Thursday, August 8, 2013

သမ္မတ ဖြစ်ချင်ခဲ့တဲ့ နောက်တစ်ဦး

(စည်းလုံးခြင်းရဲ့အင်အား)
ပြည်ခိုင်ဖြိုးပါတီ ညီလာခံမှာ ပါတီ ထိပ်တန်း ခေါင်းဆောင်များနဲ့အတူ တွေ့ရတဲ့ ဦးဌေးဦး၊ ဦးရွှေမန်းနဲ့ ဦးအောင်သောင်း

ပြည်ခိုင်ဖြိုးပါတီ ထိပ်ပိုင်း ခေါင်းဆောင်တစ်ဦး ဖြစ်နေတဲ့ ဗိုလ်ချုပ်ဟောင်း ဦးဌေးဦးဟာ ပြည်ခိုင်ဖြိုးအကြီးအကဲ ဦးရွှေမန်းနှင့် စစ်တပ်အတွင်း တာဝန် ထမ်းဆောင်ခဲ့စဉ်တုန်းက အကြိတ်အခဲများ ရှိခဲ့ကြောင်းနှင့် သူလည်းဘဲ သမ္မတအဖြစ် စိတ်ကူးယဉ်ခဲ့ဖူးသူ တစ်ဦးဖြစ်ကြောင်း နတခတွင် တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်မတော် အရာရှိတစ်ဦးက စည်းလုံးခြင်းရဲ့အင်အားထံ သတင်းပေးပို့ခဲ့ပါတယ်။

လက်ရှိ ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဋ္ဌဖြစ်ပြီး ယခင်က ပြည်ခိုင်ဖြိုး အထွေထွေအတွင်းရေးမှူး ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ် ဌေးဦးဟာ အပတ်စဉ် OTS – 43 ဗိုလ်လောင်းကျောင်းဆင်း အရာရှိတစ်ဦး ဖြစ်ပါတယ်။ OTS - 43 ကျောင်းဆင်းအရာရှိများဟာ ဘွဲ့ရအပတ်စဉ်ဖြစ်ပြီး ရန်ကုန် - မန္တလေး ရှိ ဝိဇ္ဇာ - သိပံ္ပ တက္ကသိုလ်များမှ ဘွဲ့ရ ကျောင်းသားလူငယ်များ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) သို့ ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ကျောင်းဆင်းချိန်ဟာ ၁၉၇၂ ခုနှစ် ဝန်းကျင်ကဖြစ်ပြီး တပ်မတော် ပြန်တမ်းဝင်အရာရှိ (ကြည်း) နံပါတ် BC. No (12000) ကျော်ပြီးကာစ DSA – 13 နောက်မှ ကပ်လိုက်လာတဲ့ အပတ်စဉ် ဖြစ်ပါတယ်။ ထိုခေတ်ကာလက ဗိုလ်လောင်း ၁၅၀ ကျော် ရှိတာမို့ အများဆုံး အပတ်စဉ်လို့ ဆိုရမှာ ဖြစ်ပါတယ်။


၂၀၀၉ ခုနှစ် ကမ္ဘာ့စားရိပ်ရိက္ခာနေ့ အခမ်းအနားမှာ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် (ယခု နိုင်ငံတော် သမ္မတ/စာအုပ်ကိုင်နေသူ) ကို ဗိုလ်ချုပ်ဌေးဦးနဲ့အတူ တွေ့ရစဉ်

ဗိုလ်ချုပ်ဌေးဦးဟာ ဧရာဝတီတိုင်း ဟင်္သာတမြို့ ဇာတိဖြစ်ပါတယ်။ သူဟာ ဟောပြော ကောင်းသူဖြစ်ကာ မဆလပါတီရဲ့ သဘောတရားရေးရာ ကေဒါသင်တန်းများမှာ အမှတ်ကောင်း ရရှိခဲ့သူလည်း ဖြစ်ပါတယ်။ မိခင်တပ် တပ်မ (၉၉) လက်အောက်ခံ တပ်ရင်းတစ်ရင်းမှာ စတင် တာဝန် ထမ်းဆောင်ခဲ့ကာ ရတခ (G-3) စစ်ဦးစီးမှူး (တတိယတန်း) ဖြစ်ခဲ့ပါတယ်။ အဲဒီနောက် သူဟာ ခလရ (၃၃) တန့်ယန်း (ရမခ) မှာ တပ်ခွဲမှူး (ဗိုလ်မှူး)၊ ခမရ (၁၀၂) တပ်ရင်းမှူး၊ တပ်မ (၉၉) တပ်မမှူး အဖြစ် ရာထူးအဆင့်ဆင့် တိုးလာကာ ဧရာဝတီတိုင်း နတခတိုင်းမှူး ဖြစ်လာခဲ့သူ ဖြစ်ပါတယ်။ တပ်မ (၉၉) တပ်မမှူးနှင့် ရတခတိုင်းမှူး ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ဥာဏ်လင်းရဲ့ အနီးကပ်တပည့် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၀၂ - ၂၀၀၃ ခုနှစ် နတခတိုင်းမှူး ဖြစ်ကာစမှာတော့ ဗိုလ်ချုပ်ကြီး သူရရွှေမန်းနှင့် တိုင်းမှူးတာဝန် လွှဲပြောင်း လက်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဖူးစာဆုံသူကတော့ မဆလခေတ် ဗိုလ်မှူးကြီး ခင်ကျော်ညို၊ ဒေါက်တာမြနှောင်းညိုရဲ့ ညီမအရင်း ဒေါ်နီနီနှင့် အကြောင်းပါခဲ့ပြီးတော့ သားသမီး မရရှိကြောင်း သိရပါတယ်။

နတခတိုင်းမှူးတွေဟာ အဆက်ဆက် “ခေ” သူများ မဟုတ်ကြောင်း တွေ့ရှိရပါတယ်။ နတခတိုင်းမှူးများ ဖြစ်ခဲ့ကြတဲ့ ဦးသန်းရွှေ၊ ဦးမြင့်အောင်၊ ဦးတင်လှ၊ ဦးညွှန့်တင်နဲ့ ဦးရွှေမန်းတို့ အားလုံးဟာ တပ်မတော်သမိုင်းမှာ သူ့နေရာနှင့်သူ “ဇောင်း” ထက်ခဲ့သူကြများ ဖြစ်ကြပါတယ်။ ယခင်က ထိပ်တန်းနေရာများကို ရတခ၊ ရပခနှင့် ရကတ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများကသာ တက်ရန် လျာထားခဲ့ပေမဲ့ နောက်ပိုင်းမှာ နတခတိုင်းဟာလည်း နောင်မှာ ထိပ်ပိုင်းရာထူး ပေးမဲ့သူကို လျာထားတဲ့ တိုင်းအဖြစ် ထပ်တိုး သတ်မှတ်ခဲ့တာ တွေ့ရပါတယ်။

ဧရာဝတီတိုင်းမှူး ဖြစ်လာတဲ့ ဗိုလ်ချုပ်ဌေးဦး အနေနဲ့ တက်ကြွစွာ အားထည့်မည်လို့ စတင် ကြံရွယ် လုပ်ဆောင်ကတည်းက “ထီ” ကနဲဆို ထိပ်ပိုင်းရောက်နေတဲ့ ဗိုလ်ချုပ်ကြီး သူရရွှေမန်းနှင့် ပြဿနာ တရပ် ဖြစ်ပွားခဲ့ပါတော့တယ်။ ဧရာဝတီတိုင်းဟာ စစ်ဆင်ရေး မရှိဘဲ စပါး အထူးအထွက်တိုးရေးနှင့် နိုင်ငံရဲ့အဓိက စပါးကျီ ဖြစ်တာမို့ အလွန် သတိထားရတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒါကြောင့် ဧရာဝတီတိုင်း အတွင်း မြို့နယ်တွေမှာရှိတဲ့ လယ်ဧကတွေကို စိုက်ဧကစစ်တဲ့ အဖွဲ့တွေအား စစ်ဆေးဖို့ ဗိုလ်ချုပ်ဌေးဦးက “တယက” အနေနဲ့ ညွှန်ကြားခဲ့ပါတယ်။ အဲဒီ စာရင်းတွေကို မြေစာရင်း ဦးစီးဌာနနဲ့ စစ်တဲ့အဖွဲ့တွေက Up to Date  ပြန်မစစ်ဘဲ တင်ပေးလိုက်ဟန်တူပြီး အစိုးရအဖွဲ့ကို တင်လိုက်ရာမှာ ပြဿနာ စဖြစ်ပါတယ်။ (လယ်/ဆည်) ဝန်ကြီးဖြစ်နေတဲ့ ဦးညွှန့်တင်ဟာ (နတခ) တိုင်းမှူးက လာတာဖြစ်လို့ လယ်ဧက စာရင်းဇယားတွေ ဖေါင်းပွနေကြောင်း ထောက်ပြခဲ့တယ်လို့ သိရပါတယ်။

အဲဒီမှာတင် ဗိုလ်ချုပ်ဌေးဦးက ယခုလို စာရင်းဖေါင်းပွရတာဟာ အရင်တိုင်းမှူး လက်ထက် (ဦးရွှေမန်း တိုင်းမှူး) တုန်းက စာရင်းဇယားတွေ ဖြစ်တယ်လို့ လွှဲချပါတယ်။ အဲဒီအခါ ဦးရွှေမန်း လက်ထက်တုန်းက (လိမ်ညာတင်ပြတဲ့ သဘောမျိုး) ပိုပြတဲ့ စာရင်းဇယားအဖြစ်  ဘူးပေါ်သလို ပေါ်သွားတာကြောင့် ဦးရွှေမန်းအဖို့ ဒေါကန်ကာ အကြီးအကျယ် စိတ်ဆိုးခဲ့ပါတယ်။ ဒါနဲ့ဘဲ ဦးရွှေမန်းရဲ့ ပညာပေး “သမ” မှုကြောင့် ဗိုလ်ချုပ်ဌေးဦးခမျာ ဧရာဝတီတိုင်းက သူ့ဇာတိချက်မြေ (ဟင်္သာတ) မှာ ဖင်ပူအောင် မနေရဘဲ နောက်တဆင့်မြှင့် ရာထူးကိုတောင်မှ အိမ်မက် မက်ခွင့် မရရှာတော့ကာ သမဝါယမ ဝန်ကြီးအဖြစ်နဲ့သာ နှစ်သိမ့်ဆု ပေးခဲ့တာ ခံခဲ့ရပါတယ်။ ဗိုလ်ချုပ်ဌေးဦးရဲ့ အပြောအဆို ညက်ညောမှုနှင့် အလျှောက်ကောင်းမှုကြောင့် ဦးသန်းရွှေဟာ မဟာဂရုဏာ သက်ပြီးတော့ (လယ်/ ဆည်) ဝန်ကြီးအဖြစ် ထပ်မံ ပြောင်းရွေ့ပေးခဲ့ပါတယ်။

လယ်ဆည်ဝန်ကြီးဟောင်း ဗိုလ်ချုပ် ဌေးဦး

၂၀၀၀ ခုနှစ် နောက်ပိုင်းမှာ ပြည်ခိုင်ဖြိုးအသင်းဟာ အထွေထွေ အတွင်းရေးမှူး ဦးသန်းအောင် တစ်ယောက်တည်း မနိုင်မနင်း ဖြစ်နေရာ ပြည်ခိုင်ဖြိုးအသင်း ထိပ်ပိုင်းမှာ တာဝန်ပေးဖို့ ဦးသန်းရွှေက လူရှာဖွေခဲ့ပါတယ်။ ပြည်ခိုင်ဖြိုးအသင်းဟာ အရှိန်အဟုန်မြှင့် တိုးချဲ့လာတာကြောင့် စစ်တပ်မှ မည်သည့်ဗိုလ်ချုပ်ကမှ ဂွင်မကောင်းတာမို့ လုပ်ချင်စိတ်မရှိလို့ ဦးဌေးဦးနဲ့ ဦးအောင်သောင်းတို့ကိုသာ ပြည်ခိုင်ဖြိုး အထွေထွေအတွင်းရေးမှူးနှင့် အတွင်းရေးမှူးများအဖြစ် လုပ်ဆောင်ဖို့ ညွှန်ကြားခဲ့ပါတယ်။ အဲဒီချိန်ကစပြီး ဦးဌေးဦးက ဘယ်သူမှ မသွားချင်တဲ့ ပြည်ခိုင်ဖြိုးအသင်းမှာ အားထည့်ပြီး လုပ်ပြခဲ့ရာက ပြည်ခိုင်ဖြိုးပါတီဟာ သူ့လက်သူ့ခြေ ဖြစ်နေပါတယ်။ ပြည်ခိုင်ဖြိုးကို မူလက လူမှုရေး အသင်းအဖွဲ့လို့ ဆိုထားရာက ပါတီအဖြစ် ရုတ်တရက် ပြောင်းလိုက်တော့မှ ဗိုလ်ချုပ်များလည်း အလုအယက် ၀င်ရောက်ကာ ထိုင်ခုံ ရှာဖွေကြပါတော့တယ်။ ဒီလို လုပ်ကိုင်ရာမှာ ဦးသန်းရွှေက ဦးဌေးဦးကို ပြည်ခိုင်ဖြိုးကိစ္စ ခေါ်ခိုင်းတိုင်း မင်းကိုအားကိုးပြီး တာဝန်ပေးချင်တာဆိုကာ နှစ်သိမ့်လေ့ရှိတတ်တာမို့ ဦးဌေးဦးတစ်ယောက်လည်း သမ္မတရောဂါ စိတ်ကူးယဉ်ခဲ့ဖူးကြောင်း တင်ပြလိုက်ရပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။