Friday, August 30, 2013

အီဂျစ်နွေဦး၏အရိပ်အောက်က မြန်မာခေါင်းဆောင်များ............

(Minmaha Bagan FB Page)

1981 မှ 2011 ထိ နှစ်ပေါင်း 30 လုံးလုံး တစ်ဦးတည်း အာဏာရှင်အဖြစ်နဲ့  အုပ်စိုးသွားခဲ့တဲ့ အီဂျစ်သမ္မတ မူဘာရက် ( Hosni Mubarak ) ဟာ ကမ္ဘာမှာ longest - serving President သက်တမ်းအရှည်ဆုံးသမ္မတ အဖြစ် ၊ အာဏာကို နှစ်အကြာဆုံး ဆုပ်ကိုင်ထားခဲ့သူအဖြစ်၊ နာမည်ကြီးသူပါ ။ လေတပ် ကာကွယ်ရေးဦးစီးချုပ်တစ်ယောက်က အကြောင်းအားလျော်စွာနဲ့ ပဲ 1975 မှာ ဒုသမ္မတရာထူး ရလာခဲ့ပြီး 1981 သမ္မတ Sadat လုပ်ကြံခံရတဲ့ အချိန်မှာတော့ 14 Oct. 1981 မှာသမ္မတဖြစ်လာခဲ့ပါတယ် ။


ဒီနေ့ ထိ အီဂျစ်နိုင်ငံကို အကြိမ်ကြိမ် စစ်အာဏာပြန်သိမ်းလို့ ရစေခဲ့တဲ့ ၊ မူဘာရက်ကို နှစ်၃၀လုံးသမ္မတ ဖြစ်စေခဲ့တဲ့ အခြေခံဥပဒေ တစ်ခုက အီဂျစ်ဖွဲ့ စည်းပုံမှာ ရှိနေခဲ့ပါတယ် ။ ( Emergency Law No. 162 of 1958 ) လို့ ခေါ်တဲ့ ဥပဒေပါ ။ သမ္မတ ဆဒတ် က သူ့ လက်ထက်မှာ အဲဒီ Law ကို ရုပ်သိမ်းပေးခဲ့တာ 18 လ ရှိခဲ့ပါတယ်။ အဲဒီအတွက်ပဲ သူလုပ်ကြံခံခဲ့ရတာဆိုရင်လည်း မှားမယ်မထင်ပါဘူး ။

သမ္မတ မူဘာရက် တက်လာတဲ့အချိန်မှာပဲ အဲဒီ Emergency Law No. 162 ကိုပြန်လည်အသက်ဝင်ကြောင်းကြေငြာခဲ့ပါတယ် ။ အဲဒီဥပဒေအရ Police power extended , Constitutional right suspended , censorship is legalised ဆိုတာတွေပြန်လည် အသက်ဝင်ခဲ့ပါတယ် ။ သူရဲ့ သမ္မတသက်တမ်း နှစ်၃၀လုံးအဲဒီဥပဒေက အသက်ဝင်နေခဲ့ပါတယ် ။ အဲဒါကြောင့်လည်း အဲဒီဥပဒေအရ ကြိုက်တဲ့သူကို ဖမ်းနိုင်တယ်။ မတရားအသင်းကြေငြာနိုင်တယ် ။ လူတိုင်းကို အကြောင်းအရင်းမရှိ ၊ အကန့် အသတ်မရှိ ထောင်ချနိုင်တယ် ။အဲဒါကြောင့်ပဲ သူ့ ရဲ့  National Democratic Party ( NDP ) ပါတီဟာ တစ်ပါတီ ထဲ နှစ်၃၀ သက်တမ်းရှည်နိုင်ခဲ့ရတာပါ။

မူဘာရက်ဟာ ပါးနပ်တဲ့သူပါ ။ အာရပ်နိုင်ငံတွေထဲမှာတော့ အနောက်အုပ်စုနဲ့  ဆက်ဆံရေးအဆင်ပြေအောင်နေခဲ့ပြီး ၊ အနောက်အထောက်အပံ့နဲ့  အီဂျစ်စစ်တပ်ဟာလည်း အနောက်အုပ်စုရဲ့  well train ကိုရခဲ့ပါတယ် ။အဲဒီအတွက်လည်း အထူးသဖြင့် အမေရိကန်ရဲ့ အလိုကျ အစ္စရေးနဲ့  ဆက်ဆံရေးပြေလည်အောင် နေပေးခဲ့ပါတယ် ။ အာဏာရှင်တို့ ရဲ့ ထုံးစံအတိုင်း ကိုယ်ကျိုးစီးပွားဖြည့်တင်းမှုတွေလည်းရှိခဲ့ပြီး အထူးသဖြင့်အမေရိကန်ရဲ့  အလိုကျ အစွန်းရောက် အစ္စလမ်မစ် အုပ်စုတွေကို ခေါင်းမထောင်နိုင်အောင် နှိပ်ကွပ်ထားနိုင်ခဲ့ပါတယ် ။

သူ့ ရဲ့ အမှားက ၂၀၀၅ ရွေးကောက်ပွဲအပြီးမှာ သူ့ ရဲ့ ကျန်းမာရေးအခြေအနေ ဆိုးရွားလာတဲ့အတွက် နောက်လာမယ့်ရွေးကောက်ပွဲမှာ သူ့ သား Gamal Mububarak ကို အာဏာလက်ဆင့်ကမ်းဖို့ ကြိုးစားခြင်းပါ ။ အဲဒီလို ရွေးကောက်ပွဲခြစား မတရားမှုတွေ ၊ ရဲတွေရဲ့  လူထုအပေါ်မှာ မတရားသဖြင့်အကြမ်းဖက်နှိပ်စက်လာတာတွေ ၊ Emergency law နဲ့  ကာလ ကြာရှည်စွာ မတရားဖိနှိပ်ထားမှုတွေ ၊ အကုန်စုပေါင်းလာခဲ့တဲ့အောက်မှာ အီဂျစ်လူတန်းစာအလွှာအသီးသီးရဲ့ တွန်းလှန်အုံကြွမှုကြီးက 25 , Jan , 2011 မှာ စတင်လာခဲ့ပါတော့တယ် ။

မူဘာရက်က ပါးနပ်သူလို့ ဆိုရမှာပါ ။ အဲဒီအချိန်ကစပြီး မူဘာရက်ဟာ ဘယ်သူနဲ့မှအတွေ့ မခံတော့ပဲ အများပြည်သူမြင်ကွင်းကို လုံးဝပေါ်မလာတော့ပါဘူး ။ 11 , Feb. , 2011 မှာ မူဘာရက်အစိုးရအဖွဲ့ ရဲ့ ဒုသမ္မတ အိုမာကပဲ မူဘာရက် နှုတ်ထွက်ပြီ
ဆိုတဲ့အကြောင်းကို တရားဝင်ကြေငြာခဲ့ပါတယ် ။ အဲဒီကြေငြာချက်ထွက်အပြီး ၂ နာရီအကြာမှာတော့ စစ်တပ်က အာဏာ လွှဲပြောင်းလက်ခံခဲ့ပါတယ် ။ မူဘာရက်အနေနဲ့  တိုင်းပြည်အတွက်ကိုပဲ အဓိကထားစဉ်းစားပေးတဲ့ အတွက် ကျေးဇူး တင်ကြောင်း ပြောဆိုခဲ့ပါတယ် ။ 28 , Feb , 2011 မှာတော့ အီဂျစ်ရှေ့ နေချုပ်က မူဘာရက်မိသားစုကို တိုင်းပြည်မှ ထွက်ခွာ ခွင့်မပြုတဲ့အကြောင်းကြေငြာခဲ့ပါတယ် ။

အဲဒီလိုနဲ့ ပဲ အီဂျစ်မှာ ပြည်သူရွေးကောက်တင်မြှောက်တယ်ဆိုတဲ့ သမ္မတမော်စီတက်လာခဲ့ပါတယ် ။ မူဘာရက်လက်ထက် တစ်လျှောက်လုံးမှာ Emergency law 162 အရ နှိမ်နင်းထားခဲ့တဲ့ အစ္စလမ်မစ်အဖွဲ့ အစည်းတွေ ၊ မူဆလင် ဘုရားသားဟုဒ်အဖွဲ့ တွေ ပါတစ်ပြိုင်နက်တည်းအားကောင်းလာကြပြီး ။ အစ္စလမ်အစွန်းရောက်တွေ ကြီးစိုးလာပါတော့တယ်။ အီဂျစ် လူလတ်တန်းစား အဖွဲ့ အစည်းနဲ့  ပညာတတ်လူငယ်အများစုက အဲဒီအန္တရာယ်ကို သဘောပေါက်ပြီး သမ္မတမော်စီကိုပါ 22 , Nov. 2012 မှာ ပြန်လ်ာစတင်ပြီးဆန္ဒပြကြပါတော့တယ်။ အရှိန်အဟုန်သိပ်ကြီးလာခဲ့ပြီး ထိန်းချုပ်ဖို့  ခက်ခဲလာခဲ့ပါတယ်။ မော်စီနဲ့  အစွန်းရောက် ဘုရားသားဟုဒ်တွေကလည်း ဆန္ဒပြသူတွေကို ရက်ရက်စက်စက် နှိပ်ကွပ်လာတဲ့ အတွက် သွေးမြေကျမှု ပေါင်းများစွာ ဖြစ်ပေါ်လာခဲ့ကြပါတယ် ။

အဲဒီအချိန် 28 , Apr. , 2013 , Sanai Liberation Day မှာ အီဂျစ်ကာကွယ်ရေး ဦးစီးချုပ် General el- Si Si ကအီဂျစ်ကို ဖျက်ဆီးမယ့် ဘယ်လက်မျိုးမဆို ၊ သူကတော့ ဖြတ်တောက်ပစ်ရလိမ့်မယ် ဆိုပြီးတော့ ပြောခဲ့ပါတယ် ။အစိုးရအဖွဲ့ ရဲ့  ဆောင်ရွက်ချက်တွေက အီဂျစ်ကို ပျက်ဆီးစေမယ်ဆိုရင် သူခွင့်ပြုမှာမဟုတ်ဘူး လို့  သတိပေးခဲ့ပါတယ် ။ မကြာခင်မှာပဲ 2013 ရက်နေ့  July 3 ရက်နေ့ ည 11 နာရီမှာ တော့ စစ်တပ်က အာဏာသိမ်းကြောင်းကြေငြာ ခဲ့ပါတယ် ။ ထူးဆန်းတယ်လို့ ပြောလို့ရတဲ့တစ်ချက်က စစ်တပ်က အာဏာမသိမ်းခင် 11 , May , 2013 မှာ ဘယ်သူနဲ့ မှတရားဝင် အတွေ့ မခံတဲ့ သမ္မတဟောင်း မူဘာရက်က El- Watan ဆိုတဲ့ ပြင်သစ် မဂ္ဂဇင်းတစ်ခုနဲ့  ပထမဆုံး အင်တာဗျူး လုပ်ခဲ့ပြီး ၊ " History will judge and I am still certain that the coming generations will view me fairly " ဆိုပြီး ပြောခဲ့တာပါ ။ စစ်တပ်အာဏာရှင်ဟောင်းရဲ့ စကားနဲ့  တပ်မတော်အာဏာ သိမ်းမှုက ရက်သိပ်မကွာခဲ့ပါဘူး ။

ဦးသန်းရွှေဟာလည်း မူဘာရက်လို စိုင်ကော်လို့ ချုံပေါ်ရောက်လာခဲ့ရတဲ့သူပါ ။ သူတာဝန်ယူခဲ့ရတဲ့ ကာလ ၁၉ နှစ်လုံးကို အီဂျစ်ရဲ့ Emergency law 162 လိုဟာမျိုးနဲ့  တူတဲ့ မာရှယ်လော ဆိုတာနဲ့ တိုင်းပြည်ကို ရက်ရက်စက်စက် ဖိနှိပ်ခဲ့တာပါ။ ဘယ်သူ့ ကိုမဆို ၊ဘာအကြောင်းပြချက်မှမလိုပဲ ကြိုက်သလိုဖမ်းဆီးပြီး ၊ ကြိုက်သလောက်ထောင်ချနိုင်ခဲ့ပါတယ် ။ ဘယ်အသင်းအဖွဲ့  ကိုမဆို မတရားအသင်း ကြေငြာနိုင်ခဲ့ပါတယ် ။ စာရေးဆရာ မင်းလူဟာ သူရဲ့ ကဗျာတစ်ပုဒ်အတွက် ထောက်လှမ်းရေးတွေ ဖမ်းတဲ့အခါ သုံးတဲ့ ခေါင်းစွပ်အိပ်ကို ခင်ဗျားတို့ဟာကြီးက နံလွန်းလို့ ဗျာ ၊ ကျုပ်ဟာကျုပ် ကြိုချုပ်ထားတာလေး သုံးစမ်းပါရစေဆိုတာ အဲဒီခေတ်က မတရားဖမ်းဆီးမှုတွေကို အကောင်းဆုံးသရော်ချက်ပါ ။

ဒါပေမယ့် ဦးသန်းရွှေဟာ မူဘာရက်ကို သင်ခန်းစာယူနိုင်ခဲ့တယ် ။ အကြံတူ နောက်လူသားစမြဲ ဆိုပါတော့ ။ မူဘာရက်ရဲ့  အမှားတွေကနေ ၊ သူ့အတွက် ခွာစစ်ကို ကောင်းကောင်းပြင်ဆင်နိုင်ခဲ့တယ် ။ သူလိုချင်တာ ထက်၊သူလိုအပ်တာ ဘာလဲ ဆိုတာကို ကောင်းမွန်စွာ ရွေးချယ်နိုင်ခဲ့တယ် ။ အာဏာကိုလက်လွှတ်ဖို့ ဝန်မလေးခဲ့ဘူး ။ အဲဒီ အာဏာကြောင့် ရလာခဲ့ပြီးတဲ့ စည်းစိမ်ဥစ္စာနဲ့  မိသားစု ဘ၀ ဘေးကင်းလုံခြုံရေးကိုသာ ၊ အာဏာထက်ပိုပြီး ဦးစားပေးဖို့  ရွေးချယ်ခဲ့တယ် ။ သူဟာ လူယုတ်မာတစ်ယောက် ဖြစ်နေတာတောင် လိမ္မာပါးနပ်တဲ့ စစ်ရေးအမြင်ရှိသူဆိုတာ ကိုတော့ လက်ခံရမှာဖြစ်တယ် ။ သူ့ အတွက် ၊ သူ့ မိသားစုအတွက်၊ သူ့ မိသားစု ဘေးကင်းလုံခြုံရေးနဲ့ အကျိုးစီးပွားတွေအတွက် အထိအခိုက် အကျဆုံးမရှိစွာနဲ့  ခွာစစ်ကို အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ် ။

သူ့ တပည့်တွေကို အာဏာတောမှာ ဆက်လက်မြောနေစေပြီး ၊ အင်္ဂလိပ်တွေ မြန်မာပြည်ကိုအုပ်ချုပ်တုံးက ကိုင်စွဲခဲ့တဲ့ နည်းဗျူဟာ အဟောင်းကြီးဖြစ်တဲ့ Divided and Rule ကို သူ့လက်ထက်မှာပါ အောင်အောင်မြင်မြင် ဆက်သုံး သွားနိုင်ခဲ့တာ ကိုတွေ့ ရပါတယ် ။ တပ်ထဲမှာကတည်းက အဲဒီနည်းနဲ့ ပဲ သူ့သြဇာအာဏာစက်ကို တည်ဆောက်ခဲ့ပါတယ် ။ ပြည်တွင်း လက်နက်ကိုင် အဖွဲ့ အစည်းတွေကို အဲဒီနည်းနဲ့ ပဲ သွေးကွဲ ဖြိုဖျက်ပြီး ၊ အားနည်းစေခဲ့တယ် ။ အစိတ်စိတ် အမွှာမွှာ ကွဲစေခဲ့တယ် ။

ကာကွယ်ရေးဦးစီးချုပ်နေရာ၊ လွှတ်တော်ဥက္ကဌနေရာ၊ သမ္မတနေရာတွေအတွက် အားလုံးကို အဲဒီနည်းနဲ့ ပဲ နောက်ဆုံးအချိန်ထိ အသုံးချသွားခဲ့တာပါ ။ အဲဒါတွေက အခုထိ အသက်ဝင်နေကြတုန်းပါ ။ လွှတ်တော်ဥက္ကဌနဲ့  သမ္မတ ၊ သမ္မတနဲ့  ကာချုပ် ၊ ကာချုပ်နဲ့  လွှတ်တော် ဥက္ကဌ ၊ ဘယ်သူ့ကိုမှဘယ်သူမယုံအောင် ၊ ကြံ့ခိုင်ရေးထံမှာလည်း အဲဒီလိုပါပဲ ။ အာဏာကို တစ်ဦးတစ်ယောက်တည်း လက်မပေးအပ်ထားပဲ၊ တစ်ယောက်ကိုတစ်ယောက်မယုံအောင် ၊ သံသယတွေကို အမွေအဖြစ်ထားခဲ့တာပါ။ သူတို့ အားလုံးအတွက် တူညီတဲ့အရာဆိုတာ ဘုံအကျိုးစီးပွားပဲ ရှိတယ် ။ မင်းတို့ ထဲက တစ်ယောက်ယောက်ဖောက်လာတဲ့နေမှာ ၊ မင်းတို့ အားလုံး အတူတစ်ကွ ပျက်ဆီးကြရလိမ့်မယ်ဆိုတာ သူ့ တပည့်တွေအတွက် သူပေးခဲ့တဲ့ တစ်ခုတည်းသော အသိပါ ။

အဲဒါကြောင့် အခုထိ နောက်ကွယ်မှာ ဦးသန်းရွှေ အုပ်ချုပ်နေသေးတယ် ။ ၀င်ပါနေသေးတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ သူပေးခဲ့တဲ့ ဘုံအကျိုးစီးပွားအရသာ သူတို့  မပူးပေါင်းမဖြစ်၊ မကာကွယ်မဖြစ် ၊ အတူသွေးစည်းညီညွတ်စွာ ကာကွယ်နေကြရတာပါ ။ ဦးသိန်းစိန် နိုင်ငံခြားမှာ စကားကျွံခဲ့တယ် သမ္မတလုပ်မယ်လို့  ၊ ပြန်လာတဲ့အခါ ဦးရွှေမန်းကို ပါတီဥက္ကဌလွှဲပေးလိုက်ရတယ် ။ ဦးရွှေမန်းနိုင်ငံခြားမှာ စကားကျွံခဲ့တယ် ။သမ္မတလုပ်မယ်တို့  ၊ NLD နဲ့  ညွန့် ပေါင်းဖွဲ့ မယ် တို့ ။ ပြန်လာတဲ့အခါ ပါတီညီလာခံမှာ ဦးအောင်သောင်းက အဲဒီလိုမျိုးတွေကို ဥက္ကဌပင် ဖြစ်စေကာမူ ၊ ပါတီရဲ့  ပြောရေးဆိုခွင့်ရှိသူ မဟုတ်ပဲနဲ့ ၊ ပါတီရဲ့  ဗဟိုကော်မတီရဲ သဘောတူဆုံးဖြတ်မှု မပါပဲနဲ့  ပြောခွင့်မရှိဘူးလို့  မီဒီယာကို ပြောတယ် ။

အတိုက်အခံခေါင်းဆောင်နဲ့  ဦးရွှေမန်းရဲ့  ညီညွတ်စွာ တွေ့ ဆုံပွဲတွေ မီဒီယာနဲ့ တွေ့ ကြဆုံကြတယ် ။ တရားမျှတမှုရှိဖို့  ဥက္ကဌကြီးကို အားကိုးမယ်နော်လို့  ချုပ်ခဲ့တဲ့စကားတစ်ခွန်းမှာ ဦးရွှေမန်း ထပ်ပြီးတော့ လူကျွံဘောမိတယ် ။ ဦးရွှေမန်းရဲ့ မဲဆန္ဒနယ်က နေပြည်တော်က ကာချုပ်ရဲ့  နယ်မြေ ။ အဲဒိနောက် လွှတ်တော်ထဲက လွှတ်တော်ကိုယ်စားလည်အဖြစ် ပြန်လည်ဖြုတ်ချရေး ဆွေးနွေးပွဲတွေမှာ တပ်မတော်သားတွေက တက်ကြွလာခဲ့ပြီး USDP နဲ့  အချေအတင် ဖြစ်လာခဲ့ကြတယ် ။ အဲဒီသတင်းစကားက ကာချုပ်က လွှတ်တော်ဥက္ကဌကြီး ဆီသို့  ငြိမ်ငြိမ်နေကွာ ဆိုတဲ့ အကြောင်းကြားစာ ဆိုရင် မမှားပါဘူး ။

ဦးသိန်းစိန်ကတော့ ရှင်းတယ် ။ မြန်မာ့နိုင်ငံရေးမှာ တပ်မတော်ရဲ့  အခန်းကဏ္ဍကတော့ ဆက်လက်ပါဝင်နေမှာ ဖြစ်တယ် လို့ ဝါရှင်တန်ပို့ စ်ကနေ တစ်ဆင့် သူ့ ရဲ့  ကျန်ရှိနေသေးတဲ့ လ ၃၀ သက်တမ်းကို လွှတ်တော်က ဖြုတ်ချနိုင်မယ့် အန္တရာယ်ကို တရားဝင် ကာကွယ်ခဲ့တယ် ။

မြန်မာနိုင်ငံမှာ အာဏာကြီး ၃ ရပ်က အချင်းချင်း check & balance လုပ်နေကြပါတယ် ။ တရားစီရင်ရေးအာဏာတော့မပါပါဘူး ။ ကာချုပ် ၊သမ္မတ ၊ လွှတ်တော်ဥက္ကဌပါ ။ ဦးသန်းရွှေ မူဘာရက်ထက် အဆပေါင်းများစွာ တော်တယ် ဆိုတာအဲဒါတွေပါ။ သူ မပါရင်တောင် မှ ၊သူ့ ဘက်ကို ဘယ်သူမှ လှည့်ဖို့ စိတ်မ၀င်စားအောင် လုပ်ထားနိုင်ခဲ့တာပါ ။ ကိုယ့်နေရာကိုယ်လေး မပျောက်အောင် နေရာလုနေကြရတာနဲ့ ကို မအားနေရအောင် ဖန်တီးထားနိုင်ခဲ့ပါတယ် ။

ဦးအောင်သောင်းတို့ ၊ ဦးဌေးဦး တို့ ၊ ဦးခင်ညွန့် တို့ ရဲ့ အရှုပ်တော်ပုံတွေ ၊ ခြေလှမ်းတွေ ၊ ပါဝင်ပတ်သက်နေမှုတွေကလည်းမသေးတာတော့အမှန်ပါ ။ သမ္မတကြီးကပြောခဲ့တယ် ။ ဦးခင်ညွန့် ကိုလွှတ်ပေးတော့ ။ " ခင်ဗျားလူတွေကို ခင်ဗျားထိန်းပေးပါ " အဲဒီစကားက မြန်မာ့နိုင်ငံရေးမှာတော့ အဓိပ္ပါယ်အများကြီးဖွင့် ဆိုလို့ ရပါတယ် ။

အဲဒီတော့ အဓိက ပြောချင်တာကတော့ ၂၀၁၅ မရောက်ခင် ကျွန်တော်တို့ တိုင်းပြည်မှာ များစွာသော ဒုက္ခများနဲ့ ၊ကြီးစွာသော ပျက်ဆီး ဆုံးရှုံးမှုများနဲ့  ၊ ဘင်္ဂလီတောဝါ ၊ တရုတ်တောဝါ ၊ ၀ှိုက်ကဒ် တောဝါ ၊ ရာဇတောဝါ ၊ မီးရှို့ တောဝါ ၊ စောရတောဝါ ၊ မနုဿ တောဝါများကို ဆက်လက်ရင်ဆိုင်ကြရလတ္တံ့ ပါ ခင်ဗျာ ။

ဦးသန်းရွှေဟာ မူဘာရက်ရဲ့  ဆရာပါ ။

ပြည်ချစ်သူ

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။