့်၊ ဒုတိယဗိုလ်ချုပ်ကြီး   အေးသောင် ၊ ဒုတိယဗိုလ်ချုပ်ကြီး ကျော်မင်းတို့ကို အစုလိုက် အပြုံလိုက် ထုတ်ပယ်လိုက်လေသည်။ န၀တ စစ်အုပ်စုအတွင်းမှ ဒုတိယဗိုလ်ချုပ်ကြီး ၁၃ ဦး ဖယ်ရှားပြီးနောက် ယင်းနေ့မှာပင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) အမည်ရှိ အဖွဲ့သစ်ကို ဖွဲ့စည်းကြောင်း ထုတ်ပြန်ခဲ့သည်။

နအဖ အဖွဲ့၌ အဖွဲ့ဝင် ၁၉ ဦး ပါဝင်ပြီး ယခင် န၀တ အဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဗိုလ်ချုပ်ကြီး မောင်အေး၊ ဒုတိယဗိုလ်ချုပ်ကြီး ခင်ညွှန့်၊ ဒု-ဗိုလ်ချုပ်ကြီး တင်ဦး စသည့် (၄) ဦးသာ ပြန်လည် ပါဝင်ခဲ့သည်။ နိုင်ငံတော်တွင် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်သစ်ကြီး တည်ဆောက်နိုင်ရန် အလို့ဌာ ဟူ၍ ကြေညာခဲ့သည်။

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ
၁။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ- ဥက္ကဌ
၂။ ဗိုလ်ချုပ်ကြီး မောင်အေး- ဒုတိယဥက္ကဌ
၃။ ဒုတိယဗိုလ်ချုပ်ကြီး ခင်ညွှန့်- အတွင်းရေးမှူး (၁)
၎။ ဒုတိယဗိုလ်ချုပ်ကြီး တင်ဦး- အတွင်းရေးမှူး (၂)
၅။ ဒုတိယဗိုလ်ချုပ်ကြီး ဝင်းမြင့်- အတွင်းရေးမှူး (၃)
၆။ ဗိုလ်မှူးချုပ် ညွှန့်သိန်း- အဖွဲ့ဝင်
ကာကွယ်ရေးဦးစီးချုပ် (ရေ)
၇။ ဗိုလ်မှူးချုပ် ကျော်သန်း- အဖွဲ့ဝင်
ကာကွယ်ရေးဦးစီးချုပ် (လေ)
၈။ ဗိုလ်ချုပ် အောင်ထွေး- အဖွဲ့ဝင်
တိုင်းမှူး၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်
၉။ ဗိုလ်ချုပ် ရဲမြင့်- အဖွဲ့ဝင်
တိုင်းမှူး၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်
၁၀။ ဗိုလ်ချုပ် ခင်မောင်သန်း- အဖွဲ့ဝင်
တိုင်းမှူး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်
၁၁။ ဗိုလ်ချုပ် ကျော်ဝင်း- အဖွဲ့ဝင်
တိုင်းမှူး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်
၁၂။ ဗိုလ်ချုပ် သိန်းစိန်- အဖွဲ့ဝင်
တိုင်းမှူး၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်
၁၃။ ဗိုလ်ချုပ် သူရသီဟသူရ စစ်မောင်- အဖွဲ့ဝင်
ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ်
၁၄။ ဗိုလ်မှူးချုပ် သူရရွှေမန်း- အဖွဲ့ဝင်
တိုင်းမှူး၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်
၁၅။ ဗိုလ်မှူးချုပ် မြင့်အောင်- အဖွဲ့ဝင်
တိုင်းမှူး၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်
၁၆။ ဗိုလ်မှူးချုပ် မောင်ဘို- အဖွဲ့ဝင်
တိုင်းမှူး၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်
၁၇။ ဗိုလ်မှူးချုပ် သီဟသူရ တင်အောင်မြင့်ဦး- အဖွဲ့ဝင်
တိုင်းမှူး၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်
၁၈။ ဗိုလ်မှူးချုပ် စိုးဝင်း- အဖွဲ့ဝင်
တိုင်းမှူး၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်
၁၉။ ဗိုလ်မှူးချုပ် တင်အေး- အဖွဲ့ဝင်
တိုင်းမှူး၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တို့ ဖြစ်သည်။

ထိုနေ့မှာပင် နအဖ အဖွဲ့၏ အစိုးရသစ်ကိုလည်း အဖွဲ့ဝင် ၃၉ ဦးဖြင့် ပြန်လည်ပြင်ဆင် ဖွဲ့စည်းရာ ယခင် န၀တ အဖွဲ့မှ ၂၃ ဦး ပြန်ပါလာသည်။ ၀န်ကြီးဌာန (၄ဝ) ခု ဖွဲ့စည်းခဲ့ပြီး တပ်မတော်ရေးရာ ဝန်ကြီးဌာနနှင့် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန နှစ်ခု ထပ်မံတိုးချဲ့ဖွဲ့စည်းခဲ့သည်။ ယင်းတို့မှာ ….

စဉ်ဝန်ကြီးဌာနအမည်
၁။ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး သန်းရွှေ
၂။ဒု-ဝန်ကြီးချုပ်ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်ခင်
၃။ဒု-ဝန်ကြီးချုပ်ဒုတိယဗိုလ်ချုပ်ကြီး တင်ထွန်း
၎။ကာကွယ်ရေးဝန်ကြီးဌာန၊ ၀န်ကြီးဗိုလ်ချုပ်မှူးကြီး သန်းရွှေ
၅။တပ်မတော်ရေးရာ ၀န်ကြီးဌာန ဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီး တင်လှ
၆။လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၀န်ကြီး ဗိုလ်ချုပ် ညွှန့်တင်
၇။အမှတ် (၁) စက်မှုဝန်ကြီးဌာန၊ ဝန်ကြီးဦးအောင်သောင်း
၈။အမှတ် (၂) စက်မှုဝန်ကြီးဌာန ၊ ဝန်ကြီးဗိုလ်ချုပ် လှမြင့်ဆွေ
၉။နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဝန်ကြီးဦးအုန်းဂျော်
၁၀။အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးဗိုလ်မှူးချုပ် အေဘယ်လ်
တိုးတက်မှုဝန်ကြီးဌာန၊ ဝန်ကြီး
၁၁။ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီး တင်ငွေ
၁၂။အလုပ်သမားဝန်ကြီးဌာန၊ ဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီး တင်အေး
၁၃။သမ၀ါယမ၀န်ကြီးဌာန၊ ဝန်ကြီးဦးသန်းအောင်
၁၄။ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ဝန်ကြီးဦးဝင်းစိန်
၁၅။စွမ်းအင်ဝန်ကြီးဌာန၊ ဝန်ကြီးဦးခင်မောင်သိန်း
၁၆။ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီးဦးပန်းအောင်
၁၇။ကျန်းမာရေးဝန်ကြီးဌာန၊ ဝန်ကြီးဗိုလ်ချုပ် ကက်စိန်
၁၈။စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဗိုလ်ချုပ် ကျော်သန်း
ဝန်ကြီးဌာန ၊ ဝန်ကြီး
၁၉။ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ဝန်ကြီးဗိုလ်ချုပ် စောလွင်
၂၀။ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဦးစိုးသာ
ဝန်ကြီးဌာန၊ ဝန်ကြီး
၂၁။ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ဝန်ကြီးဗိုလ်မှူးချုပ် ဝင်းတင်
၂၂။သာသနာရေးဝန်ကြီးဌာန၊ ၀န်ကြီးဗိုလ်ချုပ် စိန်ထွား
၂၃။ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ၀န်ကြီးဗိုလ်ချုပ် စောထွန်း
၂၄။သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ၀န်ကြီးဦးသောင်း
၂၅။ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဝန်ကြီးဦးအောင်စန်း
၂၆။လူဝင်မှုကြီးကြပ်ရေးနှင့်ဦးစောထွန်း
ပြည်သူ့အင်အားဝန်ကြီးဌာန၊ ၀န်ကြီး
၂၇။ပြန်ကြားရေးဝန်ကြီးဌာန၊ ၀န်ကြီးဗိုလ်ချုပ် ကြည်အောင်
၂၈။နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဗိုလ်မှူးကြီး သိန်းညွှန့်
ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေး
ဝန်ကြီးဌာန၊ ဝန်ကြီး
၂၉။လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဝန်ကြီးဗိုလ်ချုပ် တင်ထွဋ်
၃၀။အားကစားဝန်ကြီးဌာန၊ ဝန်ကြီးဗိုလ်မှူးချုပ် စိန်ဝင်း
၃၁။သစ်တောရေးရာဝန်ကြီးဌာန၊ ၀န်ကြီးဦးအောင်ဖုန်း
၃၂။ပြည်ထဲရေးဝန်ကြီးဌာန၊ ၀န်ကြီးဗိုလ်မှူးကြီး တင်လှိုင်
၃၃။သတ္ထုတွင်း ဝန်ကြီးဌာန၊ ၀န်ကြီးဗိုလ်မှူးချုပ် အုန်းမြင့်
၃၄။လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့်ဗိုလ်မှူးချုပ် ပြည့်စုံ
ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊၀န်ကြီး
၃၅။မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၊ ၀န်ကြီးဗိုလ်မှူးချုပ် မောင်မောင်သိန်း
၃၆။နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဒုတိယဗိုလ်ချုပ်ကြီး မင်းသိန်း
ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌရုံး ၊ ၀န်ကြီး
၃၇။နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဗိုလ်မှူးချုပ် မောင်မောင်
ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌရုံး ၊ ဝန်ကြီး
၃၈။ဝန်ကြီးရုံး ၊ ဝန်ကြီးဗိုလ်မှူးချုပ် လွန်းမောင်
၃၉။     ဝန်ကြီးချုပ်ရုံး ၊ ဝန်ကြီးဦးသန်းရွှေ
၄၀။ဝန်ကြီးချုပ်ရုံး၊ ဝန်ကြီးဗိုလ်ချုပ် တင်ငွေ
စသည်တို့ ဖြစ်သည်။

ဤသို့ ဒုတိယဗိုလ်ချုပ်ကြီး (၁၃) ဦး နှင့် ဗိုလ်ချုပ် စိုးမြင့်တို့ကို အစုလိုက် အပြုံလိုက် ဖယ်ရှားခဲ့ပြီးနောက် တပ်တွင်း မငြိမ်မသက်မှုများနှင့် တပ်တွင်းပုန်ကန်မှုများ ပေါ်ပေါက်လာမည်စိုး၍ ၎င်းတို့ကို နအဖ အဖွဲ့၏ အကြံပေးအဖွဲ့အဖြစ် ဟန်ပြတာဝန်ပေးအပ်ခဲ့ပြီး စောင့်ကြည့်နေခဲ့သည်။

သို့သော် မြန်မာ့တပ်မတော်အတွင်းရှိ မည်သည့်တပည့်တပန်းမှ ဖြုတ်ထုတ်ဖယ်ရှားခြင်း ခံလိုက်ရသော ဒုတိယဗိုလ်ချုပ်ကြီးအတွက် ဒေါသပေါက်ကွဲပြီး မကျေမနပ် ဆူပူအုံကြွမှုများ မလုပ်ခဲ့ချေ။ ရာထူးရာခံ ရရှိသွားသော ဒုတိယဗိုလ်ချုပ်ကြီးများသည် ၎င်းတို့ ကောင်းစားစဉ်က မိမိတို့၏ တပည့်သားချင်းများကို ပြန်လည်ကြည့်ရူ စောင့်ရှောက်ခြင်း၊ ကူညီပံ့ပိုးခြင်း မရှိဘဲ အမြီးကျက် အမြီးစား ၊ ခေါင်းကျက်ခေါင်းစား စိတ်ဓာတ်မျိုး ရှိနေသူများသာ ဖြစ်သောကြောင့် မည်သည့်တပည့်မှ ၀မ်းနည်းကြေကွဲမှု မဖြစ်ခဲ့ကြပေ။

ထို့ကြောင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် တပ်မတော်အတွင်း တစ်စုံတစ်ရာ ရိုက်ခတ်မှု ဘာမျှ မရှိသည့်အတွက် (၇) လ အကြာ ၁၉၉၈ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် နအဖ အကြံပေးအဖွဲ့ကို ပြန်လည်ဖျက်သိမ်း လိုက်ကြောင်း ကြေညာခဲ့ပြန်သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် နအဖ ဥက္ကဌအဖြစ် တာဝန်ယူပြီးနောက် အမေရိကန်ပြည်ထောင်စု ၊ နယူးယောက်မြို့ အခြေစိုက် ‘Leaders’ မဂ္ဂဇင်း အယ်ဒီတာ မေးမြန်းမှုကို ဖြေကြားခဲ့သည်။ ‘Leaders’ မဂ္ဂဇင်းသည် သုံးလတစ်ကြိမ်ထုတ်ဖြစ်ပြီး ကမ္ဘာကျော် ထင်ရှားသော ခေါင်းဆောင်များထံသို့ ဖြန့်ချိပေးသည်။ မဂ္ဂဇင်း၏ စောင်ရေကိုလည်း တင်းကျပ်စွာ ကန့်သတ်ထားသည်။ ‘Leaders’ မဂ္ဂဇင်း အယ်ဒီတာ၏ မှတ်ချက်မှာ မြန်မာနိုင်ငံအစိုးရ အဖွဲ့ကို စစ်ဘက်မှ ဦးဆောင်မှုရယူခဲ့ပြီးနောက် ပထမဆုံးအကြိမ် ပြည်ပစာနယ်ဇင်းများနှင့် တွေ့ဆုံရာတွင် နအဖဥက္ကဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ၎င်း၏ နိုင်ငံတော်အတွင်း ဖြစ်ပျက်နေသည့် အကြောင်းခြင်းရာများကို တိတိပပ ရှင်းလင်းပြောပြရန် စိတ်အားထက်သန်လျက်ရှိပြီး အနောက်အုပ်စု နိုင်ငံများအပေါ် ထားရှိသည့် ၎င်း၏ သဘောထား ရပ်တည်ချက်ကိုလည်း မကွယ်မထောက် ရှင်းရှင်းဘွင်းဘွင်း ဖွင့်ဆိုခဲ့သည်။ ဗိုလ်ချုပ်မှူးကြီးက အမေရိကန်ပြည်ထောင်စုက မိမိတို့နိုင်ငံကို စီးပွားရေး ပိတ်ပင်မှု ပြုလုပ်လင့် ကစား ယင်းနိုင်ငံကို မိမိတို့က ရန်သတ္တရုပြုလိုသည့် သဘောထား မရှိပါကြောင်း ပြောကြားခဲ့သည်။ နိုင်ငံတော် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် နိုင်ငံတော်၏ ကြွယ်ဝသည့် သဘာဝအရင်းအမြစ်များ အသုံးပြု ဆောင်ရွက်လျက် ရှိပြီး အရှေ့တိုင်းရှိ ၎င်း၏ အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်မှု ဆက်ဆံရေး တိုးတက်ကောင်းမွန်လျက် ရှိသော်လည်း မြန်မာနိုင်ငံတွင် စစ်ဘက်မှ အုပ်ချုပ်မှုကို ဆန့်ကျင်ကန့်ကွက်သည့် အနေဖြင့် စီးပွားရေး တည်ဆောက်မှု ပိုမိုတိုးတက်လာသော ဒီမိုကရေစီ နိုင်ငံတော်အဖြစ် ထူထောင်နိုင်မည်ဟု ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ယုံကြည်ယူဆထားသည်။ စီးပွားရေး ပိတ်ပင်မှု ရုပ်သိမ်းပေးကာ မြန်မာနိုင်ငံကို  အကူအညီပေးခြင်းဖြင့် ပြည်သူလူထုထံသို့ နိုင်ငံတော်အာဏာ ပိုမိုလျင်မြန် သွက်လက်စွာ ပြန်လည်အပ်နှင်း နိုင်အောင် အနောက်နိုင်ငံများက အထောက်အကူပေးနိုင်သည် ဆိုသောအချက်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ထောက်ပြ ပြောဆိုခဲ့သည်။ မိမိ၏ စစ်မှန်သော ဆန္ဒမှာ မိမိ၏ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ကြွယ်ဝချမ်းသာလာသည်ကို တွေ့မြင်လိုချင်းပင် ဖြစ်ပြီး မြန်မာနိုင်ငံတွင် ဒီမိုကရေစီ စနစ်တစ်ရပ် ပေါ်ထွန်းလာသည်ကိုလည်း တွေ့မြင်လိုကြောင်း ၎င်းက ပြောဆိုသွားသည်။

အယ်ဒီတာမှ သိလိုသောအချက်များကို မေးမြန်းခဲ့ရာ ဗိုလ်ချုပ်မှူးကြီးက အောက်ပါအတိုင်း ဖြေကြားသွားသည်။ ‘Leaders’ မဂ္ဂဇင်း အယ်ဒီတာနှင့် တွေ့ဆုံမေးမြန်းခန်းကို ၁၉၉၈ ခုနှစ်၊ ဧပြီ၊ မေ၊ ဇွန်လ ထုတ် ‘Leaders’ မဂ္ဂဇင်းတွင် ဖော်ပြထားသည်။

မေး- ယခု လူတွေ့ မေးမြန်းခန်းသည် ဗိုလ်ချုပ်မှူးကြီး အနေဖြင့် ပြည်ပ စာနယ်ဇင်းသမားတစ်ဦးနှင့် ပထမဆုံးအကြိမ် စကားပြောဆိုခြင်း ဖြစ်ပါသလား။ ဘာကြောင့် ယခုအခါ ပြည်ပစာနယ်ဇင်းများနှင့် တွေ့ဆုံရန် ဆုံးဖြတ်ခဲ့ပါသလဲ။

ဖြေ- ပြည်ပစာနယ်ဇင်များမှ ပုဂ္ဂိုလ်များနှင့် ဆက်ဆံဖူးသည့် မိမိတို့၏ အတွေ့အကြုံများအရ မိမိတို့ ပြောဆိုသမျှကို နားလည်မှု လွဲမှားလေ့ရှိကြပြီး ရံဖန်ရံခါတွင် နားလည်မှု မရှိသည့် အခြေအနေအထိ ဖြစ်ပေါ်စေသော လွဲမှားသည့် အဓိပ္ပာယ်ဖွင့်ဆိုမှုများ ရှိခဲ့ပါသည်။ ဤနားလည်မှု လွဲမှားခြင်းများကို မိမိရှင်းလင်း လိုသော်လည်း အေးအေးဆေးဆေး နေလိုသည့် စရိုက်ရှိသဖြင့် ပြည်ပစာနယ်ဇင်းများနှင့် တွေ့ဆုံပြောဆိုမှု မပြုခဲ့ခြင်း ဖြစ်ပါသည်။

မေး- လူကြီးမင်း၏ နိုင်ငံတော်နှင့် နိုင်ငံတော်၏ အနာဂတ်အရေးတို့အပေါ် အာရုံစိုက်ထားရသည့် နိုင်ငံခေါင်းဆောင် တစ်ဦးအနေဖြင့် ဤ လူတွေ့မေးမြန်းခန်းသည် ကမ္ဘာ့နိုင်ငံများကို သိလိုသည့် အချက်များအား ဖော်ပြနိုင်ရန် အခွင့်အလမ်းကောင်းတစ်ရပ် ဖြစ်ပါသည်။  နိုင်ငံတော် တည်ဆောက်ရေးတွင် ယခုအချိန်အခါ၌ လူကြီးမင်းအနေဖြင့် မည်သည့်အချက်ကို အာရုံစိုက်နေပါသလဲ။ ဒီမိုကရေစီကျင့်စဉ်များ မကျင့်သုံးမီ နိုင်ငံတော် လုံခြုံမှု ရှိရန်လိုသည်ဟု လူကြီးမင်း ယူဆထားကြောင်း အနောက်နိုင်ငံများက မှတ်ထင်လျက် ရှိပါသည်။

ဖြေ- ခင်ဗျားတို့ သိရှိကြသည့်အတိုင်း မိမိတို့သည် နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းများ၌ ဇွဲနပဲဖြင့် ကြိုးပမ်းအားထုတ်လျက် ရှိကြပါသည်။ မိမိတို့ နိုင်ငံ၏ တိုးတက်ဖွံ့ဖြိုးမှုနှင့် ငြိမ်းချမ်းရေးအတွက် မိမိတို့ လုပ်ကိုင်လျက် ရှိကြပါသည်။  တစ်ချိန်တည်းမှာပင် မိမိတို့သည် မိမိတို့နိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ရောက်ရှိကာ ဒီမိုကရေစီစနစ်တစ်ရပ် ထူထောင်နိုင်ရန် ကြိုးပမ်းလျက် ရှိကြပါသည်။ သို့အတွက်ကြောင့် ပထမဦးစွာ မိမိတို့သည် နိုင်ငံတော်အေးချမ်းတည်ငြိမ်မှု ရှိစေမည့် အခြေအနေကောင်းများနှင့် တရားဥပဒေစိုးမိုးမှု ဖြစ်ပေါ်လာစေရန် လုပ်ဆောင်ရပါမည်။ တစ်ချိန်တည်းမှာပင် မိမိတို့သည် နိုင်ငံရေး တည်ငြိမ်မှု ရရှိရေး ကြိုးပမ်းအားထုတ်လျက် ရှိပါသည်။ သို့ရာတွင် မိမိတို့သည် နိုင်ငံတော်၏ စီးပွားရေး အုတ်မြစ်ကိုလည်း တည်ဆောက်ရပါသည်။ ထို့ကြောင့် မိမိတို့သည် နိုင်ငံရေးအရ စီးပွားရေးအရပါ ကြိုးပမ်းလုပ်ဆောင်သွားကြရပါမည်။

တပ်မတော်အနေဖြင့် အချိန်ကာလကြာမြင့်စွာ နိုင်ငံတော်ကို တာဝန်ယူသွားရန်မှာ သဘာ မကျဟု မိမိတို့ ထင်မြင်ယူဆပါသည်။ မိမိတို့နိုင်ငံ၏ ထူးခြားသော အခြေအနေများကြောင့်သာလျှင် တပ်မတော် အနေဖြင့် ကာလအတိုင်းအတာ တစ်ရပ်အထိ နိုင်ငံတော်ကို တာဝန်ယူထားရသည် ဆိုသည့်အချက်ကို ခင်ဗျားတို့ သဘောပေါက်သင့်ကြပါသည်။

မေး- အမေရိကန်နိုင်ငံ၏ စီးပွားရေးပိတ်ပင်မှုသည် မြန်မာနိုင်ငံတွင် ပြုလုပ်သော ရင်းနှီးမြုပ်နှံမှု လုပ်ငန်းများကို ထိခိုက်နစ်နာစေပါသည်။  မြန်မာနိုင်ငံသည် အိန္ဒိယနှင့်သာမက တရုတ်ပြည်နှင့်လည်း နယ်စပ်ချင်း ထိစပ်နေပြီး အမေရိကန်နိုင်ငံနှင့်  ဒေါင်လိုက်ဆက်ဆံရေး ရှိပါသည်။ ဤအနေအထားမျိုးတွင်  အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ပင်မှု ချမှတ်ကာ ဥရောပ နိုင်ငံများကိုလည်း မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ပင်စေရန် သြဇာသုံးနေခြင်းမှာ လူကြီးမင်း၏ နိုင်ငံအား တရုတ်ပြည်နှင့် စီးပွားရေးဆက်ဆံမှု ပိုမိုပြုလုပ်ရန် အကြောင်း ဖြစ်စေပါသလား။

ဖြေ- အမေရိကန်နိုင်ငံက မိမိတို့၏ နိုင်ငံကို စီးပွားရေးပိတ်ပင်မှု ပြုလုပ်ထားသည်မှာ အမှန်ဖြစ်ပါသည်။ သို့ရာတွင် မိမိတို့နိုင်ငံသည် မိမိတို့၏ အိမ်နီးချင်းနိုင်ငံများဖြစ်ကြသော တရုတ်ပြည်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့နှင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်း အရှိန်အဟုန်မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်လျက်ရှိပြီး ဒေသတွင်းရှိ အခြားနိုင်ငံများမှ အကူအညီအထောက်အပံ့များ ရရှိနေသဖြင့် စီးပွားရေးပိတ်ပင်မှုများ၏ အကျိုးသက်ရောက်မှုမှာ ကြီးမားခြင်း မရှိလှပါ။

ဤစီးပွားရေး ပိတ်ပင်မှုများသည် မိမိတို့နိုင်ငံနှင့် အခြားနိုင်ငံများ၏ ဆက်ဆံရေးအပေါ်တွင် အကျိုးသက်ရောက်မှု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံများအားလုံးနှင့် ရင်းနှီးချစ်ကြည်သော ဆက်ဆံရေး ထိန်းသိမ်းနိုင်ရန် အစဉ်အမြဲကြိုးပမ်းခဲ့ပါသည်။ ဤအချက်မှာ မိမိတို့နိုင်ငံ၏ သမိုင်းစဉ်တစ်လျှောက်လုံး မိမိတို့ တစိုက်မတ်မတ် ကိုင်စွဲလာခဲ့သော မူဝါဒပင် ဖြစ်သည်။ ထို့ကြောင့် မိမိတို့ နိုင်ငံအပေါ် အမေရိကန်နိုင်ငံက မည်ကဲ့သို့သော စီးပွားရေးပိတ်ပင်မှု ပြုလုပ်သည်ဖြစ်စေ မိမိတို့သည် ယင်းနိုင်ငံအား ရန်လိုမုန်းတီးစိတ် မထားရှိပါ။

မေး- အမေရိကန်နိုင်ငံက ယင်းသို့ပြုလုပ်ခြင်းဖြင့် မြန်မာနိုင်ငံအနေဖြင့် တရုတ်ပြည်နှင့် ဆက်ဆံမှု ပိုမိုဖြစ်ပေါ်စေခြင်း ရှိသည် မဟုတ်လား။

ဖြေ- မဟုတ်ပါ။ အမေရိကန်၏ စီးပွားရေး ပိတ်ပင်မှုများသည် မိမိတို့နိုင်ငံအနေဖြင့် တရုတ်ပြည်နှင့် ပိုမိုဆက်ဆံမှု ရှိလာစေသည်ဟု မိမိမပြောနိုင်ပါ။

မိမိတို့သည် နိုင်ငံများအားလုံးနှင့် နွေးထွေးချစ်ကြည်သော ဆက်ဆံရေးများ ဆက်လက် ထိန်းသိမ်းလိုပါသည်။

မိမိတို့နိုင်ငံသည် သဘာဝအရင်းအမြစ် အမြောက်အမြားရှိပြီး မိမိတို့နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် ယင်းသယံဇာတများကို ထိရောက်စွာ အသုံးပြုနိုင်စွမ်းလည်း ရှိပါသည်။ ၎င်းအပြင် ဒေသတွင်းရှိ နိုင်ငံများသည် မိမိတို့နှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါသည်။ ယင်းနိုင်ငံများသည် မိမိတို့နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ရရှိရေးအတွက်လည်း ကူညီကြပါသည်။ ထို့အတွက်ကြောင့်လည်း ပြည်ပနိုင်ငံများမှ အကူအညီ ရရှိမည်ဆိုလျှင် မိမိတို့နိုင်ငံ ပိုမိုဖွံ့ဖြိုးမှု ရရှိလာပါမည်။

နိုင်ငံတကာမှ ကူညီထောက်ပံ့မှုများ ရရှိခြင်းဖြင့် မိမိတို့၏ စီးပွားရေးနှင့် နိုင်ငံရေး ကြိုးပမ်း အားထုတ်မှုများတွင် ကြီးစွာ ကူပံ့ပေးနိုင်ပါသည်။ မိမိတို့နိုင်ငံ၏ ဒီမိုကရေစီစနစ် တည်ဆောက်မှုကိုလည်း အားပေးနိုင်ပြီး နိုင်ငံတော်အာဏာကို ပြည်သူ့လက်သို့ ပြန်လည်အပ်နှင်းရေး အတွက်လည်း အထောက်အပံ့ ဖြစ်စေပါမည်။

မိမိ၏ စစ်မှန်သော ဆန္ဒမှာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်လာသည်ကို တွေ့မြင်လိုခြင်း၊ ဒီမိုကရေစီ စနစ်တစ်ရပ် ပေါ်ထွန်းလာသည်ကို တွေ့မြင်လိုခြင်းသာ ဖြစ်ပါသည်။ ဤရည်မှန်းချက် ဆန္ဒပြည့်ဝလာရေးကို ဦးတည်လျက် မိမိတို့ အစွမ်းဆောင်နိုင်ဆုံး ကြိုးပမ်းလျက် ရှိကြပါသည်။

မိမိတို့နိုင်ငံအပေါ် စီးပွားရေး ပိတ်ပင်မှုများ ချမှတ်မည့်အစား ကမ္ဘာ့လူ့အသိုက်အ၀န်းက မိမိတို့ကို ကူညီမည်ဆိုပါလျှင် ဤရည်မှန်းချက်မှာ သုံးနှစ်အတွင်း ပေါက်မြောက်လာနိုင်ပါသည်။

မေး- သံတမန် အသိုက်အ၀န်းရှိ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်းက မြန်မာနိုင်ငံတွင် ရေးဆွဲနေသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ မည်သည့်အချိန်တွင် ရေးဆွဲပြီးမည်နည်း ဟု မေးမြန်းလျက် ရှိပါသည်။ ၎င်းအပြင် မည်သည့်အချိန်တွင် လွတ်လပ်သော ရွေးကောက်ပွဲများ ကျင်းပမည်ဆိုသည်ကိုလည်း သိလိုကြပါသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲနေဆဲ ဖြစ်သည်ဟုလည်း မိမိသိရှိရပါသည်။ အနောက်နိုင်ငံများက သိလိုသော အချက်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲပြီးစီးမည့် အချိန် ဖြစ်ပါသည်။ 

ဖြေ- ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲမှု လုပ်ငန်းစဉ်ကို မိမိတို့အနေဖြင့် မလိုအပ်ဘဲ အချိန်ဆွဲထားလိုသည့် စိတ်ဆန္ဒ မရှိပါ။ အကယ်၍ မိမိတို့သည် နိုင်ငံတကာမှ ကူညီပံ့ပိုးမှုများ ရရှိမည်ဆိုပါက မိမိတို့နိုင်ငံတွင် ဒီမိုကရေစီ စနစ်တစ်ရပ် ထူထောင်ရေး လုပ်ငန်းစဉ်မှာ အရှိန်အဟုန် သွက်လက်လာပါမည်။ သို့ရာတွင် အခြားနိုင်ငံများမှ ရန်လိုသော သဘောထားတစ်ရပ် ရှိနေမည်ဆိုပါလျှင် ဒီမိုကရေစီ ထူထောင်ရေး လုပ်ငန်းစဉ်မှာ အချိန်ကြာမြင့် သွားနိုင်ပါသည်။ သို့ရာတွင် မိမိဘက်ကမူ ဤလုပ်ငန်းစဉ်ကို မလိုအပ်ဘဲ အချိန်ဆွဲလိုမှု အလျှင်း မရှိပါ။

မေး- မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် စစ်ဘက်က အောင်ပွဲရရှိနိုင်သည့် အနေအထား ရရှိချိန် မရောက်မချင်း ဖွဲ့စည်းပုံ ရေးဆွဲပြီးစီးမည် မဟုတ်ကြောင်း၊ ရွေးကောက်ပွဲ ကျင်းပမည် မဟုတ်ကြောင်း အမေရိကန် အစိုးရက အလွတ်သဘော ပြောဆိုလျက် ရှိပါသည်။

ဖြေ- ရွေးကောက်ပွဲတွင် ပြည်သူလူထုသည် ၎င်းတို့ ကြိုက်နှစ်သက်သူကို မဲပေးကြပါလိမ့်မည်။

မေး- ကမ္ဘာ့ဘဏ် အကူအညီ ရရှိရေးကိစ္စ၊ စီးပွားရေး ပိတ်ပင်မှု ကိစ္စနှင့် မြန်မာနိုင်ငံ ဂုဏ်ဒြပ် ပိုမိုကောင်းမွန် လာစေရေးတို့အတွက် အမေရိကန်နိုင်ငံသို့ မြန်မာအဆင့်မြင့် တာဝန်ရှိ ပုဂ္ဂိုလ်များ သွားရောက်ရန် စဉ်းစားခြင်း ရှိပါသလား။ ၎င်းပြင် စီးပွားရေး ပိတ်ပင်မှုများသည် အစိုးရအဖွဲ့ကို ထိခိုက်နစ်နာစေသည် မဟုတ်မူ၍ မြန်မာပြည်သူလူထုကိုသာလျှင် ထိခိုက်နစ်နာစေသည် ဆိုသောအချက်နှင့်  မြန်မာနိုင်ငံ၌ အချိန်တန်လျှင် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရွေးကောက်ပွဲများ ကျင်းပပေးနိုင်ရန် အစိုးရက ကြိုးပမ်းလျက် ရှိသည်ဆိုသော အချက်တို့ကို သက်ဆိုင်သူများအားလုံးတို့ကို နားလည်သဘောပေါက်စေရေးအတွက် ရှင်းပြရန် ပြည်ပနိုင်ငံများသို့ မြန်မာတာဝန်ရှိသူများ သွားရောက်ခြင်း ရှိပါသလား။

ဖြေ- ပြဿနာမှာ မိမိတို့ အနေဖြင့် ဗီဇာ ရရှိရန် မလွယ်သည့် အခက်အခဲ ဖြစ်ပါသည်။

မေး- လူကြီးမင်းအနေဖြင့် အစိုးရအဖွဲ့ အကြီးအကဲတစ်ဦးအဖြစ် ကုလသမဂ္ဂတွင် မိန့်ခွန်းပြောကြားရန် အမေရိကန်နိုင်ငံသို့ လာရောက်နိုင်သည့် အနေအထားရှိသည် မဟုတ်ပါလား။

ဖြေ- ဤကဲ့သို့သော အခွင့်အလမ်းတစ်ရပ် ရှိမည်ဆိုပါက ယင်းအခွင့်အလမ်းကို ရယူလိုပါသည်။

မေး- အမေရိကန်နိုင်ငံသည် ထိုင်းနိုင်ငံနှင့် ရင်းနှီးချစ်ကြည်သော ဆက်ဆံရေး ထူထောင်ထားရှိပြီး ယင်းနိုင်ငံတွင် စစ်စခန်းများလည်း ဖွင့်လှစ်ထားရှိထားသဖြင့် မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယနှင့် တရုတ်ပြည်အကြား မဟာဗျူဟာမြောက် နေရာတစ်နေရာကို အသုံးပြုနိုင်ရန် အမေရိကန်နိုင်ငံကို ကမ်းလှမ်းနိုင်ပါသည်။ ဤအချက်နှင့် ပတ်သက်၍ အမေရိကန်နိုင်ငံနှင့် ဆွေးနွေးမှုများ ပြုလုပ်နိုင်ခြင်း ရှိ မရှိ သိလိုပါသည်။

ဖြေ- ဤအချက်မှာ စဉ်းစားသင့်သည့် အချက်တစ်ရပ် ဖြစ်ပါသည်။ မိမိတို့နိုင်ငံသည် နိုင်ငံကြီး နှစ်နိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံနှင့် တရုတ်ပြည်အကြား ဘူမိပထ၀ီဝင်အရနှင့် ဘူမိနိုင်ငံရေးအရ အရေးပါသော နေရာတွင် တည်ရှိသဖြင့် အဆိုပါ နှစ်နိုင်ငံစလုံးနှင့် ကောင်းမွန်သော ဆက်ဆံရေးကို ထိန်းသိမ်းနိုင်ရန် မိမိတို့ ကြိုးပမ်းလျက် ရှိပါသည်။ တရုတ်ဖြစ်စေ၊ အိန္ဒိယနိုင်ငံဖြစ်စေ မိမိတို့နိုင်ငံအပေါ် မလိုလားသော သဘောထား အမြင်များ ရှိမည်ဆိုပါက ယင်းမှာ မိမိတို့ကို အကျိုးဖြစ်ထွန်းစေလိမ့်မည် မဟုတ်ပါ။ အကယ်၍ အမေရိကန်နိုင်ငံသည် မိမိတို့နိုင်ငံအပေါ် ထားရှိသော သဘောထား ပြောင်းလဲမည်ဆိုပါက မိမိနိုင်ငံသည် ယင်းနိုင်ငံနှင့် နွေးထွေးသော ဆက်ဆံရေး ဖြစ်ပေါ်လာနိုင်ပါမည်။

မေး- ယခုအခါ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နိုင်ငံစုံ၌ လုပ်ကိုင်နေသည့် ကုမ္ပဏီကြီးတစ်ခုက လာရောက်ကာ လျှပ်စစ်ဓာတ်အားပေး စက်ရုံတစ်ရုံ တည်ဆောက်ပြီး ယင်းစက်ရုံကို ကန်ထရိုက် စာချုပ်အရ သတ်မှတ်ထားသည့် နှစ်ကာလအပိုင်းအခြား တစ်ရပ်အတွင်း လုပ်ကိုင်ပြီးနောက် ယင်းစက်ရုံကို သက်ဆိုင်ရာ နိုင်ငံသို့ လွှဲပြောင်းပေးအပ်သည့် စနစ်ဖြင့် လုပ်ကိုင်သည့်နည်းလမ်းမှာ ခေတ်စားလျက် ရှိပါသည်။ မြန်မာနိုင်ငံတွင်လည်း ဤကဲ့သို့သော စီမံကိန်းမျိုးကို လုပ်ဆောင်ရန် စဉ်းစားခြင်း ရှိပါသလား၊ ယင်းသို့သော စီမံကိန်းကို လူကြီးမင်းအနေဖြင့် ကြိုဆိုပါသလား။

ဖြေ- မိမိတို့သည် အစိုးရအဖွဲ့၏ တာဝန်ဝတ္တရားများကို ရယူခဲ့ပြီးနောက် မိမိတို့ လုပ်ဆောင်ရန် ရွေးချယ်ဆုံးဖြတ်ရသည့် လုပ်ငန်းတစ်ရပ် ရှိပါသည်။ ယင်းမှာ စီးပွားရေး မူဝါဒ တစ်ရပ် ချမှတ်ပြဋ္ဌာန်းရခြင်းဖြစ်ပြီး ပြည်ပမှ ရင်းနှီးမြုပ်နှံမှုများကို မိမိတို့ ဖိတ်ခေါ်ခဲ့ပါသည်။ မိမိတို့၏ မူဝါဒ ပေါက်မြောက်အောင်မြင်စေရန် လိုအပ်သည့် စည်းမျဉ်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများကို ပြဋ္ဌာန်းပေးခဲ့ပါသည်။ ခင်ဗျားပြောသည့် ရင်းနှီးမြုပ်နှံမှုမျိုး ပြုလုပ်နိုင်ရန်လည်း ဥပဒေစည်းမျဉ်းများ ပြဋ္ဌာန်းပေးခဲ့ပြီး ဖြစ်ပါသည်။

မေး- မြန်မာနိုင်ငံ၌ မည်ကဲ့သို့သော နယ်ပယ်ကဏ္ဍမျိုးတွင် ပြည်ပရင်းနှီးမြုပ်နှံမှုများ လာရောက်ရင်းနှီး မြုပ်နှံရန်လူကြီးမင်းအနေဖြင့် စိတ်ဝင်စားမှု ရှိပါသလဲ။ လျှပ်စစ်ဓာတ်အား စီမံကိန်းမျိုးလား၊ လမ်းဖောက်လုပ်ခြင်း စီမံကိန်းမျိုးလား။

ဖြေ- မိမိတို့နိုင်ငံတွင် ပြည်ပ ရင်းနှီးမြုပ်နှံသူများ လာရောက်ရင်းနှီး မြုပ်နှံစေလိုသော ကဏ္ဍတစ်ရပ်မှာ ရေအားလျှပ်စစ် လုပ်ငန်းဖြစ်ပါသည်။ ခင်ဗျားသိရှိသည့်အတိုင်း မိမိတို့နိုင်ငံသည် မဂ္ဂါဝပ် ၃၀၀၀၊ မဂ္ဂါဝပ် ၅၀၀၀ အထိ ထုတ်လုပ်နိုင်သော အရင်းအမြစ်များ ရှိပါသည်။ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ပြုလုပ်ရန် အခြားအလားအလာ ရှိသည့် နယ်ပယ်မှာ ကမ်းလွန်ရေနံလုပ်ငန်း ဖြစ်ပါသည်။ အကြောင်းမှာ မိမိတို့နိုင်ငံတွင် သဘာဝဓာတ်ငွေ့ ထုတ်လုပ်နိုင်သည့် အရင်းအမြစ်များ အမြောက်အမြား ရှိသောကြောင့် ဖြစ်ပါသည်။ ဤလုပ်ငန်း နယ်ပယ်ကဏ္ဍတွင် စိတ်ဝင်စားမှုရှိသည့် ကုမ္ပဏီများလည်း ရှိပြီးဖြစ်ပါသည်။

မေး- လူကြီးမင်း၏နိုင်ငံတွင်တက်(စ်)ဆာကို၊အာကိုနှင့် ယူနိုကယ်ကုမ္ပဏီများ ရင်းနှီးမြုပ်နှံ လုပ်ကိုင်နေကြပြီ ဖြစ်ပါသည်။ ရေနံနှင့် ဓါတ်ငွေ့လုပ်ငန်းတွင် နောက်ထပ်ယှဉ်ပြိုင် လုပ်ကိုင်နိုင်သည့် လုပ်ငန်းများ ရှိပါသလား။

ဖြေ- မှန်ပါသည်။ ယင်းကုမ္ပဏီများသည် မိမိတို့နိုင်ငံတွင် ဖက်စပ်လုပ်ငန်းများ လုပ်ကိုင်နေကြပါသည်။ မိမိတို့ နိုင်ငံ၏ ဓါတ်ငွေ့၊ ဓါတ်မြေသြဇာနှင့် မက်သနော စသည့် ရေနံဓာတုလုပ်ငန်းများတွင် နိုင်ငံခြားရင်းနှီး မြုပ်နှံမှုများ တိုးတက်လာမည့် အလားအလာ အများအပြား ရှိပါသည်။

မေး- လာမည့်ရာစုနှစ်တွင်မြန်မာနိုင်ငံအတွက်လူကြီးမင်း၏ရူမြင်ချက်များကိုသိလိုပါသည်။ မျက်မှောက်ကာ လူကြီးမင်း ဦးစားပေးသည့် လုပ်ငန်းများမှာ မည်သည့်လုပ်ငန်းများ ဖြစ်ကြပြီး အနာဂတ်ကာလတွင် မြန်မာနိုင်ငံ တည်ဆောက်ရေးအတွက် မည်သည့်လုပ်ငန်းများကို ဦးစားပေး လုပ်ဆောင်ပါမည်နည်း။

ဖြေ- မိမိတို့၏ အနာဂတ်မျှော်မှန်းချက်မှာ မိမိတို့နိုင်ငံ ရရှိနိုင်သော သဘာဝ အရင်းအမြစ်များကို အသုံးပြုကာ ငြိမ်းချမ်းသာယာ၍ တိုးတက်ကြွယ်ဝပြီး ခေတ်မီသော ဒီမိုကရေစီနိုင်ငံတော် ၊ ဖွံ့ဖြိုးပြီး နိုင်ငံတော်အဖြစ် ရောက်ရှိရေး ကြိုးပမ်းဆောင်ရွက်ရန်ပင် ဖြစ်ပါသည်။ မိမိတို့နိုင်ငံသည် အရှေ့တောင် အာရှနိုင်ငံများအသင်း (အာဆီယံ) အသင်းဝင် နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပြီး အာဆီယံ မျှော်မှန်းချက် သက္ကရာဇ် ၂၀၂၀ ဟု ခေါ်တွင်သော ကြေညာချက်ပါ အာဆီယံအဖွဲ့ဝင်နိုင်ငံများ အားလုံးက ချမှတ်ထားသည့် အနာဂတ်မျှော်မှန်းချက်ကို ပြည့်ဝလာစေရေးအတွက် ဆောင်ရွက်သွားရန် ရည်မှန်းထားပါသည်။

မေး- မည်သည့်အာဆီယံနိုင်ငံများသည် မြန်မာနိုင်ငံအပေး နားလည်မှု အရှိဆုံးနိုင်ငံများဟု လူကြီးမင်း ယူဆပါသလဲ။

ဖြေ- မိမိတို့သည် အာဆီယံနိုင်ငံများအားလုံးမှ ခေါင်းဆောင်များနှင့် အလွန်ရင်းနှီးသော ဆက်ဆံမှုများ ရရှိထားပြီး ဖြစ်သဖြင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများအားလုံးသည် မြန်မာနိုင်ငံအပေါ် နားလည်မှု ရှိကြပြီး မိမိတို့ နိုင်ငံနှင့် အလွန်ကောင်းမွန်သည့် ဆက်ဆံရေးထားရှိကြပြီး ဖြစ်သည်ဟု မိမိပြောနိုင်ပါသည်။

မေး- အမေရိကန်နိုင်ငံအပေါ် ထားရှိသည့် လူကြီးမင်း၏ ရူမြင်ချက်ကို သိလိုပါသည်။

ဖြေ- မိမိတို့သည် အမေရိကန်နိုင်ငံအပေါ် မည်ကဲ့သို့သော မကောင်းသည့် စိတ်ထားမျိုးမှ မထားရှိပါဟု မိမိထပ်လောင်း ပြောကြားလိုပါသည်။ ခင်းဗျားသိသည့်အတိုင်း ကျွန်တော်သည် စစ်သားတစ်ဦး ဖြစ်သည့်အပြင် ဗုဒ္ဓဘာသာဝင် တစ်ဦးလည်း ဖြစ်ပါသည်။ မိမိသည် ဗုဒ္ဓအဆုံးအမအရ လူတစ်ဦးတစ်ယောက်က အခြားလူ တစ်ဦးတစ်ယောက်ကို မလိုမုန်းထားသည့် စိတ်ဓာတ် မမွေးမြူရပါ။ သို့အတွက်ကြောင့် မိမိအနေဖြင့် စစ်သားတစ်ဦး ဖြစ်လျှင်သော်မှ မိမိနိုင်ငံ၏ သာယာဝပြောရေးနှင့် လုံခြုံမှုရှိရေး၊ ငြိမ်းချမ်းတည်ငြိမ်မှု ရှိရေးတို့အတွက် လုပ်သင့်လုပ်ထိုက်သည်တို့ လုပ်ရလျှင်သော်မှ အခြားနိုင်ငံများကို မိမိတို့က ရန်လိုမုန်းထားမှု မထားရှိပါ။ အမေရိကန်နိုင်ငံသည် မိမိတို့နိုင်ငံအပေါ် မကောင်းသည့် သဘောထားအမြင်အချို့ ရှိကောင်း ရှိနိုင်သော်လည်း မိမိတို့သည် အမေရိကန်နိုင်ငံအပေါ် မကောင်းသည့် သဘောထားအမြင် မထားရှိပါ။

မေး- လူကြီးမင်းတွင် သားသမီးခုနှစ်ဦးရှိပြီး လူကြီးမင်းသည် အဘိုးတစ်ဦးဖြစ်နေပါပြီ။ လူကြီးမင်းသည် ဆေးလိပ်မသောက်၊ အရက်မသောက်၊ အလွန်အေးချမ်းစွာ နေထိုင်သူ ဖြစ်ပါသည်။ လူကြီးမင်း၏ ဘ၀တွင် မည်သည့်အခါတွင်မျှ ဒေါသဖြင့် အော်ဟောက်ခဲ့ပုံမရပါ။ မည်ကဲ့သို့ အေးချမ်းတည်ငြိမ်သည့် ဘ၀ကို ရယူတည်ဆောက်ခဲ့ပါသလဲ။

ဖြေ- ခင်ဗျားသိသည့်အတိုင်း မိမိသည် အေးချမ်းတည်ငြိမ်သူဖြစ်အောင် ကြိုးပမ်းလျက် ရှိပါသည်။ ယခုအခါတွင် မိမိအငြိမ်းစား ယူသည့်အခါ ဘာသာရေးကို ဇောက်ချ လုပ်ကိုင်သွားရန် ရည်မှန်းထားပါသည်။ မိမိသည် လောကီ ကာမဂုဏ်အာရုံများ မခံစားလိုတော့ပါ။ မိမိသည် အေးချမ်းသည့် ဘဝတစ်ခုတွင်သာ နေထိုင်လိုပါတော့သည်။ ယခုအခါ မိမိလုပ်ကိုင်နေခြင်းမှာ မိမိ၏ နိုင်ငံတော်ကို ချစ်မြတ်နိုးသောကြောင့်သာ ဖြစ်ပါသည်။ (သူ၏ ပြောဆိုချက်နှင့်လက်တွေ့ ကွာဟမှုကိုချိန်ထိုးကြည့်နိုင်ပါသည်။)

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ဗိုလ်ချုပ်ကြီး နေဝင်း အိမ်စောင့်အစိုးရ ဝန်ကြီးချုပ် အဖြစ်နှင့် နိုင်ငံတော်အာဏာကို ဦးနုထံ လွှဲပြောင်းပေးခဲ့ပြီးနောက် ၊ ၁၉၅၈ စက်တင်ဘာလတွင် ဗိုလ်ကြီးအဆင့်မျှသာ ရှိပါသေးသည်။ သူသည် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး (ကက-ပြည်) ၏ စိတ်ဓာတ်စစ်ဆင်ရေး ဌာန၌ တာဝန်ပေးအပ်ခြင်း ခံခဲ့ရသည်။ ထိုအချိန်မှစ၍ ဗိုလ်ကြီး သန်းရွှေသည် ဗိုလ်ချုပ်ကြီး နေဝင်း၏ စစ်အာဏာရှင်စနစ် ထူထောင်ရေး မဟာစီမံကိန်းကြီး၌ အရေးပါသည့် အခန်းကဏ္ဍမှနေ၍ စတင် ပါဝင်လာခဲ့သည်ဟု ဆိုနိုင်သည်။

ဗိုလ်ချုပ်ကြီး နေ၀င်းသည် အိမ်စောင့်အစိုးရ၏ ၀န်ကြီးချုပ်အဖြစ်နှင့် အခိုက်အတန့် အာဏာရရှိခဲ့သည့် ကာလတိုအတွင်း မကြာခင် သူ အကောင်အထည် ဖော်တော့မည် စစ်အာဏာရှင်အတွက် ရေခံ မြေခံ များကို စနစ်တကျ စတင်ပြင်ဆင်သည့် အနေဖြင့် နိုင်ငံရေး၊ စီးပွားရေး ၊ ၀ါဒဖြန့်ချိရေး စသည့် နယ်ပယ်အသီးသီး၌ ကြိုတင်ပြင်ဆင်မှု့များ ပြုလုပ်ခဲ့သည်။ ယင်းသို့ ပြင်ဆင်တည်ဆောက်သည့် အထဲတွင် “နိုင်ငံတော် ကြံ့ခိုင်ရေးအသင်း” တစ်ခုလည်း ပါဝင်ခဲ့သည်။ ပါတီ နိုင်ငံရေးနှင့် ဆက်စပ်ပတ်သတ်မှု လုံးဝမရှိသည့် သာမန်လူမှုရေး အသင်းအဖွဲ့တစ်ခုသာ ဖြစ်သည်ဟု ၀ါဒဖြန့်၍ ၀န်ထမ်းများနှင့် အရပ်သားများကို အတင်းအကျပ် ၄င်း အသင်းသို့ ၀င်ရောက်စေခဲ့သည်။  အသင်းကြီး၏   ဗဟိုကောင်စီ ဒုဥက္ကဌ  နေရာနှင့်  အတွင်းရေးမှူး နေရာများကို  သူ၏ ညာလက်ရုံးနှင့်  ဘယ်လက်ရုံးများ ဖြစ်ကြသည့်  ဒု-ကာကွယ်ရေး ဦးစီးချူပ် ၊ ဗိုလ်မှူးချူပ်အောင်ကြီး နှင့်  ဗိုလ်မှူးချူပ်မောင်မောင် ( နောင်  သံအမတ်) တို့ကို ကိုင်တွယ်စေခဲ့သည် ။ များမကြာမှီမှာပင်   ၄င်းအသင်းသည်  နိုင်ငံရေး ခါးပိုက်ဆောင်  တပ်အင်အားစု တစ်ခုဖြစ်သည်ကို လူတိုင်း သိရှိခဲ့ကြသည်။ ဗိုလ်ကြီးသန်းရွှေသည်  အဆိုပါ ကြံ့ခိုင်ရေးအသင်းကြီး  ဖွဲ့စည်း ထူထောင်ရာတွင် အစအဆုံး ပါဝင်ခဲ့ပေသည်။  သူကိုယ်တိုင်  စစ်အာဏာရှင် ဖြစ်လာသောအခါ  စစ်တပ် လက်ကိုင်တုတ်  နိုင်ငံရေး အင်အားစု အဖြစ်  အသုံးချနိုင်စေရန်   ၁၉၉၃ စက်တင်ဘာလ  ၁၅ ရက် နေ့တွင်  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးအသင်းကို  လူမှုရေးအသင်း တစ်ခုအဖြစ်  ပြည်ထဲရေး ၀န်ကြီးဌာနတွင်  မှတ်ပုံတင်လျက် စတင်ဖွဲ့စည်းခဲ့သည်။  အသင်းကြီး စတင် ဖွဲ့စည်းစဉ်က ပြည်ထောင်စု မပြိုကွဲရေး ၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး ၊ နိုင်ငံတော် အချူပ်အခြာ  အာဏာ  တည်တံ့ခိုင်မြဲရေး ၊ အမျိုးဂုဏ် ဇာတိဂုဏ်  မြင့်မားရေးကို  ရှေးရှုလျက်  မျိုးချစ် စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန်  ဆောင်ရွက်ရေး ၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး နှင့် အေးချမ်းသာယာသော ခေတ်မှီ နိုင်ငံတော်ကြီး ဖြစ်ပေါ်လာရေး ဟူသည့် ရည်ရွယ်ချက် (၅) ရပ်ဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ သို့သော်  အဆိုပါ အဖွဲ့သည် ၂ဝ၁ဝ ရွေးကောက်ပွဲ  မတိုင်ခင်မှာပင်  လူမူရေးအသင်းမှ  နိုင်ငံရေးပါတီအဖြစ်  ပြောင်းလဲဖွဲ့စည်းကာ  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီဟူ၍  ပါတီစုံ  ရွေးကောက်ပွဲ ကော်မရှင်တွင်  မှတ်ပုံတင်ခဲ့သည်။

ထို့နောက် ၁၉၆၂  မတ်လ ၂ ရက်နေ့တွင် ဗိုလ်ချူပ်ကြီး နေဝင်း  ခေါင်းဆောင်သော  တော်လှန်ရေး ကောင်စီက  နိုင်ငံတော်အာဏာ ကို အပြီးအပိုင်  သိမ်းပိုက်လိုက်သောအခါ  ဗိုလ်ချုပ်ကြီး သန်းရွှေသည်  တပ်မဟာ (၁) စိတ်ဓာတ် စစ်ဆင်ရေး အရာရှိ အဖြစ်နှင့်  တာဝန်ထမ်းဆောင်ခဲ့ရချိန်လည်း ဖြစ်သည်။  အာဏာသိမ်းခဲ့ပြီးနောက်  ထိုစဉ်က  လူတိုင်း စိတ်ဝင်စားနေသည့်  ဆိုရှယ်လစ်ဝါဒကို  ဗန်းပြပြီး  မြန်မာ့နည်း  မြန်မာ့ဟန်  ဆိုရှယ်လစ်ဝါဒအမည်   တစ်ပါတီ အာဏာရှင် ဝါဒ တစ်ခုကို သွတ်သွင်းရန် အတွက်  ဦးဘငြိမ်းနှင့်  ဦးချစ်လှိုင်  (ကိုကိုမောင်ကြီး) တို့ကို  ဆရာတင်ပြီး  ၁၉၆၃  ခုနှစ်တွင် ဗဟို နိုင်ငံရေး  သိပ္ပံကျောင်းကို  စတင်ဖွင့်လှစ်ခဲ့သည်။  နောက်ပိုင်းတွင်  အဆိုပါ  ကျောင်းကို  တက္ကသိုလ်အဆင့်သို့  အဆင့်မြှင့်ခဲ့သည် ။
စိတ်ဓာတ်စစ်ဆင်ရေး   အရာရှိအဖြစ်  နှစ်အတန်ကြာ အတွေ့အကြုံ ရှိနေပြီ ဖြစ်သည့် ဗိုလ်ကြီး သန်းရွှေကို  ယင်းကျောင်း၌  နည်းပြဆရာတစ်ဦး အဖြစ်  ပြောင်းရွှေ့ ခန့်ထားခဲ့သည်။

စစ်အာဏာရှင်  ဗိုလ်ချူပ်ကြီးနေဝင်းနှင့်  ဗိုလ်ကြီးသန်းရွှေတို့သည်  ထိုအချိန်မှစ၍ ရင်းနှီးလာခဲ့သည်ဟု  ဆိုရပေမည် ။ လူ့မနောကို  နှောကြေနေသောသူ့အဖို့  အထက်အရာရှိကြီးများ   အာရုံစိုက်မှုကို ရရှိအောင် နည်း အမျိုးမျိုးဖြင့်  ကြိုးစားအားထုတ်ပြနိုင်ခဲ့သည်။

ယင်းနောက်  ဗဟိုနိုင်ငံရေးတက္ကသိုလ်  နည်းပြဆရာကလေး  ဗိုလ်ကြီးသန်းရွှေသည်  ၁၉၆၇ ခုနှစ် ၊ သြဂုတ်လ၌  ခမရ (၁ဝ၁) သို့ ဌာနချုပ် တပ်ခွဲမှူးအဆင့်သို့  တိုးမြှင့်ခံရပြီး  စစ်ဦးစီးမှူး (ဒုတိယတန်း) အဖြစ်  ကက/ကြည်းကိုခေါ်ယူတာဝန်ပေးအပ်ခံရသည်။ဗိုလ်မှူးသန်းရွှေသည် ကက/ကြည်း၌  တာဝန်ထမ်းဆောင်နေ စဉ်  အတွင်း  အထက်လူကြီးများ  သဘောကျအောင်   နေထိုင်ပြနိုင်သည့်အတွက်   နောက်ပိုင်းတွင်  ခလရ (၁) တပ်ရင်းမှူး  ၊  စစ်ဦးစီးမှူး  (ပထမတန်း) ၊ တပ်မစစ်ဗျူဟာမှူး ၊ တပ်မ (၈၈) တပ်မမှူး  ၊ အနောက်တောင်တိုင်း  စစ်ဌာနချုပ်တိုင်းမှူး ၊ ဒုတိယကာကွယ်ရေး ဦးစီးချုပ်  စသည့်  စစ်တပ်ထိပ်ပိုင်း ရာထူးများကို  တစ်ဆင့်ပြီး တစ်ဆင့်  ရရှိလာခဲ့တော့သည်။

ဒု-ဗိုလ်ကလေး ဘဝမှ  ဒုတိယကာကွယ်ရေး ဦးစီးချုပ် ဖြစ်လာသည့် ကာလအထိ   ဘဝတစ်လျှောက်လုံး  ဗိုလ်ချုပ်ကြီး နေဝင်း၏   သြဇာလွှမ်းမိုးမူကို ခံခဲ့ရသည့်  ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည်  သူ့လက်ထဲ  နိုင်ငံတော်  အာဏာများ ရရှိလာသောအခါ  ၁၉၉၂ ခုနှစ်  နောက်ပိုင်းမှစ၍  ဦးနေဝင်း၏  သြဇာလွှမ်းမိုးမူအောက်မှ ရုန်းထွက်နိုင်ဖို့အတွက်  အမျိုးမျိုးအဖုံဖုံကြိုးပမ်း  အားထုတ်လာသည်ကို  တွေ့ရပေ သည်။

ဗိုလ်ချုပ်မှူးကြီး၏   မိသားစုလည်း  သူတို့အပေါ်  တစ်ချိန်က  ဦးနေဝင်းနှင့် သူ့သားသမီးများက  မောက်မာစွာ  ဆက်ဆံခံခဲ့ရပုံများကိုလည်း တစ်သက်မမေ့နိုင်ခဲ့ချေ။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ  တပည့်သားချင်းများကလည်း     သူ့စကားကို  သံယောင်လိုက်၍   ဦးနေဝင်း  ခေါင်းဆောင်သည့်  မဆလ  အစိုးရ၏   မှားယွင်းသည့်  ပေါ်လစီများနှင့်   ညံ့ဖျင်းသည့်  စီမံခန့်ခွဲမူများ ကြောင့်   တိုင်းပြည် ချွတ်ခြုံကျခဲ့ရပုံကို  ဝေဖန်ပြောဆိုလာခဲ့သည်။   ယင်းနောက်  ဗိုလ်ချုပ်မှူးကြီး  သန်းရွှေနှင့်  သူ၏ အဖွဲ့သားများသည်  သူတို့အာဏာ တည်ဆောက်ရေး  ခိုင်မာလာသည်နှင့်အမျှ  ဗိုလ်ချုပ်ခင်ညွန့် အပါအဝင်  ဦးနေဝင်းမိသားစု နှင့် နွယ်ငင် ဆက်စပ် ပတ်သက်နေသူများ၏  လုပ်ပိုင်ခွင့်များကို    တစ်စတစ်စ  ထိန်းချုပ်မူများ  ပြုလုပ်ခဲ့ကြတော့သည်။

ဦးနေဝင်း မြေးများ  အာဏာသိမ်းရ န်ကြံစည်မူ  မဖြစ်ပွားခင်  ဒေါက်တာ ခင်စန္ဒာဝင်း၏  သားများ၏   ဆက်သွယ်ရေး ဂြိုလ်တု  ဖုန်းကိစ္စကို   မလိုက်လျောခဲ့သည့်အတွက်  စန္ဒာဝင်းတို့  မိသားစုက  မကျေမနပ် ဖြစ်ခဲ့သည်။ထို့ပြင်ပြည်သူလူထုထံ ဖုန်းတစ်လုံးလျှင်  ကျပ်ငွေ ၅ သိန်း ကြိုတင်ငွေ  ကောက်ခံထားသည်ကိုလည်း  ပြန်အပ်ရန်နှင့်  လုပ်ပိုင်ခွင့်ကို  နဝတ  ရုပ်သိမ်းလိုက်မူကြောင့်  စတင်ပဋိပက္ခ  ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။  ယင်းကိစ္စနှင့် ပတ်သက်၍   နောက်ပိုင်းတွင်  ဆက်သွယ်ရေးနှင့် ကြေးနန်းစာတိုက်  ဝန်ကြီး  ဗိုလ်မှူးချုပ် ဝင်းတင်ကိုလည်း  နဝတက ဖြုတ်ပစ်လိုက်သည်။

၁၉၉၇ ခု ၊နိုဝင်ဘာလတွင်နဝတအာဏာသိမ်းစစ်ကောင်စီ အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး  တစ်ဒါဇင်ကျော်  အစုလိုက် အပြုံလိုက်  ဖြုတ်ချခံရပြီးနောက် တပ်မတော်အတွင်း ကျားသေကို  အသက်ပြန်သွင်းရန် ရည်ရွယ်သည့်  လှုပ်ရှားမှုတစ်ခု  စတင်ပေါ်ပေါက်လာခဲ့သည်။ ပထမဆုံး စတင်လှုပ်ရှားမူမှာ  ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီးသည်၁၉၉၈ဇွန်လအတွင်းအမေရိကန်ပြည်ထောင်စုကို သွားရောက်ခဲ့ပြီး ၊ အမေရိကန်ပြည်ထောင်စု၌  ခိုလှုံနေသော  လုပ်ဖော်ကိုင်ဖက်  ဗိုလ်မှူးချုပ် မောင်မောင်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။  အမေရိကန်၌  ရောက်ရှိနေစဉ် အတွင်း ဗီအိုအေ ၊ အာရ်အက်ဖ်အေ အသံလွှင့် ဌာနနှင့်  တွေ့ဆုံ၍  နအဖ စစ်အစိုးရ နှင့်  N.L.D ပါတီကို ဝေဖန်တိုက်ခိုက်သော ပြောဆိုမူများကို ပြုလုပ်ခဲ့သည်။  အဆိုပါ အခြေအနေများကို  ဝင်ရောက်ထိန်းသိမ်းပေးနိုင်သူမှာ ဗိုလ်ချုပ်ကြီးနေဝင်းတစ်ဦးတည်းသာရှိကြောင်းနှင့် အချိန်မှီ ဝင်ရောက်ထိန်း သိမ်းပေးဖို့  နှပ် ကြောင်းပေးခဲ့သည်။

ထို့နောက် ၂၀၀၁ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် ဦးနေဝင်း၏  နှစ် ၉ဝ ပြည့် မွေးနေ့ အခမ်းအနားကို ရန်ကုန်မြို့  ဆီဒိုးနား ဟိုတယ်၌  တခမ်းတနား ကျင်းပပြုလုပ်ခဲ့သည်။  မွေးနေ့ အခမ်းအနားပွဲကို  ရိုက်ကူးထားသော ဗီဒီယို   အခွေ၌  ဦးနေဝင်းသည်  ဇရာထောင်း၍  ဖွတ်ဖွတ်ကြေနေသော်လည်း  ကျန်းမာစွာဖြင့်  မပျက်ဆီးသေးကြောင်း ပြုံးပြုံးရွှင်ရွှင် ဧည့်ခံ  နုတ်ဆက်နေပုံများကို  ရိုက်ကူးပြသထားသည် ။ ထို့နောက်ပိုင်းတွင်  ဦးနေဝင်းသည်  စင်ကာပူသို့ ဆေးကုသရန်  ထွက်ခွာသွားသည့်  သတင်း  ပေါ်ထွက်လာခဲ့သည်။

ဦးနေဝင်း၏  မွေးနေ့ အခမ်းအနားကို  နအဖ  စစ်အစိုးရ ကိုယ်တိုင်က ကမကထ  ပြုလုပ်ပြီးကျင်းပပေးခဲ့သယောင်  ထင်ခဲ့ရသော်လည်း  အဆိုပါ အခမ်းအနားပွဲသို့  ထိပ်တန်းဗိုလ်ချုပ်ကြီးများနှင့် ဝန်ကြီးအဖွဲ့များ အပါအဝင်  အစိုးရ အရာရှိကြီးများ  မတက်ရောက်ရန် ဗိုလ်ချုပ်မှူးကြီးက ကြိုတင်  အမိန့်ထုတ်ထားခဲ့သည်။ သတင်းရယူဖို့ အတွက် အလယ်အလတ်  အဆင့်  နအဖ စစ်ဗိုလ်နှစ်ဦးသာ  တက်ရောက်ခဲ့သည်။

ထိုအချိန်မှစ၍  ဦးနေဝင်းနှင့် သူ့မိသားစု၏ လှုပ်ရှားမူများကို အမြဲမပြတ်  စောင့်ကြည့်ရန်  သူ၏ လူယုံတော် စစ်ထောက်လှမ်းရေး ၊ ဒုညွန်ကြားရေးမှူးချုပ်  ဗိုလ်ချုပ် ကျော်ဝင်းကို  သီးသန့်တာဝန်ပေးးခဲ့သည်။

အာဏာနှင့် ပတ်သက်၍ မည်သူ့ကိုမျှ  ချမ်းသာမပေးတတ်သည့်  ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည်  ဦနေဝင်း၏ သားမက် ဦးအေးဇော်ဝင်း နှင့် မြေးများဖြစ်ကြသော  အေးနေဝင်း ၊ ကျော်နေဝင်း ၊ ဇွဲနေဝင်း တို့ကို  နိုင်ငံတော် အာဏာသိမ်းရန်ကြံစည်မှု ၊ နိုင်ငံတော်လုပ်ကြံမှု စသည့် စွပ်စွဲချက်များဖြင့်  ၂၀၀၂ခုနှစ်  မတ်လ ၇ ရက် နေ့တွင် ဖမ်းဆီး၍ နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခဲ့သည်။  အာဏာသိမ်းရန် ကြံစည်မှု နောက်ကွယ်၌  ပါဝင်ပတ်သက်မှု ရှိမည်ဟု သံသယ ရှိခဲ့သော လေတပ် ကာကွယ်ရေး  ဦးစီးချုပ် ဗိုလ်ချုပ်မြင့်ဆွေ (လေ) ၊ တြိဂံဒေသတိုင်း  စစ်ဌာနချုပ်  တိုင်းမှူး  ဗိုလ်ချုပ် ချစ်သန်း ၊ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး  ဗိုလ်ချုပ် အေးကြွေ ၊ ရဲချုပ်  ဗိုလ်မှူးကြီး  စိုးဝင်း  တို့ကိုလည်း  ဖယ်ရှားပစ်ခဲ့သည်။ သို့သော်  ဦးနေဝင်း၏  သမီးဖြစ်သူ  ဗိုလ်မှူးဟောင်း  ဒေါ်ခင်စန္ဒာဝင်းနှင့် ဦနေဝင်းတို့ကို  အသက်အရွယ်ကြီးပြီး  ဘာမှ မလုပ်နိုင်သည်ဟု  ယူဆ၍ တစ်ကြောင်း ၊ စစ်တပ်အတွင်း၌လည်း တစ်စုံတစ်ရာ  သြဇာရှိနေနိုင်သည်ဟု ယူဆထားသောကြောင့်  လည်းကောင်း  နိုင်ငံတော်အာဏာ  သိမ်းရန် ကြံစည်မှုဖြင့်  တရားစွဲဆိုခြင်း မပြုဘဲ နေအိမ်အကျယ်ချုပ်သာ ချထားခဲ့သည်။

ဤသို့ဖြင့်  အာဏာရှင်ဟောင်း  ဦးနေဝင်းသည်  အသက် ၉၃ နှစ် အရွယ် ၂၀၀၂ ခုနှစ်  ၊ ဒီဇင်ဘာ ၅ ရက်နေ့တွင်  ရန်ကုန်မြို့ မရမ်းကုန်း မြို့နယ် (၇) ရပ်ကွက် မေခလမ်း  အိမ်အမှတ်  ၁၉ ရှိ သမီး ဒေါ်ခင်စန္ဒာဝင်း ၏  နေအိမ်တွင်  သေဆုံးသွားသည့်အခါ နေ့မကူးစေဘဲ  ချက်ချင်းသဂြိုလ်ခိုင်း၍  အသုဘ ချစေသည်။
အင်းစိန်ထောင်တွင်း၌သေဒဏ်ပြစ်ဒဏ်ချထားခံရသောဦးနေဝင်း၏ သမက် ၊ မြေးများနှင့် ပြည်ပရောက်နေသော  သားသမီးများကိုလည်း  လာရောက်ခွင့် မပေးသည့်အပြင်  နအဖ အဖွဲ့နှင့် မြန်မာ့တပ်မတော်  အတွင်း ဦးနေဝင်း ၏ တပည့်ဟောင်းများကိုလည်း  တက်ရောက်ခွင့် မပေးခဲ့ချေ။

ထိုနေ့ နေ့လယ် (၁)နာရီ ခန့်တွင် မြောက်ဥက္ကလာပ မြို့နယ် ရှိ ရေဝေးသုသာန်၌  မီးသဂြိုလ်ခဲ့သည်။  ဦးနေဝင်း၏  နောက်ဆုံးခရီးကို  သမီး ခင်စန္ဒာဝင်း  နှင့်  ပုဂ္ဂိုလ် အချို့သာ  လိုက်ပါ ပို့ဆောင်နိုင်ခဲ့သည်။  ဦးနေဝင်း၏  အသုဘ သို့ မဆလ ခေတ် နိုင်ငံတော် ကောင်စီဝင် ဟောင်း ဗိုလ်မှူးချုပ် သောင်းတင် (ရေ) လိုက်လံပို့ဆောင်ခဲ့မူ့ကြောင့်  ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သည် အကြီးအကျယ် ဒေါသပေါက်ကွဲကာ  ဗိုလ်မှူးချုပ် သောင်းတင်၏ သား  ရေတပ်ဗိုလ်မှူး မိုးသက်တင်ကို  အကြောင်းမဲ့ ရာထူးမှ ဖြုတ်ပစ်ခဲ့သည့် အပြင် ဗိုလ်မှူးချုပ် သောင်းတင်၏  သားသမက် တနင်္သင်္ာရီရေတပ် စခန်းဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးကြီး ချိုသန်းမောင်ကိုလည်း  ချက်ချင်းပင် အရပ်ဘက် ဌာန သို့ ပြောင်းရွေ့ပစ်ခဲ့သည်။

ဆက်လက်ဖေါ်ပြပါမည်။


1 comment:

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။