Thursday, August 1, 2013

ဗိုလ်ချုပ်မှူးကြီး သန်းရွှေအပေါ် မိမိအနေဖြင့် ပုဂ္ဂိုလ်ရေး မုန်းတီးမှု မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

(EMG)

ဗိုလ်ချုပ်မှူးကြီး သန်းရွှေအပေါ် မိမိအနေဖြင့် ပုဂ္ဂိုလ်ရေးမုန်းတီးမှုနှင့် အာဃာတထားရှိခြင်း မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင် ၃၁ ရက်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

"အရင်အစိုးရ လက်ထက်တုန်းက နိုင်ငံရေးလုပ်တဲ့ ဖြစ်စဉ်ကြောင့် အကျယ်ချုပ် ချခံရတာတွေ ရှိခဲ့တယ်။ ဘယ်သူ့ကိုမှ မုန်းတီးမှု မရှိပါဘူး။ နိုင်ငံရေးလုပ်လို့ ဖြစ်ရတယ်လို့ပဲ သဘောထားတယ်။ ဦးသန်းရွှေကို ဒီလိုလုပ်ခဲ့တယ်ဆိုပြီး မုန်းတီးနေတာ မရှိပါဘူး" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

 
ယခင်က ဗိုလ်ချုပ်ကြီး စောမောင်နှင့် မည်သည့်ကိစ္စမျှ ဆွေးနွေးခဲ့မှု မရှိကြောင်း၊ ဦးသန်းရွှေ လက်အောက်တွင်လည်း အကျယ်ချုပ် ချခံခဲ့ရကြောင်း၊ ဦးသန်းရွှေ လုပ်ပါတယ်ဆိုပြီး စိတ်ထဲတွင် မရှိကြောင်း၊ ပုဂ္ဂိုလ်ရေးအရ ဒီလူကလုပ်ပါတယ်၊ ဟိုလူက လုပ်ပါတယ်၊ ဟုတ်ရင်ဟုတ်မယ်၊ မဟုတ်ရင်မဟုတ်ဘူး။ ဒါကအဓိက မဟုတ်ကြောင်း၊ ကိုယ်ယုံကြည်လို့ ကိုယ်လုပ်နေတာဖြစ်ကြောင်း၊ ကိုယ်ယုံကြည်တာလုပ်လို့ ပြဿနာဖြစ်ရင်လည်း ရင်ဆိုင်ရမည်ဖြစ်ကြောင်း၊ အလုပ်လုပ်နေတာက အပြစ်ရှာရန် မဟုတ်ကြောင်း၊ အဖြေရှာရန်သာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

"နောက်ကြောင်းပြန်ပြောတာတွေ မလုပ်ချင်ဘူး။ ရှေ့ကို နိုင်ငံကောင်းအောင် ဘယ်လိုလုပ်မလဲ ဆိုတာဘဲ စဉ်းစားပါတယ်။ လက်စားချေဖို့ စိတ်ကတော့ လုံးဝမရှိဘူး။ အန်တီအမြဲ ပြောခဲ့တယ်။ 
အန်တီ့ကို ကောင်းကောင်းထားခဲ့ပါတယ်။ ပုဂ္ဂိုလ်ရေးအရ မုန်းတီးမှုများ မရှိခဲ့ပါဘူး။ အမျိုးသား ရင်ကြားစေ့ရေးကိုပဲ ဦးတည်ထားပါတယ်။ အန်တီ့ရဲ့ စိတ်အရကတော့ လက်စားချေလိုစိတ် မရှိဘူး။ မှန်တယ်ထင်ရင် လုပ်မယ်။ မမှန်ဘူးထင်ရင် မလုပ်ဘူး။ နိုင်ငံအတွက် ကောင်းအောင်လုပ်ဖို့ပဲ စဉ်းစားထားပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

လက်ရှိတွင် ကော့မှူးမြို့နယ် တိုးတက်ရန်အတွက် ဆောင်ရွက်နေကြောင်း၊ တစ်နိုင်ငံလုံး တိုးတက်ရန်အတွက် ဆောင်ရွက်လိုကြောင်း၊ မဲဆန္ဒရှင်တွေအတွက် အဓိကထားပြီး လုပ်ဆောင်နေကြောင်း ပြောကြားသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။