Tuesday, August 13, 2013

ဗိုလ်လေးဘ၀ အမှတ်တရများ - အပိုင်း (၄)

(စည်းလုံးခြင်းရဲ့အင်အား)
ရိက္ခာဖြည့်တင်းရေးအတွက် စစ်သုံးကားကြီးများ ရောက်ရှိလာပုံ

ဆောင်းပါးရှင် - စစ်မင်း (ပြည်တွင်းမှ တပ်မတော် အရာရှိ တစ်ဦး)

ရိက္ခာစုပုံ လုံခြုံရေး တာဝန်ယူနေချိန်မှာ ကျွန်တော်တို့တပ်ရင်း စစ်ဆင်ရေး ထွက်လာတဲ့ ကာလဟာ သုံးလကျော်လို့ လေးလထဲ ရောက်လာပါပြီ။ တိုက်ပွဲကြီးတစ်ပွဲမှ မတိုက်ရသေးဘဲ ချောင်းပစ်၊ မိုင်း ထောင် ပစ်ပြေးဘဲ မကြာခဏ ကြုံရပါတယ်။ စစ်တိုက်ဖို့လောက်ဘဲ သိထားတဲ့ ကျွန်တော်ဟာ စစ်တိုက် တာထက် အရေးကြီးတဲ့ အုပ်ချုပ်မှုကိစ္စတွေနဲ့ နဖူးတွေ့ ဒူးတွေ့ နေ့စဉ်နဲ့အမျှ ရင်ဆိုင် ဖြေရှင်းနေရတော့မှ ကျောင်းက ဆရာကြီးတွေရဲ့ စကားကို ပြန်ကြားနေမိပါတော့တယ်။ အထူးသဖြင့် ဗထူး တပ်ကြပ်သင်ကျောင်းက ဆရာကြီးတွေဟာ တကယ့်စစ်မြေပြင် အတွေ့အကြုံ ရင့်ကျက်ခဲ့ သူတွေ ဖြစ်လို့ တိုက်မယ် ခိုက်မယ်ဘဲသိတဲ့ ကျွန်တော်တို့ကို စစ်မြေပြင်မှာ တကယ်ကြုံတွေ့ရမယ့် အုပ်ချုပ်မှုကိစ္စတွေကို အမြဲပြောဆိုခဲ့ပါတယ်။


ကျောင်းသင်ခန်းစာ လေ့ကျင့်ခန်းတွေမှာလဲ စီမံချက်ရေးတာကအစ ဘယ်လို တိုက်မယ်ဆိုတဲ့ နည်းလမ်းဘဲ ဦးစားပေးပြီး အုပ်ချုပ်မှု … ရေဗူး ရေအပြည့်ပါရမည် .. ရိက္ခာ ၃ ရက်စာ ပါရမည် .. ဆေး ပတ္တီး ကိုယ်စီပါရမည် … စတာတွေနဲ့ ပုံသေရေးနေကျ ပြီးခဲ့တော့ စနစ်တကျ မသင်ခဲ့ရတဲ့ အုပ်ချုပ်မှု ကိစ္စတွေကို နေ့စဉ် ဖြေရှင်းတဲ့အခါ အမှားအယွင်းတွေ ကြုံရပါတော့တယ်။ ရဲဘော်တွေရဲ့ စားသောက်ရေး ကျန်းမာရေး၊ မိသားစုအရေး အခြေအနေ၊ တစ်ဦးချင်းစီရဲ့ ရုပ်ပိုင်း စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေ အကုန်လေ့လာထားမှ အုပ်ချုပ်ကွပ်ကဲလို့ ရပါတယ်။ စစ်စည်းကမ်းအတိုင်း အတိအကျဘဲ ဆိုပြီး စာအုပ်ကြီးအတိုင်း အမိန့်ပေး အုပ်ချုပ်လို့ မရပါဘူး။ စစ်မြေပြင်မှာ အားလုံး လူပင်ပန်း စိတ်ပင်ပန်း စိတ်ကြမ်း လူကြမ်းတွေပါ။ စစ်စည်းကမ်းဥပဒေက နောက်မှလာမှာ ဖြစ်ပြီး အဆင်မသင့်ရင် အရင်ဆုံး လက်ထဲမှာရှိတဲ့ သေနတ်တွေနဲ့ ဖြေရှင်းရမှာပါ။

တပ်စုမှူးဆိုပြီး တာဝန်ပေးလိုက်ပေမယ့် ခေါင်းဆောင်မှု ရအောင်ကတော့ ကိုယ်တိုင် တည်ဆောက်မှ ရပါတယ်။ ရှေ့ပိုင်းမှာ ကျွန်တော်ပြောခဲ့တဲ့ တပ်စုမှူး အဓိက တာဝန် (၂) ရပ် အပြင် တာဝန်လို့ ပြောလို့ မရဘဲ အလွန်စိတ်ရှုပ်ရတဲ့ အလုပ်ကတော့ စစ်ကြောင်းတစ်ခုလုံးရဲ့ နောက်ဆုံးက လိုက်ရတဲ့ တပ်စုအလှည့်ကျတဲ့ အချိန်ပါဘဲ။ ရှေ့ပြေးတပ်စု၊ ၀န်ထမ်းထိန်းတပ်စု အလှည့်တွေဟာ စစ်ကြောင်းမှူး ကိုယ်တိုင် အလေးထား အသိအမှတ်ပြုတာ ခံရပေမယ့် နောက်ဆုံးက လိုက်ရတဲ့ အလှည့်မှာတော့ ဘယ်သူမှ ဦးစားပေးတာ မခံရဘဲ စစ်ကြောင်းတစ်ခုလုံးရဲ့ အုပ်ချုပ်မှုကိစ္စ အရှုပ်ပုံ အားလုံးကို နောက်ဆုံးမှ တပ်စုမှူးက အဆင်ပြေအောင် ရှင်းရပါတော့တယ်။


လက်နက်ကြီး ထမ်းဆောင်ထားတဲ့ မြန်မာ့ စစ်သည်ရဲဘော်တစ်ဦး

“ခြေထောက်နာနေတဲ့ရဲဘော် ထားခဲ့တယ်။ နောက်ဆုံးတပ်စုက ပါအောင်ခေါ်ခဲ့၊ ဖျားနေတဲ့ရဲဘော် နောက်ဆုံး တပ်စုက စောင့်ခေါ်ခဲ့၊ မလိုက်နိုင်တော့တဲ့ ၀န်ထမ်းကို ပါအောင်ခေါ်ခဲ့” ဆိုတဲ့ အမိန့် ပေါင်းစုံနဲ့ ပင်မ စစ်ကြောင်းကြီးကတော့ ရည်မှန်းချက်မပျက် ချီတက်သွားပြီး နောက်ဆုံးပိတ် တပ်စုကတော့ တကယ့်ကို နောက်ဆုံးပိတ် အိတ်နဲ့လွယ် ရတော့တာပါဘဲ။ ဆူလိုက်ဆဲလိုက် ချော့လိုက်ခြောက်လိုက် ကျောင်းက မသင်ပေးလိုက်တဲ့ နည်းမျိုးစုံနဲ့ ပါအောင် ခေါ်ရပါတော့တယ်။ စစ်ကြောင်းက ရည်မှန်းချက်ရောက် ချက်ပြုတ် စားသောက်နေချိန်ကျမှ နောက်ပိတ် တပ်စုက ရောက်သွားတာ များပါတယ်။

တခါတလေတော့လည်း ရှေ့မှ ရှေ့ပြေးတပ်စုက အချိန်ယူရှင်းလို့ စစ်ကြောင်းကြီးက အိပဲ့အိပဲ့နဲ့ လိပ်သွား သွားနေရင် နောက်ပိတ်တပ်စုက အိပ်ပျော်နေတတ်ပါတယ်။ နေ့စဉ်ရက်ဆက် ပင်ပန်းမှုတွေကြောင့် ခဏနားလဲ ခဏအိပ်တတ်ကြပါတယ်။ တစ်နေ့မှာတော့ စစ်ကြောင်းချီတက်မှုမှာ ကျွန်တော့်တပ်စုက နောက်ဆုံးပိတ် လိုက်ရတဲ့ အလှည့်ကျပါတယ်။ ရည်မှန်းချက်နေရာ အရောက်မှာ လူစစ်တော့ နောက်ဆုံးတပ်စိတ်က ရဲဘော်တစ်ယောက် လိုနေပါတယ်။ ညကလည်း တော်တော် ညဥ့်နက်နေပါပြီ။ လူပင်ပန်း စိတ်ပင်ပန်းနဲ့ ကျွန်တော်ဟာ ဒေါသတကြီးနဲ့ တပ်စိတ်မှူးရဲ့ မျက်နှာကို လက်သီးနဲ့ လေးငါးချက် ဆက်တိုက် ထိုးပစ်လိုက်ပါတယ်။ နောက်ကိုလန်ဆုတ်သွားတဲ့ တပ်စိတ်မှူး ကလည်း ချက်ချင်း သူ့လက်ထဲက ကာဘိုင်သေနတ်ကို မောင်းဆွဲတင်ပါတယ်။ ကျွန်တော်လဲ ခါးက ပစ္စတို မောင်းဆွဲအတင်မှာ တပ်စုတပ်ကြပ်ကြီးက ကျွန်တော်တို့ နှစ်ယောက်အကြား ၀င်ရပ်ပြီး တားလို့ နှစ်ယောက်စလုံး ခြေလွန်လက်လွန် မဖြစ်ရတာပါ။ နောက်ကြောင်းပြန် ရှာဖွေကြတော့ ကိုယ်တော်ချော ရဲဘော်လေးဟာ သူ့သေနတ်ကိုဖက်ပြီး လမ်းဘေးမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဆဲ တွေ့ရပါတယ်။

ဘူဒိုဇာ ကားကြီးရှေ့မှ မြန်မာစစ်သည် ရဲဘော်များ

တကယ်တော့ လမ်းမှာ မကြာခဏ စစ်ဆေး ကြပ်မတ်ဖို့ တာဝန်ရှိရက်နဲ့ ကျွန်တော်ကိုယ်တိုင်လည်း ပျက်ကွက်ခဲ့ပြီး တပ်စိတ်မှူးအပေါ် ဒေါသမထိန်းနိင်ဘဲ ပေါက်ကွဲခဲ့တာပါ။ ကျွန်တော် ကံကောင်းတာက အဲ့ဒီအချိန်မှာ တပ်စုနဲ့ ကျွန်တော်ဟာ တစ်သားတည်း အသားကျ ဖြစ်နေပြီး လို့ပါဘဲ။  တပ်စိတ်မှူးကလဲ သူ့အမှားကို ၀န်ချတောင်းပန်ပြီး ကျွန်တော်ကလဲ သူ့ကို ပြန်တောင်းပန်လို့ ဘာမှ ပြဿနာမရှိခဲ့ပါ။ အရင်လိုဘဲ ရင်းရင်းနှီးနှီး ပြန်ဖြစ်ခဲ့ပါတယ်။ ကျွန်တော့်အတွက် အဆိုးထဲက အကောင်းကတော့ နောက်ကို ဒေါသတကြီး မဖြစ်တော့ဘဲ လက်အောက်စစ်သည်ကို ဘယ်တော့မှ မထိုးကြိတ်တော့တာပါဘဲ။ စိတ်လိုက်မာန်ပါ ဒေါသမထိန်းနိုင်မှုကြောင့် သေဖေါ်သေဖက်ချင်း ပစ်ခတ်မယ့်အထိ ဖြစ်ခဲ့ရတဲ့ ဒီဖြစ်ရပ်ဟာ ဗိုလ်လေးဘ၀မှာ မမေ့နိုင်တဲ့ အမှတ်တရတစ်ခုပါ။

အပိုင်း (၅) ကို ဆက်လက် တင်ပြသွားပါမယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။