Wednesday, June 26, 2013

လွှတ်တော်က ဖျက်လို့ ဆက်သွယ်ရေး တင်ဒါပွဲ ပျက်ပြီလား

(ဧရာဝတီ)

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းအတွက် ပြည်ပကုမ္ပဏီ ၂ ခု အတွက် အော်ပရေတာ လိုင်စင်ကို ဇွန် ၂၇ ရက်မှာ ချထားပေးမယ့်ဆဲဆဲမှာ ယနေ့ ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးမှာ ဆက်သွယ်ရေး ဥပဒေ ထွက်လာပြီးမှ ပြန်စဉ်းစားတော့မယ်ဆိုပြီး ဆုံးဖြတ်ချက် ထွက်လာခဲ့ပါတယ်။

ယနေ့ ဇွန် ၂၆ ရက် ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေးမှာ တမူးမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်၊ ဆက်သွယ်ရေးဆိုင်ရာ ရေးရာကော်မတီ အတွင်းရေးမှူးလည်းဖြစ်တဲ့ ဦးမျိုးဆွေက ဆက်သွယ်ရေးအော်ပရေတာ ကိုယ်စားလှယ် ရွေးချယ်ရာမှာ ပြည်တွင်းဖက်စပ် ကုမ္ပဏီတွေကိုသာ တင်ဒါ အနိုင်ပေးသင့်တယ်လို့ အရေးကြီး အဆို တင်သွင်းခဲ့တဲ့အပေါ် ပြည်သူ့လွှတ်တော်က ဆွေးနွေးပြီး ဆက်သွယ်ရေးဥပဒေ ဆွဲပြီးမှ အော်ပရေတာ ရွေးမယ်ဆိုပြီး ကန့်ကွက်သူမရှိ အတည်ပြုခဲ့တာကြောင့် မနက်ဖြန် ထုတ်ပြန်မယ်လို့ စီစဉ်ထားတဲ့ ဆက်သွယ်ရေး တင်ဒါ အောင်မြင်တဲ့ကုမ္ပဏီ စာရင်း ထုတ်ပြန်ရေး ရက်အကန့်အသတ် မရှိ ရွှေ့ဆိုင်းပြီလို့ ထင်ရပါတယ်။


“အချို့ကိစ္စတွေမှာ အမျိုးသား အကျိုးစီးပွားကို တအားရှေးရှုတာာကြောင့် တိုင်းပြည်ဖွံ့ဖြိုးမှုနှောင့်နှေးမှုမရှိအောင် ဂရုစိုက် စောင့်ကြည့်နေပါတယ်။ ဆက်သွယ်ရေးကိစ္စကို ကန့်ကွက်မယ့်သူ ရှိ မရှိ မေးတော့ ဘယ်သူမှ မကန့်ကွက်သလို ကျနော် ကိုယ်တိုင်လည်း မကန့်ကွက်ခဲ့ပါဘူး” လို့ ယနေ့ လွှတ်တော်တက်ရောက်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ပြောပေမယ့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို လက်ဝါးကြီးအုပ်ချုပ်ကိုင်ထားတဲ့ စီးပွားရေးကုမ္ပဏီတွေက ဈေးကွက်ကို အသစ်ဝင်ရောက်လာမယ့် ပြည်ပကုမ္ပဏီတွေကို ဘယ်လိုမှ မယှဉ်နိုင်တာကြောင့် အခုလို မျက်နှာပျက်စရာ ကတိကဝတ်ဖျက်လိုက်ကြတာလို့ သုံးသပ်ဝေဖန်မှုတွေလည်း ရှိပါတယ်။

ယနေ့ လွှတ်တော်တက်တဲ့ ကိုယ်စားလှယ် ၄၀၁ ဦးလုံးက ကြံခိုင်ဖွံ့ဖြိုးရေးပါတီက တနိုင်းမြို့နယ်ကိုယ်စားလှယ် ဦးမျိုးဆွေ တင်တဲ့ အရေးကြီးအဆိုကို ထောက်ခံခဲ့ပြီး ပြည်ထောင်စု အစိုးရကို ဝိုင်းဝန်းတိုက်တွန်းခဲ့တယ်လို့လည်း လွှတ်တော်တွင်း အတိုက်အခံသတင်းရပ်ကွက်တွေက ဆိုပါတယ်။

ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းကျောင်းအုပ်ကြီး ဦးကျော်စိုးကတော့ ဆက်သွယ်ရေးတင်ဒါ အောင်မြင်တဲ့ကုမ္ပဏီကို ဆက်သွယ်ရေးဥပဒေ ထွက်ပြီးမှ ကြေညာမယ်ဆိုတဲ့ကိစ္စကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကိုယ်တိုင် မသိရှိဘဲ လွှတ်တော်က ဆောင်ရွက်လိုက်တာဖြစ်ပြီး “ဒီကိစ္စဟာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနဲ့ မဆိုင်ဘူး”လို့ ဧရာဝတီကို ပြောပါတယ်။

“ဆက်သွယ်ရေးတင်ဒါတွေ ရပ်ထားမယ်ဆိုတဲ့ ကိစ္စကို လုပ်တာ လွှတ်တော်က လုပ်တာပါ၊ ဆက်သွယ်ရေး နဲ့မဆိုင်သလို ဆက်သွယ်ရေးဝန်ကြီးဌာနက အတည်ပြု လုပ်လိုက်တာလည်း မဟုတ်ပါဘူး။ ကျနော်တို့ ကိုယ်တိုင်တောင် ဒီကိစ္စကို ဖေ့ဘုတ်ခ်ပေါ်မှာ တွေ့မှ သိရတာပါ၊ အခုတော့ အထက်ကလူကြီးတွေကို ပြန်ပြီး မေးနေတုန်းပါ”လို့ ကျောင်းအုပ်ကြီး ဦးကျော်စိုးက ရှင်းပြပါတယ်။

့ မြန်မာ့ဆက်သွယ်ရေးတင်ဒါ ဆန်ကာတင်စာရင်း ဝင်ပြိုင်ထားကြတဲ့ ကုမ္ပဏီတွေကတော့ ၁။ Orange (ပြင်သစ်) + Marubeni ၂။ KDDI + Sumitomo+MICTDC+ A1 ၃။ Telenor (နော်ဝေ) ၄။ Singtel (စင်္ကာပူ)+ Royal Myanmar (KBZ)+M Tel ၅။ MTN(ဒူဘိုင်း)+ M1+Amara ၆။ Bharti Airtel+ Palazio ၇။ QTel (Ooredoo) ၈။ Viettel ၉။ Axita Group၊ ၁ဝ။ Millicom၊ ၁၁။ Digicel + Quantum Strategic+ Yoma Strategic တို့ဖြစ်ပါတယ်၊

အဆိုပါ ကုမ္ပဏီတွေထဲကမှ မြန်မာနိုင်ငံကို ခြေလှမ်းကျဲပြီး လူပြောများတဲ့ ကုမ္ပဏီတွေကတော့ Singtel + Royal Myanmar (KBZ)+M Tel နဲ့ Digicel + Quantum Strategic+ Yoma Strategic တို့ဖြစ်ပါတယ်။ 
မနက်ဖြန် မြန်မာ့ဆက်သွယ်ရေးတင်ဒါ အောင်မြင်နိုင်တယ်ဆိုပြီး နာမည်ကြီးနေတဲ့ Digicel ကုမ္ပဏီကို လွှတ်တော်က အတည်ပြုလိုက်တဲ့ ကိစ္စအပေါ် ဧရာဝတီက မေးမြန်းရာမှာ ဘာမှ မသုံးသပ်ချင်ဘူးလို့သာ ပြန်လည်ဖြေဆိုသွားခဲ့ပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။