Friday, June 7, 2013

ပြုပြင်ပြောင်းလဲမှု နောက်ပြန်မလှည့်နိုင်ဘူး ဆိုတာ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား

(မြစ်မခ)


ဇွန်လ ၆-ရက်နေ့က နေပြည်တော်တွင် ဆက်လက်ကျင်းပနေသော (World Economic Forum East Asia 2013) ကမ္ဘာ့စီးပွားရေးဖိုရမ်အတွင်း ဘီဘီစီ အသံလွှင့်ဌာနနှင့်ပူးတွဲကျင်းပသည့် “မြန်မာပြည်၏အနာဂတ် ဆွေးနွေးပွဲ အစီအစဉ်တွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နှင့် ရိန်းဖောမြန်မာအဖွဲ့ပူးတွဲတည်ထောင်သူမဇင်မာအောင်တို့ ပါဝင်ဆွေးနွေးခဲ့ ကြသည်။

 

မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲရေးသည် ရှေ့သို့သာသွားမည်ဖြစ်ပြီး အခြားနိုင်ငံများကလည်း ယင်းကဲ့သို့ပင် လက်ခံသဘောတူထားကြောင်း ပြည်ထောင်စုဝန်ကြိးဦးစိုသိန်း၏ အဆိုကို နိုင်ငံရေးတွင် နောက်ကြောင်းပြန်မသွားတော့ ဘူးဆိုတာမရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်ကပြောကြားရင်း ပြုပြင် ပြောင်းလဲရေးကိစ္စများတွင် ပြည်သူများကိုယ်တိုင်ကိုယ်ကျ အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်မှသာ လက်ရှိနိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ နောက်ကြောင်းပြန်မလှည့်နိုင်ဘဲ ရှေ့သို့ဆက်လက်သွားမည့် အာမခံချက် ရရှိမည်ဖြစ်ကြောင်း ဆက်လက် တိုက်တွန်းပြောကြားခဲ့သည်။
 
မဇင်မာအောင်ကမူ ကာတွန်းရုပ်ပြောင် တစ်ခုကိုကိုးကားဖေါ်ပြီး ရှေ့လည်းမတိုးနောက်လည်းမဆုတ် ပတ်ခြာလည်နေကြောင်း ပြောကြားခဲ့သည်။
 
လက်ရှိတရားစီရင်ရေးစနစ်အကြောင်းဆွေးနွေးရာတွင် ဦးစိုးသိန်းက လက်ရှိတရားစီရင်ရေးစနစ်သည် မျှတ လာပြီဖြစ်ပြီး ယခင်က စစ်တပ်အနေဖြင့် ကြိုက်တာလုပ်နိုင်သော်လည်း ယခု ဥပဒေစည်းမျဉ်းများအတိုင်း လိုက်နာဆောင်ရွက်နေပြီဖြစ်ကြောင်းပြောကြားရာ ဒေါ်အောင်ဆန်းစုကြည်က တရားသူကြီးချုပ်နှင့် တရားရေး အဖွဲ့ဝင်များကို နိုင်ငံတော်သမ္မတက ရွေးချယ်ခန့်အပ်ခြင်းအားဖြင့် တရားစီရင်ရေးစနစ်သည် အုပ်ချုပ်ရေး အဖွဲ့၏ လွှမ်းမိုးမှုအောက်တွင် ရှိနေသေးကြောင်း ထောက်ပြပြီး ဦးစိုးသိန်း၏အဆိုကို ငြင်းဆိုသွားပါသည်။
 
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးက အများသဘောတူလျင် ပြောင်းနိုင်ကြောင်းပြောကြားသော်လည်း ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံပြောင်းရန်အတွက် ဖွဲ့စည်းပုံ ပြောင်းသင့်ကြောင်း လက်ခံလာအောင်ပြောင်းလဲရဦးမည်ဖြစ်ကြောင်းပြောဆိုခဲ့ပြီး မဇင်မာအောင်ကမူ ဖွဲ့စည်းပုံ ပြောင်းလဲရေးတွင် ပြည်သူ့ကိုယ်စားလှယ် စုစုပေါင်း (၇၅) ရာခိုင်နှုန်းထက် တပ်မတော် ကိုယ်စားလှယ် (၂၅) ရာခိုင်နှုန်းက ဗီတိုအာဏာရထားသလိုဖြစ်နေခြင်းမှာ သဘာဝမကျကြောင်းပြောကြားခဲ့သည်။
 
တပ်မတော် နှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်ကတပ်မတော်ကို မိမိတို့ဆိုင်ရာကဏ္ဍုတွင် ကျွမ်းကျင် ပိုင်နိုင်သည့် အတတ်ပညာရှင် ပီပီသသ( highly professional ) ဖြစ်စေလိုသည့် စေတနာရှိပါကြောင်း၊ ထို့အတူ ရည်ရွယ်ချက်ထား၍ ဖွဲ့စည်းထားသောအဖွဲ့ ( Institutions ) များသည် မိမိတာဝန် ရည်မှန်းချက် များကို ပေါက်မြောက်အောင် ဆောင်ရွက်နိုင်သည့် အဖွဲ့အစည်းများ ဖြစ်လာရန် လိုအပ်ကြောင်းလည်း ထည့်သွင်း ပြောကြားသွားခဲ့သည်။
 
နိဂုံးချုပ်အနေဖြင့် ဘီဘီစီမှ မစ္စတာနစ်ဂိုဝင်က ဆွေးနွေးပွဲအစီအစဉ်သို့ တက်ရောက်လာသည့် ပရိသတ် (၅၀၀) ကျော်အား နိုင်ငံတော်မှ ဆောင်ရွက်နေသော ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်၍ နောက်ပြန်လှည့်မည်ဟု ယူဆသူများ ( အဆိုးမြင်သူများ ) လက်ထောင်ရန်ပြောရာ (၅) ယောက်ခန့်သာလက်ထောင်ပြီး နောက်ပြန်မလှည့်တော့ ဟုယုံကြည်သူများအား ( အကောင်းမြင်သူများ ) လက်ထောင်ရန် ပြောရာတွင် တက်ရောက်သူ အများအပြားလက်မြှောက်ပြခြင်းဖြင့် နိုင်ငံတော်အစိုးရ၏ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မှုများကို ယုံကြည်မှုရှိကြောင်း ပြသခဲ့ကြသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။