Sunday, June 30, 2013

တရုတ် ကျူးကျော်မှုကို ကျွန်ုပ်တို့ ဘိုးဘွားများ တွန်းလှန် တိုက်ဖျက်ခဲ့ခြင်း - အပိုင်း (၇)

(စည်းလုံးခြင်းရဲ့အင်အား)


အယ်ဒီတာအဖွဲ့၏ တင်ပြချက် (၃)။ လွတ်လပ်ရေး ရပြီးခါစက တရုတ်ဖြူ တပ်ဖွဲ့များ မြန်မာနိုင်ငံကို ကျူးကျော် ဝင်ရောက်ခဲ့လို့ ပြည်ထောင်စု တပ်မတော်က ကွန်မြူနစ်များကပင် ယာယီအပစ်ရပ်ပြီး တိုင်းရင်းသား အားလုံး စည်းလုံးညီညွတ်စွာဖြင့် တွန်းလှန်တိုက်ထုတ်နိုင်ခဲ့သည်။ တဖန် ကွန်မြူနစ် တရုတ်နီအစိုးရက မြန်မာနိုင်ငံရှိ အဝေးပြေး လမ်းမကြီးများ၏ အလယ်တွင် ကျွန်းများ ပြုလုပ်၍ သစ်ပင်များ စိုက်ပေးမည်ဟု တရုတ်နိုင်ငံ၏ မဟာကရုဏာ စေတနာကို သိမြင်ခဲ့ရပါသည်။ အမှန်စင်စစ် လမ်းမကြီးပေါ်တွင် လေယာဉ် ဆင်းသက်၍ မရအောင် တရုတ်တို့က ကြံစည်ခဲ့ဟန် တူသည်ဟု ရှေ့လူကြီးသူမများက ပြောဆို ခဲ့ပါသည်။ တရုတ်နိုင်ငံမှ ဘိန်းစိုက်ပျိုးသည့် အလေ့အထများကြောင့် မြန်မာနိုင်ငံသို့ ကူးစက် ခဲ့ရသဖြင့် ယခုအခါ ဘိန်းထုတ်လုပ်သည့် နိုင်ငံအဖြစ် နံမည်ပျက်ခဲ့ရပါသည်။ ကုလသမဂ္ဂ အစီရင်ခံစာ တင်ပြချက်အရ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံသည် မူးယစ်ဆေး (ရာဘ) ထုတ်လုပ်မှု အများဆုံး စံချိန်တင်ခဲ့သည်။ တရုတ်လူမျိုးများကြောင့် တချို့ ရှမ်းယောင်္ကျားများမှာ ဘိန်းရှူသည့် အလေ့အကျင့် ဖြစ်လာပြီး ရှမ်းအမျိုးသမီးများက ရှာဖွေကျွေးမွေးရသည့်ဘဝမှ ရုန်းမထွက်နိုင်ဘဲ ဒုက္ခတောထဲကို သက်ဆင်းခဲ့ရသည်။

ပင်မတပ်၏ ဂုတ်တွင်းတိုက်ပွဲ

ဝန်ကြီး မဟာစည်သူသည် မင်ဂျွီ၏ တပ်အနေအထားနှင့် အင်အားကို စုံစမ်းသိရှိရန်အတွက် သူ့တပ် ခြေကြွအောင်ပြုစေပြီးလျှင် ရန်သူတပ်များ၏ အစွန်းအနားကို တိုက်စေသည်။

ထိုအခိုက် မင်ဂျွီသည် သူ့တပ်များကို ဂုတ်တွင်းအနီးမှ ကွေ့ဝိုက်ဆင်းတက်ပြီး မဟာစည်သူတို့ တပ်များကို လူအားနှင့်ဖိ၍ တိုက်သည်။ လက်ဝဲကောင်းထွတ်၊ ရွှေပြင်းကြီး၊ ဒီပစက်ရောင်တို့ သုံးတပ်သည် တရုတ်တို့တပ်စွယ်ကို ချွံချွံဝင်၍ ရန်သူတို့ပုံသို့ မြင်းနှင့်လွှတ်၍ထိုးသည်။ တရုတ်တို့ အင်အားကြီးလှသောကြောင့် မထွက်မခွာနိုင်၊ တပ်လုံးနစ်ချေသည်။ လက်ဝဲကောင်းထွတ်၊ ရွှေပြင်းကြီး၊ ဒီပစက်ရောင်တို့ တပ်မှူးသုံးဦးလုံး မြင်းဦး၌ ကျဆုံးကြသည်။ တပ်တော်များ ကတိမ်းကပါး ကစီကရင် ရှိလေသောကြောင့် ၀န်ကြီးမဟာစည်သူသည် တပ်ပေါင်းကို စည်းကြပ် သိမ်းရုံး၍ ဆုတ်ခွာခဲ့ရလေသည်။

တရုတ်တပ်များသည် ယခင်က ကောင်းတုံ၊ သိန္နီကိုပင် မကျော်နိုင်ခဲ့ကြ။ တပ်ပျက်ပြီး အရှုံးနှင့်သာ ပြန်ခဲ့ကြရသည်။ ယခုအကြိမ်တွင် သိန္နီ၊ သီပေါတို့ကိုကျော်၍ ဂုတ်တွင်းတိုက်ပွဲ၌ပင် အရေးလှပေသည်။ ထိုကြောင့် တရုတ်ဧကရာဇ် ဘုရင်ချန်လုံ (CHIEN LUNG) သည် မင်ဂျွီအား နှစ်သစ်ကူးနေ့ (ဖေဖော်ဝါရီလ) တွင် (CHENG-CHIA-I-YUNG-KUNG) (The Duke of Honesty, Excellence, Fortitude and Bravery) ဟူသော ဘွဲ့ထူးကို ပေးအပ်လေသည်။



အကြီးချဲ့ ကြည့်လိုရင် ဒီနေရာကို နှိပ်ပြီး ကြည့်ပါ

သုံးဆယ်တ၀ိုက် တိုက်ပွဲများ

ရန်သူတို့သည် အားတက်မာန်ကိုး ဗိုလ်ပါအလုံးအရင်းနှင့် လိုက်ထပ်ချီဆင်းလာကြသည်။ မြန်မာတပ်တော်များသည် လုံကာပြင်ကြီးတ၀ိုက်မှ စုပြီးဆီးဆို့ ခုခံကြသည်။ ထုံးဘိုအနီး ဂဲလောင်ချောင်းဘေးရှိ ခံတပ်စခန်း အပါအ၀င် စုစုပေါင်းစခန်း ၁၆ - ခု တည်ဆောက်ပြီး စောင့်ကြို တိုက်ခိုက်ကြသည်။ မဟာစည်သူသည် ရန်ငူးသီရိနော်ရထာအား နေပြည်တော်သို့စေလွှတ်၍ စစ်ရေးအခြေအနေများကို ဆင်ဖြူရှင်ဘုရားသို့ လျှောက်ထား အစီရင်ခံစေရာ ဘုရင်အမျက်ထွက်သည်ကို ကြားသိရသဖြင့် ဆတက်ထမ်းပိုး စွန့်စား ဆောင်ရွက်ကြရန် တပ်မှူး၊ တပ်သားအပေါင်းကို နှိုးဆော်လေသည်။

မြန်မာတို့သည် ဆင်များပေါ်တွင် အမြောက်များတင်၍ ပစ်ခတ်ကြသည်။ သေနတ် လက်နက်များအတွက် လိုအပ်သော ခဲယမ်း မီးကျောက်များကိုလည်း ချက်ချင်း ဖြည့်တင်း နိုင်ကြသည်။ နယ်မြေဒေသကို ကျွမ်းကျင်ကြသဖြင့် အခက်အခဲမရှိ၊ တပ်များ ချီတက်လှုပ်ရှား တိုက်ခိုက်နိုင်ကြသည်။ တပ်တော်များမှာ ရိက္ခာအကြပ်အတည်း လုံးဝမရှိ၊ ကိုယ်ပေါ်တွင်လည်း ပါကြသည်။ ရပ်ရွာများမှလည်း ရကြသည်။ ရောက်ရာနေရာတွင် တွေ့သမျှ တောကောင်တို့ကို ချက်ပြုတ်ဖုတ်ကင် စားသောက်တတ်ကြသည်။

ရန်သူတပ်သား မြောက်မြားစွာကို လက်ရဖမ်းဆီးကြသည်။ အချို့မှာ ဒဏ်ရာနှင့်ဖြစ်သည်။ အချို့ကား ဖျားနာနေကြသည်။ ကျန်သူများကား စိတ်ဓာတ် အလွန်ကျဆင်းနေကြသည်။


အကြီးချဲ့ ကြည့်လိုရင် ဒီနေရာကို နှိပ်ပြီး ကြည့်ပါ

ရန်သူတပ်များသည် သီပေါမှ ထွက်လာပြီးကတည်းက အစာရေစာ ၀လင်အောင် မစားကြရပါ။ မြင်းများအတွက် အစာမှာ တစ်နေ့ထက်တစ်နေ့ ရှားပါးလာသည်။ ၀န်တင်နွားများမှာ အစာမစားရသဖြင့် ဘုံးဘုံးလဲကျကြသည်။ မင်ဂျွီကိုယ်နှိုက်ပင် တစ်နေ့လျှင် လက်သီးဆုပ်ခန့်ရှိသော အမဲလုံးတစ်လုံးနှင့် ရေတစ်ခွက်ဖြင့်သာ တင်းတိမ်နေရသည်။ သိန္နီမှ ထွက်လာကြသည်မှာ ရက်ပေါင်း - ၆၀ ကျော်ပြီ။

သိန္နီမှ ပို့ပေးရန်ရှိသော ရိက္ခာများလည်း မရောက်လာ။ ခဲယမ်း မီးကျောက်များလည်း မရောက်လာ။ အားဖြည့်တပ်များကိုလည်း မတွေ့မမြင်ရ။ အနီးပတ်ဝန်းကျင် ကျေးရွာများသို့ ရိက္ခာရှာကြသော်လည်း ဆန်တစ်စေ့၊ စပါးလုံး တစ်လုံးမျှပင် မရကြ။ ရပ်သူရွာသားများကို ကျေးရွာများ၌ မတွေ့ကြရ။ ရပ်ရွာများမှ အကူအညီ လုံးဝမရှိ။ ရိက္ခာရှာကြသော တပ်သားများသာ ဒဏ်ရာအနာတရဖြစ်ပြီး ပြန်ရောက်လာကြပါသည်ဟု သုံ့ပန်းများက မြန်မာတပ်မှူးများသို့ အစစ်ခံကြသည်။

စစ်သူကြီး မင်ဂျွီသည် ဂုတ်တွင်းတိုက်ပွဲ အရေးလှသဖြင့် ဧကရာဇ်ဘုရင်က ဘွဲ့ထူးချီးမြှင့်သော်လည်း ၀မ်းမသာရှာနိုင်ပေ။ မြန်မာတပ်များက မိမိတို့အား မီးကုန်ယမ်းကုန် ၀ိုင်းဝန်းပစ်ခတ် တိုက်ခိုက်နေကြသည်။ ပစ်ခတ်သံများမှာ သိန်းသန်းမက ဗျောက်အိုးများကို စုပြုံဖောက်သကဲ့သို့ ဖြစ်တော့သည်။ အနီးရှိလူ ကြားနိုင်အောင် အလွန်ကြိုးစား၍ စကားပြောရသည်။ မိမိတို့တပ်များမှ ပစ်ခတ်မှုကား ကျည်ချွေ၍ ပစ်နေရသဖြင့် မယှဉ်သာကြောင်း တွေ့မြင်ရလေသည်။ မြန်မာတို့တွင် မည်သို့အင်အား ဖြည့်ကြသည်မသိ။ မိမိတို့ကို အရပ်ရှစ်မျက်နှာမှ ၀ိုင်းဝန်း တိုက်ခိုက်ကြသည်။ ထိုထက် မိမိတို့တပ်သားများ အစာရေစာ ချွေတာ စားသောက်နေကြရသည်မှာ ရက်ပေါင်းကြာမြင့်ပြီ။

သိန္နီမှ ရိက္ခာလည်းမရောက်၊ ခဲယမ်း မီးကျောက်လည်းမရောက်၊ အင်အားဖြည့် စစ်သည်တို့လည်းမရောက်၊ အနီးအနား ပတ်ဝန်းကျင် ကျေးရွာများတွင် ရိက္ခာ ရှာစေသော်လည်းမရ။ ရန်သူတို့တိုက်ခိုက်မှုကြောင့် တပ်အင်အား တဖြည်းဖြည်း လျော့ပါး လာသည်။ အင်းဝတွင်ဆုံရန် ချိန်းဆိုထားခဲ့ပြီး မိုင်းမောမှဆင်းလာမည့် စစ်သူကြီးအာတင်အော (E-ERH-TENG-O) စစ်ကြောင်း၏ သတင်းလည်း အစအနမျှပင် မကြားရ ဖြစ်နေကြောင်း တွေ့ရှိရသည်။

သို့ဖြစ်၍ မင်ဂျွီသည် လက်အောက်စစ်သူကြီးများနှင့် ဆွေးနွေး တိုင်ပင်ကြသည်။ အင်းဝသို့ ဆက်လက် ချီတက်ရန် ဖြတ်သန်းသွားရမည့် တောင်များမှာ ပို၍မတ်စောက်သည်၊ တောလည်းပို၍ နက်သည်။ နယ်မကျွမ်းသဖြင့် ခရီးလည်းလမ်း မှားကြသည်မှာ အကြိမ်ပေါင်း မရေတွက်နိုင်ပြီ။ မြန်မာတို့၏ တုံ့ပြန်ပစ်ခတ် တိုက်ခိုက်မှုကလည်း ပိုမို ပြင်းထန်လှသောကြောင့် အထိအခိုက် များလှသည်။ ကျေးရွာများမှ အကူအညီလည်း လုံးဝမရ။ ရိက္ခာလည်း လုံးဝမရှိတော့။ ခဲယမ်း မီးကျောက်လည်း အလွန် နည်းပါးနေသည်။ မြန်မာတို့ စုပုံထားသော ရိက္ခာများ သုံးဆယ်မြောက်ဖက် မိုင်းလုံ (MONG LONG) တွင် ရှိသည်ဟု ကြားသိရသည်။ သိန္နီသို့ လာရင်းလမ်းအတိုင်း ပြန်သည်ထက် မိုင်းလုံတွင် ရနိုင်သမျှ စားနပ်ရိက္ခာများ ရယူအင်အားဖြည့်ပြီးလျှင် အာတင်အော (E-ERH-TENG-O) စစ်ကြောင်း၏သတင်း စုဆောင်းရင်း သိန္နီဘက်သို့ ပြန်လှည့်ရန် ဆုံးဖြတ်ကြသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။