Friday, June 7, 2013

မြန်မာ့စစ်တပ် အရာရှိများနှင့် အင်ဒိုစစ်တပ် အရာရှိကြီးတို့ မြန်မာ့အရေး ဆွေးနွေးခန်း - အပိုင်း (၇)

(စည်းလုံးခြင်းရဲ့အင်အား)

ဦးပိုင်မှ ကြီးကြပ်ကွပ်ကဲနေတဲ့ မြဝတီဘဏ် လီမီတက်

ဒီနေ့မှာတော့ ဒီမိုကရေစီနှင့် လူအခွင့်အရေး အခြေခံပေါ် မူတည်ပြီး Sanction လုပ်တဲ့အခါ ဘယ်လောက် အတိုင်းအတာထိ လုပ်သင့်ပြီး အကျိုး ရှိ မရှိ စဉ်းစားရမဲ့ အပိုင်းတွေ၊ စစ်တပ် အရာရှိတွေအပြင် အရပ်ဘက် အရာရှိတွေ အနေနဲ့လည်း ဘယ်လို လေ့လာသင့်တယ် ဆိုတာတွေကို အင်ဒိုဗိုလ်ချုပ်ကြီးရဲ့ ဆွေးနွေး သုံးသပ်ချက်များအား ဆက်လက် တင်ပြသွားပါမယ်။

အင်ဒိုဗိုလ်ချုပ်ကြီးရဲ့ သုံးသပ်ချက်မှာ western နိုင်ငံတွေလည်း စဉ်းစားရမှာက ဒီမိုကရေစီ လူ့အခွင့်အရေး အခြေခံပေါ်မှာ မူတည်ပြီးတော့ Sanction တွေလုပ်တဲ့အခါ ဘယ်လောက် အတိုင်းအတာ လုပ်မလဲ၊ လုပ်လို့ အကျိုးသက်ရောက်မှု ကောင်းတာရှိသလို မကောင်းတာလဲရှိတယ်၊ western နိုင်ငံ နိုင်ငံခြားရေး ကော်မတီတွေဘက်က စဉ်းစားရမှာ ဖြစ်ပါတယ်။ ဒါတွေဟာလည်းဘဲ စွက်ဖက်တဲ့သဘောတော့ ရှိတာပေါ့။ တစိတ်တပိုင်းလည်း စွက်ဖက်ပတ်သက်လို့ ရတာပေါ့။ ပေါ်လစီပိုင်းဆိုင်ရာမှာ ညှိနှိုင်း သုံးသပ်ဖို့တော့ လိုပါတယ်လို့ ပြောကြားသွားပါတယ်။

အတွေးအခေါ်တွေ ပြုပြင်ပြောင်းလဲလာတဲ့ အရပ်ဒေသတွေမှာ ကိုယ်တိုင်ပူးပေါင်း ပါဝင် ဆောင်ရွက်မှုဆိုတာ အရေးကြီးတယ်။ မြန်မာပြည်က national defense college လိုမျိုး ထိပ်ပိုင်း တက္ကသိုလ် ကျောင်းကြီးတွေမှာ စစ်တပ်ရဲ့ ပညာရေးပိုင်းဆိုင်ရာ အတွေးအခေါ် အသစ်တွေ ထည့်ပေးဖို့ လိုတယ်လို့ ဆိုပါတယ်။


စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ် အဖွဲ့ဝင်များက ပြန်လည်ဆွေးနွေးရာမှာ အဲဒီအပိုင်းနဲ့ ပတ်သက်ပြီး မြန်မာ့ တပ်မတော်မှာ တစိတ်တပိုင်း လုပ်နေတယ်လို့တော့ ခန့်မှန်းရပါတယ်။ စစ်ဦးစီး တက္ကသိုလ်ကနေပြီးတော့  ဦးကျော်ဝင်းတို့ကို ဖိတ်ပြီး lecture တွေ ပေးခိုင်းတာမျိုး၊ မောင်စူးစမ်းတို့ကို  ဖိတ်ပြီးတော့ lecture တွေ ပေးခိုင်းတာမျိုးလည်း ရှိပါတယ်။ အထူးသဖြင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှု ကိစ္စတွေ နိုင်ငံခြားဆက်ဆံရေး ကိစ္စတွေ မြန်မာစစ်တပ်နဲ့ မြန်မာအစိုးရဟာ နိုင်ငံခြားဆက်ဆံရေးမှာ ဒေသတွင်းမှာရော အနောက်နိုင်ငံနဲ့ ဆက်ဆံရေးမှာရော ဘယ်လိုပုံစံမျိုးနဲ့ သွားမလဲ ဆိုတာတွေပေါ့။ လက်ရှိကမ္ဘာကြီးရဲ့ အခြေအနေနဲ့ သွားနေတာလည်း ရှိပါတယ်။ ဒါတွေကို သူတို့ရဲ့ လေ့လာမှုက ရှိတယ်လို့ သိရကြောင်း ပြန်လည် ဆွေးနွေးခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီးက ဆွေးနွေးရာမှာ ဒါလဲဘဲ ဘယ်လောက် အတိုင်းအတာ ဖြစ်နိုင်မလဲဆိုရင် အကန့်အသတ်တော့ ရှိမယ်။ ဒါပေမယ့်လို့ စဉ်းစားရမယ့်အပိုင်းက လက်လှမ်းမှီတဲ့ အရာရှိ level တွေမှာလည်း သူတို့ရဲ့ တွေးခေါ်စဉ်းစားမှုနဲ့ ဘယ်လောက် ပြောင်းလဲလာအောင် လုပ်မလဲ။ လုပ်နိုင်ဖို့ကော ဘယ်လိုမျိုး အသိပညာတွေ ပေးမလဲ။ ဒါတပိုင်တနိုင် လုပ်နိုင်မဲ့ အပိုင်းပေါ့။ အမြင့်ကြီးစဉ်းစားတဲ့အခါ တချို့ဟာ တချိန်တည်း မလုပ်နိုင်ဘူး။ ဆိုလိုချင်တာက အပေါ်ကလုပ်လို့ အောက်က လိုက်လုပ်နေရတာထက် စစ်တပ် အရာရှိကြီးငယ်တွေကို နားမျက်စေ့ မပိတ်ဖို့ အတွေးအခေါ် မှန်ကန်ဖို့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ထဲထဲဝင်ဝင်သိရှိ နားလည်လက်ခံဖို့ ဒါအရေးကြီးတယ်လို့  ပြန်လည် ဆွေးနွေးခဲ့ပါတယ်။

သို့သော် တချို့ဟာကျတော့ စည်းလုံးခြင်းရဲ့အင်အား website မှာ ရေးထားတာ ရှိတယ်။ website ပေါ်မှာတင်တဲ့ဟာကို ဘယ်လိုမျိုး သူတို့ဆီမှာ ရောက်အောင်ပို့မလဲဆိုတဲ့ နည်းပညာပိုင်းကို စဉ်းစားရမှာ ဖြစ်ပါတယ်။ နည်းပညာဆိုင်ရာကိစ္စမှာ တွေးခေါ်မှု၊ အရည်အချင်းတွေ ဘယ်လို တိုးချဲ့ မှာလဲ။ အရပ်နဲ့တပ်နဲ့ ဆက်ဆံရေး၊ တပ်ပြုပြင်ပြောင်းလဲရေး ဒါတွေ အများကြီး လိုသေးတယ်။ တပ်ပြုပြင် ပြောင်းလဲရေးမှာလဲပဲ  အဆင့်ဆင့်တွေရှိတယ်။ ချက်ချင်းဗြုန်းတိုင်းကြီး ဖြစ်လာတာတော့ မဟုတ်ဘူး။ ကြီးပြင်းလာရတဲ့ ပုံစံတွေကိုက အသားသေနေတာမျိုး ရှိနေတော့ ပြုပြင်ပြောင်းလဲရေးကို မလိုအပ်ဘူးလို့ ထင်နေတာမျိုးလည်းရှိမယ်။ ဥပမာ တပ်က နိုင်ငံရေးကနေ လုံးဝ မပတ်သက်ဖို့ withdraw လုပ်မယ်၊ ဘယ်လိုမျိုး withdraw လုပ်ကြမလဲ။ တဖြေးဖြေး လုပ်ရမယ်ဆိုပေမဲ့ တကယ်ကို လုပ်ချင်ရဲ့လား။ လုပ်မှာလား။ ဒါကိုလည်း မျက်ခြေမပြတ်ဖို့ အားလုံးမှာ တာဝန်ရှိတယ်လို့ အင်ဒိုဗိုလ်ချုပ်ကြီးနဲ့ အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။

နောက်တစ်ခု စစ်တပ်စီးပွားရေးနဲ့ ပတ်သက်ပြီး စီးပွားရေးမှာ စစ်တပ်မပတ်သက်ဖို့ အဲဒါတွေကို ဘယ်လိုလုပ်ကြမလဲ။ သူများနိုင်ငံတွေမှာ ဘယ်လိုလုပ်ကြသလဲ။ ကိုယ့်နိုင်ငံမှာရော ဘယ်လိုလုပ်မလဲ။ ဘာကြောင့် လုပ်သင့်တာလဲ။ ဘာကြောင့် စစ်တပ်က အရပ်ဘက်မှာ မပါသင့်တာလဲ။ ဘာကြောင့် စစ်တပ်က စီးပွားရေးကို မလုပ်သင့်တာလဲ ဆိုတဲ့ကိစ္စမှာ အင်မတန် ကျယ်ပြန့်တယ်။ ဒါတွေကို  အများကြီး လေ့လာဖို့လိုတယ်။ တပ်မတော်အတွင်းမှာရှိတဲ့ အရာရှိထက် အပြင်မှာရှိတဲ့ အရာရှိတွေကလည်း လွတ်လပ်တဲ့ နယ်မြေမှာနေတော့ တစုံတရာလေ့လာမှု အခွင့်အလမ်းရှိရင် လေ့လာလို့ရတယ်။ လေ့လာမှုဆိုတဲ့ ကိစ္စတွေကိုကော ဘယ်လိုလုပ်ကြမလဲ။ ရှေ့ဆက်ပြီး စစ်တပ်အရာရှိတွေရဲ့ အရည်အချင်းတွေကို မြင့်တင်ပေးပြီး  သူတို့ရဲ့ Institute တွေက ဘယ်လောက် အတိုင်းအတာထိ လုပ်မှာလဲ။ အသိုင်းအ၀ိုင်းဘဲဖြစ်စေ သို့မဟုတ် အင်တာနက်ပေါ်မှာ အခြေခံပြီးတော့ ကွန်ယက်ကို ချဲ့ထွင်ပေးသင့်တယ်။ တချို့စစ်တပ်အရာရှိတွေက ဒါတွေကို သူတို့လုပ်ရမှန်းတော့ သိတာပေါ့။ လုပ်ရမှန်း သိပေမဲ့လို့ လုပ်ငန်းစဉ် တစ်ရပ်လို ခံယူချက်နဲ့ လုပ်ဖို့ အခွင့်အရေး မရတာလည်း ရှိပါတယ်။ စစ်တပ်အရာရှိတွေကို အင်တာနက်သုံးဖို့ ကန့်သတ်တာကရော ဖြစ်သင့်သလား။ ယခုတလော အရာရှိငယ်တွေ Facebook မသုံးရဘူး ဆိုပြီး ချုပ်ချယ်နေပြန်ပြီ။ နိုင်ငံနဲ့ တပ်မတော် ခေါင်းဆောင်ပိုင်းတွေက စဉ်းစားပြီး ဒီမိုကရေစီလမ်းကို သွားနေပါပြီဆိုတဲ့ နေရာမှာ ပြုပြင်ပြောင်းလဲရေးကို အမှန်တကယ် လုပ်သင့်တယ်လို့ တိုက်တွန်းလိုက်ရပါတယ်။

ပြီးတော့ အင်ဒိုဗိုလ်ချုပ်ကြီးက ဆက်လက်ဆွေးနွေးရာမှာ ဒီကိစ္စတွေကို စစ်တပ်အရာရှိကဘဲ လေ့လာရမှာ မဟုတ်ဘူး။ အရပ်ဘက်က အရာရှိတွေလည်း လေ့လာဖို့လိုတယ်။ စစ်တပ်ဆန့်ကျင်ရေး သက်သက်ဘဲလား၊ စစ်တပ်ရဲ့ အထာလဲမသိ၊ စစ်တပ်ရဲ့ သဘော သဘာဝလဲမသိ စစ်တပ်ရဲ့အတွင်းမှာရှိတဲ့ အုပ်ချုပ်မှုစနစ်တွေနဲ့ အမိန့်စီးဆင်းမှုတွေကိုလည်း နားမလည်ဘူးဆိုရင် တကယ်တမ်း အရပ်ဘက်အရာရှိတွေက အာဏာရလာမယ်ဆိုရင် စစ်တပ်ကို ဘယ်လို ကိုင်တွယ်ရမလဲ။ မလေ့လာထားဘူးဆိုရင် လုံခြုံရေးနဲ့ စစ်ရေးကိစ္စတွေ ဘယ်လို ကိုင်တွယ်မလဲ။ မလေ့လာထားရင် သူတို့ကိုယ်တိုင် ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိဘူး။ ယုံကြည်မှု မရှိတဲ့အခါ ဦးဆောင်မှု မပေးနိုင်ဘူး။ အင်ဒိုနီးရှားမှာလဲ ဒီလိုမျိုးတွေကို ဖြစ်နေတယ်။ အင်ဒိုနီးရှားရဲ့ ကာကွယ်ရေးဝန်ကြီးက အရပ်ဘက်ကဖြစ်တယ်။ ကာကွယ်ရေးဝန်ကြီးက စစ်တပ်ကို တကယ်တမ်း ဦးဆောင်မှု မပေးနိုင်ဘူး။ မအုပ်ချုပ်နိုင်ဘူး။ မအုပ်ချုပ်နိုင်ဘူး ဆိုတာက (၁) သူကိုယ်တိုင်က အရပ်ဘက် ခေါင်းဆောင်ဖြစ်တယ်။ စစ်တပ်နဲ့ပတ်သက်ပြီး အတွေ့အကြုံမရှိဘူး။ (၂) သူ့ဘေးမှာ အကြံပေးအဖွဲ့တွေ ကိုယ်တိုင်က ကနေ့အထိ စစ်တပ်က လူတွေကိုဘဲ ပြန်ခန့်ထားတာ။ အရပ်ဘက်ကနေပြီးတော့ ပုခုံးပြောင်းပြီးတော့ လုပ်နိုင်တဲ့လူ မရှိဘူး။ ဒါတွေက အရပ်ဘက်နိုင်ငံရေး သမားတွေဘက်က ပြင်ဆင်ရမဲ့ဟာတွေ ဖြစ်တယ်လို့ ရှင်းပြသွားပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။