Tuesday, June 4, 2013

နောက်ဆုံးပေါ် အာဏာရှင် စည်းစိမ်ဖွက်နည်း

(စည်းလုံးခြင်းရဲ့အင်အား)

ဆောင်းပါးရှင် - ဗိုလ်သိုးထိန်း

ဒီတခါတော့ ဘောဂဗေဒဘက် ခြေဦး လှည့်လိုက်ဦးမယ်ဗျာ။ နိုင်ငံတစ်နိုင်ငံ တိုးတက်မှုရဲ့ အခြေခံအချက်က စီးပွားရေးဆိုတာကြီး ဖြစ်နေလေတော့ ဒီဘောဂဗေဒ ဆိုတာကြီးကလည်း မပါရင် မပြီးပြန်ဘူးဗျို့။ ဘောဂဗေဒအကြောင်း ပြောမယ်ဆိုလို့ မင်းက ဘယ်လောက် နားလည်လို့လဲလို့ မေးလာရင် သိပ်တော့ နားမလည်ဘူးဗျ။ ဒါပေမဲ့ ဝိသမ လောဘဇော အမြတ်ကြီးစား စီးပွားရေး သောင်းကျန်းသူများကို ဦးတည်ချင်လို့ ဆက်စပ်ပြောရတာပါ။


ဒါပေမဲ့ ဘောဂဗေဒ သဘောတရားထဲက တစ်ခုဖြစ်တဲ့ “ဝယ်လိုအားများရင် ရောင်းလိုအားနည်း” ဆိုတဲ့ သဘောတရားတစ်ခုကို နားလည်တာနဲ့တင် မြန်မာပြည်ရဲ့ စီးပွားရေးကို အတော်လေး ခြုံငုံမိတယ်ဆိုပြီး ဘဝင်မြင့်မိတာတော့ ဝန်ခံရမယ်။ စဉ်းစားကြည့်လေ….. မြန်မာပြည်မှာ ဘယ်တုန်းကများ ရောင်းလိုအား များခဲ့ဖူးလို့လဲ။ မြန်မာပြည်သားများခမျာ ဘယ်ပစ္စည်းမှ ဖောဖောသီသီ သုံးခဲ့ရတာ မရှိပါဘူး။ အခွင့်ထူးခံ လူ့မလိုင် အမြတ်ကြီးစား လက်တစ်ဆုပ်စာ ကုန်သည်တစ်စုက ဆိုင်ရာကုန်ပစ္စည်း အမျိုးအစားအလိုက်  မြန်မာပြည်ရဲ့ တစ်ဦးတည်း ကိုယ်စားလှယ်ကြီးဘဲ လုပ်နေကြတာမို့  အဲ့ဒီ ကိုယ်စားလှယ်ကြီး တင်သမျှ ဈေးနဲ့ဘဲ ဝယ်ယူ စားသုံး/သုံးစွဲ နေကြရတာပါ။


မက်စ်မြန်မာ ဦးဇော်ဇော်ပုံ

မဝယ်လို့လည်း မရ၊ အခြေခံ စားသောက်ကုန်ပစ္စည်းတွေ ဖြစ်နေတယ်လေ။ ဒီလိုနဲ့ ဝယ်လိုအားတွေ များလာရော၊ ဝယ်လိုအားများတော့ ရောင်းလိုအားနဲ၊ ရောင်းလိုအားနဲတဲ့ ဘောဂဗေဒ အကျိုးတရားက ရှင်းပါတယ်။ ဈေးတွေ တက်ကုန်ရောပေါ့ဗျာ။ သူတို့က ပိတ်ချင်တဲ့ ပစ္စည်းကိုပိတ် ဖွင့်ချင်တဲ့ သူကိုတော့ဖွင့် ဒီလိုလုပ်တာကိုးဗျ။ မြန်မာပြည်က ကုန်ဈေးနှုန်းများ ကျတယ်ဆိုတဲ့ ဝေါဟာရကို မတီထွင်ခဲ့မိသယောင် တက်ကြီးကို တက်နေတော့တာပါဘဲ။ နိုင်ငံတော် ခေါင်းဆာင်ကြီးတွေက “ကုန်ဈေးနှုန်း ကျဆင်းရေး ကော်မတီ” ဆိုပြီး ဖွဲ့စည်းကာ သူတို့ အစည်းအဝေး တစ်ခါထိုင်လိုက်တိုင်း တစ်ခါ ဈေးတက်နေလေတော့ “ကုန်ဈေးနူန်း မှန်ကန်မြန်ဆန်ရေး ကော်မတီ” ဆိုပြီး ပြောင်းခေါ်လိုက်ရတာ သတိထားမိ လိုက်တယ်။

၈၈ အရေးအခင်းတုန်းက လူတွေရဲ့ မကျေနပ်မှု တချို့လေးက တကယ်ကို သံဝေဂ ရစရာပါ။ ဘာတဲ့ “ဆန်တစ်ပြည် ၁၅ ပြား စိန်လွင် သေမှစား၊ ဆန်တစ်ပြည် ၁၅ ကျပ် စိန်လွင် ခေါင်းကိုဖြတ်” တဲ့။ ဆန်တစ်ပြည် ၁၅ ကျပ်မို့လို့ လူတွေ ပေါက်ကွဲခဲ့ကြပုံများ၊ အခုတော့ ဆန်တစ်ပြည် ၃၀၀၀ ကျော်ပြီမို့ သန်းရွှေခေါင်းကို ဖြတ်ရပေတော့မယ်။ နှစ်ပေါင်း ၂၀ ကျော်အတွင်း ကုန်ဈေးနှုန်းများ အဆ ၂၀၀ ကျော် တက်သွားခဲ့ပြီ ဖြစ်ပါတယ်။ အဲဒါကတော့ နှစ် ၂၀ အတွင်း မြန်မာပြည်ကြီးရဲ့ တိုးတက်မှု ပြယုဂ်လို့ ပြောရလေမလား။

ဒါကြောင့် ကျွန်တော်သိတဲ့ “ဝယ်လိုအားများရင် ရောင်းလိုအားနည်း” ဆိုတဲ့ သဘောတရားနဲ့တင် မြန်မာပြည်ရဲ့ စီးပွားရေးကို ခြုံငုံမိပြီ ဖြစ်တယ်လို့ ကိုယ့်ကိုကိုယ် ဘဝင်မြင့် နေရခြင်း ဖြစ်ပါတယ်။ ဝယ်လိုအားနဲ့ ရောင်းလိုအား တန်းညှိတာတွေ ဘာတွေက စာထဲမှာသာ ရှိတော့တာ၊ လက်တွေ့ မြန်မာပြည်ရဲ့ စီးပွားရေး နယ်ပယ်မှာ အသုံးမဝင်တော့ပါ။

နိဒါန်းပျိုးနေရတာနဲ့တင် ဆိုလိုရင်း ပျောက်သွားမှာ စိုးရသေးတယ်။ ကျွန်တော် ပြောလိုတာက အခုတလော မြန်မာပြည် စီးပွားရေးလောကမှာ သိပ်ခေတ်စားနေတဲ့ အစိုးရ စီးပွားရေးလုပ်ငန်းများအား ပုဂ္ဂလိကပိုင် လုပ်ငန်းအဖြစ် လွှဲပြောင်းလုပ်ကိုင်ခွင့် ပေးနေတယ် ဆိုတာပါ။ ပုဂ္ဂလိကပိုင် လုပ်ငန်းလို့ ကြားရတာနဲ့တင် နားအရသာ ရှိလှပေတယ်။ ကိုယ်မပိုင်ရင်နေ၊ ပုဂ္ဂလိကပိုင်ဆိုတဲ့ စကားလုံးကတင် ကိုယ့်ကို ကိုယ်စားပြုသလို ခံစားရတယ်လေ။

စစ်အစိုးရနှင့်ပေါင်းပြီး ကြီးပွားလာခဲ့သူ ဦးတေဇပုံ

တကယ်လည်း ပုဂ္ဂလိကပိုင် လုပ်ငန်းများ တွင်ကျယ်လာမှုက နိုင်ငံတစ်ခု တိုးတက်မှုရဲ့ အဓိက ရေသောက်မြစ်ဘဲ ဖြစ်ပါတယ်။ ဒါကြောင့် ကြိုဆိုပါတယ်၊ အားပေးပါတယ်၊ သို့ရာတွင်ပေါ့လေ။ ပုဂ္ဂလိကဘဏ်များ ဖွင့်လှစ်ခွင့် ပေးတော့မယ်လို့ ကြေငြာလို့မှ မဆုံးသေး၊ လျာထားချက် ပြည့်သွားပြီ။ အစိုးရ စက်သုံးဆီဆိုင်များ ပုဂ္ဂလိကသို့ လွှဲပြောင်းပေးတော့မည်၊ ကြေငြာလို့မှ မပြီးသေး၊ ထပ်ကာ ပြောင်းသွားတော့သည်။

အဲ့ဒီ ပုဂ္ဂလိကပိုင် လုပ်ငန်းများကို လက်မြန်ခြေမြန်နဲ့ ဘယ်သူတွေကများ လက်ဦးမှု ယူသွားကြပါလိမ့်၊ ရှည်ရှည်ဝေးဝေး စဉ်းစား မနေပါနဲ့၊ ယခု မြန်မာပြည်မှာ ကျင်းပနေတဲ့ Myanmar National League ဘောလုံးပြိုင်ပွဲက အသင်းပိုင်ရှင်များလို့သာ မှတ်လိုက်ပါတော့။ (MNL ဘောလုံးပြိုင်ပွဲကြီး နေ့ချင်း ညချင်း ကြီးထွားလာရခြင်းမှာ မြန်မာပြည်ရဲ့ အားကစားလောကကို မြေတောင်မြှောက် ပေးတာထက် နိုင်ငံရေး အခင်းအကျင်းရဲ့ တစ်စိတ်တစ်ဒေသ အဖြစ် မဟာဗျူဟာမြောက် ဖေါ်ဆောင်လိုက်တဲ့ ပြိုင်ပွဲကြီးသာ ဖြစ်ပါကြောင်း အလျဉ်းသင့်လျှင် ရေးသား တင်ပြပါဦးမည်။ ဤကား စကားချပ်)

နအဖက ဟိတ်တစ်လုံး ဟန်တစ်လုံးနဲ့ ချချပေးနေတဲ့ ပုဂ္ဂလိကလုပ်ငန်းတွေဟာ အဲဒီ ၁၀ ဦးမျှလောက်သော သူဌေးကြီးများကသာ ပြိုင်ဘက်မရှိ အညီအမျှ ခွဲဝေယူနေကြတာ ဖြစ်ပေတော့တယ်။ ကျွန်တော်ပြောတာကို မယုံရင် ကိုယ်တိုင် လေ့လာကြည့်ပါ။ ယခု မြန်မာပြည်က အလွန်ကြီးမားတဲ့ စီးပွားရေးလုပ်ငန်း တစ်ခုရဲ့ ပိုင်ရှင်၊ မြန်မာပြည်ရဲ့ အကြီးဆုံး စားသောက်ကုန် လုပ်ငန်းပိုင်ရှင်၊ မြန်မာပြည်ရဲ့ သွင်းကုန်ထုတ်ကုန် လုပ်ငန်းပိုင်ရှင်၊ ဘယ်သူတွေများပါလိမ့်လို့ ရှည်ရှည်ဝေးဝေး သိပ်ပြီး အတွေးခေါင် မနေပါနဲ့၊ Myanmar National League မှာ အားလုံး တစ်စုတစ်စည်းထဲ တွေ့နိုင်ပါလိမ့်မယ်။

မြန်မာပြည်ရဲ့ ဒိတ်ဒိတ်ကြဲ စီးပွားရေးလုပ်ငန်းတိုင်းရဲ့ ပိုင်ရှင်များဟာ ဒီ Myanmar National League ကြီးမှာရှိတဲ့ ကလပ်အသင်း ပိုင်ရှင်များ ဖြစ်ကြပါတယ်။ လူဦးရေ သန်း ၆၀ လောက်ရှိတဲ့ မြန်မာပြည်ကြီးမှာ ဒီ ၁၀ ဦးလောက်ကဘဲ ပုဂ္ဂလိက ဖြစ်နေတာကတော့ မနိပ်လှဘူးဗျို့။

စီးပွားရေးသမားမို့ လာဘ်မြင်တာမျိုး မဟုတ်ဘဲ နောက်ဖေးလမ်း လာဘ်မြင်သလိုမျိုးကြီးဗျ။ သူတို့ဟာက ရန်ကုန်ဘူတာကြီးမှာ လက်မှတ် ရောင်းသလိုမျိုး ဖြစ်နေတယ်။ လက်မှတ်ရောင်းချိန်က နံနက် ၇:၀၀ နာရီတဲ့၊ ဒါပေမဲ့ ၇:၀၀ နာရီက မထိုးသေးဘူး “ကုန်ပြီ” ဆိုတဲ့ စာတမ်းက အစီအရီ ပေါ်နေတော့တယ်။ ဘယ်အချိန် ဘယ်လို ကုန်အောင် ရောင်းလိုက်သည်မသိ။ အဘယ်မျှ မျက်စိရှင်အောင် ထားထား၊ အဘယ်မျှ အိပ်ရေးပျက်ခံပြီး လာစောင့်စောင့် လက်မှတ်ရောင်းတာကို အမြဲတမ်းလိုလို မတွေ့ရ။ “ကုန်ပြီ” ဆိုတဲ့ စာတမ်းက နေရာယူထားပြီးသားကို တွေ့မြင်ကြရတာ များပါတယ်။

ဘာလို့ ပုဂ္ဂလိက ချပေးလိုက် သူတို့က လက်ဝါးကြီးအုပ်လိုက် ဖြစ်နေရတာလဲ။ ဒါက ရှင်းပါတယ်။ “ခေတ်သစ် အာဏာရှင် စည်းစိမ်ဖွက်နည်း” ဖြစ်ပါတယ်။ ယခင်ခေတ်ကာလက အာဏာရှင်များဟာ သူတို့ မတရားယူထားတဲ့ စည်းစိမ်ငွေမဲတွေကို ဆွစ်ဇာလန်နိုင်ငံ ဘဏ်သို့ အပ်မယ်။ နိုင်ငံတကာမှာ အိမ်တွေ၊ ခြံတွေ ဝယ်မယ်။ အဲ့ဒီလိုနည်းနဲ့ စည်းစိမ်ဖွက်ကြတယ်။

အခု စစ်အာဏာရှင်တွေကတော့ ဒီလိုနည်းနဲ့ စည်းစိမ်မဖွက်ကြတော့။ ထိုနည်းများက ဦးနေဝင်း လုပ်ခဲ့တဲ့နည်းတွေ။ စိတ်မချရတော့။ ပြန်လည် သိမ်းဆည်းခံရနိုင်တယ်။ ယခုကြည့်ပါ၊ အီဂျစ်သမ္မတဟောင်း မူဘာရက်၏ ပိုင်ဆိုင်မှုများကို ဆွစ်ဇာလန်နိုင်ငံက ထိမ်းချုပ်လိုက်ပြီ ဖြစ်ပါတယ်။ အခုနောက်ဆုံးပေါ် စည်းစိမ်ဖွက်နည်းကတော့ ငွေကို အရှင်ထားခြင်း ဖြစ်တယ်။ ဥပမာ - ဦးတေဇရဲ့ Air Bagan လေကြောင်းပို့ဆောင်ရေးတဲ့၊ ဒါပေမဲ့ Air Bagan ရဲ့ လေယာဉ် တဝက်ကျော်ကျော်လောက်ကို ဦးသန်းရွှေသမီးက ပိုင်ဆိုင်တယ်။ ဦးတေဇက တရားဝင် လုပ်ငန်းရှင်သာ ဖြစ်တယ်။ အခွန်ဆောင်တယ်။ ဝင်ငွေအားလုံး ငွေဖြူဖြစ်တယ်။ အကြောင်းတစုံတရာကြောင့် ဦးသန်းရွှေကို အဂတိလိုက်စားမှုနဲ့ တရားစွဲ၊ လူကိုသာ ထောင်ထဲ ပို့လို့ရမယ်။ ဦးတေဇ၏ Air Bagan ကိုတော့ ထိမ်းလို့ မရ။ အားလုံးက တရားဝင် လည်ပတ်နေတဲ့လုပ်ငန်း ဖြစ်နေတာကိုး။ မပိုင်ဘူးလား။

အလားတူ မြန်မာပြည်ရဲ့ ဝဏ္ဏစည်သူ အနာထပိန် ဘာဘွဲ့ရ ညာဘွဲ့ရ သူဌေးတိုင်းရဲ့ လုပ်ငန်းတိုင်းမှာ မြန်မာပြည်ရဲ့ စစ်ဗိုလ်ချုပ်သမီးတွေ ရှယ်ယာ ပါပြီးသား။ ဤသို့ ဤပုံ မြန်မာစစ်ဗိုလ်ချုပ်များက ကွက်ကျော်မြင် ဂွင်ကျော် ရိုက်ထားတတ်ကြတယ်။ ပုဂ္ဂလိက ခေါင်းစဉ်တပ်လိုက်၊ သူတို့က ယူလိုက်နဲ့ မြန်မာပြည်ကို အိမ်တိုင်ပါ ချွတ်ရောင်းတဲ့ပုံ ပေါက်နေကြတယ်။ ပိုပြီး စိုးရိမ်စရာ ကောင်းတာက အခြေအနေ အပြောင်းအလဲကြောင့် စစ်အစိုးရ ပြုတ်ကျလျှင်တောင်မှ ပြည်သူတွေနဲ့ဆိုင်တဲ့ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ မရှိတော့တဲ့ အခြေအနေပင်။ ပြောရလျှင် ပုဂ္ဂလိက အမည်ခံကာ အစိုးရပိုင်အဖြစ်မှ ကိုယ်ပိုင်အဖြစ်သို့ ပြောင်းလဲနေခြင်းပင်။

အလွန်တရာ ကလိန်စေ့ ငြမ်းဆင်နိုင်သော လှည့်ကွက်ပင် ဖြစ်ပါတယ်။။ သူတို့ ပြုတ်ကျခဲ့ရင်တောင်မှ မြန်မာပြည်အား အခွံဘဲ ချန်ခဲ့မယ်ဆိုတဲ့ ဘယ်သူသေသေ ငတေမာပြီးရော ဆိုသည့် စိတ်ဓါတ်မျိုးဘဲ ဖြစ်ပါတယ်။


ထိုသို့ (၁၀) ဦးသော ပုဂ္ဂိုလ်ကြီးများမှာ တေဇ၊ ဇော်ဇော်၊ ထွန်းမြင့်နိုင်၊ အောင်ကိုဝင်း၊ စိုင်းစံထွန်း၊ ချစ်ခိုင်၊ ဌေးမြင့်၊ ဝင်းမြင့်၊ ခင်ရွှေ၊ မောင်ဝိတ်လို့ ခန့်မှန်းရပြီး သူတို့ရဲ့  ပုဂ္ဂလိက လုပ်ငန်းကြီးများ မြန်မာပြည်မှာ ကြီးထွားလာတာနဲ့အမျှ အကျိုးဆက်က မတွေးရဲလောက်အောင် ဖြစ်ပါတယ်။ ပုဂ္ဂလိက လုပ်ငန်း ဖြစ်သည့်အတွက် ဈေးကစားတာတွေ ကြုံရမယ်။ မကျေနပ်လို့ ပုဂ္ဂလိကလုပ်ငန်းက ဈေး (၁၀) ဆ တက်စေဦးတော့ ဘာမျှ ပြောမရ။ အစိုးရပိုင်လုပ်ငန်းက ဈေးတက်သွားပြီဆိုရင် ဆူပူမှုတွေ ဖြစ်သွားနိုင်တယ်။ ထိန်းထိန်းညှိညှိ လုပ်ရတဲ့ သဘာဝရှိတယ်။ အဲဒီလို ခြားနားချက်များကြားမှာ (၁၀) ဦးပိုင် ပုဂ္ဂလိကလုပ်ငန်းကြီးတွေ တွင်ကျယ်သွားရင်ဖြင့် မြန်မာပြည်သူတွေ အငတ်ဘေး ဆိုက်သွားနိုင်ချေရှိတယ်။

ဗိုလ်ချုပ်ကြီးဟောင်း သီဟသူရ တင်အောင်မြင့်ဦး (အလယ်) နဲ့ ဦးဇော်ဇော် (ညာ) တို့ပုံ

သူတို့ သူဌေး (၁၀) ဦးလောက်က ကြွယ်ဝပြီးရင်း ကြွယ်ဝ၊ ချမ်းသာပြီးရင်း ချမ်းသာပါဘဲ။ တေဇရဲ့ချမ်းသာမှုကို တရုတ်တန်းက တရုတ်သူဌေးကြီး ရွှေဆိုင်ပိုင်ဆိုင်သူက ခန့်မှန်းလို့မရအောင် ချမ်းသာကြောင်းနဲ့ တော်ရုံတန်ရုံ ချမ်းသာသူများမှာလဲ သူ့အား မယှဉ်ရဲဘဲ စီးပွားရေး လုပ်ချင်ရင် ကိုတေဇ သို့မဟုတ် ဦးပိုင်လက်ထဲသို့သာ “ဝ” ကွက် အပ်ရမလို ဖြစ်နေကြောင်း ပြောပါတယ်။ တေဇက ပေးမှ ကမ်းမှ စားရတဲ့ ဘဝမျိုး ဖြစ်နေပါတယ်တဲ့။

ကျွန်တော်တို့ ၇ တန်း ၈ တန်း လောက်တုန်းက မော်တော်ကားများကို ပြည်ပမှ မှာယူ တင်သွင်းဖူးပါတယ်။ Super Saloon, Hilux အစရှိတဲ့ ကားများရဲ့ ဈေးနှုံးများဟာ ထိုစဉ်က Super Saloon 87 မော်ဒယ်မှ (၉) သိန်း (၁၀) သိန်း၊ Hilux 85 လောက်ဆိုလျှင် (၆) သိန်း ဝန်းကျင်သာ ရှိပါတယ်။ ဒါက ပြည်သူများကို ပုဂ္ဂလိကဆန်ဆန် လုပ်ပိုင်ခွင့်များ ချပေးတာကြောင့် ရရှိတဲ့ အကျိုးအမြတ်ဖြစ်ပြီး ကားဈေးတွေ အဲ့ဒီတုန်းက သိပ်ကို ပေါပါတယ်။ နောက်များတော့ မော်တော်ကားတွေ မှာယူတင်သွင်းခွင့်ပါမစ်များ ပိတ်လိုက်ပြီး အထက်မှာ ဖေါ်ပြခဲ့တဲ့ သူဌေးကြီးများရဲ့ ကုမ္ပဏီများကိုဘဲ မော်တော်ကား မှာယူ တင်သွင်းခွင့်များ ချပေးလိုက်ပါတယ်။

ပြည်သူများအနေနဲ့ မော်တော်ကားစီးလိုရင် အဲ့ဒီသူဌေးကြီးများဆီက သူတို့ ခေါ်သလောက်ဈေးနဲ့ မတန်တဆ ပြန်ဝယ်ကြပေတော့။ ဒီတော့ မော်တော်ကား ပေါက်ဈေးများကလည်း ကြောက်ခမန်းလိလိ။ ကျွန်တော်တို့ ၇ တန်း ၈ တန်း လောက်က (၁၀) သိန်းဝန်းကျင် Super Saloon ကားများက ယခုတော့ သိန်း (၂၈၀) ဝန်းကျင် ဖြစ်နေပြီ။ ပုဂ္ဂလိကတော့ ပုဂ္ဂလိကဘဲ။ ဒါပေမယ့် နီးစပ်ရာ ပုဂ္ဂလိက ဖြစ်နေတာကိုး။

တခါက ဂျာနယ်တစ်ခုမှာ ကြော်ငြာဖတ်လိုက်ရတယ်။ ဂျပန်က နောက်ဆုံးပေါ် နည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ Prado 2010 မော်တော်ကားတဲ့၊ သိပ်ကောင်းတာများ ကားပါကင်ထိုးမယ့် နေရာကိုတောင် လွတ် မလွတ် ကွန်ပျူတာနဲ့ တွက်ချက်ပေးသတဲ့။ ရှေ့ကြည့် မောင်းစရာ မလိုဘဲ ကားမှာပါတဲ့ TV မြင်ကွင်းကနေကို ကြည့်ပြီး မောင်းလို့ရတယ်တဲ့လေ။ တန်ဖိုးက ဒေါ်လာ ၅၀၀၀၀ (ငါးသောင်း) တဲ့။ ဈေးများ မှားသလားဆိုပြီး သုညတွေ ပြူးပြဲ ရေမိသေးတယ်။ မမှားဘူးဗျ။ ဒေါ်လာ ငါးသောင်းဘဲ။ မြန်မာငွေနဲ့ တွက်ကြည့်တော့ သိန်း (၅၀၀) ဘဲ ရှိတယ်။ ဒါပေမယ့် တကယ်တမ်း မြန်မာပြည်မှာ အဲ့ဒီကား တန်ဖိုးက သိန်း (၂၅၀၀)။ မြန်မာပြည်ရဲ့ တစ်ဦးတည်း မော်တော်ကား တင်သွင်းခွင့်ရှိသော ကုမ္ပဏီကြီးက ဂျပန်နဲ့ မြန်မာပြည်ကြား ကားလေးမှာလိုက်တာ သိန်း (၂၀၀၀) လောက် ဈေးတက်သွားပါရောလား။

ဦးဇော်ဇော် (ဘယ်) နဲ့ ဦးတေဇ (ညာ) တို့ပုံ

ဒါပေမယ့် ဝယ်စီးနေကြရတာဘဲလေ။ သူတို့ ကုမ္ပဏီကမှ မသွင်းပေးရင် ကိုယ့်မှာ ကျီးလန့်စာစားနဲ့ Without လောက်သာ စီးရပေတော့မပေါ့။ ကျွန်တော်တို့ အနေနဲ့ကတော့ အဲ့ဒီ သိန်း (၂၅၀၀) တန် ကားကြီးတွေလည်း ဝယ်မစီးနိုင်ပါဘူး။ ဒါပေမယ့် အဲ့ဒီလောက်ကြီးတွေ ဈေးကြီးနေလေတော့ အောက်ကားများ ခမျာလည်း ဘယ်နေလိမ့်မတုန်း။ ဈေးအပြိုင်အဆိုင် တက်ကြရတာပေါ့။ ဆိုတော့ စဉ်းစားကြည့်….. ၂၀၁၀ မော်ဒယ် Prado ကားကြီးကို မူရင်း တန်ဖိုးက သိန်း (၅၀၀) အခွန်ဆောင်၊ လိုင်စင်ကြေး အပါအဝင် သိန်း (၇၀၀) လောက် မြန်မာပြည်မှာ ပြန်ရောင်းပေးစမ်းပါ။ အဲ့ဒီ သိန်း (၇၀၀) တန် Prado ကြီး ဝယ်မစီးနိုင်ရင်တောင် အစောက ပြောခဲ့တဲ့ Super Saloon များ သိန်း (၅၀) အထက်ကို အဘယ်မှာ ကျော်ဝံ့တော့မှာတုန်း။ အခြေခံလူတန်းစားတွေ မော်တော်ကားလေးနဲ့ လိုရာမောင်းနိုင်ဖို့ စိတ်ကူးလေးတွေ ယဉ်ခွင့်ရှိလာမှာ အမှန်ဘဲဗျာ။

အဲ့ဒီအတွက် လူနေမှုတွေ မြင့်မားလာမယ်။ လူနေမှု မြင့်မားလာတာနဲ့ အလိုလို စည်းကမ်းရှိပြီးသား ဖြစ်လာမှာဘဲ။ အခုတော့ မြန်မာပြည်မှာက လက်လုပ်လက်စားနဲ့ ဝန်ထမ်းများသာ ပုတ်ပွလို့ ထနေတယ်။ သူတို့ အလုပ်လုပ်နေတဲ့ ရည်ရွယ်ချက်ကို မယုံလျှင် သွာမေးကြည့်ပါ။ စားဖို့အတွက်နဲ့ အတိုအထွာလေး ဝယ်နိုင်ဖို့ကသာ သူတို့ရဲ့ အကြီးမားဆုံး ရည်ရွယ်ချက် ဖြစ်နေပါလိမ့်မယ်။ အဘယ်မျှ စိတ်ထိခိုက်စရာ ကောင်းလိုက်ပါသလဲ။ ကားဝယ်ဖို့၊ တိုက်ဝယ်ဖို့က သူတို့ရဲ့ အိပ်မက်ထဲမှာတောင် ထည့်ပြီး မမက်ဝံ့သော စည်းစိမ် အရာဝတ္ထုများသာ ဖြစ်နေပါလိမ့်မယ်။ တိုးတက်နေတဲ့ ခေတ်ကြီးမှာ မြန်မာပြည်သားတွေ အလွန်အလှမ်းဝေးစွာ ပြတ်ကျန်နေခဲ့ကြပါပြီ။

သို့ပေမယ့်လို့ မြန်မာပြည်ရဲ့ (၁၀) ဦး ဂိုဏ်းသူဌေးကြီးများကတော့ ကြွယ်သထက်ကို ကြွယ်ဝလာနေတော့တယ်။ သူတို့ရဲ့ ကားပါမစ်တွေ ရောင်းကောင်းအောင်လို့ နယ်စပ် အဝင်အထွက် ဂိတ်တွေကို ပိတ်ပေးခြင်းဖြင့် without ကားများကို ထိန်းထားကာ အာဏာပိုင်တွေက ဘက်လိုက်မှု ရှိတာကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။ ကမ္ဘာ့အကြွယ်ဝဆုံး ပုဂ္ဂိုလ်များစာရင်း နှစ်စဉ် ထုတ်ပြန်မှုမှာ မြန်မာပြည်ကို လူရာမသွင်းဘဲ ချန်ထားခဲ့ပေမယ့် ကျွန်တော် ပြောရဲတာက ဘီလ်ဂိတ်ရဲ့ ကြွယ်ဝမှုကိုကို မြန်မာပြည်က သူဌေးများ ကြည့်ပြီး ဟားတိုက် ရယ်မောနေကြမှာ သေချာလှပါတယ်။

အချုပ်ဆိုရရင် စစ်အာဏာရှင်တွေ အနေနဲ့  လူကြားကောင်းအောင် ပုဂ္ဂလိက ချပေးနေတယ်ဆိုတာကို သွားမယုံလိုက်ပါနဲ့။ အမှန်မှာတော့ ပုဂ္ဂလိက ချပေးနေခြင်း မဟုတ်ပါ။ နီးစပ်ရာကို အကျိုးတူ လုပ်ပိုင်ခွင့်များ ချပေးနေခြင်းသာ ဖြစ်ပါတယ်။ စစ်အစိုးရ အနေနဲ့ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများကို အဂတိ လိုက်စားနေရတာကို ကျောမလုံပါ။ ဒါ့ကြောင့် စစ်ဗိုလ်ချုပ်သား/သမီးတွေ ရှယ်ယာပါတဲ့ ကုမ္ပဏီများ၊ နိုင်ငံပိုင်လုပ်ငန်းများကို ပုဂ္ဂလိကနာမည် တပ်ပေးလိုက်တဲ့အတွက် လွတ်လွတ်လပ်လပ်ကို စားချင်တိုင်း စားလို့ ရသွားလေတော့တယ်။ ဒါက နအဖရဲ့ နောက်ဆုံးပေါ် လူလည်ကျနည်း ဖြစ်ပါတယ်။ အလျဉ်းသင့်ရင်လည်း အချိန်နဲ့တပြေးညီ ဖေါ်ကောင် လုပ်ပေးပါဦးမယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။