Sunday, June 2, 2013

လိပ်ပေါက်တူးနဲ့တူတဲ့ နိုင်ငံတော် သမတကြီး ဦးသိန်းစိန် – အပိုင်း (၂)

(မိုးမခ)

နိုင်ငံတော်သမတကြီး ဦးသိန်းစိန်ရဲ့ အမေရိကန်တွင်ပြောကြားတဲ့စကားတွေဟာ လိပ်ပေါက်တူးနဲ့တူပုံအကြောင်းအချို့ကို ပထမပိုင်းတွင် တင်ပြထားပြီးပါပြီ။  ယခုဆက်လက်ပြီး သမတကြီးဟာ လိပ်ပေါက်တူးနဲ့ ပိုတူလာပုံကို ထပ်မံရှုစားကြပါ။

၁။ သံလှောင်ချိုင့်ထဲရှိ မီးခံသေတ္တာထဲက ၂၀၀၈ အခြေခံဥပဒေ 
“၂၀၀၈ ခု အခြေခံဥပဒေဟာ သံမဏိစည်းမျဉ်းမဟုတ်၊ သော့ခတ်ထားတာမဟုတ်။ လွှတ်တော်ကပြင်နိုင်ကြောင်း၊ အများစွတ်စွဲသကဲ့သို့ လူတစုအတွက်မဟုတ်၊ အများကထောက်ခံအတည်ပြုထားခြင်းဖြစ်ကြောင်း၊ Admendment ပေးထား၍ ပြင်မည်ဆိုလျှင် ပြင်ဆင်ရေးနှင့် ပတ်သက်၍ လုပ်ထုံးလုပ်နည်းအရ ပြင်နိုင်ကြောင်း” လည်း သမတက လိပ်ပေါက်တူးအတိုင်း သူ့ရဲ့ အရပ်သားတပိုင်း ကြံ့ဖွတ်စစ်အစိုးရ ဘက်သူယက်ပြီး ပြောနေပြန်ပါတယ်။


၂။ ပြောပြန်တော့လည်း မယဉ်ကျေးရာကျမယ်
သမတအပါအ၀င် န၀တ၊ နအဖ စစ်အစိုးရက သူ့စစ်တပ်အတွက် တဘက်သတ်ရေးဆွဲထားတဲ့၂၀၀၈ ဥပဒေကို ရိုးရိုးသော့နဲ့ခတ်ထားတာထက် ပိုမိုခိုင့်ခန့် နေတယ်၊ တကယ်တော့ သူတို့က ဒီဥပဒေကို သံလှောင်ချိုင့်ထဲရှိ မီးခံသေတ္တာထဲထည့်ပြီး အာမခံသော့နဲ့ အထပ်ထပ် ခတ်ထား တာနဲ့အတူတူပါပဲ။ ဒီထက်ပိုစိတ်ချရအောင် လွှတ်တော်အတွင်း အပြင် အပါအ၀င်မှာပါ စစ်သည် ၄၀၀,၀၀၀ ခန့်ရှိ တပ်မတော်ကြီးနဲ့ပါ ၀န်းရံစောင့်ကြပ်ထားတော့ သူပြောသလိုပြင်ဆင်ဖို့ ဘယ် လိုလွယ်ပါ့မလဲ၊ ဒါဟာ သမတ က သူ့ဘက်သူယက်ပြီး သူတို့ဥပဒေ ကို သူက ကာကွယ်နေခြင်းသာဖြစ်တယ်။

သမတ က ၂၀၀၈ ခု ဥပဒေ ကို ခုလို အကြောက်အကန် ကာကွယ်နေတော့မှ သူဟာ တကယ့် လိပ် ပေါက်တူး နဲ့ပိုတူသွားတယ်။

၃။ သံမဏိစည်းမျဉ်း
ဒီဥပဒေ ကိုရေးဆွဲစဉ်က ဘယ်သူက ဘယ်လိုပြင်ချင်ပြင်ချင် ပြင်လို့မရအောင် နှစ်ပေါင်းများစွာအချိန်ယူပြီးNLD စတဲ့ နိုင်ငံရေးပါတီတွေနဲ့ အပြင်းအထန်၊ အတိုက်အခံလုပ်၊ အဲဒီပါတီတွေ မပါနိုင်အောင်အမျိုးမျိုးအကန့်အသပ်တွေလုပ်ပြီး နောက်ဆုံးကျမှသူတို့စစ်တပ်နဲ့ စစ်တပ်ကိုထောက်ခံသူတွေပဲ ကျန်တော့မှ စစ်တပ်အတွက် စိတ်တိုင်းကျရေးဆွဲထားတဲ့ဥပဒေ ၊ လွယ်လွယ်နဲ့ ပြင်လို့မရအောင် ရေးဆွဲထားတဲ့ သံမဏိဥပဒေ ဖြစ်လာတာ။

ဒီတော့” ဒီဥပဒေ ကို သော့ခတ်ထားတာမဟုတ်၊ သံမဏိ စည်းမျဉ်းမဟုတ်၊ လွှတ်တော်ကပြင်နိုင်တယ်၊ လုပ်ထုံးလုပ်နည်းအတိုင်း ပြင်နိုင်တယ် “ လို့လွယ်လွယ်ပေါ့ပေါ့လေးပြောလိုက်ပေမယ့်တကယ်တမ်းကျတေါ့အဲဒီလုပ်ထုံးလုပ်နည်း နောက်မှာ သံမဏိစည်းမျဉ်းတွေနဲ့ အထပ်ထပ်ကာဆီးထားတာကိုတော့သူထည့်မပြောဘူး။

“ဒီဥပဒေ ကိုပြင်ဖို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၇၅ % ကျော်က သဘောတူရမယ်၊ ဒါ့ပြင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ လုပ်ရမယ်၊ အဲဒီဆန္ဒခံယူပွဲမှာ ထောက်ခံမဲ ထက်ဝက်ကျော်ရမှသာ ပြင်ဆင်ခွင့်ရှိတယ်”လို့ သံမဏိစည်းမျဉ်း နဲ့ ချည်ထားတယ်။

“ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ၇၅ % ကျော်က သဘောတူမှ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ လုပ်ခွင့်ပြုမယ် “ ဆိုတဲ့ ပြည်ထောင်စုလွှတ်တော် ကိုကြည့်ပါ- ဒီလွှတ်တော်မှာ အမတ်ဦးရေ ရဲ့ ထက်ဝက်ကျော်က လက်ရှိအာဏာရ ကြံ့ဖွတ် ( ကြံ့ခိုင်ဖွံ့ဖြိုးရေး ) ပါတီဝင်အမတ်တွေ နဲ့ သူတို့အလိုတော်ရိ အမတ်တွေ ဖြစ်တဲ့အပြင် တပ်မတော်သားအမတ်က ၂၅ % လည်းရှိနေသေးတယ်။ သူတို့အားလုံးက လက်ရှိအာဏါရ အရပ်သားတပိုင်း  ကြံ့ဖွတ်စစ်အစိုးရ လူတွေချည်းပဲဖြစ်နေတော့ ဒီဥပဒေကို ဘယ်လိုလုပ်ပြီးပြင်လို့ရမှာလဲ၊

ပြင်မယ့်သူတွေဘက်က ၇၅ % ကျော်ဖို့မပြောနဲ့ ၅၀ % တောင် မရနိုင်ဘူး။ ဒီတော့ ပထမ အချီမှာတင် ရှုံးနေတော့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ အဆင့်ကို ဘယ်လိုရောက်တော့မှာလဲ။

၎။ တဘက်သပ် ဥပဒေ နဲ့ ရွေးကောက်ပွဲ အတု၊
“၄င်း ဥပဒေ ကို လူအများထောက်ခံ အတည်ပြုထားခြင်း ဖြစ်ကြောင်း” လို့ သမတကြီးက လူအမျာူးရှေ့မှာအ ရှက်ကင်းမဲ့စွာ ဗြောင်လိမ် နေပါတယ်။ အဲဒါက ပြည်သူ့ဆန္ဒအစစ်မဟုတ်ဘဲ သမတ ရဲ့ အရပ်သားတပိုင်း စစ်အစိုးရ က နည်းမျိုးစုံနဲ့ လိမ်ညာပြီး ကလိမ်ကကျစ် လိမ်ညစ် ကာ အတည်ပြုထားတဲ့ ဥပဒေ ဖြစ်တယ်ဆိုတာသမတကြီး အသိဆုံးပါ၊ ဦးသိန်းစိန် အစိုးရ နဲ့အသိုင်အ၀ိုင်းက နည်းမျိုးစုံ့နဲ့ မဲ မသမာမှု တွေလုပ်ပြီး အနိုင်ယူးတယ်ဆိုတာပြည်သူတွေက သိရက်နဲ့ အားမတန်မာန်လျော့တဲ့သဘောနဲ့ အလျော့ပေးရတာပါ။

ဒါဟာ ပြည်သူတွေရဲ့ဆန္ဒ အစစ်အမှန်မဟုတ် သလို ဒီဥပဒေတွေကိုလည်း ပြည်သူတွေက လုံးဝထောက်ခံတာ မဟုတ်ဘူး ဆိုတာ သမတကြီးနဲ့တကွ အားလုံးသိစေချင်ပါတယ်။

၅။  ဦးသိန်းစိန် ဦးစီးတဲ့ အရပ်သားတပိုင်း ကြံ့ဖွတ်စစ်အစိုးရ ရဲ့ ရွေးကောက်ပွဲ အတု  
ဦးသိန်းစိန်ဦးစီးတဲ့နအဖစစ်အစိုးရရဲ့ရွေးကောက်ပွဲဟာ ဘယ်ကမ္ဘာ ဘယ်ခောတ်၊ဘယ်စနစ်နဲ့ဘယ်နိုင် ငံ  ဘယ်အချိန်၊ ဘယ်အခါ မှာမှတခါမှ၊ မရှိဘူး၊ မတွေ့ဘူး၊ မကြားခဲ့ဘူးတဲ့  မဲခိုး  မဲလိမ် မဲဖျောက်၊မဲကြိုတင်ကောက်…့ စတဲ့ မသာမာမှုနည်းမျိုးစုံ သုံးပြီး ရွေးကောက်ပွဲမှာ အနိုင်ယူထား ခြင်းဖြစ်တယ်။

နအဖ စစ်အစိုးရ ကျင်းပတဲ့ ရွေးကောက်ပွဲမှာ  ကြံ့ဖွတ်ပါတီ၊  ကြံ့ဖွတ် စစ်အစိုးရ နဲ့  ရွေးကောက်ပွဲကော်မရှင်  တို့ တိုးပူးပေါင်း ပြီး ကြံ့ဖွတ်ပါတီ အနိုင်ရရှိရေး အတွက် မသမာသောနည်းမျိုးစုံကိုံသုံးခဲ့ကြတယ၊် ၄င်းတို့ လုပ်ခဲ့တဲ့  ကြံ့ဖွတ်ပါတီ အတွက် မဲမသာမှု ပေါင်းများစွာ ကိုကြည့်ပါ–

၁၊    မဲ ခိုး ခြင်း၊
၂၊    မဲလိမ်  ခြင်း၊
၃၊    မဲဖျောက်  ခြင်း၊( အတိုက်အခံ မဲများကိုဖျောက် )၊
၎၊    မဲ ၀ယ်ယူခြင်း၊
၅၊    မဲ ပေးသူ စာရင်း အတု လုပ် ခြင်း၊ ( ကြံ့ဖွတ်ပါတီအတွက် )၊
၆၊   ပစ္စည်းများ ရောင်းပြီး မျှား ခြင်း၊
၇၊   မဲ ရုံအတွင်း မသာမာမှု များလုပ် ခြင်း
၈၊   ငွေချေး ပြီး မဲ ဆွယ် ခြင်း၊
၉၊   မက်လုံး ပေးပြီး မဲ ဆွယ်ြ ခင်း၊
၁၀၊  ခြိမ်းခြောက် ပြီး မဲ ထည့်ခိုင်းခြင်း၊
၁၁၊  အမိန့်အာဏာသုံးပြီး မဲထည့်ခိုင်း ခြင်း၊
၁၂၊  အကျပ်ကိုင် ပြီး မဲ ထည့်ခိုင်း ခြင်း၊
၁၃၊  ရှုံးပြီးသား ကြံ့ဖွတ်ပါတီ ကို အနိုင်ပြန်ပေး ခြင်း၊
၁၄၊  နိုင်ပြီးသား အတိုက်အခံပါတီ ကို အရှုံး ပြန်ပေး ခြင်း၊
၁၅၊  လူလဲပြီး မဲထည့်ခိုင်း  ခြင်း၊
၁၆၊  လူစားထိုး ပြီး မဲထည့်ခိုင်း ခြင်း၊
၁၇၊  လူတယောက်ကို အခါခါ  မဲ ပြန်ထည့်ခိုင်း၊
၁၈၊  မဲ မရေတွက်ဘဲ အနိုင်ပေးခြင်း၊
၁၉၊  ကြံ့ဖွတ်ပါတီ ရှုံး မယ့် နယ်မြေကို ရွေးကောက်ပွဲ ဖျက်သိန်း ခြင်း၊
၂၀၊  ကြံ့ဖွတ်ပါတီ ကို ပယ်မဲ မပေး ခြင်း၊
၂၁၊  အတိုက်အခံ ပါတီဘက် ကို ပယ်မဲ  များများပေး ခြင်း၊
၂၂၊  မဲ ဆန္ဒရှင် မသိဘဲ  မဲထည့်ပေးခြင်း၊
၂၃၊  မဲ အကုန် မရေတွက် ဘဲ  ကြံ့ဖွတ်ပါတီ ကိုအနိုင်ပေး ခြင်း၊
၂၄၊  မဲ မသာမာ မှု လုပ်တဲ့ ကြံ့ဖွတ်ပါတီ ကို တိုင်ကြားသော်လည့် ကော်မရှင် ကအရေးမယူ ခြင်း၊
၂၅၊  အတိုက်အခံ ပါတီတွေ ဘက်ကိုံ တိုင်ကြားမှု ကို အရေးယူ ခြင်း၊
၂၆၊  ဒေါ်စု နာမည်ကို အသုံးချပြီး မလိမ့်တပတ် လုပ် ခြင်း၊
၂၇၊  ကြံ့ဖွတ်ပါတီ အတွက်သာ တနိုင်ငံလုံး နီးနီး မှ  ကြိုတင်မဲ ကောက် ခြင်း၊
၂၈၊  ကြိုတင်မဲ ကို တကယ်ရှိတာထက် ပို ပြ ခြင်း၊
၂၉၊  လူမနေတဲ့ နယ်မြေ အချို့တွင်  ကြံ့ဖွတ်ပါတီ  နိုင်တယ် လို့ ကြေညာ ခြင်း၊
၃၀၊  ရွေးကောက်ပွဲ တွင် ပါဝင်ယှဉ်ပြိုင်ခြင်း မရှိဘဲ နိုင်တယ်လို့ ကြေညာ ခြင်း၊
၃၁၊  မဲရုံမှူး အချို့က  မဲပုံးကို သူ့အိမ်ကိုသယ်သွားပြီး နိုင်တယ်လို့ ကြေညာ ခြင်း၊
၃၂၊  မဲရုံမှူး  အချို့က မဲရုံ  ရှေ့တွင် တိုးတိုးတမျိုး  ကြယ်ကြယ်တမျိုး  မဲ  ဆွယ် ခြင်း၊
၃၃၊  အတိုက်အခံ ပါတီဘက်က  မဲ များနေရင် မဲ ပြန်ပေးခိုင်း ခြင်း၊
၃၄၊  ကြံ့ဖွတ်ပါတီ ရှုံးမယ်ထင်တဲ့ ပြည်နယ်အတော်များများတွင် လုံခြုံရေး ကိုအကြောင်းပြပြီး ရွေးကောက်ပွဲ
ကို ပယ်ဖျက် ခြင်း၊
၃၅၊  ကြံ့ဖွတ်ပါတီ  ရှုံ့းမယ် ထင်တဲ့ ပြည်နယ်အချို့ ရှိ လူများကို မဲပေးခွင့် မပြု ခြင်း၊
၃၆၊  ရွေးကောက်ပွဲကော်မရှင် က နံနက်ပိုင်းတွင် အနိုင် အရှုံး  ကြေညာ ပြီးမှ ညနေပိုင်းတွင် ပြန်၍ပြ်င်ဆင်ခြင်း၊
၃၇၊  ကြံ့ဖွတ်ပါတီဝင်များ၊ စည်ရုံးရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ လုံခြုံရေး၊ အရံမီးသတ်၊ ကြက်ခြေနီများ က ဘက်လိုက်ခြင်း၊
၃၈၊  မဲရုံ များတွင်  မဲရုံကိုယ်စားလှယ်တွေကိုပေးမ၀င်ဘဲ  ကြံ့ဖွတ်ကိုယ်စားများ ကိုသာ ပေးဝင် ခြင်း၊
၃၉၊  ကြံ့ဖွတ်ပါတီ ရှုံး မယ်ထင်တဲ့ မဲရုံများတွင် မဲမရေတွက်ဘဲ  မြို့နယ်ကော်မရှင် ဆီကို မဲရုံမှူး က ချိတ်ပိတ် ပြီးသယ်သွားခြင်း၊
၄၀၊  အတိုက်အခံပါတီတွေ ဘက်က သံသယရှိတဲ့ ကြိုတင်မဲ တွေကို ပြခိုင်းတဲ့အခါ  မဲရုံမှူးတွေက  ပြခွင့်မရှိဘူးလို့ ငြင်းခြင်း၊
၄၁၊  တချို့ မဲရုံတွေ မှာ  မဲရုံ  တောင် မဖွင့်ရသေးဘူး  မဲတွေ  ပုံးထဲ ရောက်နေ ခြင်း…့စတဲ့ မသမာမှု တွေ များစွာ တွေ့နေရပါတယ်။

ဒါတွေဟာ ဆောင်းပါးရှင် လက်လှမ်းမီသလောက် တင်ပြ ခြင်းသာဖြစ်ပါတယ်၊ ဆောင်းပါးရှင် လက်လှမ်း မမီလိုက်တာတွေ အများကြီး ရှိနိုင်ပါသေးသည်။

အဲဒီတော့ သမတကြီး ပြောတော့၂၀၀၈ ခု ဥပဒေဟာ  အများ စွတ်စွဲ သလို လူတစုအတွက် မဟုတ်ဘူးဆို၊ အများက ထောက်ခံ အတည်ပြုတယ် ဆို၊ ဘယ်မှာ လူအများကထောက်ခံလို့လဲ ၊နအဖ စစ်အစိုးရ က ကမ္ဘာမှာ မရှိခဲ့ဘူးတဲ့  နည်းမျိုးစုံ မသာမာမှုတွေကို မတရားသုံးပြီး ရွေးကောက်ပွဲ ကို အနိုင်ယ်ူထားတယ်  ဆိုတာ အထက်ဖေါ်ပြပါ  ကလိမ်ကကျစ် နည်းပေါင်းစုံက သက်သေပြနေပြီဆိုတာ သမတကြီး က ဘယ်လို  ငြင်းချင်သေးလဲ။ ဒါ့ကြောင့် သမတကြီး   အရှက်လေး  နည်းနည်းနှောပြီး ပြောပါ လို့အသံကုန် ဟစ် လိုက်ချင်တယ် သမတကြီးရယ်။


(အပိုင်း  ၃  နှင့် နိဂုံးပိုင်း ကို မကြာမီ အတွင်း ဆက်လက် တင်ပြပါမည် )။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။