Sunday, June 2, 2013

တရုတ် ကျူးကျော်မှုကို ကျွန်ုပ်တို့ ဘိုးဘွားများ တွန်းလှန် တိုက်ဖျက်ခဲ့ခြင်း - အပိုင်း (၃)

(စည်းလုံးခြင်းရဲ့အင်အား)


တရုတ်ဧကရာဇ်မင်း ချိယန်လုံ (CHIEN-LUNG)

မြန်မာ - တရုတ် တတိယအကြိမ် စစ်ပွဲ

ကျွန်ုပ်တို့ဘိုးဘွားများ လုပ်ကိုင်ဆောင်ရွက် အောင်မြင်ခဲ့ကြသည်တို့ကို လေ့လာသုံးသပ် ဆင်ခြင်၍ ခေတ်နှင့်လျော်ညီစွာ လိုအပ်သည်တို့ အတုခိုးနည်းယူ အသုံးချနိုင်ကြစေခြင်းငှာ ဤစာတမ်းကို ရေးသားပြုစုသည်ဟု ရည်ရွယ်ချက်ကို ဖေါ်ပြခဲ့ပါသည်။


ပြီးခဲ့သော တိုက်ပွဲများ အကျဉ်းချုပ်


တရုတ်ပြည်သည် မန်ချူးမင်းဆက် ချိယန်လုံ (CHIEN-LUNG) လက်ထက်တွင် အလွန်အင်အား တောင့်တင်းသည်။ နယ်ခြားအရေးအခင်းများနှင့် ပတ်သက်ပြီး မြန်မာသက္ကရာဇ် ၁၁၂၇ ခုနှစ်တွင် ကျိုင်းတုံသို့ တရုတ်စစ်တပ်များ ရောက်လာတိုက်ခိုက်သည်။ အင်းဝမှ လက်ဝဲ၀င်းမှူး နေမျိုးစည်သူသည် တပ်ပေါင်း (၁၁) တပ်နှင့် သွားရောက် တိုက်ခိုက် တွန်းလှန်သည်။ တရုတ်တပ်မှူးများ ကျဆုံးပြီးလျှင် ဖရိုဖရဲ ပြန်လည် ဆုတ်ခွာသွားကြရသည်။

မြန်မာသက္ကရာဇ် ၁၁၂၈ ခုတွင် တရုတ်တို့သည် ဆဒုံးဘက်သို့ စစ်တစ်ကြောင်း၊ ဗန်းမော် ကောင်းတုံသို့ စစ်တစ်ကြောင်း၊ သိန္နီသို့စစ်တစ်ကြောင်း ချီလာပြန်သည်။ ဗလမင်းထင်သည် ကောင်းတုံမှ ကြံ့ကြံ့ခံရာ ရန်သူများ မတိုးနိုင်ချေ။ လက်ဝဲ၀င်းမှူး နေမျိုးစည်သူသည် တပ်ပေါင်း (၁၀) တပ်နှင့် ကောင်းတုံအား ၀ိုင်းရံထားသော ရန်သူတို့ကို ကောင်းတုံ ဗလမင်းထင်တပ်၏ အင်အားနှင့်ပါပေါင်း၍ နှစ်ဖက်ညှပ် တိုက်ဖျက်သည်။

ဝန်ကြီးမဟာစည်သူသည် တပ်ပေါင်း (၂၂) တပ်နှင့် ၀ိုင်းမော်၊ ခတ်ချိုဘက်မှတက်ပြီး ရန်သူတပ်များကို တိုက်ဖျက်သည်။ ထိုနောက် ရန်သူတို့၏ နောက်ပိုင်းမှ လှည့်၍တိုက်သည်။

ဝန်ကြီးမဟာသီဟသူရသည် လူးတဆယ့်နှစ်ပနားကို ချီတက်ရှင်းလင်းပြီးနောက် သိန္နီဘက်သို့ လှည့်လာပြီးသော် လက်ဝဲ၀င်းမှူး နေမျိုးစည်သူတပ်များနှင့်ပေါင်း၍ သိန္နီရှိ ရန်သူတို့ကို တိုက်ဖျက်သည်။

တရုတ်ဧကရာဇ် ချိယန်လုံသည် စစ်ရှုံးခဲ့သော သူ၏စစ်သူကြီးများနှင့် ယူနန်ဘုရင်ခံ ယန်ယင်ချူ (YANG-YING-CHU) ကိုပါ သေဒဏ် အပြစ်ပေးလေသည်။


အနောက်ဟန်မင်းဆက်မှ မြင်းစစ်သည်တော်ပုံ

တရုတ်တို့ စစ်ပြင်ပြန်ခြင်း

အာရှအလယ်ပိုင်း တိုက်ပွဲများတွင် အောင်ပွဲအများဆုံးရ၍ အထူးအားထားရသော စစ်သူကြီးမင်ဂျွီ (MING-JUI) ကို ဧကရာဇ်ဘုရင် ချိယန်လုံ (CHIEN-LUNG) က စစ်မြေပြင်မှ ပြန်လည်ခေါ်ယူလိုက်သည်။ ယူနန်နှင့် ကွီချောင်နယ်များ၏ စစ်သေနာပတိနှင့် ဘုရင်ခံချုပ် ခန့်အပ်သည်။ ထိုသူ ပြန်လည်မရောက်လာသေးမီ ကာလအတွင်း အောနင်း (O-NING) ဆိုသူကို ယူနန်နယ်တွင် ခေတ္တ တာဝန်ယူထားစေသည်။ အင်းဝကို တိုက်ခိုက်သိမ်းပိုက်ရန် မန်ချူးစစ်သည် လက်ရွေးစင် ၃၀၀၀ ကျော်ကိုလည်း အသင့်ပြင်ထားစေသည်။ ယူနန်နယ်တွင်လည်း စစ်သည် စုဆောင်းစေသည်။

အောနင်း (O-NING) သည် ယူနန်သို့ ရောက်လာပြီးနောက် အထွေထွေ အခြေအနေကို သုံးသပ်ပြီးလျှင် မြန်မာတို့အား စစ်နှစ်ဖက်ညှပ်၍ တိုက်ခိုက်ရန် ယိုးဒယား၏ စစ်အင်အားကို ရယူသင့်ကြောင်း ဧကရာဇ်ဘုရင်ထံ တင်ပြ အစီရင်ခံသည်။ ဘုရင်သည် မှူးမတ်များနှင့် တိုင်ပင်ရာ ယိုးဒယားကို မြန်မာတပ်များ ၀င်ရောက် တိုက်ခိုက်ပြီးကြောင်း သိရသဖြင့် အောနင်း၏အကြံကို လက်တွေ့မလုပ်နိုင်ကြောင်း တွေ့မြင်ရသည်။

တရုတ်တို့စစ်ချီလာခြင်း

အောင်ပွဲရစစ်သူကြီး မင်ဂျွီသည် မန်ချူးစစ်သည် လက်ရွေးစင် ၃၀၀၀ ကျော်နှင့် ယူနန်ပြည်မြို့တော် ကူမင်းသို့ ရောက်ရှိလာသည်။ ယူနန်နှင့် ကွီချောင်နယ်တို့မှ စစ်သည်အင်အား ၂၀၀၀၀ ကျော် စုဆောင်း ရရှိသည်ဟု ဆိုသည်။ ခရစ်သက္ကရာဇ် ၁၇၆၇ ခု၊ နိုဝင်ဘာလ ၁၅ ရက် (မြန်မာ ၁၁၂၉ ခု၊ တန်ဆောင်မုန်းလ) နေ့တွင် ကူမင်းမှ စတင်ထွက်ခွာကြသည်။ မြင်းတပ်၊ အမြောက်တပ်နှင့် ခြေလျင်တပ်များ ပါဝင်သည်။ စားရေရိက္ခာပစ္စည်းများကို လား၊ နွားဝန်တင်များနှင့် သယ်ယူကြသည်။ ယန်စီမြစ်၊ မဲခေါင်မြစ်တို့ကို ဖြတ်ကျော်ပြီး မိုင် - ၃၆၀ မျှ ခရီးပေါက်သောအခါ ပါအိုရှန် (PAO-SHANG) ခေါ် ယုန်ချန်မြို့သို့ ရောက်လာသည်။

ရန်သူတို့၏ စစ်မဟာဗျူဟာ

မြန်မာတို့မြို့တော် အင်းဝကို သိမ်းပိုက်ရန်အတွက် မင်ဂျွီကိုယ်တိုင် ဦးစီးသော အဓိကစစ်ကြောင်းသည် ၀မ်တိန်၊ သိန္နီ၊ လားရှိုး၊ သီပေါလမ်းအတိုင်း ချီတက်မည်။ ဗိုလ်ချုပ်အာတင်အော (E-ERH-TENG-O) ဦးစီးသော အခြားစစ်ကြောင်းသည် မိုင်းမော၊ မိုးမိတ်ကြောင်း ချီတက်ရမည်။ စစ်ကြောင်း ၂ ခုသည် အင်းဝအနီးတွင် တပြိုင်နက် ဆုံဆည်းကြရမည်။ ထိုနောက် အင်းဝကို တခဲနက်သော အင်အားဖြင့် ပူးပေါင်းချေမှုန်းကြမည်။ မြန်မာနိုင်ငံတွင်းသို့ မိမိတို့တပ်များ ရောက်သောအခါ သိန္နီမှထွက်ပြေး ခိုလှုံလာသော စော်ဘွားဟောင်း၏ အကူအညီနှင့် သိန္နီအား ရိက္ခာထောက်စခန်း ပြုလုပ်မည်။ ချီတက်ရာ လမ်းတလျှောက်တွင် လိုအပ်သလို ရိက္ခာထောက်စခန်းများ ပြုလုပ်သွားမည်။ ၀မ်တိန်နှင့် ကွမ်လုံတို့ဘက်မှလည်း ရှေ့သို့ချီတက်သွားသော တပ်များအတွက် စားရေရိက္ခာပစ္စည်းများ အဆက်မပြတ် ပို့ပေးရမည်။

တရုတ်တပ်များ ဝင်ရောက်လာပုံ (အကျယ်ချဲ့ကြည့်လိုရင် (ဒီနေရာကို) နှိပ်ပါ)

မင်ဂျွီစစ်ကြောင်း

စစ်သည်သူရဲ ၁၂၀၀၀ ကျော်ကို မင်ဂျွီ (မြင်းခုံရဲ) ကိုယ်တိုင် ဦးစီး၍ ခရစ် ၁၇၆၇၊ ဒီဇင်ဘာလ ၂၂ ရက်နေ့ (မြန်မာသက္ကရာဇ် ၁၁၂၉ - ခု၊ နတ်တော်လ) တွင် ၀မ်တိန်မှ စတင်ထွက်သည်ဟု ဆိုသည်။ ယူနန်နယ်တွင် ခိုလှုံနေသော သိန္နီစော်ဘွားဟောင်း အောင်ထွန်းအား စစ်ကြောင်းနှင့်အတူ ခေါ်ယူလာသည်။ ထိုသူ၏ အကူအညီနှင့် သိန္နီမြို့အား ၀ိုင်းဝန်းတိုက်ခိုက်ရာ သိန္နီမြို့ဝန် စစ်ကောင်းသီရိသည် အားချင်းမမျှသဖြင့် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် မြို့ကို စွန့်လွှတ်လိုက်ရသည်။ သို့သော်လည်း ကျန်ရှိနေသေးသော စစ်သည် အင်အားများကို စုစည်းပြီးလျှင် ရန်သူတို့ကို ဆက်လက် အနှောင့်အယှက် ပေးနေသည်။

ထိုအဖြစ်အပျက် အားလုံးတို့ကို သီပေါစော်ဘွားသည် အင်းဝနေပြည်တော်သို့ ခြေမြန်တော်များ စေလွှတ်၍ လျှောက်ထား အစီရင်ခံစေသည်။

မြန်မာတို့ စစ်ပြင်ခြင်း

ဘုရင်ဆင်ဖြူရှင်သည် မှူးမတ်များနှင့် တိုင်ပင်၍ အောက်ပါ အချက်အလက်များကို စုပေါင်းစဉ်းစား ဆုံးဖြတ်လိမ့်မည်ဟု ယူဆရပေသည်။ တရုတ်ဘုရင်သားမက် မြင်းခုံရဲ (မင်ဂျွီ) သည် မြင်းသုံးသောင်း၊ လူသုံးသိန်းကို ဦးစီး၍ လည်းကောင်း၊ ဘုရင့်ညီ စူတာလောရဲ (TA-AN-TSAN CHU-LU-NA) သည် မြင်းသုံးသောင်း၊ လူသုံးသိန်းကို ဦးစီး၍လည်းကောင်း ခရီးဝေးလှသော ဂန္ဓာလရာဇ်မှ စစ်ချီ၍ လာကြသည်။ (မန္တလေး - ကူမင်း ၈၅၇ မိုင်ဝေးသည်) အင်အားများလှသည်။ လူ၊ မြင်း၊ စားရေရိက္ခာ အခက်အခဲရှိမည်။

နတ်တော်၊ ပြာသိုလသာ ဖြစ်သေးသဖြင့် ကောက်မရိတ်ကြရသေးသောကြောင့် သူတို့အဖို့ ပို၍ပင် ရိက္ခာအခက်အခဲ ဖြစ်နိုင်သည်။ ကောက်သစ်မပေါ်မီ အရေးတော်ပြီးလျှင် ပို၍ကောင်းမည်။

ရန်သူများက သိန္နီစော်ဘွားဟောင်း ငအောင်ထွန်း၏ အကူအညီ ရနေသည်။ သိန္နီနယ်မှ စပါး ဆန်ရေရလျှင် သူတို့အဖို့ ကောင်းမွန်လိမ့်မည်။

ကောင်းတုံတွင် ဗလမင်းထင်တို့ ရှိနေကြသည်။ ယခင်နှစ်ကြိမ်ကတည်းက ကောင်းကောင်းကြီး ပွဲရပြီးသူ ဖြစ်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။