Sunday, June 23, 2013

တရုတ် ကျူးကျော်မှုကို ကျွန်ုပ်တို့ ဘိုးဘွားများ တွန်းလှန် တိုက်ဖျက်ခဲ့ခြင်း - အပိုင်း (၆)

(စည်းလုံးခြင်းရဲ့အင်အား)

မြန်မာတပ်များချီတက်ခြင်း

မဟာစည်သူ စစ်ကြောင်း - ပင်မတပ်

တပ်ပေါင်း ၃၀ - ကို ဦးစီး၍ ၀န်ကြီးမဟာစည်သူသည် အင်းဝမှ ၁၁၂၉ - ခု ပြာသိုလဆန်း ၅ - ရက်နေ့ ထွက်သည်။ မတ္တရာအနီး ကင်းရွာ၊ ထိုမှ သရက်ပင်ကိုင်း၊ သဖန်းကိုင်း၊ အုန်းလွတ်၊ ကျောက်မဲရွာများကိုဖြတ်၍ သုံးဆယ်သို့ ချီမည်ဟု ခန့်မှန်းရသည်။ သုံးဆယ်မှ ဂုတ်တွင်းကိုဖြတ်၍ ရန်သူတပ်များနှင့် တွေ့ထိရန် သီပေါဘက်သို့ ချီတက်သည်။


လက်ယာစစ်ကြောင်း - မဟာသီဟသူရ

တပ်ပေါင်း -၂၀ ကိုဦးစီး၍ ၀န်ကြီး မဟာသီဟသူရသည် အင်းဝမှ ၁၁၂၉ - ခု၊ ပြာသိုလဆန်း ၇ ရက်နေ့ ရွှေစာရံသို့ထွက်သည်။ ထိုမှ ကျွတ်နဖား၊ ပြင်သာ၊ ဆင်ခေါင်း၊ ပြင်ကြီးတိို့ကိုဖြတ်၍ သီပေါအနီး ဘော်ကြိုသို့ ချီတက်သည်ဟု ယူဆရသည်။

လက်ဝဲစစ်ကြောင်း - နေမျိုးစည်သူ

တပ်ပေါင်း ၁၁ - တပ်ကို ဦးစီး၍ လက်ဝဲ၀င်းမှူးနေမျိုးစည်သူသည် အင်းဝမှ ၁၁၂၉ - ခု ပြာသိုလဆန်း ၁၁ - ရက်နေ့ ထွက်သည်။ မတ္တရာ၊ ရေနံ့သာ၊ ရွှေပြည်၊ စဥ့်ကူ၊ ချောင်းကြီး၊ ၀ါးဖြူတောင်၊ မိုးကုတ်၊ မိုးမိတ်ကိုဖြတ်၍ သိန္နီမြို့ကို အနောက်ဖက်မှ ချဉ်းကပ်သည်ဟု ယူဆရသည်။

ရန်သူများနှင့် ထိတွေ့ခြင်း

မင်ဂျွီသည် သိန္နီမြို့ကို ဒီဇင်ဘာလ ၃၀ - ရက်နေ့ (တန်ဆောင်မုန်း/နတ်တော်လ) တွင် သိမ်းပိုက်နိုင်သည်။ ဆန်ဆန်ချုလူနာ (TSAN-TSAN-CHU-LU-NA) နှင့် အန်ချရှိယန်ချန်ယင် (AN-CHA-SHIH YANG-CHUNG-YING) တို့ကို မြို့စောင့်ရန်နှင့် ရိက္ခာများစုဆောင်း၍ ရှေ့တန်းတပ်များသို့ ပို့ရန်အတွက် သိန္နီတွင် ထားခဲ့သည်။ မင်ဂျွီကိုယ်တိုင် စစ်သည် ၁၂,၀၀၀-ကျော်ကို ဦးစီး၍ သိန္နီမှ လာရှိုး - သီပေါလမ်းအတိုင်း အင်းဝဘက်သို့ ချီတက်လာသည်။ (သိန္နီမှ သီပေါသို့ ၇၈ - မိုင် ဝေးသည်)။

ကျွန်ုပ်တို့ ပင်မတပ်၏ ပွဲဦး

မဟာစည်သူစစ်ကြောင်း၊ တပ်ဦးချီ ၇ - တပ်၊ သမန္တရဲ၊ သိင်္ခပျံချီ၊ မဏိစက်၊ ရွေပြင်းကြီး၊ ဒီပစက်ရောင်နှင့် လက်ဝဲကောင်းထွတ်တပ်များသည် သီပေါအလွန် ဘန်ကျည်အရပ်တွင် မင်ဂျွီ၏တပ်များနှင့် တွေ့ဆုံ တိုက်ခိုက်ကြသည်။ ကျွန်ုပ်တို့တပ်များသည် မတိုးမဝှေ့နိုင်ရှိ၏။ တပ်အနေအထားမသင့်၍ သော်လည်းကောင်း၊ တရုတ်တို့ စစ်အင်အား များပြားလွန်းလှသဖြင့် သော်လည်းကောင်း၊ ရန်သူတို့၏ ဆက်သွယ်ရေးလမ်းကြောင်း ပိုမိုရှည်စေရန် သော်လည်းကောင်း ၀န်ကြီးမဟာစည်သူသည် တပ်တော်များကို ဂုတ်တွင်းအနောက်ဖက်သို့ ဆုတ်ခွာ နေရာယူစေသည်။ (သီပေါမှ နောင်ချိုသို့ ၅၂ - မိုင်ဝေးသည်)။

မင်ဂျွီသည် စစ်သည်ရဲမက်တို့အား နမ့်မတူ (သီပေါ) ချောင်းကို လှေဖောင်များဖြင့် ဖြတ်ကူးစေပြီး မဟာစည်သူ တပ်များနောက်သို့ ချီတက်လိုက်စေသည်။ မြင်း၊ နွား စားရေရိက္ခာ အတော်အသင့် ရနိုင်သော ဂုတ်တောင်အနီး နောင်ပိန်တ၀ိုက်သို့ ရောက်သောအခါ ခေတ္တစခန်းချ နေရာယူနေကြသည်။


ကျွန်ုပ်တို့ လက်ယာစစ်ကြောင်း

ဝန်ကြီးမဟာစည်သူ၏ ပင်မတပ်များ အင်းဝမှထွက်ပြီး ၂ - ရက်အကြာတွင် ၀န်ကြီးမဟာသီဟသူရ ဦးစီးသော ကျွန်ုပ်တို့၏ လက်ယာစစ်ကြောင်း စတင်ချီတက်သည်။ လမ်းတွင် ရန်သူတို့နှင့် ထိတွေ့မှုမရှိ။ အနှောင့်အယှက် ကင်းစွာဖြင့် ရည်မှန်းချက်ဖြစ်သော ဘော်ကြိုအနီးသို့ ရောက်လာကြသည်။

ရန်သူတို့၏ စစ်အင်အား စုံစမ်းလုပ်ကြံရန် စစ်ကဲကြီး တိမ်ကြားမင်းခေါင်ကို သေနတ်စွဲ သူရဲသုံးထောင်၊ မြင်းငါးရာတပ်ပါ သူရဲငါးထောင်ကျော်နှင့် ရှေ့မှချီသွားစေသည်။ ရန်သူတို့ ဗိုလ်ထုဗိုလ်အင် အများနှင့် တပ်ကြီးချီလာလျှင် တပ်တည်လုပ်ခံရန်လည်း မဟာသီဟသူရက စီရင် ခန့်ထားပေးလိုက်သည်။

ထိုအတွင်း ရန်သူအင်အား အထူးများပြားလှသည်ကို မဟာသီဟသူရ ထပ်မံစုံစမ်း၍ ကြားသိရလျှင် တိမ်ကြားမင်းခေါင်အား လက်နက်ကိုင်တို့ မကွဲမပြား သိမ်းဆည်း ဆုတ်ခွာခဲ့ရန် မြင်းသည်ငါးယောက် စေလွှတ်ခေါ်စေသည်။ တိမ်ကြားမင်းခေါင်သည် ရန်သူအနီးရောက်ပြီးမှ လှည့်ပြန်သော် သူတို့်အားတက်လိမ့်မည်။ နောက်တပ်များသာ မှီအောင်ချီတက်လာပါ။ ခံနိုင်အောင်ခံပါမည်ဟု ၀န်ကြီးမဟာသီဟသူရထံသို့ စာရေးတင်ပြ အစီရင်ခံသည်။ ထိုနောက် ၀ါးပိုးတပ် တည်ဆောက်၍ ခံနေသည်။ ရန်သူတို့သည် ညနေသုံးချက်တီး (စက် - ၃ နာရီ) ခန့်တွင် ရောက်လာကြပြီး တိမ်ကြားမင်းခေါင်တပ်ကို ပျားအုံသကဲ့သို့ အထပ်ထပ် ၀န်းရံလုပ်ကြံကြသည်။ တပ်တိုင်ကို ၀ါးရှည်တွင် ကွင်းကျော့၍ လှဲသည်။

တိမ်ကြားမင်းခေါင်သည် သူရဲသူခက်တို့အား ကိုယ်တိုင်ကွပ်ကဲ၍ သေနတ်စွဲ သူရဲသုံးထောင်တို့ကို တချက်မလွတ် အညံမစဲ ပစ်ခတ်စေသည်။ လဲသမျှတပ်တိုင်ကို တိုင်သစ်ထူ လုပ်စေသည်။ တပ်ထိပ်သို့တက်လာသမျှ ရန်သူတို့အား ခုခံထိုးခုတ် ရိုက်ချစေသည်။ ပေါက်လာသမျှ ရန်သူတို့ကိုလည်း လူအလွတ်မရှိစေရ။ သန၀ါးချွန်တို့နှင့်ပင် ထိုးသတ်စေသည်။

ရန်သူတို့ အထိအပါး အရှအန အသေအပျောက် များလှသဖြင့် တပ်တွင်းသို့ မပေါက်ရောက်နိုင်၊ တပ်ကိုသာ ၀န်းဝိုင်းနေကြရလေသည်။

ဝန်ကြီးမဟာသီဟသူရသည် စေရင်းမြင်းသည်တို့ ရောက်လာသည်နှင့် တပ်မှူးစစ်ကဲ အပေါင်းတို့ကို ဆော်နှိုးချီ တက်လာသည်။ လမ်းခရီးတွင် အမြောက်သေနတ်သံကြားရ၍ တိုက်ပွဲဖြစ်ပြီဟု တထစ်ချ တွက်ဆပြီး အပြင်းချီလာသည်။ တိမ်ကြားမင်းခေါင်တပ်အနီးသို့ ရောက်လျှင် ရှိသည့်ရန်သူများကို အသီးအသီး ဆင်ပါ မြင်းပါ မရပ်မဆိုင်း ပြင်းပြင်းထန်ထန် တဟုန်တည်း တိုက်စေတော့သည်။ ရန်သူတို့မခံနိုင်၊ အရံကိုဖြုတ်၍ ဆုတ်ခွာရတော့၏။ ထိုအခါ စစ်ကိုသိမ်း၍ လူသူဆင်မြင်း ဖြည့်တင်းပြီးလျှင် လားရှိုးတွင် ရန်သူတို့ တပ်ကြီးတပ်ခိုင် တည်လုပ်ရပ်ခံသည်ကို တိုက်ပြန်သည်။

ရန်သူတို့မခံနိုင်၊ တပ်ပျက်ပြီး ကြူရှောတွင်စု၍ ခံကြပြန်သည်။ မြန်မာတပ်များ ထပ်ကြပ်လိုက်ရာ ကြူရှောတွင်လည်း မခံနိုင်၊ သိန္နီတိုင်အောင် ဆုတ်ပြေးကြလေသည်။

ဝန်ကြီးမဟာသီဟသူရသည် လိုက်ထပ်ချီတက်၍ သိန္နီမြို့သို့ရောက်လျှင် မြို့အရှေ့တောင် နံပင်မြစ်နားတွင် တပ်ချ ရပ်စွဲထားသည်။ ကွမ်လုံဘက်မှ ရန်သူတပ်များဆီသို့ ပို့လာသမျှ မျိုးရိက္ခာတို့ကို ဆီးကြိုတိုက်ဖျက် သိမ်းယူရန် တိမ်ကြားမင်းခေါင်၊ နေမျိုးလက်ဝဲမင်းခေါင်၊ နေမျိုးလက်ယာမင်းခေါင်တို့တပ်မှ ရွေးမြင်းသည်တော်ခြောက်ရာ၊ သေနတ်စွဲသူရဲ ငါးထောင်တို့ကို တိမ်ကြားမင်းခေါင် အချုပ်ခန့်၍ ကွမ်လုံကူးတို့ဆိပ်သို့ တာဝန်ပေး စေလွှတ်သည်။

သံလွင်မြစ်အနောက်ဖက်သို့ ရောက်လာသမျှ ရိက္ခာတပ်များကို ဆီးကြိုတိုက်ဖျက်ကြရာ ပစ္စည်းတင်ဆောင်သည့်လား၊ မြင်းများနှင့်တကွ မျိုးရိက္ခာအားလုံး မြန်မာတို့လက်သို့ချည်း ရောက်ရှိသည်။


No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။