Thursday, August 1, 2013

ကြည့်ကောင်းမယ့် သုံးပွင့်ဆိုင်

(စည်းလုံးခြင်းရဲ့အင်အား)

ဦးသိန်းစိန်နဲ့ ဦးရွှေမန်းတို့ကို ကြံ့ဖွံ့ ညီလာခံအပြီး တွေ့ရစဉ်

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်အတွက် အခြေခံဥပဒေအား ပြင်ဆင်နိုင်ရေးကို ကြံ့ဖွံ့ပါတီက လိုက်လျောပေးနိုင်မှု အလားအလာ နည်းပါးကြောင်း ကြံ့ဖွံ့ပါတီထိပ်ပိုင်းမှ လူကြီးများနဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းမှ သိရှိရပါတယ်။ ကြံ့ဖွံ့ဟာ နည်းဗျူဟာမျိုးစုံနဲ့ လာမဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရရှိဖို့ ပြင်ဆင်ထားတယ်လို့လည်း ဆိုပါတယ်။ ဆိုလိုတာက ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်ခင် လက်ရှိ လွှတ်တော် သက်တမ်းအတွင်း
အခြေခံဥပဒေ ပြင်ဆင်ခွင့် ပေးလိုက်ရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်အဝါ သြဇာအာဏာ ကြီးမားမှုကြောင့် NLD က အပြတ်အသတ် အနိုင်ရသွားမဲ့ အခွင့်အလမ်းကိုတော့ ကြံ့ဖွံ့က ဘယ်တော့မှ မပေးဘူးလို့ ကြံ့ဖွံ့ EC တစ်ဦးက ဂေါက်ရိုက်ပွဲ တစ်ခုမှာ အလွတ်သဘော ပြောဆိုသွားပါတယ်။

“ကြားဖြတ် ရွေးကောက်ပွဲတုန်းက ခံလိုက်ရပြီးပြီမို့ ဒီတခါတော့ လိုက်လျောလို့ မဖြစ်ဘူး။ စစ်တပ်မှာရော ပါတီမှာပါ ထိပ်တန်းခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ကိုမြင့်ဆွေ (ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်) ဟာ သြစတြေးလျ နိုင်ငံခြားသားနဲ့ အမျိုးအနွယ် ဖြစ်နေတာမို့ သူ့ကိုတောင် ဒုသမ္မတ မပေးခဲ့သေးတာကို ရုပ်လုံးဖေါ် ထိုးပြထားခဲ့ပြီးပြီဘဲ” လို့ သူက ဆက်ပြောသွားပြန်ပါတယ်။

အကယ်၍ လာမဲ့ ရွေးကောက်ပွဲမှာ ကြံ့ဖွံ့က မဲအပြတ်အသတ် မနိုင်ခဲ့ရင်တော့ ဦးရွှေမန်း စကားကြောင်းခဲ့သလို ညွှန့်ပေါင်းအစိုးရဖွဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အား ဒုသမ္မတရာထူး ပေးလို့ရအောင် ၂၀၁၅ ရွေးကောက်ပွဲပြီးမှသာ ပထမဦးဆုံး ကျင်းပမဲ့ လွှတ်တော် အစည်းအဝေးအတွင်း သူမအား ဒုသမ္မတဖြစ်ခွင့် ဥပဒေ ပြင်ဆင်တာမျိုးကို လုပ်ခွင့်ပေးမှာက အစောဆုံး ဖြစ်နိုင်ပါတယ်လို့ ဆိုပါတယ်။


ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းနှင့် အမေရိကန်နိုင်ငံရေးနဲ့ နိုင်ငံခြားရေးဆိုင်ရာအဖွဲ့အစည်းများ Woodrow Wilson Center တွင် တွေ့ဆုံ

လက်ရှိသမ္မတ ဦးသိန်းစိန်ကတော့ သူ့ရဲ့ ပုံရိပ်ကောင်းမွန်မှုနဲ့ နိုင်ငံရေးမှာ အနိုင်နဲ့ပိုင်းပြီး ၂၀၁၅ ခုနှစ်အထိတော့ ထိန်းချုပ်ခေါ်သွားမယ်လို့ သိရပါတယ်။ ကြံ့ဖွံ့ပါတီရဲ့ နည်းဗျူဟာမျိုးစုံလို့ ဆိုရာမှာ တပ်မတော် အရာရှိကြီး (အငြိမ်းစား) ဒုဗိုလ်ချုပ်ကြီး တစ်ဦးကို မေးမြန်းကြည့်ရာ သူက အောက်ပါအတိုင်း ဆိုလာပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်ထောင်ရေး အားနည်းချက်ကိုနင်းပြီးတော့ သူမရဲ့ လူ့အခွင့်အရေး  ဦးစားပေးမှု သိနေတဲ့ ကြံ့ဖွံ့ဟာ သူမကိုထောက်ခံမှု လျှော့ကျစေမယ့် လျှို့ဝှက်နည်းဗျူဟာကို အောင်မြင်စွာ ခင်းသွားခဲ့ပြီးပြီလေ။ ထိကွက်ကို အသေအချာကိုင်ပြီး အမျိုးသားရေးဆိုတဲ့ မျိုးချစ်စိတ်နဲ့ ထိုးတင်လိုက်တာက ကြံ့ဖွံ့ရဲ့နည်းဗျူဟာဘဲ။ သူတို့ရဲ့ ထိုးစစ်က အတိုင်းအတာ တစ်ခုထိ အောင်မြင်တယ် ဆိုရမယ်။ NLD တောင် ၂ ခြမ်း ကွဲသွားမလို ဖြစ်သွားတဲ့အပြင် ဂယက်ရိုက်ထမှု ပြင်းထန်လို့ ကြံ့ဖွံ့ပါတီလည်း ၂ ခြမ်း ဟသွားခဲ့တယ်။ ကိုရွှေမန်း အမေရိကန်သွားတုန်း ညွှန့်ပေါင်းဖွဲ့မယ်၊ ၉၆၉ ကို အရေးယူမယ်လို့ စကားကျွံသွားလို့ ဦးအောင်သောင်းတို့က ကိုရွှေမန်းကို ဝေဖန် ပြစ်တင်ခဲ့သေးတယ်” လို့ ပြောသွားပါတယ်။ ကြံ့ဖွံ့ပါတီက လူကြီးအချို့ အနေနဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည်အား အမြင့်ဆုံး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ရာထူးကိုသာ ရစေလိုပြီး အဲဒီအချိန်ကျမှ သူမက ဦးဆောင်ကာ ဥက္ကဋ္ဌရဲ့ လုပ်ပိုင်ခွင့်အရ အခြေခံဥပဒေကို ပြင်ဆင်ခွင့် အခွင့်အရေးပေးမယ့် ဆန္ဒရှိကြပါတယ်လို့ သိရပါတယ်။ ဒါပေမဲ့ မီဒီယာလောကမှာ သတင်းထွက်နေတာကတော့ ဦးရွှေမန်းတို့က ဒေါ်အောင်ဆန်းစုကြည်ကို လက်တွဲခေါ်မယ် အပြုသဘော ဆက်ဆံမယ် ဦးအောင်သောင်းတို့က လွှတ်တော်ထဲမှာတောင် တွေ့တဲ့အကြိမ် များလာတော့ ရင်းနှီးသွားတယ်လို့ ဆိုလာပါတယ်။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှု ယုံကြည်မှု အပေးအယူ မျှတစွာ လုပ်နေတယ်လို့ ဆိုလာတာပါ။ ဒီဖြစ်စဉ်တွေအပေါ်မှာကျတော့ ဘယ်လို သုံးသပ်သလဲ ဆိုတာကို အဆိုပါ တပ်မတော် အရာရှိကြီး (အငြိမ်းစား) ဒုဗိုလ်ချုပ်ကြီးအား ဆက်လက် မေးမြန်းကြည့်ရာမှာ အောက်ပါအတိုင်း ပြောလာပါတယ်။

“ဒါကတော့ နိုင်ငံရေး မဟာဗျူဟာအရဖြစ်ဖြစ် သံတမန်အသုံးအနှုန်းဆိုတဲ့ လိမ္မာပါးနပ်စွာ ဆက်ဆံတဲ့ နည်းဗျူဟာကို သုံးတာဘဲဖြစ်ဖြစ် ကြိမ်းသေပြောလို့ မရနိုင်တဲ့ အခြေအနေတွေ ရှိတာပေါ့။ နိုင်ငံရေးမှာ ထာဝရမိတ်ဆွေ ထာဝရရန်သူဆိုတာ မရှိသလို ကိုယ့်အကျိုးရှိရင် ပေါင်းရတာဘဲ။ ဒေါ်စုကလည်း ရည်ရွယ်ချက်ရှိလို့ ပေါင်းတာဖြစ်သလို ကြံ့ဖွံ့ကလည်း ရွေးကောက်ပွဲမှာ အရင်ကလို ရုပ်ပျက်ဆင်းပျက် မဖြစ်ဖို့ ပေါင်းတာဘဲ။ တစ်ခုသတိထားရမှာက ကြံ့ဖွံ့က တက်လာသူတွေဟာ စစ်တပ်ကဖြစ်တာမို့ စိတ်ဓါတ်စစ်ဆင်ရေး နည်းဗျူဟာနဲ့ အဖျက်အမှောင့် ထောက်လှမ်းရေး နည်းဗျူဟာတွေ သုံးတတ်လို့ ဒါကိုတော့ သတိထားဖို့လိုတယ်။ ဒီနည်းဗျူဟာတွေက လက်ဆုတ်လက်ကိုင် သက်သေပြဖို့ မလွယ်ဘူး။ ဘုန်းကြီးကျောင်းမှာ လှူတာဘဲဖြစ်ဖြစ် စတုဒီသာ ကျွေးတာဘဲဖြစ်ဖြစ် ဘာသာရေးအရ လုပ်တာမို့ ထောက်ပြလို့ မလွယ်ဘူး။ ကိုရွှေမန်းပြောတဲ့ ပိတ်ကားပေါ်မှာ စောင့်ကြည့်ပါဆိုတဲ့ စကားအတိုင်း အထူးသတိထား ဆင်ခြင် စောင့်ကြည့်ရမယ်”။

ဆက်လက်ပြီး ပြီးခဲ့တဲ့ ဘာသာရေး ပဋိပက္ခနဲ့ Time မဂ္ဂဇင်း ဂယက်အပေါ် စစ်ဖက်နီးစပ်သူများက အခုလို ဝေဖန် သုံးသပ်လာပါတယ်။ မူလကတည်းက ဖြစ်စဉ်တော်တော်များများမှာ မူဆလင် ဘာသာဝင်များက စတင်ခဲ့တာကြောင့် ဗုဒ္ဓဘာသာဝင် အများစုက တအုံနွေးနွေး ဖြစ်နေချိန်မှာ Time မဂ္ဂဇင်းဟာ ပိုပြီး ဆိုးလာအောင် မီးလောင်ရာ လေပင့်သလို ဖြစ်ခဲ့ကြောင်း၊ အမျိုးသားရေး ၀ါဒီများက အမျိုးသားရေး ထိုးစစ်ဆင်နွှဲချိန်မှာ Time မဂ္ဂဇင်း လုပ်ရပ်ကြောင့် အစိုးရအပေါ် အမြင်မကြည်လင်ခဲ့တဲ့ သံဃာတော်တွေကပါ ဘက်ပြောင်းသွားခဲ့လို့ စစ်နည်းဗျူဟာအရ စစ်ကူပစ်ကူ  အထောက်အကူ ရသွားတဲ့သဘော ဖြစ်သွားကြောင်း ဆိုပါတယ်။

အစိုးရရုံးနှင့် နီးစပ်သူ တစ်ဦးကတော့ အခုလို ငြီးတွားပြီး ဆိုလာပါတယ်။

လွှတ်တော်တက်ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်

“ရခိုင်ပြည်နယ်ကိစ္စ၊ မျိုးစောင့်ဥပဒေကိစ္စတွေ ပေါ်လာတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောက်ခံမှု အားကျသွားတာပေါ့။ ပိုဆိုးတာက ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားရေးကိစ္စတွေမှာ ရှေ့ကိုထွက်မလာရဲသလို ဖြစ်နေတော့ လူထုအားကိုးမှု ကျသွားနိုင်တယ်လေ။ အခုဆိုရင် ရခိုင်၊ မွန်၊ ကချင်၊ ရှမ်း၊ ကယား စတဲ့ တိုင်းရင်းသား ပြည်နယ်တွေမှာ NLD မဲမရနိုင်တော့တဲ့အပြင် လက်ပန်းတောင်းတောင် ဧရိယာတဝိုက်မှာလည်း မဲမရတော့ဘူးဗျ။ ဦးသိန်းစိန်ကိုလည်း လူထုက ပိုကြိုက်နေတယ်လေ။ ဒါပေမဲ့ တစ်နိုင်ငံလုံး ခြုံကြည့်လိုက်ရင်တော့ ဒေါ်အောင်ဆန်းစုကြည်က အသာစီးရတုံးပါဘဲ။ မြန်မာထုံးစံအတိုင်း NLD လဲကွဲ၊ ကြံ့ဖွံ့လဲကွဲ ဖြစ်ဖို့များတာ စိုးရိမ်စရာဘဲဗျာ”

အဲဒီနောက် လွှတ်တော်ရုံး ကော်မတီတစ်ခုရဲ့ အဖွဲ့ဝင် တစ်ဦးထံ ဆက်သွယ်ပြီး သူ့ရဲ့ သဘောထား အမြင်ကို မေးမြန်းခဲ့ပါတယ်။

“ဦးသိန်းစိန်၊ ဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည် သုံးပွင့်ဆိုင်ကတော့ ကြည့်ကောင်းမဲ့ပွဲဘဲ။  တိုင်းပြည်တိုးတက်ဖို့အတွက် အပြိုင်အဆိုင် အနစ်နာခံပြီး လုပ်ပြမယ် ဆိုရင်တော့ ကြိုဆိုရမှာပေါ့။ တိုင်းပြည်တိုးတက်ဖို့ ဆိုတာဟာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ စီးပွားရေး၊ တရားစီရင်ရေး၊ မဏ္ဍိုင် (၃) ရပ် တပြိုင်နက် တိုးတက်ဖို့လိုတယ်။ ဥပဒေပြုရေးမှာ အခြေခံဥပဒေ ပြင်ဆင်ရေးကို အဓိက တာဝန်ရှိတဲ့ ဦးရွှေမန်းကိုယ်တိုင် တက်တက်ကြွကြွ လုပ်ဖို့လိုတယ်။  အုပ်ချုပ်ရေးနဲ့ စီးပွါးရေးကဏ္ဍမှာ တာဝန်ရှိတဲ့ ဦးသိန်းစိန်ကလည်း အားထည့်ဖို့ လိုသလို ဒေါ်အောင်ဆန်းစုကြည်ကလည်း နိုင်ငံတကာက ပံ့ပိုးပေးရေး  လှုံဆော်စည်းရုံးပေးရေး လုပ်ဖို့လိုတယ်။ တရားရေးမဏ္ဍိုင် ခိုင်မြဲစေဖို့ ဦးသိန်းစိန် ကိုယ်နှိုက်က အဂတိလိုက်စားမှု တိုက်ဖျက်ရေး အပါအ၀င် စီမံခန့်ရေးနဲ့ တရားဥပဒေ စိုးမိုးရေးမှာ ဘယ်သူ့ကိုမှ ဘက်မလိုက်ဘဲ ခိုင်မာအားကောင်းအောင် ဆောင်ရွက်ဖို့လိုတယ်။ ရိုးသားပွင့်လင်းပြီး အနစ်နာခံ လုပ်ပြတဲ့ ခေါင်းဆောင်ကို ပြည်သူက မှန်မှန်ကန်ကန် ရွေးချယ်သွားလိမ့်မယ်။ ဒါပေမဲ့ တစ်ဦးနဲ့တစ်ဦး ပျော့ကွက်နင်းပြီး နှိပ်ကွပ်မယ် ကိုယ်ရည်သွေး အာဏာရူးမယ် ဆိုရင်တော့ နိုင်ငံအတွက် ရင်လေးစရာဘဲ။ ကျွန်တော်တို့ သိပ်မပြောချင်ဘူးဗျ။ ဒီအတွင်းရေးတွေကို စစ်ရုံး အတွင်းစည်းကလူတွေ ပိုသိတယ်ဗျ” လို့ သူ့အမြင်ကို ဒိုးဒိုးဒေါက်ဒေါက်ပြောရင်း ဖုံးချသွားတာကြောင့် စစ်ရုံးနဲ့နီးစပ်သူအား မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ ဘယ်လို မြင်ပါသလဲလို့ ဆက်လက် မေးမြန်းခဲ့ပါတယ်။

သူ့အဖြေက “တိုင်းပြည်ရဲ့ခေါင်းဆောင် တစ်နည်းပြောရရင် အုပ်ချုပ်သူကို ကျွန်တော်အပါအ၀င် ပြည်သူပြည်သားတွေက အားကိုး ယုံကြည်နေကြတာမျိုးနဲ့ တိုင်းပြည်အတွက် အမှန်တကယ် ဖြစ်သင့်တဲ့ ဒီမိုကရေစီလမ်းကြောင်းကို ဖြောင့်ဖြောင့်တန်းတန်း သွားနိုင်တဲ့ ခေါင်းဆောင်မျိုးဘဲ ဖြစ်စေချင်ပါတယ်။ လွတ်လပ်ရေးရဲ့ဖခင်၊ တပ်မတော်ရဲ့ အဖေရင်း ဗိုလ်ချုပ်အောင်ဆန်းသွေးမို့ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ လူထုရဲ့ အားကိုး ယုံကြည်မှုနဲ့အတူ သူမအနေနဲ့လည်း စိန်ခေါ်မှုတွေ အားလုံးကို မှန်မှန်ကန်ကန် ရင်ဆိုင်ချင့်ချိန်နိုင်ပါမှ တော်ရုံကျမယ်။ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ကိစ္စမှာ အစိုးရရော လွှတ်တော်ပါ အကျပ်အတည်း တွေ့နိုင်တယ်။ ဒီနေရာမှာ ထုံးစံအတိုင်း ဒေါ်စုကို တည်ကြက်အနေနဲ့ ပါးပါးလေး ကပ်ထည့်တာမျိုးကိုတော့ လက်မခံသင့်ဘူး။ ဒေါ်စုမှ  ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီမှာ တာဝန်နှင့်လုပ်ပိုင်ခွင့် ရရှိဖို့ တောင်းဆိုရန် လိုအပ်ပါတယ်။ ဒါမှ ကျွန်တော်တို့ လိုချင်တဲ့ ငြိမ်းချမ်းရေး အစစ်အမှန် ရရှိမှာ ဖြစ်ပါတယ်” လို့ ပြောဆိုသွားပါတယ်ခင်ဗျား။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။