Friday, December 7, 2012

ပကာသန ဇာတ်ပျက် အကြမ်းဖက် ဒီမိုကရေစီ ဖြစ်နေပြီ

(Dr. Lun Swe Blog)

ဖွင့်ဆိုချက်
ပကာသန = အရေခြုံ ဟန်ဆောင်မှု
ဇာတ်ပျက် = စည်းကမ်းမဲ့ခြင်းနှင့် ကျင့်ဝတ်ဖောက်ဖျက်ခြင်း
အကြမ်းဖက် = အင်အားသုံး ဥပဒေမဲ့ ပြုလုပ်ခြင်းနှင့် လက်နက်နှင့် အနိုင်ယူခြင်း

လက်ပံတောင်းက ကြေးနီစီမံကိန်းကြီး ရပ်ဆိုင်းဖို့ ဒေသခံတွေက ၂၀၁၂ မတ်လကုန်မှာ စတင်ဆန္ဒပြခဲ့ကြပြီး ၂၀၁၂ ခုနှစ် ဇွန်လမှာတော့ ပိုပြီး ပြင်းထန်တဲ့ ဆန္ဒပြမှု၊ တောင်းဆိုမှုတွေ ပေါ်ထွက်လာတာပါ။

မြစ်ဆုံစီမံကိန်းရဲ့ ပထမ တရားခံ ပွဲစားလုပ်ခဲ့သူကတော့ အေရှားဝေါလ်ကုမ္ပဏီ ထွန်းမြင့်နိုင် ခေါ် စတီဗင်လော ဖြစ်ပါတယ်။ ဘိန်းဘုရင် လော်စစ်ဟန်ရဲ့ သားဖြစ်ပြီးတော့ နအဖခေတ်မှာ လူရာဝင်ခဲ့သူ ဖြစ်ပါတယ်။ မဆလခေတ်မှာတော့ ဘိန်းဘုရင်တွေကို မျက်နှာသာမပေးခဲ့တဲ့ မှန်ကန်မှု ရှိခဲ့တယ်ဆိုတာ အသိအမှတ်ပြုရမှာပါ။ နအဖခေတ်ဦးမှာလည်း သစ်တောဝန်ကြီး ဒုတိယဗိုလ်ချူပ်ကြီး ချစ်ဆွေက ထွန်းမြင့်နိုင်ကို သစ်လုပ်ကွက် မပေးခဲ့ပါဘူး။ နောက်ပိုင်းကျတော့ နအဖခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက လုပ်ပိုင်ခွင့်တွေ ပေးပြီး လူရာသွင်းခဲ့ပါတယ်။ အထူးသဖြင့် တရုတ်နဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေ အများဆုံး ရရှိအောင် မြှောက်စားခဲ့ပါတယ်။

လက်ပံတောင်းတောင်စီမံကိန်းရဲ့ ပထမ တရားခံကတော့ ထူးထရေးဒင်း ကုမ္ပဏီက တေဇ ဖြစ်ပါတယ်။ သူ ပွဲစားလုပ်ပြီး ၀မ်ပေါင်ကုမ္ပဏီကို မြန်မာပြည်ကို ခေါ်ခဲ့တယ်။ ပွဲခတွေ မြိုးမြိုးမြက်မြက် ရခဲ့ပါတယ်။ သူ့ကျောထောက်နောက်ခံကတော့ ဦးသန်းရွှေနဲ့ ဒေါ်ကြိုင်ကြိုင် ဖြစ်ပြီး ဒေါ်ကြိုင်ကြိုင်ရဲ့ စီးပွားလုပ်ငန်းတွေကို တာဝန်ယူဆောင်ရွက်ပေးနေတဲ့ ခရိုနီ အကြီးစားကြီး ဖြစ်တယ်ဆိုတာ လူတိုင်း သိနေကြပါတယ်။

လက်ပံတောင်းတောင်စီမံကိန်းကို တရုတ်နိုင်ငံက ၀မ်ပေါင်ကုမ္ပဏီနဲ့ လုပ်ဖို့ စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်ကို သတ္တုတွင်းဝန်ကြီးဌာနရဲ့ အများပြည်သူ အကျိုးစီးပွားကနေ ခွဲဝေပေးစေခဲ့တာမှာ အဲဒီတုန်းက အာဏာရှင်ကြီး ဦးသန်းရွှေရဲ့အမိန့်နဲ့ ဇွတ်အတင်း သွတ်သွင်းခဲ့တာကို ငြင်းလို့မရပါဘူး။

နအဖအစိုးရက အစိုးရသစ်ကို အာဏာလွှဲမပေးမီ သေချာပေါက် မြတ်စွန်းတဲ့ လုပ်ကွက်လုပ်ငန်းတွေကို တပ်မတော်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်ကို လွှဲပြောင်းစေခဲ့တာတွေဟာလည်း ရိုးသားမှုမရှိတဲ့ လုပ်ရပ်များပဲ ဖြစ်ပါတယ် (ဥပမာ - ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်း၊ ရန်ကုန်ဆိပ်ကမ်း ကုန်သေတ္တာစခန်းတွေကို အာဏာမလွှဲမီလေးတင် အပိုင်စီးခွင့်ပေးခဲ့တာပါ။)

ဒီအထဲမှာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဦးပိုင်ကို လွှဲပြောင်းပေးအပ်ပြီး ဦးပိုင်က သွင်းရမယ့်ငွေကို ၀မ်ပေါင်ကုမ္ပဏီက သွင်းပေးခဲ့တဲ့ ရိုက်စားလုပ်ရပ်ကလည်း ဖျောက်ဖျက်လို့ မရနိုင်တော့ပါဘူး။ ဒီကြားထဲ သတ္တုတွင်းဝန်ကြီးဌာနရဲ့ အလွဲသုံးစားမှုတွေလည်း ပေါ်ပေါက်လာခဲ့ပြီး ပြဿနာတွေ ရှုပ်ထွေးဆဲ အနေအထားမှာ ရှိနေပါတယ်။

အဲဒီလို အစမကောင်းတဲ့ ကြေးနီတောင်စီမံကိန်းဟာ ယနေ့အထိ အနှောင်းမသေချာပဲ ပြဿနာတွေ ဆက်တိုက်ဖြစ်နေပါတယ်။ ဒေသခံ တောင်သူလယ်သမားတွေရဲ့ မြေဧက ၇,၈၀၀ ကို သီးနှံလျော်ကြေး ၃ နှစ်စာ ပေးပြီး နှစ် ၆၀ အပိုင်စီးမယ့် ဦးပိုင်နဲ့ ၀မ်ပေါင်တို့ရဲ့ မသမာမှုတွေကို သိလာကြတော့ မခံမရပ်ဖြစ်ပြီး ဆန္ဒပြတိုက်ပွဲတွေ ဆင်နွှဲခဲ့ကြတယ်။ ဦးပိုင်နဲ့ ၀မ်ပေါင်က တယောက်ကို ဘယ်ရွှေ့ဘယ်မျှ ယူပြီး အစိုးရကို ဘယ်ရွှေ့ဘယ်မျှ ပေးမယ်ဆိုတာ လျှို့ဝှက်ထိန်ချန်ထားတယ်၊ အများပြည်သူ သိအောင်လည်း ပွင့်လင်းမြင်သာစွာ ချပြခြင်းမရှိဘူး။

နိုဝင်ဘာ ၂၉ ရက်နေ့ မနက်လင်းအားကြီး ၃ နာရီက ဖြစ်ခဲ့တဲ့ အကြမ်းဖက် ဖြိုခွင်းမှုဟာ တော်တော်လေး အရုပ်ဆိုး အကျဉ်းတန်စေခဲ့ပါတယ်။ သူတို့ကပြောတော့ မျက်ရည်ယိုဗုံး၊ မီးခိုးဗုံးတဲ့။ ခံခဲ့ရတဲ့ ရဟန်းရှင်လူတွေရဲ့ ဒဏ်ရာတွေကတော့ မီးလောင်ခံရတဲ့ ဒဏ်ရာ၊ အရေပြား စုတ်ပြဲပြီး အသားတွေ ပြုတ်ကျတဲ့ ဒဏ်ရာတွေပါ။

ဓာတုလက်နက်မပါဘဲ ဒီလိုဒဏ်ရာမျိုးတွေ မရနိုင်ဘူးဆိုတာ လူတိုင်း သိနေကြပါတယ်။ အဲဒီကိစ္စမှာ သံသယဖြစ်စရာ၊ စဉ်းစားစရာကောင်းတာက လုံထိန်းရဲတွေ သပိတ်စခန်းတွေကို ဖြိုခွဲနေချိန်မှာ ၀မ်ပေါင် တရုတ်တွေက ၀င်ပြီး မီးလောင်ဗုံးတွေနဲ့ ပစ်သလားဆိုတဲ့ သံသယပါပဲ၊ ၀မ်ပေါင်ကုမ္ပဏီက လူသတ်လက်နက်ထုတ်တဲ့ ကုမ္ပဏီဆိုတာ ထင်မယ်ဆိုရင် ထင်စရာပေါ့၊ ဒါမှမဟုတ် လုံထိန်းရဲတွေကို ၀မ်ပေါင်ကုမ္ပဏီက မီးလောင်ဗုံးတွေ ထုတ်ပေးတာကော မဖြစ်နိုင်ဘူးလား။ အဲသလို သံသယဖြစ်စရာ စဉ်းစားစရာတွေ ရှိနေတယ်။ အတိအကျကိုတော့ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌလုပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်က ဖော်ထုတ်ပေးမယ်ထင်တာပဲ။

မေတ္တာသုတ် ရွတ်ပြီး အေးချမ်းစွာ ဆန္ဒပြနေတဲ့ သံယာတော်တွေကို အကြမ်းဖက်ပြီး ဖြိုခွင်းတဲ့ မိုက်ရိုင်းမှုကတော့ ကမ္ဘာကျော်သွားပါပြီ။ ရွှေည၀ါဆရာတော်ကတော့ ဒီကိစ္စက တမင်သတ်သတ် ကြိုတင်ကြံစည်ထားတဲ့ နိုင်ငံရေးထောင်ချောက်တခုလို့ စွပ်စွဲထားတယ်။ ဒီလိုနည်းနဲ့ စစ်တပ်က အာဏာပြန်သိမ်းချင်ပုံရတယ်လို့လည်း မှတ်ချက်ပေးထားတယ်။ ဒီကနေ့ ဥပဒေပြုရေး လွှတ်တော်နဲ့ အုပ်ချုပ်ရေးဆိုတဲ့ အစိုးရအဖွဲ့တို့က တယောက်တမျိုးစီ ဖြစ်နေကြတယ်။ လွှတ်တော်က ပြဌာန်းဖို့ တင်ပြတာကို သမ္မတက လက်ခံခြင်းမရှိသလို သမ္မတက သ၀ဏ်လွှာပေးပြီး ပြင်ဆင်ခိုင်းတာတွေကိုလည်း လွှတ်တော်က လက်ခံခြင်း မရှိခဲ့တဲ့ သဘောထားကွဲမှုတွေ လွှတ်တော်နဲ့ သမ္မတကြားမှာ ဖြစ်နေတယ်။

ဒါပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့ လက်မခံတာကျတော့ လွှတ်တော်နဲ့ သမ္မတ သဘောထားချင်း ကိုက်ညီနေတယ်။ လုပ်ချင်တာ လုပ်ထားတဲ့ ဥပဒေကို ပြင်လို့ မရအောင် မဲခွဲလို့ မဖြစ်အောင် တမတ်သား စစ်တပ်ကိုယ်စားလှယ်တွေကို ကြိုပြီးထည့်ထားလို့ ပြင်ရ ခက်နေတာပေါ့။ လွှတ်တော်ထဲမှာ တမတ်သားတွေ ထထပြီး ကန့်ကွက်တာကလွဲလို့ ဘာမှအရေးမပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းက စစ်သားတွေ နိုင်ငံရေးလုပ်တာ စီးပွားရေးလုပ်တာကို လက်မခံခဲ့ဘူး။ သူကိုယ်တိုင် ဗိုလ်ချုပ်ရာထူးက ထွက်ပြီး နိုင်ငံရေးလုပ်ခဲ့တာ အားလုံးအသိပဲ။ အခု မြန်မာ့စီးပွားရေး ဦးပိုင် ဆိုတာက စစ်တပ်အရှိန်အ၀ါ သုံးပြီး အနိုင်ကျင့် အခွင့်အရေးယူနေတဲ့ စီးပွားရေးလုပ်ငန်းတခုပဲ။

လွှတ်တော်က နိုဝင်ဘာ ၂၃ ရက်နေ့မှာ လက်ပံတောင်းတောင်စီမံကိန်းနဲ့ ပတ်သက်ပြီး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းဖို့ အတည်ပြု သဘောတူတဲ့နေ့မှာပဲ ပြည်ထဲရေးဝန်ကြီးဌာနက ပြဿနာဖြစ်နေတဲ့ လက်ပံတောင်းတောင်နားက မြေဧက တသောင်းကို နှစ် ၆၀ ဂရန် ထုတ်ပေးခဲ့ခြင်းကတော့ ဘက်လိုက်ဆောင်ရွက်မှု မဟုတ်ပါဘူးလို့ ဘယ်သူငြင်းမှာလဲ။ အစကတည်းက အစိုးရက ဦးပိုင်ဘက်က ခပ်ပါပါ ဖြစ်နေတာ ထင်ရှားနေတယ်။ နောက်ပြီး လွှတ်တော်က အတည်ပြုလိုက်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းရေးကို ပြဿနာတွေဖြစ်ပြီး ဒီဇင်ဘာ ၁ ရက်နေ့ကျမှ ကော်မရှင် စဖွဲ့တယ်။ ဒီဇင်ဘာ ၃ ရက်နေ့မှာ ကော်မရှင်အသစ် ပြန်ဖွဲ့ပြန်တယ်။ ပထမဖွဲ့တာ အဖွဲ့ဝင် ၃၀ ရှိပြီး ဒုတိယဖွဲ့တာမှာတော့ အဖွဲ့ဝင် ၁၆ ဦးပဲ ရှိတယ်။ လူများတာ နည်းတာက ပြဿနာတော့ မဟုတ်ပါဘူး။ မှန်မှန်ကန်ကန် စုံစမ်းဖော်ထုတ် အရေးယူနိုင်ဖို့ကသာ အဓိကဖြစ်ပါတယ်။

ရခိုင်ကိစ္စ ကော်မရှင် ဖွဲ့ပေးခဲ့တာလည်း ခုချိန်ထိ ဘာမှမထူးသေးဘူး။ ခက်နေတာက ကော်မရှင် ဖွဲ့တယ်ဆိုတာ ခံရသူတွေကို လောလောဆယ် ချွေးသိပ်သလို ဖြစ်နေတာပဲ။ အချိန်ဆွဲသလို ဖြစ်နေတာပဲ။ ကြာရင် ပျောက်သွားမယ်လို့ ယူဆပုံရတယ်။ စုံစမ်းစစ်ဆေးရေးကော်မရှင်က စစ်ဆေးတွေ့ရှိချက် အကြံပြုချက်တွေကိုရော တကယ်ပဲ အလေးထားမှာလား။ တကယ်ပဲ အရေးယူမှာလား။ အရင်ကတော့ ယောင်ဝါးဝါး ကော်မရှင်တွေပဲ တွေ့ဖူးတယ်။ ခုတော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် စုံစမ်းရေးကော်မရှင် ဥက္ကဌ လုပ်တာဖြစ်တဲ့အတွက် ထူးခြားလာမှာလား၊ မေးစရာ ပြောစရာတွေ ရှိနေပါတယ်။

အကြမ်းဖက် ဖြိုခွဲမှု၊ မီးလောင်ဒဏ်ရာရမှုတွေအတွက် သံယာတော်တွေက သမ္မတနဲ့ အစိုးရအဖွဲ့ကို ထိထိရောက် တောင်းပန်ဖို့ လိုလားနေကြပေမယ့် နိုဝင်ဘာ ၆ ရက်နေ့အထိတော့ သမ္မတနဲ့ အစိုးရအဖွဲ့က သံယာတော်တွေကို တောင်းပန်ခြင်းမပြုသေးပါဘူး။ ခုချိန်ထိ ဆေးရုံမှာ ဒဏ်ရာရ သံယာတော် ၇ ပါး စိုးရိမ်ရတဲ့ အဆင့်မှာ ရှိနေသေးတယ်။

ဒီဇင်ဘာ ၂ ရက်နေ့အထိ လက်ပံတောင်းတောင် သပိတ်စခန်းတွေ အကြမ်းဖက် ဖြိုခွင်းမှုကိစ္စ ဆန့်ကျင်ဆန္ဒပြသူ ၇ ဦးကို ရန်ကုန်တိုင်းဒေသကြီး ရဲက ဖမ်းဆီးထားတယ်။ အဲဒီနေ့မှာ GW က ကိုမိုးဃ်သွေးနဲ့ ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်က ကိုအောင်စိုးတို့ကို ရဲတွေက ၀ိုင်းပြီး သေနတ်တွေနဲ့ လူမြင်ကွင်းမှာ ဖမ်းကြတယ်။ ဒုတိယအကြိမ် ရဲတွေက အကြမ်းဖက်ခြင်းပါပဲ။ လက်နက်မရှိတဲ့ လူတွေကို လက်နက်နဲ့ အနိုင်ကျင့်ပြီး လူကြားထဲမှာ ရုန်းရင်းဆန်ခတ် လုပ်သွားတယ်။

ခက်နေတာက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီခရီးမှာ ဆန့်ကျင်ဘက်တွေ ဖြစ်နေတုန်းပဲ။ ဒီမိုကရေစီနဲ့ တကယ့်ဆန့်ကျင်ဘက်တွေက ရဲတွေရဲ့ လုပ်ရပ်တွေဖြစ်နေတယ်။ ဘုန်းမော် ကျဆုံးပြီး တိုင်းပြည်ပျက်ခဲ့တာလည်း အာဏာရှင် ခိုင်းတာလုပ်တဲ့ ရဲတွေကြောင့်ပဲ။ ခုချိန်ထိ မဆင်ခြင်ကြသေးဘူး။ လက်ပံတောင်းတောင် အကြမ်းဖက်ဖို့ ခိုင်းစေခံရတာလည်း ရဲတွေပဲ။ ဒါကြောင့် ပကာသန ဇာတ်ပျက် အကြမ်းဖက် ဒီမိုကရေစီ ဖြစ်နေပြီလို့ ပြောရတာပါ (အစိုးရကတော့ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီလို့ ကြွေးကြော်နေတာပဲ)။ ကူညီပါရစေလို့ ပြောပြီး ပြည်သူကို ဒုက္ခအပေးဆုံးက ရဲပဲ။ သေသွားအောင် ရိုက်စစ်တာလည်း ရဲပဲ။ ၁၃ နှစ် သမီးကို မုဒိမ်းကျင့်တာလည်း ရဲပဲ။ နိုင်ငံရေးသမားတွေကို ညှင်းပမ်းနှိပ်စက်ပြီး အတင်းဝန်ခံခိုင်းတာလည်း ရဲပဲ။ ငွေရရင် ဘာမဆို လုပ်တာလည်း ရဲပဲ။ ဥပဒေမျိုးစုံ ကျူးလွန်တာလည်း ရဲပဲ။ နေရာတိုင်းမှာ လာဘ်စားတာလည်း ရဲပဲ။ ကဲ ... မြန်မာပြည်က ရဲတွေနဲ့ နိုင်ငံတကာမှာ မကောင်းတာ အလုပ်ဆုံး ပြိုင်ပွဲဝင်လို့ ရတယ်။

ဒီမိုကရေစီလို့ အော်နေတဲ့ အစိုးရနဲ့အတူ ပြည်သူ့ရဲလို့ နာမည်မှည့်ထားတဲ့ ရဲတွေရဲ့လုပ်ရပ်က လူကို ဖမ်းမယ်၊ ရုံးတင်မယ်၊ အင်အားသုံးပြီး ဖြိုခွဲလိုက်မယ်ဆိုရင် လူထုတွေ ငြိမ်သွားလိမ့်မယ်ဆိုတဲ့ ပကာသန ဇာတ်ပျက် အကြမ်းဖက် ဒီမိုကရေစီကျင့်စဉ်တွေကို ကျင့်သုံးသလိုဖြစ်နေတယ်။ ပြောတော့ ဒီမိုကရေစီတဲ့၊ လုပ်နေတာက လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ဒီမိုကရေစီ နည်းလမ်းမကျတဲ့ လုပ်ရပ်တွေ ...။

ဥပဒေပြုရတဲ့ လွှတ်တော်က ငြိမ်းချမ်းစွာ စုဝေခြင်းနဲ့ ဆန္ဒပြခွင့် ဥပဒေ၊ နည်းဥပဒေတွေ သတ်မှတ်ပေးထားတယ်။ သက်ဆိုင်ရဲတွေက ဆန္ဒပြခွင့် ၁၀ ခု တောင်းရင် ၃ ခုလောက်ပဲ ခွင့်ပြုတယ်။ သူတို့ရဲ့ အဓိက အကြောင်းပြချက်ကတော့ လမ်းပိတ်ဆို့မှု ဖြစ်မှာစိုးလို့တဲ့။ ဆန္ဒပြခွင့်အတွက် ၅ ရက် ကြိုတင်ရတယ်။ ဘုန်းကြီးတရားဟောခွင့်အတွက် ၁၅ ရက် ကြိုတင်ရတယ်။ အဲဒီလို ပိတ်ဆို့ကန့်သတ်ပြီးမှ ခွင့်ပြုပေမယ့် ခွင့်ပြုချက်တောင်းတိုင်း အကြောင်းအမျိုးမျိုးပြပြီး ခွင့်မပြုတော့ ဆန္ဒပြကြတာပေါ့။ ဒီတော့ ခွင့်မပြုဘဲ ဆန္ဒပြမှု ပုဒ်မ ၁၈ နဲ့ ရုံးတင်တယ်။ သူတို့ အမြင်ကတ်ရင် နိုင်ငံတော် ဆူပူအောင် လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (က) နဲ့ ၅၀၅ (ခ) တို့ပါ ပူးတွဲ ဒုက္ခပေးတော့တာပဲ။

လက်ပံတောင်းတောင် အကြမ်းဖက် ဖြိုခွဲခံရမှု အရေးအတွက် နှာစေးနေကြတဲ့ ပုဂ္ဂိုလ်တွေကိုတော့ ကြံရာပါတွေအဖြစ် သတ်မှတ်ရမှာပဲ။ သမ္မတနဲ့ အစိုးရအဖွဲ့ကတော့ ဒီကိစ္စအတွက် ဖြေရှင်းပေးဖို့ အဓိက တာဝန်ရှိသူတွေ ဖြစ်ပါတယ်။

ဂျာနယ်တွေ၊ ပါတီတွေ၊ အဖွဲ့အစည်းတွေ၊ ခေါင်းဆောင်ဆိုတဲ့ လူတွေ၊ နှာစေးနေလို့ မဖြစ်ဘူး။ နှာစေးနေမယ် ဆိုရင်တော့ ကြံရာပါတွေပဲ ဖြစ်မှာပဲ။ လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ KIO – KNU – DKBA (ကလိုထူးဘောဒေသ) တို့ကတောင် လက်ပံတောင်းတောင် အကြမ်းဖက် ဖြိုခွင်းမှုကို ကန့်ကွက်ရှုတ်ချကြပါတယ်။

ဂျာနယ်တချို့ကတော့ ပြတ်ပြတ်သားသား ရေးလာကြပြီ။ တချို့ကတော့ နှာစေးနေတုန်းပဲ။ ခေါင်းဆောင်ဆိုတဲ့ လူတွေလည်း ခေါင်းဆောင်ပီသစေချင်တယ်။ ခေါင်းရှောင်တွေ မဖြစ်သင့်ဘူး။ ဘာဘဲဖြစ်ဖြစ် ပကာသန ဇာတ်ပျက် ဒီမိုကရေစီကျင့်စဉ်နဲ့ အပေါ်ယံ ဟန်ပြ ဒီမိုကရေစီ အရေခြုံတွေကို ပြတ်ပြတ်သားသား ဆန့်ကျင်တိုက်ခိုက်တဲ့ ရဟန်းသံဃာတွေနဲ့ လူထုတွေရဲ့ ညီညွတ်မှုနဲ့ ပြတ်သားတဲ့ တောင်းဆိုမှုတွေကို အရှိန်အဟုန်မြှင့်ကြပါစို့။ အဓိက လိုအပ်ချက်ဖြစ်တဲ့ လွတ်လပ်ပြီး မျှတတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ကြိုဆိုချင်ပါတယ်။ အားကိုးချင်ပါတယ်။ ပြင်းထန်စွာ ဒဏ်ရာရပြီး လူဖြစ်ရှုံးသွားတဲ့ ရဟန်းရှင်လူတွေကို တာဝန်ရှိတဲ့ နိုင်ငံတော်က ထိုက်တန်ထိရောက်တဲ့ လျော်ကြေးတွေပေးပြီး ကျေနပ်တဲ့အထိ တောင်းပန်တာတွေကိုလည်း မျှော်လင့်ချင်ပါတယ်။ စောင့်စားချင်ပါတယ်။ ဆုတောင်းတခုလည်း တောင်းမိပါတယ်။

“လူအချင်းချင်း လှည့်ဖျားခြင်း ... ကင်းရှင်းကြပါစေ”
“မီးလောင်ဗုံးကို မီးခိုးဗုံးဟု လှည့်ဖျားခြင်း ... ကင်းရှင်းကြပါစေ”
“တရုတ်အားကိုး ပုဆိန်ရိုးလုပ်ခြင်း ... ကင်းရှင်းကြပါစေ”

စိန်သံလုံး

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။