Tuesday, June 11, 2013

မြန်မာ့စစ်တပ် အရာရှိများနှင့် အင်ဒိုစစ်တပ် အရာရှိကြီးတို့ မြန်မာ့အရေး ဆွေးနွေးခန်း - အပိုင်း (၈)

(စည်းလုံးခြင်းရဲ့အင်အား)

တပ်မတော် ပြုပြင်ပြောင်း လဲရေးဆိုတဲ့ ခေါင်းစဉ်နဲ့ စပ်လျဉ်းပြီး ပြည်တွင်းပြည်ပ တပ်မတော် အရာရှိ တချို့နဲ့ စည်းလုံးခြင်းရဲ့အင်အား အဖွဲ့တို့ အပြန်အလှန် ဆွေးနွေးခဲ့ပုံတွေကို ဆက်လက် တင်ပြသွားပါမယ်။ ယခင်စစ်အာဏာရှင် ဦးသန်းရွှေလက်ထက်မှစပြီး တပ်မတော်အတွင်း စိတ်ဓါတ် စစ်ဆင်ရေးကို စနစ်တကျ ရိုက်သွင်းထားမှုကြောင့်  တပ်မတော်ပြုပြင် ပြောင်းလဲရေးဆိုတာနဲ့ တပ်ဖြိုခွဲရေးလို့ စွပ်စွဲကာ အရာရှိများ တွန့်ဆုတ်ကြောက်ရွံ့သွားအောင် ၀ါဒဖြန့်ထားကြောင်း၊ အမှန်တကယ် စွမ်းရည်ရှိကာ ပြည်သူလူထုရဲ့ အားကိုးယုံကြည်မှုနဲ့ ကျစ်လစ်ခိုင်မာပြီး သက်သာချောင်ချိရေး ကောင်းမွန်သော
Professional Army အဖြစ် ဦးတည်တာကို တပ်မတော်သားများ နားလည်သိရှိဖို့ လိုအပ်ကြောင်း၊  တပ်တစ်ခု ပြုပြင်ပြောင်းလဲရေး ဆိုရာမှာလည်း ချက်ချင်းပြောင်းလဲဖို့ မလွယ်ကူကြောင်း၊ နှစ်နဲ့ချီ တဖြေးဖြေး ပြောင်းလဲရကြောင်း၊ တန်ပြန် စိတ်ဓါတ် စစ်ဆင်ရေးလုပ်ပြီး စည်းရုံး တိုက်တွန်းရမှာဖြစ်ကြောင်း၊ တပ်မတော်အတွင်း ထိုးဖေါက်စည်းရုံးရာမှာ တချို့အရာရှိများ အနေနဲ့ စစ်အာဏာရှင်များ ရိုက်သွင်းထားသလို နိုင်ငံရေးလုပ်ရင် အရေးယူခံရမှာကို အရိုးစွဲ စိုးရိမ်နေကြောင်း၊ ပြုပြင်ပြောင်းလဲရေး လုပ်ရာမှာ တပ်ဖြိုခွဲသလို နိုင်ငံတော် ပုန်ကန်မှုလို အရေးယူခံရမှာ ကြောက်ရွံ့ နေခြင်းကိုလည်း သတိပြုရမှာဖြစ်ကြောင်း၊ သစ္စာလေးချက်ကို တလွဲအဓိပ္ပါယ် ကောက်ဆွဲပြီး အထက်အမိန့်နဲ့ အထက်အရာရှိအပေါ် သစ္စာရှိရမယ်ဆိုတဲ့ အချက်ကို နိုင်ငံတော် သစ္စာဖေါက်မှုဖြင့် စွဲချက် တင်နိုင်ကြောင်း၊ အထက်အမိန့်လို့ ဆိုရာမှာ မတရားတဲ့ အမိန့်ကိုတော့ ဖီဆန်ဖို့ ပြည်သူလူထုအပေါ် ထင်ယောင်ထင်မှား မဖြစ်ဖို့ နိုင်ငံတကာမှ တပ်မတော်တွေအကြောင်းကို နားမျက်စိဖွင့်ပြီး သိရှိဖို့ အချိန်ယူ တိုက်တွန်းရမှာ ဖြစ်ကြောင်း၊ တချို့တပ်မတော် အရာရှိများဟာ စည်းစိမ်ဥစ္စာနဲ့ ပြည့်စုံနေပြီး သူတို့ရဲ့အာဏာ အနေအထား ပျက်ယွင်းသွားမှာကို မလိုလားကြောင်း၊ နိုင်ငံတော်ကို ဒီမိုကရေစီလမ်းကြောင်းအတိုင်း အကောင်အထည် ဖေါ်နေပြီလို့ အတိအလင်း ဖွင့်ဆိုနေတဲ့အချိန်မှာ တပ်မတော်သားတွေ အနေနဲ့ စည်းလုံးခြင်းရဲ့အင်အားမှာ တင်ဆက်ခဲ့တဲ့ ဗိုလ်မှူးကျော်ကျော်ခိုင်ရဲ့ ဒီမိုကရေစီနဲ့တပ်မတော် ဆောင်းပါးတွဲလိုမျိုးတွေကို ဖတ်ရူပြီး အတွေးအခေါ် ရင့်သန်လာစေရန် ကြိုးပမ်းသွားရန် လိုအပ်ကြောင်း စသဖြင့်  စုံလင်စွာ ဆွေးနွေးသွားကြပါတယ်။

အဆိုပါ ဆွေးနွေးချက်များကို နည်းလမ်းရှာကြံ စဉ်းစားသုံးသပ်ကြကာ အသေးစိတ် အပြန်အလှန် ဆက်လက် ဆွေးနွေးခဲ့ကြပါတယ်။ တပ်အတွင်း ပြုပြင်ပြောင်းလဲရေး လုပ်ရာမှာ target အမျိုးမျိုးရှိကြောင်း၊ အောက်ခြေ အခြားအဆင့် တချို့စစ်သည်များကို စည်းရုံးရာမှာ မူလတန်းအဆင့်ကို မူလတန်းအဆင့်နဲ့ ကိုက်ညီတဲ့ လက်ကမ်းစာစောင်လိုမျိုး၊ လိုရင်းတိုရှင်း စာသားနဲ့ ရုပ်ပုံကားချပ်လိုမျိုးတွေကို ချပြရန် လိုကြောင်း၊ စိတ်ဝင်စားဖွယ် သဘောကျဖွယ် ရုပ်ပြောင် ကာတွန်းများနဲ့လည်း စည်းရုံးနိုင်ကြောင်း၊ သူတို့ကို နိုင်ငံရေး အဘိဓါန်နဲ့ပြောရင် မကိုက်ညီကြောင်း၊ နောက်နည်းဗျူဟာ တစ်ခုက စိတ်ဓါတ်စစ်ဆင်ရေး ပုံစံမျိုးမဟုတ်ဘဲ တပ်မတော်အတွင်း ဖြစ်ပျက်နေတဲ့ အမှန်အတိုင်း ဖြစ်စဉ်များကို ရိုးရိုးလေးနှင့် ထည့်ပေးလိုက်မယ်ဆိုရင် ထိချက်ကောင်းမှာ ဖြစ်ကြောင်း၊ ဥပမာ ရာထူး တိုးမြှင့်ရေးမှာ တော်လေးတော်အရ အဖားတော်လို၊ အမျိုးတော်လို၊ အရည်အချင်း မရှိဘဲ ရာထူးတက်သွားတဲ့ တပ်တွင်း ဖြစ်စဉ်မျိုးကို အမှန်အတိုင်း ထောက်ပြရန် လိုကြောင်း၊ သက်သာ ချောင်ချိရေး မကောင်းမွန်တဲ့ ဖြစ်စဉ်မျိုးနဲ့ အဂတိ လိုက်စားမှု ကိစ္စတွေ၊ နီးစပ်ရာ မျက်နှာသာပေးမှုတွေ၊ ဖိနှိပ်ခံရတဲ့ ပြဿနာတွေ၊ ပဋိပက္ခတွေ၊ ဘယ်တပ်ရင်းမှာ ဘာတွေ ဖြစ်နေတယ်ဆိုတာ ဖြစ်စဉ်အမှန်အတိုင်း ပြန်ထည့်ပေးလိုက်တာဟာ ထိချက်ကောင်းကြောင်း၊ တချို့ သိသလိုလိုနဲ့ မသိသေးတာရှိကြောင်း၊ နိုင်ငံရေး သဘောတရားအရ စည်းရုံးမှု လုပ်နိုင်တာမျိုးလည်း ခက်ခဲမည်ဆိုတာ မဟုတ်ဘဲ လွှတ်တော်မျိုးမှာကျတော့ စည်းရုံးနိုင်ကြောင်း၊ Issue မျိုးစုံ ထောင့်မျိုးစုံက နည်းလမ်းရှိရင် လုပ်နိုင်ကြောင်း၊ ပုံသေကားချပ် တွက်လို့မရဘဲ အခြေအနေနဲ့ အချိန်အခါပေးရင် လုပ်သွားနိုင်ကြောင်း၊ ဥပမာ မေမြို့နဲ့ဗထူး၊ သံတောင်တို့မှာ အရာရှိကြီးငယ်များ သင်တန်းပေါင်းစုံ တက်နေရလို့ ဧရိယာ Target ကြီးမားကြောင်း၊ စစ်အာဏာရှင်တွေက စစ်တပ်မရှိရင် အနောက်နိုင်ငံက ကျွန်လုပ်တာကို ခံရမယ်ဆိုတဲ့ စိတ်ဓာတ်စစ်ဆင်ရေးမျိုး လုပ်ထားကြောင်း၊ မျိုးချစ်စိတ်နှင့် ရိုက်သွင်းထားကြောင်း၊ ဒီနေရာမှာ တန်ပြန် စိတ်ဓာတ်စစ်ဆင်ရေး အနေနဲ့ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံကို ကိုလိုနီ ကျွန်ဇာတ်သွင်းထားကြောင်း၊ မျိုးချစ်စိတ်ကို တန်ပြန် မျိုးချစ်စိတ်နဲ့ ပြန်တိုက်ရမှာ ဖြစ်ကြောင်း၊ စစ်အာဏာရှင်တွေက တရုတ်ကို ဆွေမျိုးပေါက်ဖေါ်ဆိုပြီး အလွမ်းသင့်နေတာ ဖြစ်ကြောင်း၊ တကယ်တမ်းတော့ တရုတ်နိုင်ငံမှ ခပ်ညံ့ညံ့ စစ်လေယာဉ်နှင့် စစ်လက်နက်ပစ္စည်းများကို ဂျင်းထည့်တာ ခံနေရကြောင်း၊ ဖြစ်စဉ်အရ မိတ္ထီလာမြို့ လေတပ်စခန်းမှ ပျံတက်လေ့ကျင့်နေတဲ့ တရုတ်လုပ် F – 7 ဂျက်တိုက်လေယာဉ် ပျက်ကျပြီး လေသူရဲကျဆုံးခဲ့တဲ့ ဖြစ်စဉ်အမှန်ကို မီးမောင်းထိုးပြရမှာ ဖြစ်ကြောင်း၊ နိုင်ငံတကာမှာ လူသားဖြစ်တဲ့ လေသူရဲကို တန်ဖိုးထားပြီး လေယာဉ်ကို စွန့်လွှတ် ခိုင်းကြောင်း၊ မြန်မာနိုင်ငံမှာတော့ လေသူရဲတွေဟာ လေယာဉ်တွေ မပျက်စီးအောင် မဆုံးရှုံးအောင် အသက်ပေးပြီး ကာကွယ်နေရကြောင်း၊ အသက်ရှင်ရင်လည်း နောက်မှာ စစ်ခုံရုံးက တွယ်ဖို့စောင့်နေကြောင်း စသဖြင့် အပြန်အလှန် ပြောဆို ဆွေးနွေးကြပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။