Wednesday, December 12, 2012

လက်ပန်းတောင်းတောင် အရေးအခင်းနဲ့ ရဲသမိုင်းအစဉ်အလာ - အပိုင်း (၁)

(စည်းလုံးခြင်းရဲ့အင်အား)



မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် အသုံးပြုရန် ဖြည့်ဆည်းပေးထားသော ခေတ်မီ မော်တော်ယာဉ်များ

အယ်ဒီတာအဖွဲ့၏ တင်ပြချက် (၁) ။       ။ စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုက်ဒ်အနေဖြင့် လက်ရှိနိုင်ငံရေး အခင်းအကျင်းမှာ ဂယက်ရိုက် နေ တဲ့ လက်ပန်းတောင်းတောင် အရေးအခင်းတွင် အကြမ်းဖက်နှိမ်နှင်း ခဲ့ရ တဲ့ ရဲတပ်ဖွဲ့နဲ့ ပတ်သက်ပြီး အကြောင်းအရာများကို သတင်းအနေ ဖြင့်၎င်း၊ သတင်းဆောင်းပါးအနေဖြင့်၎င်း ဖော်ပြရန် စီစဉ်ထားပါတယ်။ နိုင်ငံတော်မှာ လက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့တည်းသာရှိရမည်ဟု သတ်မှတ် ထား ရာ စစ်တပ်နဲ့ရဲတပ်ဖွဲ့တွေဟာ လုပ်ငန်းတာဝန် သဘောသဘာဝအရ ဆက်စပ်ရောထွေး ပတ်သက်နေတာမို့ တင်ပြရခြင်း ဖြစ်ပါတယ်။

                                  (၂) ။        ။ ယခုအခါ လက်ပန်းတောင်း တောင် စီမံကိန်းနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးစီးတဲ့ စုံစမ်း စစ်ဆေးရေးကော်မရှင် ဖွဲ့စည်းထားပြီးဖြစ်လို့ သတင်းအချက်အလက် အထောက်အထား လိုက်လံစုဆောင်းနေပြီဖြစ်ရာ တစ်ထောင့်တစ်နေရာ မှ တင်ပြထားချက်များကို အထောက်အကူပြုလိမ့်မည်ဟု ယုံကြည် မျှော်လင့်ပါတယ်။ ရဲတပ်ဖွဲ့အနေနဲ့ အစိုးရအဆက်ဆက် အမိန့်နှင့်တာဝန် အရ ထမ်းဆောင်ရသည်ဆိုသော်လည်း စည်းကမ်းတကျနှင့် လုပ်ထုံး လုပ်နည်းအတိုင်း လုပ်ဆောင်ခဲ့ခြင်းမရှိမှု၊ အကျင့်စာရိတ္တ အနည်းနဲ့ အများ ပျက်ယွင်းမှု၊ အစိုးရအဖွဲ့များရဲ့ တာဝန်ခံခြင်း၊ ဖြေရှင်းနိုင်ခြင်း မရှိမှုတို့ကြောင့် ပြည်သူလူထုရဲ့ ဝေဖန်ပြစ်တင်ခြင်းကို အမြဲလိုလို ခံရ သလို အစိုးရအဖွဲ့များရဲ့ ထိုးကျွေးခြင်းကိုလည်း ခံရပါတယ်။ ရဲသမိုင်း အစဉ်အလာကစပြီး တပ်ပုံစံ ဇာတ်သွင်းတာကအလယ်၊ လက်ရဲဇက်ရဲ သွေးသံရဲရဲနဲ့ ပရမ်းပတာနိုင်လှတဲ့ နိုင်ငံတော်ရဲရဲ့ အနေအထား၊ လက် ပန်း တောင်းတောင်ပိနေတဲ့ ရဲတပ်ဖွဲ့တွေရဲ့ အကြောင်းအရာများကို ပြည်တွင်းက ရဲတပ်ဖွဲ့နဲ့ နီးစပ်သူမိတ်ဆွေများရဲ့ သတင်းပေးပို့ချက်ပေါ် မူတည်ပြီး စဉ်ဆက်မပြတ်တင်ပြသွားပါမယ်။

လက်ပန်းတောင်းတောင် အရေးအခင်းနဲ့ ရဲသမိုင်းအစဉ်အလာ - အပိုင်း (၁)
 နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်


၁၈၈၅ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး ဗြိတိသျှ ကိုလိုနီ နယ်ချဲ့ လက် အောက် သို့ ကျရောက်ခဲ့ပြီးနောက် ဗြိတိသျှ ကိုလိုနီ၏ ရဲလုပ်ငန်းစနစ်ကို စတင်ခဲ့ပါတယ်။ လွတ်လပ်ရေးရပြီးနောက် ဖဆပလအစိုးရလက်ထက် တွင် ရဲတပ်ဖွဲ့ရဲ့ ဖွဲ့စည်းပုံအသွင်သဏ္ဍာန်ကို ဗြိတိသျှပုံစံအချိုးအား အနည်း ငယ်သာ ပြင်ဆင်ပြီး ဖွဲ့စည်းပေးခဲ့ပါတယ်။ ၁၉၆၂ ခုနှစ် စစ်တပ်မှ အာဏာသိမ်းခဲ့ပြီးနောက် ၁၉၆၄ ခုနှစ်တွင် ပြည်သူ့ရဲတပ်ဖွဲ့အဖြစ် ပြောင်း လဲဖွဲ့စည်းခဲ့ပါတယ်။ ဗြိတိသျှကိုလိုနီရဲ့ လက်ကိုင်တုတ်ပုလိပ်ဟု ပြည်သူ တွေက ခေါ်ဝေါ်သမုတ်ခဲ့လို့ ပြည်သူ့ရဲလို့ ပြောင်းလဲခေါ်တွင်စေခဲ့ပါတယ်။ မဆလခေတ်မှာ ရဲတွေရဲ့ အကျင့်စရိုက်ဆိုးများ ပပျောက်စေဖို့ နေပြည် တော်ရဲများဟုခေါ်တွင်ကာ စစ်တပ်မှ အရာခံ၊ အကြပ်ကြီးတွေအား ခေါ်ယူသွတ်သွင်းစေခဲ့ပါတယ်။


န၀တအစိုးရလက်ထက်တွင် ပြည်သူ့ရဲအစား မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟု ပြောင်းလဲခေါ်ဆို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီးနောက် ရန်ကုန်မြို့ကမ်းနားလမ်းရှိ ပုလိပ်ရုံးကြီးအား ရန်ကင်းဆရာစံလမ်းသို့ ပြောင်းရွှေ့စေခဲ့ပါတယ်။ ပြည်နယ်/တိုင်းရဲတပ်ဖွဲ့မှူးများကို ရဲမှူးကြီးအဆင့်ထားရှိပြီး ခရိုင်ရဲတပ်ဖွဲ့ မှူး များကို ဒုရဲမှူးကြီးအဆင့် သတ်မှတ်ကာ မြို့နယ်ရဲတပ်ဖွဲ့မှူးများကို ဒုရဲမှူးများအဆင့် တာဝန်ပေးအပ်ထားခဲ့ပါတယ်။ နအဖလက်ထက်တွင် အုပ်ချုပ်ရေးတာဝန်များဖြစ်ကြတဲ့ မယက၊ ခယက၊ တယကများမှာ အဖွဲ့ ၀င်များအဖြစ် ရဲများအား ထည့်သွင်းစေခဲ့ပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာန ချုပ်တွင် ရဲချုပ်၊ ဒုတိယရဲချုပ်နှင့် ဦး/ရေး/ထောက် ဆိုင်ရာတို့ ကို ရဲမှူးချုပ်အဆင့်များက တာဝန်ယူကြီးကြပ်ကာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ တစ်ခုလုံးအား ကြီးကြပ်ကွပ်ကဲထိန်းချုပ်ပါတယ်။
ရဲဦးစီးဌာနတွင် ရဲမှူးချုပ်တစ်ဦးမှ ဦးစီး၍ နိုင်ငံအတွင်း လုံခြုံရေး၊ ထောက်လှမ်းရေး၊ မှုခင်းများ၊ သင်တန်းများ၊ ဖွဲ့စည်းမှု၊ ကြီးကြပ်ကန့် သတ်ပစ္စည်းများ ထုတ်ပေးအပ်နှံခြင်း၊ စစ်ဆေးရေးနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးများကို ကြီးကြပ်ဆောင်ရွက်ပါတယ်။ ရဲရေးဌာနမှာတော့ ရဲမှူးချုပ်တစ်ဦးမှ ကွပ်ကဲပြီး ရာထူးခန့်ထားရေး၊ ပြောင်းရွှေ့နေရာချ ထားရေး၊ ရဲစည်းကမ်း၊ လစာစရိတ်၊ သက်သာချောင်ချိမှုနှင့် အငြိမ်းစား ခံစားခွင့်များ ဆောင်ရွက်ပါတယ်။ ရဲထောက်ဌာနတွင် ရဲမှူးချုပ်တစ်ဦးမှ ကွပ်ကဲပြီး ထောက်ပံ့ပို့ဆောင်ရေး၊ ပြင်ဆင်ရေး၊ ဝယ်ယူဖြည့်တင်းရေး၊ ဘဏ္ဍာရေးများ ဆောင်ရွက်ပါတယ်။ ဓါတုဗေဒစစ်ဆေးရေးဌာနကို ညွှန်ကြားရေးမှူးအဆင့်မှ ကြီးကြပ်ကွပ်ကဲ၍ အစွန်းအထင်း/ အဆိပ် အတောက် ဓါတ်ခွဲစစ်ဆေးပေးခြင်း၊ မူးယစ်ဆေးဝါးနှင့် အထွေထွေ ဓါတ်ခွဲစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပါတယ်။
 မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဖွဲ့စည်းပုံဇယား


မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်များကိုတော့ အောက်ပါ အတိုင်း သတ်မှတ်ခဲ့ပါတယ် -
(က) ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး။
(ခ) တရားဥပဒေစိုးမိုးရေး။
(ဂ) မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး။
(ဃ) ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရေး။
မြန်မာနိုင်ငံရဲတပ်ဖွဲ့လက်အောက်မှာရှိတဲ့တပ်ဖွဲ့တွေကို -
(က)ဆူပူအကြမ်းဖက်မှုနှင့် အဓိကရုဏ်းများအား အဓိကနှိမ်နင်းရသော ရဲတပ်ရင်းများနဲ့
(ခ) တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးကို ထိန်းသိမ်း စောင့်ရှောက်ရသော နယ်မြေခံရဲတပ်ဖွဲ့ / ရဲစခန်းများ ဆိုပြီး နှစ်ပိုင်းခွဲ ထားပါတယ်။
တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်နဲ့ မြို့နယ်ရဲတပ်ဖွဲ့တွေ၊ သတင်းရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့၊ မူးယစ်အထူးတပ်ဖွဲ့ တို့ကတော့ တရားဥပဒေ စိုးမိုးရေး လုပ်ရတဲ့ တပ်ဖွဲ့တွေထဲမှာ ပါဝင်ပါတယ်။ ဆူပူအကြမ်းဖက်မှုနဲ့ အဓိက ရုဏ်း နှိမ်နှင်းရေးလုပ်ငန်းတွေကို ရဲတပ်ရင်းများက တာဝန်ယူရပါတယ်။

လက်ပန်းတောင်းတောင်အရေးအခင်းနဲ့ ရဲသမိုင်းအစဉ်အလာ - အပိုင်း (၂) ကို http://photayokeking.org မှ ဆက်လက် ဖော်ပြသွားပါမယ်။
 

 

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။