Friday, June 28, 2013

ထောက်လှမ်းရေး အဖွဲ့ကို ပြုပြင် ဖွဲ့စည်းခြင်း - အပိုင်း (၃)

(စည်းလုံးခြင်းရဲ့အင်အား)

၁၉၉၀ နဲ့ ၁၉၉၁ ခုနှစ်အတွင်းမှာ UOUD/ ကို အလွန် ကွဲပြားတဲ့ အုပ်စုတွေနဲ့ ဖွဲ့စည်းထားတယ်။ ပထမ အုပ်စုမှာ စီစစ်ရွေးထုတ်မှုကနေ အောင်မြင်လာတဲ့ အရင် StB ဝန်ထမ်းတွေ ပါတယ်။ ဒီလူတွေက ပြင်ပရန်သူနဲ့ စီးပွားရေး ကာကွယ်ရေး ဌာနက အဖွဲ့ဝင်တွေကော နည်းပညာ လုံခြုံရေးနဲ့ ထိန်းသိမ်းရေး ဌာနက အဖွဲ့ဝင်တွေကော ဖြစ်တယ်။ ခြွင်းချက် တစ်ခုကတော့ အတွင်းရန်သူ ဌာနက ထောက်လှမ်းရေးတွေ မပါဘူး။ ပြန်လည် ဖွဲ့စည်းရေး ပထမအဆင့်မှာ အရင် StB အဖွဲ့ဝင်တွေက ရာနဲ့ချီ ရှိတယ်။ နောက်ဆက်တွဲအဆင့် ဖွဲ့စည်းရေးနဲ့ သန့်စင်ရေးတွေမှာ သူတို့ရဲ့ အရေအတွက်ကို ဆယ်ဂဏာန်းအထိ လျှော့ချပစ်လိုက်တယ်။ နေရာဌာနတိုင်း လိုလိုမှာ သူတို့က ဦးစီးဦးကိုင် ရာထူး မှာတော့ မရှိကြပါဘူး။ သူတို့ဟာ လုပ်ငန်းရဲ့ ပရိယာယ်ကို နောကျေနေ သူတွေ၊ အခြေအနေ သစ်မှာ တက်တက်ကြွကြွ အလုပ် လုပ်သူတွေ၊ စည်းကမ်းရှိပြီး အကြီးအကဲသစ်တွေ အပေါ်မှာ သစ္စာရှိသူတွေ ဖြစ်ကြတယ်။ ဒုတိယ အုပ်စုမှာ တစ်ဖြစ်လဲ ထောက်လှမ်းရေးတွေ ပါတယ်။ သူတို့ထဲက အများစုဟာ နောက်နှစ်နှစ်အတွင်း အငြိမ်းစား ယူသွားကြတယ်။ သူတို့ရဲ့ ပြဿနာကတော့ ထောက်လှမ်းရေး လုပ်ငန်းရဲ့ အခန်းကဏ္ဍကို ၁၉၆၀ လွန် နှစ်တွေတုန်းက သူတို့ လုပ်ခဲ့သလိုမျိုး ရှုမြင်နေကြပြီး ကမ္ဘာကြီး လုံးဝ ပြောင်းသွားပြီဆိုတာကို နားမလည်ကြတာပဲ ဖြစ်တယ်။


ဒါပေမဲ့ သူတို့ရဲ့ အတွေ့အကြုံ တစ်ပုံတစ်ခေါင်းကြီးကတော့ ထောက်လှမ်းရေး ပေါက်စတွေအတွက် တစ်ခါတစ်ခါ အကျိုးအများကြီး ရှိပါတယ်။ ဌာနထဲ ပထမဝင်လာတဲ့ လူသစ်တွေဟာ အရင် အစိုးရ ဆန့်ကျင်သူတွေ၊ အတိုက်အခံတွေ (သူတို့က ဦးစီးဦးကိုင် ရာထူးတွေကို ယူထားကြတယ်) နဲ့ စုပြုံဝင်လာကြတဲ့ သူတို့ရဲ့ မိတ်ဆွေ အပေါင်းအသင်းတွေ ဖြစ်ကြတယ်။ အစကတော့ လူတွေ့ စစ်တဲ့ လုပ်ထုံးလုပ်နည်းတွေဟာ သဘောအားဖြင့် အများကြီး တော်လှန်ရေးဆန်ပါတယ်။ သမရိုးကျ မဟုတ်ဘူး။ လုပ်ရည်ကိုင်ရည်ကိုလည်း မစစ်ဘူး။ ဘာဝန်ထမ်းအင်္ဂါမှ မရှိတဲ့လူတွေ တော်တော်များများဟာ အမျိုးသား လုံခြုံရေးဌာနရဲ့ ရာထူးအသီးသီးမှာ အချိန်အတန်ကြာ ဝင်ပါလာကြတယ်။ ဒီတတိယ အုပ်စု တစ်ခုလုံးဟာ အစပိုင်းမှာ စည်းကမ်း မရှိတဲ့ လူပြိန်းတွေသာ ဖြစ်တယ်။


ထောက်လှမ်းရေး လုပ်ငန်းဆိုတာ ဘာလဲ။ ဘယ်လိုလုပ်ရလဲ ဆိုတဲ့ မေးခွန်းမျိုး ဘယ်တော့မှ မပေါ်ဘူး။ ကောင်းကောင်း မဆွေးနွေးကြဘူး။ စုပေါင်းကာကွယ်ရေး ဆိုတဲ့ ယောင်တိယောင်ဝါး သဘောထားကို တစ်ခါတစ်လေ ကိုးကားပြောတယ်။ ထောက်လှမ်းရေးဌာန အပါအဝင် လုံခြုံရေး ကဏ္ဍ တစ်ခုလုံးဟာ တဖြေးဖြေး ဆက်လက် တိုးတက် ပြောင်းလဲ လာလိမ့်မယ်။ အရင် ထောက်လှမ်းရေး၊ တန်ပြန် ထောက်လှမ်းရေး အဖွဲ့တွေကို လုံးဝဥဿုံ မဖျက်ပစ်လိုက်ရဘဲ ဝန်ထမ်းတွေကို တဖြေးဖြေး ပြောင်းလဲရလိမ့်မယ်လို့ ချက်ကို စလိုဗက် လူထုအများက နားလည် ထားကြတယ်။ ကျွန်တော်တို့ရဲ့ အိမ်နီးနားချင်း ကွန်မြူနစ် နိုင်ငံဟောင်း တွေကလည်း ဒီမဟာဗျူဟာကိုပဲ ရွေးချယ်ထားကြတယ်။ ဝန်ထမ်းဟောင်းတွေကို ဘယ်နှစ်ယောက်အထိ ဖယ်ရှားမယ်။ ဘယ်လောက်ကြာကြာ ထားဦးမယ်ဆိုတဲ့ ဝိဝါဒ ကွဲတာလောက်ပဲ ရှိတယ်။

ဒီမိုကရေစီနိုင်ငံမှာ ထောက်လှမ်းရေးဌာနဟာ ဥပဒေက ပေးတဲ့ လုပ်ပိုင်ခွင့်ပဲ ရှိရမယ်ဆိုတာကို လူတိုင်း နားလည်ကြတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်အတွင်း ကနေ့ခေတ် လွတ်လပ်မှုရှိတဲ့ ဒီမိုကရေစီ နိုင်ငံများမှာ အစိုးရနဲ့ ပြည်သူများရဲ့ ဆက်ဆံရေးမှာ ဖြစ်ပေါ်နေတဲ့ အပြောင်းအလဲတွေကို အုပ်စု သုံးခုမှာ ဘယ်အုပ်စုကမှ မသိကြ၊ နားမလည်ကြဘူး။ လျှို့ဝှက်ချက်ဆိုတာ အကန့်အသတ် ရှိရမယ် ဆိုတာ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများနဲ့ ဆက်ဆံရေးမှာ ပိုပြီး ပွင့်လင်းရမယ်ဆိုတာ ဒီမိုကရေစီ နိုင်ငံတွေမှာ ထောက်လှမ်းရေးဌာနက နှစ်ပတ်လည် အစီရင်ခံစာ ထုတ်ပြန်ကြတယ်။ စာနယ်ဇင်း တွေနဲ့ (အတိုင်းအတာ တစ်ခုထိ) ဆက်သွယ်ကြတယ် ဆိုတာနဲ့ ထောက်လှမ်းရေး ဌာနဟာ ပါလီမန်ရဲ့ ထိန်းချုပ်မှုကို နာခံရမယ် ဆိုတာတွေကို ဘယ်အဖွဲ့ကမှ အပြည့်အဝ သဘော မပေါက်ကြဘူး။ ဒါပေမဲ့ အဲဒီ အချိန်က (၁၉၉၀ ပြည့်လွန် နှစ်အစပိုင်းမှာ) အနောက်ဥရောပရှိ ထောက်လှမ်းရေး ဌာနတွေကလည်း ဒီတာဝန်ခံမှု မူသဘောတွေကို အကောင်အထည်ဖေါ် စဘဲ ရှိသေးတယ်ဆိုတာကို အလေးထား ပြောသင့်ပါတယ်။ ဒါကြောင့် ဒီမူတွေကို နောက်ပိုင်းကျမှ ကျွန်တော်တို့ အပြည့်အဝ စွဲကိုင်မိတာ အံ့သြစရာတော့ မဟုတ်ပါဘူး။

ဖိနှိပ်ချုပ်ချယ်နိုင်တဲ့ အာဏာရှိတဲ့ နိုင်ငံတော် လုံခြုံရေး တာဝန်ကို ပြည်ထဲရေး ဝန်ကြီး ဌာနနဲ့ ရဲတပ်ဖွဲ့တို့ကို မပေးရဘူးဆိုတဲ့ အယူအဆကို ထောက်ခံတဲ့သူက အများစု ဖြစ်ပါတယ်။ ဆိုလိုတာက ပြည်တွင်း လုံခြုံရေး ဌာနကို ဘယ်ရဲနဲ့ ရာဇဝတ်ဌာနမှ မပါဘဲ ဗြိတိသျှနဲ့ ဂျာမဏီတို့ရဲ့ ပုံစံနဲ့အညီ ဖွဲ့စည်းဖို့ ဖြစ်ပါတယ်။ (ပိုလန် ကတော့ တမျိုး ဖွဲ့စည်းပါတယ်။ သူတို့ရဲ့ တန်ပြန် ထောက်လှမ်းရေး ဌာနမှာ ရာဇဝတ်မှု စုံစမ်း စစ်ဆေးဖို့ အာဏာလည်း ရှိပါသေးတယ်) တန်ပြန် ထောက်လှမ်းရေး ဌာနကို ပြည်ထဲရေး ဝန်ကြီး ဌာနကနေ ဘယ်တော့ ခွဲထုတ်မလဲ။ ဘယ်လို ခွဲထုတ်ရမလဲ ဆိုတာက နိုင်ငံရေးအရ ငြင်းခုံစရာ ကိစ္စ ဖြစ်လာတယ်။ ပါလီမန်မှာကော စာနယ်ဇင်းတွေမှာပါ ငြင်းခုံကြတယ်။ အဲဒီအချိန်က ဒီဌာနက ဝန်ထမ်းတချို့က ပြည်ထဲရေး ဝန်ကြီး ဌာနရဲ့ ခေါင်းဆောင်တွေရဲ့ လုပ်ဆောင်မှုတွေကို သံသယရှိကြတယ်။ ပြည်ထဲရေး ဌာနကလည်း ဒီအတိုင်းပါပဲ။ ထောက်လှမ်းရေး ဌာနကို ပါလီမန်ရဲ့ လက်အောက်ခံ လုပ်ဖို့ကိုလည်း ဆွေးနွေးကြပါတယ်။

[B]အသစ်နဲ့ အဟောင်း[/B]

ထောက်လှမ်းရေး အဖွဲ့ဝင်အဟောင်းနဲ့ အသစ်တွေရဲ့ ဆက်ဆံရေးက ထူးထူးခြားခြား သဟဇာတ ဖြစ်နေပါတယ်။ အလွယ်ပြောရရင် လူသစ်တွေက ဦးစီးပဲ့ကိုင် နေရာက၊ အရင် ထောက်လှမ်းရေး တဖြစ်လဲတွေက မူတွေ ချပြီး လူဟောင်းကြီးတွေက တကယ် လုပ်ရမဲ့ နည်းလမ်းတွေကို ဆုံးဖြတ်ကြတယ်။ ဒါပေမဲ့ သဟဇာတ ဆိုတာက အပြန်အလှန် အကျိုးအတွက် မှီခိုနေရတာနဲ့ ပုံသဏ္ဍာန် တစ်ခုသာ ဖြစ်တယ်။ လူသစ်တွေက ရည်ရွယ်ချက်ကောင်းထားတဲ့ လက်သင်တွေ ဖြစ်တယ်။ လျှို့ဝှက် ပုလိပ်တွေ နှိပ်စက်တာ ကိုယ်တိုင်ခံရဖူးတွေဟာ စိတ်ချရသူတွေ ဖြစ်လာတယ်။ သူ့အရှေ့က လူတွေရဲ့ စက်ဆုပ်စရာ နည်းနာတွေကို ပြန်သုံးတာမျိုး အာဏာ အလွဲသုံးမှာကိုတော့ အပြည့်အဝ အာမမခံနိုင်ဘူးပေါ့။ အချင်းချင်း ငြင်းခုံကြတာတွေနဲ့ ဌာနကို ကာကွယ်ရတာအပြင် လုပ်စရာ အလုပ်တချို့ ရှိနေပါတယ်။ လူသစ်တွေကလည်း အလုပ် ဝတ္ထရားတွေကို ကျေကျေပွန်ပွန် မထမ်းဆောင်နိုင်ကြဘူး။ (တချို့ နိုင်ငံခြားမှာ အချိန်တိကျသွား သင်လာတာက ဆေးကြိမ်လုံးနဲ့ တို့လိုက်သလို တကယ့် ပညာရှင် မဖြစ်စေနိုင်ဘူး။) လူဟောင်းကြီးတွေဟာ သူတို့ လုပ်အား အတွက် အပြန်အလှန် အနေနဲ့ အကာအကွယ် ရကြတယ်။ လုပ်ဖေါ်ကိုင်ဖက်တွေဟာ တစ်ယောက်နဲ့ တစ်ယောက် မကြာခဏ အပြန်အလှန် မှီခိုကြရပြီး တစ်ခါတစ်လေ မိတ်ဆွေတွေတောင် ဖြစ်လာတတ်ပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။