Friday, August 9, 2013

ကုလားကိုရောင်းမှာလား .. တရုတ်ကိုရောင်းမှာလား နဲ့ မြန်မာ့လွှတ်တော်

(Irrawaddy)

လွှတ်တော် ကျင်းပနေတဲ့ကာလမို့  SKY NET က  ထုတ်လွှင့်ပြ သသော လွှတ်တော် ကဏ္ဍကို သတိပြုကြည့်မိပါ တယ်..။   နိုင်ငံရေး သမား မဟုတ်ပေမယ့် လည်း တပည့်များ ကို စာသင်နေတဲ့ ဆရာမမို့ ခေတ် ကို အများကြီးပြတ် ကျန်သွားလို့ မရပါဘူး။

လူငယ်တွေက သူတို့ခေတ်ရေစီးထဲက ဆရာမဆို သဘောကျပါတယ်။ သူတို့ကြိုက်တဲ့သီချင်းလေးများ ဆိုညည်းပြတဲ့အခါ  ဆရာမက ဒီသီချင်းတတ်တယ်ဆိုပြီး သူတို့တွေ မျက်ဝန်းထဲ အရောင်တွေလက်နေတာကို တွေ့ရပါတယ်။

သူတို့ ညှပ်ထားတဲ့ ဆံပင်လေးကို သဘောကျပြရင်လည်း သူတို့ပျော်တာပေါ့။ သူတို့လေးတွေပြောတဲ့ ဗန်းစကားလေးများ ကျွန်မက ပြောလိုက်ရင် တဟားဟား နဲ့။ သူတို့သိတာလေးကို ဆရာမကသိရင် သူတို့စိတ်ထဲ ဆရာမက ခေတ်မီတယ်ပေါ့လေ။
ဒီလိုလေးနဲ့ပဲ ကလေးတွေရဲ့ ရေစီးကြောင်းထဲကို ကျွန်မ မျောပါလိုက်တာ ဆရာမ စဖြစ်ကတည်းကဆို ၂၄နှစ်ရှိပါပြီ။

          ကျွန်မက ကျောင်းသားကျောင်းသူများကို စာသင်ခိုက်တော့ စည်းကမ်းတကျ၊ မျက်နှာထားကိုက ခပ်တင်းတင်းလေးဖြစ်ပေမယ့် ကျန်တဲ့အချိန်မှာတော့ သင်ရိုးနဲ့ဆက်စပ်လာတဲ့ ဖတ်စာအုပ်ပြင်ပက အကြောင်းအရာလေးများကို ပြောပြလေ့ရှိပါတယ်။
နိုင်ငံတော်ကြီးကို သိပ်ကို ခေတ်မီတိုးတက်ပြောင်းလဲစေချင်တဲ့ခေတ်ဖြစ်တဲ့ အားလျော်စွာ တက္ကသိုလ်ဝင်တန်းအရွယ်လောက်ဆိုရင် သူတို့နဲ့ သင့်တင့်မျှတတဲ့ အကြောင်း အရာလေးများဆို ကျွန်မထည့်ပြောရတာအမောပါပဲ။
လူကြားသူကြားထဲရောက်တဲ့အခါ ပြောရဲဆိုရဲရှိဖို့ကအစ ၀တ်စားဆင်ယင်မှုအဆုံး ကျွန်မကတော့ ဒါကတော့ ငါ့သားရုပ်ရှင်သွားကြည့်တဲ့အခါ၊ စတိတ်ရှိုးသွား ကြည့်တဲ့အခါ ၀တ်ရတာ၊ စတိတ်ရှိုးသွားတဲ့ပုံစံနဲ့ ကျောင်းတက်တဲ့အခါသွားရတဲ့ ဆင်ယင်မှုက မတူတာကစပြီး ရယ်စရာ မောစရာလေးဖြစ်အောင် ပြောပြီးနားသွင်းခဲ့တဲ့ တပည့်တွေလည်း များလှပါပြီ။

          ဒီဆောင်းပါးလေးမှာတော့ ကျွန်မက စကားပြောတာနဲ့ပတ်သက်ပြီး နည်းနည်းလောက် ပြောချင်တာပါ။ တလောက ကျွန်မတို့ ကျပန်းစကားပြောပြိုင်ပွဲလေး ကျင်းပဖြစ်ခဲ့ပါတယ်။
အကဲဖြတ် ဒိုင်တစ်ဦး အဖြစ်လည်း ဆောင်ရွက်ခဲ့ပြီး၊ ပြိုင်ပွဲအတွက် အမှတ်ပေးစည်းမျဉ်းစည်းကမ်းများကိုလည်း ပြုစုတင်ပြခဲ့ရပါတယ်။
အဲဒီ စည်းကမ်းများနဲ့ပတ်သက်ပြီး ရှင်းလင်းတဲ့အခါ အမှတ်ပေးစည်းမျဉ်းအပြင် လူမျိုး၊ ဘာသာ၊ သာသနာကို ထိခိုက်တဲ့ စကားမျိုးတွေနဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်းကို ထိခိုက်ပြီး မပြောရဘူး ဆိုပြီး ထည့်သွင်းပြောပြ ရှင်းပြခဲ့ပါတယ်။
 စကားပြောတဲ့အခါမှာလည်း နားထောင်တဲ့ ပရိသတ်အပေါ်မှာ ရိုရိုသေသေ လေးလေးစားစားနဲ့ပြောတတ်ရမယ်၊စကားအသုံးအနှုံးကို သတိထား ရမယ့် အကြောင်းကိုလည်း ကျပန်းပြိုင်မယ့်တပည့်တွေရော၊ မပြိုင်မယ့် တပည့်တွေပါ အတန်းထဲမှာ သင်ကြားပေးခဲ့ပါတယ်။
ဒါ့အပြင် နားထောင်မယ့် ပရိသတ်ကျောင်းသူကျောင်းသားတွေကိုလည်း အားပေးသင့်တဲ့အခါ၊ ကျပန်းပြောသူပြောတာကို လက်ခံသဘောကျတဲ့အခါ လက်ခုပ်တီးပြီး အားပေးရမယ်၊ အေး ... လက်ခုပ် မတီးရင်တော့ မင်းတို့ ထိုင်သာထိုင်နေပြီး နားမထောင်တဲ့သူလို့ သတ်မှတ်လိုက်ရုံပဲလို့ ပြောခဲ့ပါတယ်။
ကျွန်မ ကျောင်းသားကျောင်းသူလေးများဟာ တက္ကသိုလ် ၀င်တန်း ဖြေဆိုကြသူများဖြစ်လို့ သူတို့မှာ ကျပန်းပွဲ အတွေ့အကြုံ မရှိသလောက်ပါပဲ။
သူတို့ ခေတ်မှာ စင်မြင့်ပေါ်က သူတို့ကို စကားပြောတဲ့လူဆိုလို့ ကျောင်းအုပ်ဆရာကြီး ဆရာမကြီးတွေပဲ ရှိခဲ့တာမို့ ကျွန်မမှာ အားပေးပုံပေးနည်းလေးတွေကို သင်ပေးရပါတယ်။

          အဲဒီလို သင်ပြပြောဆိုပြီး ပြန်လာတဲ့အခါ အိမ်ရောက်တော့ ခဏနားပြုပြီး လွှတ်တော်ကဏ္ဍကို ဖွင့်ကြည့်ဖြစ်ပါတယ်။
လယ်သိမ်းယာသိမ်းကိစ္စတွေမို့ ကျွန်မအနေနဲ့ အတော်ကြီးကို စိတ်ဝင်တစား ရှိလှပါတယ်။
မြေယာသိမ်းသူများဖက်ကတင်ပြလာတဲ့ ပြည်သူ့ကိုယ်စားလှယ်များကလည်း ဘာကိုမှ မငဲ့ကွက်ဘဲ ရဲရဲဝံ့ဝံ့တင်ပြတာတွေမြင်ရကြားရတဲ့အခါ အတော့် အံ့သြတကြီးဖြစ်ခဲ့ရပါတယ်။
ဒါပေမယ့် ပြည်သူ့ကိုယ်စားလှယ်တစ်ဦးလား ဒါမှမဟုတ် ပြန်လည်ဖြေကြားတဲ့ သူလား ကျွန်မ မသေချာပါဘူး။
အဲဒီလူကတော့ တချို့နေရာတွေမှာ တန်ဖိုးနည်းအိမ်ရာတွေဆောက်လုပ်နေတဲ့အကြောင်း ပုံနှင့် တကွပြသပြီး….. အဲဒီတန်ဖိုးနည်းအိမ်ရာတွေဟာ ကုလားကို ရောင်းဖို့လား၊ တရုတ်ကို ရောင်းမှာလား၊ မဟုတ်ပါဘူး……. လို့ ဆိုပြီး စကားတွေဆက်သွားပါတယ်။   


သူကတော့ သူ့စကားတွေ ဆက်ပြောသွားပေမယ့် ကျွန်မ ဦးနှောက်ကတော့ ရပ်ပြီး အတွေးတွေနဲ့ ကျန်ရစ်ခဲ့ပါတယ်။ ရင်ထဲမလဲ ဘယ့်နှယ့်စကားမျိုးများ သုံးလိုက်ပါလိမ့်ပေါ့။
လွှတ်တော်ကြီး တစ်ရပ် ကျင်းပနေတဲ့အခိုက် လွှတ်တော် ဥက္ကဌကြီးရှေ့မှောက်၊ ကိုယ်စားလှယ်များအားလုံးကြားမှာ သုံးနှုန်းတဲ့ ဝေါဟာရ။ စိတ်ပျက်စရာကောင်းလှပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို သေသေချာချာ မဖတ်ခဲ့ဖူး ပါဘူး။
ဒါပေမယ့် ကုလားရယ် တရုတ်ရယ်လို့ သတ်မှတ်ပြီး ပြည်သူပြည်သားကို သုံးနှုန်းတာမျိုးတော့ မပါတန်ကောင်းပါရဲ့လို့လည်း တွေးမိပါတယ်။

 နိုင်ငံတော်မှာ နေထိုင်တဲ့ ပြည်သူ ပြည်သားများမှာ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ ဒါ့အပြင် FRC ကိုင်ဆောင်ထားသော နိုင်ငံခြားသားများ ဖြစ်ပါတယ်။
ခုတော့ ကုလားကိုရောင်းမှာလား၊ တရုတ်ကိုရောင်းမှာလား ဆိုတော့ ....
နိုင်ငံသားလက်မှတ် ကိုင်ဆောင်ထားတဲ့တရုတ်၊ ကုလားများအတွက် သီးသန့်ဥပဒေများ ရှိပါသေးလား။
မရှိမှန်း ကျွန်မ သိပါတယ်။

ဘာကြောင့် ဒီလွှတ်တော်ကိုယ်စားလှယ်က ဒီလိုအသုံးအနှုန်းမျိုးကို မလိုအပ်ဘဲ ထည့် ပြောတာပါလိမ့်။
ဒီကိုယ်စားလှယ်ဆွေးနွေးတဲ့ ကိစ္စမှာလည်း  ပိုင်ဆိုင်ခွင့်နှင့် ပတ်သက်ခြင်း တစ်စိုးတစ်စေ့မျှမဟုတ်။ မြေသိမ်းသူကလည်း ကုလား မဟုတ်၊ တရုတ် မဟုတ်၊ သူပြောသမျှ တပ်နှင့် စီးပွားရေးကုမ္ပဏီကြီးများသာ။

          ပဋိပက္ခတွေဖြစ်ခဲ့တာ သိပ်မကြာသေးတဲ့အချိန်မှာ ဒီလိုသုံးနှုန်းလိုက်တာဟာ အလွန်ကို အရုပ်ဆိုးလှပါတယ်။ ဒီနေ့တွေ့ဆုံမေးမြန်းခန်းမှာ သူရဦးအောင်ကိုက မြန်မာနိုင်ငံတော်မှာ နိုင်ငံသားရယ်၊ ဧည့်နိုင်ငံသား ရယ် ဆိုပြီးရှိပါတယ်။ ဗမာလူမျိုးထဲမှာလည်း အစ္စလာမ်ဘာသာကို ကိုးကွယ်ကြတဲ့ နိုင်ငံသား ဗမာ မူဆလင်များ ရှိပါတယ်။ နိုင်ငံသားမဟုတ်တဲ့ ဘင်္ဂလီတွေရဲ့ ကျူးကျော်ဝင်ရောက်မှုကိုတော့ တားဆီး ရမယ်လို့ပြောပါတယ်။ သူရဦးအောင်ကို က သိမ်မွေ့စွာ စကားကို သတိထားပြီး ပြောပါတယ်။

          ကျွန်မကတော့ ကျင်းပနေတဲ့ တိုင်းပြည်ရဲ့ အကြီးမားဆုံးသော ကဏ္ဍကို ကိုင်တွယ်နေတဲ့၊ ပြောဆိုနေကြတဲ့ နိုင်ငံရေးသမားများဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ်ကြီးများရဲ့ စိတ်ထဲမှာ ကုလားရယ်၊ တရုတ်ရယ်ဖြင့် ကိန်းအောင်းမနေသင့်ဘဲ  ဥပဒေအရပြဌာန်းထားသည့်အတိုင်း နိုင်ငံသား၊ ဧည့်နိုင်ငံသား စသဖြင့် ကိန်းအောင်းကာ ပညတ်ပြုပြောဆိုသင့်တယ်လို့ အထင်ရောက်လှတဲ့အတွက် ဒီဆောင်းပါးကို ရေးလိုက်ရခြင်းဖြစ်ပါတယ်။

                                                                                          ဘာရာဒွါဂျာ (မြန်မာပြည်)
 

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။