Thursday, August 29, 2013

အဘခေါ်တဲ့ခေတ် ကုန်သင့်ပြီလား

(စည်းလုံးခြင်းရဲ့အင်အား)

ရုရှားဖက်ဒရေးရှင်းနိုင်ငံ Tyla မြို့နဲ့ စိန့်ပီတာစဘတ်မြို့တို့ရှိ မြန်မာသံရုံးမှ အရာရှိ ဝန်ထမ်း မိသားစုများမှ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ကန်တော့ဖို့ ပြင်ဆင်နေကြပုံ

ယနေ့ တပ်မတော်က လူကြီးတွေကို “အဘ” ဆိုတဲ့ စကားလုံးနဲ့ တွင်တွင်ကျယ်ကျယ် ခေါ်ဝေါ် သုံးစွဲလာကြပြီးတော့ နယ်ဘက် ဝန်ကြီးဌာနတွေက ဝန်ထမ်းတွေကပါ ရောရောင်ပြီး “အဘ” လို့ နှုတ်ကျိုးကုန်ကျပါတယ်။ အခုနောက်ပိုင်း အသံလွှင့်ဌာန မီဒီယာ တချို့ကပါ အဘလို့ဘဲ စတင် ခေါ်လာနေပါတယ်။ ဒါနဲ့ ပတ်သက်ပြီး အဘဆိုတာ ဘယ်တုန်းက စပေါ်လာတယ် ဆိုတာရယ်နဲ့ ဘာလို့ သုံးခိုင်းရတယ် ဆိုတာတွေကို အငြိမ်းစား တပ်မတော် အရာရှိများက စည်းလုံးခြင်းရဲ့အင်အား သို့ အခုလို သုံးသပ် တင်ပြသွားပါတယ်။

အဘဆိုတဲ့ အခေါ်အဝေါ်ကို ၁၉၈၆ ခုနှစ်ကတည်းက စတင်လာခဲ့ကြောင်း တပ်မတော် အရာရှိကြီး (ငြိမ်း) က ပြောလာပါတယ်။


“ကျွန်တော်တို့ တပ်ရင်းမှူးက ဗျူဟာမှူးနဲ့ ပြဿနာတက်ပြီး ပြုတ်သွားတယ်။ ဖွဲ့စည်းပုံ ပျက်နေလို့ စစ်ရာထူးခန့်ချုပ်ရုံးက လက်ရွေးစင် (ပတ်ကား) ခလရ (၅၁) က တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အပွင့်တင်ထားပြီးတဲ့ ဒုဗိုလ်မှူးကြီး မျိုးအောင် (DSA – 6) စီနီယာကြီးကို ကျွန်တော့်တပ်ရင်းသို့ စေလွှတ်တာဝန်ပေးလိုက်တယ်။ ကျွန်တော်လည်း အဲဒီတုန်းက နှစ်ပွင့်ဗိုလ်ဖြစ်နေပြီး သူ့ကို သွားကြိုဖို့ ကျိုက်မရော ဆိပ်ကမ်းကနေ စောင့်နေရတယ်။ ခလရ (၅၁) က ကျွန်တော်တို့တပ်ကို အရင် ပြောင်းလာခဲ့တဲ့ တပ်ကြပ်ကြီးတွေကို မေးကြည့်တော့ သဘောင်္ဦးခန်းမှာ တပ်ရင်းမှူးအသစ်ကြီး ရောက်နေပြီဆိုလို့ ကမန်းကတန်း သွားသတင်းပို့လိုက်ရတယ်။ အဲဒီမှာတင် ကျွန်တော်က အလေးပြုကာ တပ်ရင်းမှူးကြီး ကျွန်တော်က လာရောက်ကြိုဆိုတဲ့ တပ်စုမှူးပါလို့ဆိုတော့ မင်းင့ါကို တပ်ရင်းမှူးလို့ မခေါ်နဲ့၊ အဘလို့ခေါ်ပါ ပြောတော့ ကြောင်သွားပါတယ်။ သူက ထန်မန်နဲ့ စိတ်ဆိုးမယ့် ပုံသဏ္ဍာန် ဖြစ်လာတော့ ကြောက်ကြောက်ရွံ့ရွံ့နဲ့ ဟုတ်ကဲ့အဘလို့ နှုတ်ဆက်ရတာပေါ့ဗျာ။ ဒါပေမဲ့ နောက်ထပ်ပြောင်းလာတဲ့ O.T.S – 31 ဗိုလ်မှူးခင်မောင်ဦးကျတော့ သူ့ကို အဘခေါ်တာ မကြိုက်ဘူး။ သူ့ပုံစံက နုပျိုနေတော့ အသက်ကြီးလို့ အချွန်နဲ့မတာမျိုး ခံစားရတာနဲ့ တူတယ်”
မည်သို့ဆိုကာမူ နောက်ပိုင်းကျတော့ တပ်မတော်အရာရှိတွေဟာ တပ်ရင်းမှူးကိုအဘ၊ ဒုတပ်ရင်းမှူးကို အဘလေးကအစ ဗျူဟာမှူးနှင့်အထက်ကို အဘကြီးလို့တမျိုး နှုတ်တိုက်ရွတ်ဆို ဂါရဝပြုကြ ပါတော့တယ်။ လေတပ်ကျတော့ အုပ်မှူး၊ တပ်မှူးတွေကို “ဆရာ” လို့ ခေါ်တွင်ကြပြီး ရေတပ်ကြတော့ “CO” လို့ “ဗိုလ်ဆန်ဆန်” ခေါ်ကြပါတယ်။ ဦးနေဝင်းခေတ်မှာ သူ့ကို အဖေကြီးလို့ ခေါ်ရပါတယ်။ နိုင်ငံတကာ တပ်မတော်တွေမှာ အထက်အကြီးအကဲတွေကို သူတို့ရဲ့ ရာထူးအဆင့်အလိုက်သာ ခေါ်ဝေါ် သုံးနှုန်းကြပြီး Father (Daddy) လို့ အစားထိုးခေါ်တာ မရှိတာ တွေ့ရပါတယ်။ အဲဒီလို အဘလို့ ခေါ်ခိုင်းတာ ဘာကြောင့်လဲဆိုတာ တပ်မတော် အရာရှိကြီး (ငြိမ်း) နောက်တစ်ဦးနဲ့ ဆွေးနွေး ကြည့်ပါတယ်။ သူတို့ကိုဖါးဖို့ အာရကေ ပေးရင်ဖြစ်ဖြစ်၊ 870 (အိပ်ဆဲဗင်းဇီးရိုး) လို့ ခေါ်တဲ့ လက်ဆောင် ပေးတဲ့အခါဖြစ်ဖြစ် အဘဆိုတော့ ၀ိနည်းလွတ်သွားကာ ဗိုလ်ချုပ်/တပ်ရင်းမှူးတို့ ခေါ်ပြီး အသံထွက်နေရင် ဂါပေးရတာ စနိုးစနှောင့် ဖြစ်ရအုံးမယ်လို့လည်း သူက သုံးသပ်ပါတယ်။ မြန်မာစကား ဂါရ၀ ဆိုတာကို ဆက်သွယ်ရေး သကောင့်သားတွေက ဂါကိုရှစ်၊ ရကိုခုနှစ်၊ ၀ကိုဇီးရိုး အဓိပ္ပါယ်နဲ့ အိပ်ဆဲဗင်းဇီးရိုးလို့ တီထွင် ခေါ်ဝေါ်ခဲ့တာပါ။

ဂုဏ်ပြုခံ မြန်မာ့ ရေတပ် တပ်ဖွဲ့ဝင်များ

အဲဒီအရာရှိကြီးက သူ့ကို အဘခေါ်ခိုင်းတဲ့ တပ်ရင်းမှူးနဲ့ စပ်လျဉ်းပြီး ရွာထဲက ဖြစ်စဉ်တစ်ခု ထပ်ရှင်း ပြပါတယ်။ “ကျွန်တော်လည်း ရှေ့တန်းစစ်ဆင်ရေး လုပ်နေတုန်း ရွာတစ်ရွာရောက်တော့ တပ်ရင်းမှူးကြီးက ညောင်းညာလို့ဆိုကာ နှင်းနှိပ်ပေးဖို့ လူရှာခိုင်းပါတယ်။ ကျွန်တော်လည်း ကျေးရွာ သူကြီးထံ ပြေးသွားပြီး အဘညောင်းလို့ အနှိပ်သည်ရှာပေးဖို့ ပြောလိုက်ပါတယ်။ ကျေးရွာသူကြီးလည်း အဘဆိုတာနဲ့ အသက်ကြီးကြီးထင်ပြီး နင်းနှိပ်ပေးရမဲ့ မိန်းကလေး အပျိုဖြန်းလေးတစ်ဦးကို စီစဉ် ပေးလိုက်ပါတယ်။ အဲဒီခလေးမကို အဘအခန်းထဲ သွင်းလိုက်ရာ ခလေးမလည်းရှက်လို့ မနှိပ်ပေးချင်ဘူး ဆိုကာ ပြန်ထွက်လာတာမို့ ခေါင်းကိုက်ခဲ့ရပါသေးတယ်။”
နောက်တစ်ပိုင်း ဖြစ်နိုင်တာက စစ်တပ်က ဆက်သွယ်ရေးစက်များမှာ ရန်သူ့ကြားဖြတ် ဖမ်းစက်မှ ရှောင်ကွင်း လိုတာကြောင့် ခေါင်းဆောင်လုပ်သူ ဘယ်သူမှန်း မသိစေရေးအတွက် အဘဆိုတဲ့ ဗန်းစကားကို ကြားဖြတ်သုံးနေရာမှ အလေ့အကျင့် ဖြစ်လာတယ်လို့လည်း စစ်ဖက်နီးစပ်သူများက မြင်ပါတယ်။

အရပ်သူမိန်းကလေး တစ်ဦးဟာ တပ်မတော်သား တစ်ဦးနဲ့ အကြောင်းပါ ပါက မိဘ သဘောတူသည် ဖြစ်စေ၊ သဘောမတူသည်ဖြစ်စေ တပ်ရင်းမှူး သဘောတူဖို့သာ အဓိက တရားဝင်ပြီး မိဘအစား တပ်ရင်းမှူးက အရာရာ ချုပ်ကိုင် လုပ်ပိုင်ခွင့် ရှိပါတယ်။ မည်သို့ဆိုစေကာမူ တပ်မတော်မှာ အဘခေါ်ဝေါ်တဲ့ အသုံးအနှုန်းဟာ မည်သူမှန်း မသိအောင် ဝိုးတဝါး ရှိနေပြီး လိုတာထက် ပိုမိုကိုင်းရှိုင်း ဦးညွှတ်စေဖို့ ခေါ်ခိုင်းတာ ဖြစ်ပါတယ်။ တကယ်တော့ အဘဆိုတဲ့ စကားလေးဟာ မြန်မာရိုးရာ ထုံးတမ်းစဉ်လာအရ အဖေ အထက် အသက်ကြီးတဲ့သူ ရိုသေကိုင်းရှိုင်း အမိန့်ကျိုးနွံရမယ့်သဘော ခေါ်ခိုင်းတာဖြစ်တယ်။ ဆိုလိုတာက အဘလို့ ခေါ်ခြင်းဖြင့် မွေးမိခင် ဖခင်တို့အပါအ၀င် ပြည်သူတွေကို မိဘအသွင်မှ ဖယ်ရှားကာ တပ်မတော်သာအမိ တပ်မတော်သာအဖ ဖြစ်စေရေး ဇာတ်သွင်းတဲ့ အနေနဲ့ တပ်မိသားစုအသွင် ဖန်တီးတာမျိုး ဖြစ်ပါတယ်။ ဒါကြောင့် အဘလို့ခေါ်နေတဲ့ အသုံးအနှုန်းကို ပယ်ဖျက်သင့်ပါကြောင်း စစ်ဖက်နီးစပ်သူများက တင်ပြသွားကြပါတယ်။
 

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။