(Burma VJ Media)
မြန်မာ့တပ်မတော်ဟာ ၁၉၈၈
ခုနှစ်နောက်ပိုင်းမှာ အင်အားတိုးချဲ့ရေးနဲ့ခေတ်မီရေးကို အပြင်းအထန်
ဆောင်ရွက်ခဲ့ တဲ့အတွက် အရှေ့တောင်အာရှဒေသအတွင်းမှာ ဗီယက်နမ်ပြီးရင်
ဒုတိယအင်အား အကြီးဆုံးစစ်တပ် ဖြစ်လာခဲ့ပါ တယ်။ နိုင်ငံရဲ့အဆီအနှစ်တွေကို
ဆယ်စုနှစ်နှစ်ခုကျော် ၀ါးမြိုစားသုံးပြီး ခေတ်မီတပ်မတော် တည်ဆောက်ခဲ့ပေမဲ့
ထင်သလောက်ခရီးမပေါက်နိုင်ခဲ့ပါဘူး။ စစ်အာဏာရှင် တွေဟာ တပ်မတော်ကို
လက်ကိုင်တုတ်သဖွယ် အသုံးချခဲ့တာကြောင့် ပြည်သူလူထုနဲ့ဝေးကွာလာ ခဲ့သလို
စစ်အင်အားကို ကြီးထွားလာအောင် အလောတကြီး တိုးချဲ့တာကြောင့် ကလေးစစ်သား
ပြဿနာ၊ စစ်ပြေးပြဿနာ၊ ဖွဲ့စည်းပုံမပြည့်တဲ့တပ်တွေများပြားလာတဲ့ပြဿနာ
အစရှိသော ဘေးထွက် ဆိုးကျိုးတွေ အများအပြား ရှိလာခဲ့ပါတယ်။
တပ်မတော်ရဲ့ခေါင်းဆောင်ပိုင်းက ရှေ့ကို အလောတကြီး တိုးနေပေမဲ့
ပြဿနာအထွေထွေတို့ကြောင့် ခေတ်မီရေးနဲ့ အင်အား တိုးချဲ့ရေးအတွက်
အလျဉ်မမီနိုင်ပဲ ဖြစ်နေပါတယ်။ ဒါ့ကြောင့်မို့ Building the tatmadaw ,
Myanmar Arm Forces since from 1948 စာအုပ်ကိုရေးခဲ့တဲ့ ကိုအောင်မျိုးက
မြန်မာ့တပ်မတော်ဟာ ခါချဉ်ကောင် မာန်ကြီးပေမဲ့ ခါးမသန်ဘူး
လို့တင်စားပြောဆိုခဲ့ဖူးပါတယ်။ တပ်မတော်ရဲ့ခါးမသန်မှုတွေထဲက
အကြောင်းအရာတစ်ခုကို ပြောရရင်တော့ တပ်မတော်က ထွက်ပြေးသူတွေ
များပြားတိုးပွားလာရခြင်းပါပဲ။
မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ
ပြေးလေးပြေးစာရင်းဆိုပြီး နယ်မြေအလိုက်ပြုစုတင်ပြရတဲ့ အစီရင်ခံစာတစ်ခု
ရှိပါတယ်။ ပြေးလေးပြေးဆိုတာကတော့ တပ်ပြေး၊ ရဲပြေး၊ ၀ရမ်းပြေးနဲ့ ရဲဘက်ပြေး
တို့ပါ။ အဲ့ဒီပြေးလေးပြေးထဲကလူတွေကို တွေ့ရင် ချက်ချင်းဖမ်းဆီးနိုင်ပါတယ်။
ပြောရရင်တော့ တပ်ကထွက်ပြေးတယ်ဆိုတာ ဥပဒေနဲ့ဆန့်ကျင်တဲ့လုပ်ရပ်ပါ။
ဥပဒေနဲ့မညီမှန်းသိပေမဲ့ ပြေးနေကြတုန်းပါပဲ။ စစ်တပ်က ထွက်ပြေးတယ်ဆိုတော့
စစ်တပ်မှာ နေချင်စိတ်မရှိတော့လို့ ပြေးကြ တာပေါ့။
ပြေးရတဲ့အကြောင်းရင်းတွေကလည်း အမျိုးမျိုးပါပဲ။ တချို့က အထက်အရာရှိတွေက
ဖိနှိပ်လို့၊ ကိုယ်ထိ လက်ရောက် ဆက်ဆံတာတွေရှိလို့၊
မကျေနပ်ချက်တွေများလာလို့ ပြေးကြတယ်။ တချို့က လစာမလောက်ငှ၊
မိသားစုစားဝတ်နေရေးက မပြေလည်၊ စစ်တပ်ထဲမှာ ဆက်နေလည်း တိုးတက်လမ်းမရှိ၊
အကြောင်းမထူးတော့လို့ ပြေးကြတယ်။ တချို့ကလည်း ဦး/ရေး/ထောက် ပြဿနာတွေ
မရှင်းနိုင်လို့ ပြေးကြတယ် စသဖြင့် အမျိုးမျိုးပါပဲ။ ရုံးသုံး စကားနဲ့
ပြောရရင်တော့ ခွင့်မဲ့ပျက်ကွက်၊ ခွင့်လွန်ပျက်ကွက်တွေပေါ့။
တရားဝင်ခွင့်ယူသွားပြီး ခွင့်ရက်စေ့လို့ တပ်ကိုပြန်မရောက်၊
သတင်းမပို့တဲ့သူတွေကို ခွင့်လွန်ပျက်ကွက်၊ တာဝန်ထမ်းဆောင်နေရင်း တပ်က
ထွက်ပြေးတဲ့ သူတွေကို ခွင့်မဲ့ပျက်ကွက်လို့ ရုံးသုံးအနေနဲ့ သုံးပါတယ်။
စစ်တပ်ထဲမှာ မနေချင်တော့လို့
ထွက်ပြေးတဲ့သူတွေထဲမှာ အခြားအဆင့်တွေရှိသလို အရာရှိတွေလည်း ပြေးကြတာပါပဲ။
အရေအတွက်အရဆိုရင်တော့ အခြားအဆင့်တွေပြေးတာ ပိုများပါတယ်။ ပြေးတဲ့အရာရှိ
အရေအတွက် နည်းတယ်ဆိုပေမဲ့ စစ်တပ်ကအာဏာသိမ်းပြီးတဲ့ ၈၈ ခုနှစ်ကစလို့
အနှစ်(၂၀)ကျော်ကာလအတွင်းမှာ စာရင်းလုပ်ယူလို့ရသလောက် တပ်မတော်အရာရှိ
(၄၀၀)ကျော်လောက် တပ်ပြေးဖြစ်သွားခဲ့တဲ့အတွက် မဆလခေတ်က
တပ်ပြေးအရာရှိအရေအတွက်နဲ့ နှိုင်းယှဉ်ရင် များတယ်လို့
ပြောရပါမယ်။ နိုင်ငံတော်အာဏာကိုပါ စစ်တပ်ကသိမ်းယူထားတဲ့
လုပ်ပိုင်ခွင့်အရှိဆုံး စစ်တပ်ခေတ် အကောင်းဆုံးဆိုတဲ့အချိန်မှာ
ဘယ်လိုပြဿနာတွေ အောက်ခြေတပ်တွင်းမှာ ရှိနေလဲဆိုတာ အင်မတန်စိတ်ဝင်စား
စရာကောင်းတဲ့ကိစ္စတခုဖြစ်ပါလိမ့်မယ်။
လုပ်ပိုင်ခွင့်လည်းရှိ၊ နေရာလည်းရတဲ့
အရာရှိတွေပြေးတဲ့ မြောက်များစွာသောမှတ်တမ်းတွေထဲက စိတ်ဝင်စားစရာ
ကောင်းတဲ့တချို့ကိုပြောရရင်တော့ ဆလအခွဲ (၉၆၄) က ဗိုလ်မှူးမန်ဇမုံ (ဗသက-၅၂)၊
တတက (၃) က ဗိုလ်မှူး ၀င်းကို (အလုပ်သင်-၈)၊ လေကြောင်းကာကွယ်ရေး
အရာရှိချုပ်ရုံးက စစ်ဦးစီးမှူး (တ) ဗိုလ်ကြီးနိုင်ထွန်း (စတသ-၄၁)၊
ကက(ကြည်း)(တာဝန်)က စစ်ဦးစီးမှူး (တ) ဗိုလ်ကြီးနေမျိုးအောင် (ဗသက-၉၇)တို့လို
အလားအလာကောင်းပြီး အဆင့်မြင့် တာဝန်ရရှိထားတဲ့ အရာရှိတွေ
စစ်တပ်ကထွက်ပြေးခဲ့တာပါ။ နေပြည်တော်မှာလည်း ၂၀၁၀ ၀န်းကျင်လောက်က ကက(လျှပ်)
လက်အောက်ခံ အလုပ်ရုံတပ်ခွဲတစ်ခုက တပ်မှူး ဗိုလ်မှူးတစ်ယောက် ဆေးရုံတက်ဖို့
အကြောင်းပြပြီးပြေးလို့ ပိတ်ဆို့ ဖမ်းဆီးခဲ့ရပါတယ်။
တပ်ပြေးဖြစ်သွားသော တတက(၃)မှ ဗိုလ်မှူးဝင်းကို |
ဗိုလ်မှူးအဆင့် တပ်ပြေးတွေထဲက
တခြားစိတ်ဝင်စားစရာကောင်းတဲ့ အချက်အလက်တခုကတော့ ဆေးဝန်ထမ်း
ညွှန်ကြားရေးမှူးအဖြစ်တာဝန်ယူဖူးတဲ့ ဗိုလ်မှူးချုပ်ကျော်ညွန့်ရဲ့သမီး
ကြည်း-၁၉၆၆၆၊ ဗိုလ်မှူးဒေါ်ထက်ထက်ညွန့် နိုင်ငံခြားမှာ ဘွဲ့လွန်သွားတက်ရင်း
ပြန်မလာတော့လို့ စစ်ပြေးကြေညာခံရတာပါ။ အဲသည်လိုမျိုး နိုင်ငံခြားကို
စေလွှတ်ပြီး ပြန်မလာတော့တဲ့ ဆေးတပ်က အလားတူအရာရှိ အမျိုးသမီးတွေလည်း
ရှိဖူးပါတယ်။ တချို့ အရာရှိတွေ တပ်ကပြေးတာကတော့
အလုပ်နဲ့ပက်သက်တဲ့ကိစ္စတွေနဲ့ အခြားပြစ်မူမြောက်တဲ့ ပြဿနာတွေကြောင့်ပါ။
အလုပ်သင် (၁၀) ကဆင်းတဲ့ ကြည်း – ၁၈၀၅၈၊ ဗိုလ်ကြီးအောင်စိုးမြင့်ကတော့
အမှုတွေများပြီး မရှင်းနိုင်တော့လို့၊ အရေးယူ ထောင်ကျခံရမှာ ကြောက်ပြီး
ထွက်ပြေးပါတယ်။ သူ့အမှုတွေကလည်း အတော်များပါတယ်။ ခမရ (၁၀၆) မှာ
တာဝန်ထမ်းဆောင်တုန်း ကျေးသီးမြို့နယ်၊ ဟာဝမ်ရွာက ကျောင်းဆရာမလေး
မနန်းအင်ကို အဓမ္မပြုကျင့်ဖို့ကြံစည်မှု၊ မူးယစ်မှု၊ သီပေါမြို့၊ မန်ပန်ရွာက
ဦးပုကျန်တောင်ရဲ့ လက်စွပ်တစ်ကွင်းနဲ့ ရွှေနားတောင်းတစ်ဖက်ကို ခိုးမှုမှာ
သက်သေခံပစ္စည်းကို အတုလုပ်ပြီးတင်ပြမှု၊ စစ်ပြေးမှု အစရှိတဲ့အမှုတွေကို
စစ်နေတုန်းမှာပဲ ထွက်ပြေးသွားခဲ့ပါတယ်။ အဲသလို စစ်တပ်က ပြေးလို့
စစ်ပြေးကြေညာလိုက်တဲ့ အရာရှိတွေထဲမှာ ထူးထူးခြားခြား တစ်ယောက်ကတော့ ကက
(ဆေး)မှာ စစ်ဦးစီးမှူး (တ) တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်ကြီးနိုင်ဝင်းပါပဲ။
ထူးထူးခြားခြားဆိုတာတော့ သူက ရွှေပါရမီတောရဆရာတော် အရှင်စန္ဒာဓိကရဲ့ ညီ
ဖြစ်နေလို့ပါ။ ဗိုလ်ကြီးနိုင်ဝင်းဟာ ကက(ဆေး)မှာ တာဝန်ထမ်းဆောင်နေစဉ် ၂၀၀၆
ခုနှစ်၊ ဖေဖော် ၀ါရီလအတွင်းမှာ ကိုယ်ရေးကိုယ်တာကိစ္စရှိလို့
ပျဉ်းမနားကိုသွားရာကနေ ပြန်မရောက်လာတော့ပဲ ခွင့်မဲ့ပျက်ကွက်တာခဲ့မို့
တပ်ပြေးဖြစ်သွားခဲ့ပါတယ်။
တပ်ကပြေးကြတဲ့အရာရှိတွေထဲမှာ ရုရှားက
မဟာဘွဲ့တွေသွားယူလာကြတဲ့ အရာရှိတွေလည်း ပါပါတယ်။ ရုရှားပြန်
တပ်ပြေးအရာရှိတွေထဲက တိတိကျကျပြောရရင်တော့-
(၁) ကြည်း-၃၁၅၂၆၊ ဗိုလ်ကြီးထွန်းရဲအောင်၊
စတသအပတ်စဉ် (၄၁)၊ (ရုရှားမှ မဟာအင်ဂျင်နီယာနှင့်နည်းပညာဘွဲ့ရ)၊
စစ်တက္ကသိုလ်တာဝန်ထမ်းဆောင်စဉ် ပြေး၊
(၂) ကြည်း-၃၃၄၉၉၊ ဗိုလ်ကြီးဇော်ဇော်အောင်၊
တနတအပတ်စဉ် (၃)၊ (ရုရှမှ မဟာအင်ဂျင်နီယာနှင့်နည်းပညာဘွဲ့ရ)၊
တနတတွင်တာဝန်ထမ်းဆောင်စဉ် ထွက်ပြေး၊
(၃) ကြည်း-၃၄၈၄၉၊ ဗိုလ်ကြီးမြတ်စိုးခိုင်၊ တဆတအပတ်စဉ်(၃)၊ (ရုရှားမှ ကင်ဆာရောဂါကုသရေးဆိုင်ရာဘွဲ့ရ)၊ တဆရ(၂/၅၀၀) မှ ထွက်ပြေး၊
(၄) ကြည်း – ၃၄၇၆၄၊ ဗိုလ်ကြီးမျိုးသက်ထူး၊ တနတအပတ်စဉ်(၄)၊ (ရုရှမှ မဟာအင်ဂျင်နီယာ(စက်မှု/လျှပ်စစ်)ဘွဲ့ရ) တနတမှ ထွက်ပြေး၊
(၅) ရေ-၄၁၈၉၊ဗိုလ်နေအောင်လတ်၊ စတသအပတ်စဉ် (၄၅)၊ (ရုရှားမှာ ကျောင်းတက်နေစဉ်ထွက်ပြေး)
(၆) ကြည်း-၄၁၂၅၁၊ ဗိုလ်စည်သူထိုက်၊
စတသအပတ်စဉ်(၄၇) (ရုရှားတွင် စာမေးပွဲကျပြီး မြန်မာနိုင်ငံသို့ ပြန်လွှတ်)၊
ရန်ကုန်မြို့တွင် ပြေး၊ မိခင်တပ်ရင်း ခမရ (၆၀၆)၊
(၇) ကြည်း-၄၃၆၁၇၊ ဗိုလ်ဇော်မြင့်ထွန်း၊
စတသ(၄၈)၊ (ရုရှားတွင် ကျောင်းပြေး၊ စာမေးပွဲကျသဖြင့် ကျောင်းထုတ်ခံရ)၊
ရန်ကုန်မြို့သို့ ပြန်ရောက်လာပြီး ထွက်ပြေး၊
(၈) နောက်တစ်ယောက်ကတော့ တနတအပတ်စဉ် (၁) က
ဆင်းတဲ့ ဗိုလ်မှူးစိုင်းသိန်းဝင်းပါ။ သူကတော့ နာမည်ကြီး
အားလုံးသိပြီးသားမို့ အသေးစိတ်ပြောဖို့မလိုပါ။
တပ်ပြေးဖြစ်သွားသည့် စတသ(၄၁)မှ မဟာဘွဲ့ရ ဗိုလ်ကြီးထွန်းရဲအောင် |
လုပ်ပိုင်ခွင့်ရ၊ နေရာရကြတဲ့
အရာရှိတွေတောင် တပ်မှာ မနေချင်တော့တဲ့အခါ ထွက်ပြေးကြတာမို့ အခြားအဆင့်တွေ
ဆိုရင်တော့ ပြောဖွယ်ရာမရှိတော့ပါဘူး။ ပြုစုထားတဲ့ တချို့ စာရင်းတွေအရဆိုရင်
၂၀၀၅ ခုနှစ် အတွင်းက တပ်ပြေး (၁၃၀၅၀) ဦး၊ ၂၀၀၆ ခုနှစ်၊ မေလနဲ့သြဂုတ်လ
နှစ်လအတွင်းမှာ တပ်ပြေး (၉၄၉၇) ဦး၊ ၂၀၀၈ ခုနှစ် ဒုတိယလေးလပတ် အတွင်းမှာ
တပ်ပြေး (၅၀၀၀) ကျော်ရှိခဲ့ပါတယ်။ အထောက်ထားမှတ်တမ်းလုပ်လို့ ရသလောက်
ကိန်းဂဏန်းအပြင် စုဆောင်းမရနိုင်တဲ့ အချက်လက်တွေရှိနိုင်တာမို့ စစ်တပ်ရဲ့
ပြုန်းတီးအင်အားဟာ အခုဖေါ်ပြထားတဲ့ ကိန်းဂဏန်းထက် များနေဖို့သာ ရှိပါတယ်။
သည်ကိန်းဂဏန်းတွေကို ကြည့်တာနဲ့ တပ်တွင်းမှာ အောက်ခြေမကျေနပ်ချက် ပြဿနာတွေ
များလှမယ်ဆိုတာကတော့ အင်မတန်စိတ်ဝင်တစား လေ့လာဖို့ ကောင်းတဲ့ကိစ္စတခုပါ။
တစ်နှစ်တစ်နှစ်မှာ ထောင်နဲ့ချီပြီး တပ်ပြေးတွေများနေပေမဲ့ တပ်သားသစ်တွေက
ထင်သလောက်စုဆောင်းလို့မရတာမို့ ဖွဲ့စည်းပုံအင်အားပြည့်တဲ့
တပ်ရင်း/တပ်ဖွဲ့ဆိုတာ မရှိသလောက်ပါပဲ။ ဒါကြောင့်မို့ တပ်နေပျော်ရေးဆိုတာ
တပ်မှူးတိုင်းအတွက် အထူးအစီစဉ်နဲ့ မဖြစ်မနေဦးထိပ်တင်ထားရတဲ့
ခေါင်းပူယုံတင်မက နေရာထိုင်ခင်းပါပူလောက်၊ ထိုင်ခုံပျောက်လောက်တဲ့ကိစ္စတခု
ဖြစ်နေတာပါ။ တပ်ရင်းတိုင်း တပ်ဖွဲ့တိုင်းက အထက်ကိုတင်ပြရတဲ့
မြောက်များလှစွာသောအစီအစဉ်တွေထဲက တစ်ခုဖြစ်တဲ့ မိမိတို့တပ်မှာ
တပ်နေပျော်ရေးကို ဘယ်လိုစီစဉ်ထားကြောင်းကို တခမ်းတနားတင်ပြနိုင်ဖို့က
တပ်မှူးတိုင်းရဲ့ တို့အရေးတစ်ပါးပါပဲ။ မိမိတပ်မှာ တပ်ပြုန်းတီးအင်အား
(တပ်ပြေး) အရေအတွက်များလာပြီဆိုရင် တပ်မှူးတွေအဖို့
နေမထိထိုင်မသာဖြစ်လာရတဲ့ သေရေးရှင်ရေး ကိစ္စတခုဖြစ်လာရပါတယ်။
မဆလခေတ်မှာ မြန်မာ့အသံအပါအ၀င်
ဝါဒဖြန့်ချီရေးတွေနဲ့ ၀ါဒဖြန့်ခဲ့တာတွေကြောင့် လူငယ်လူရွယ်တွေဟာ
တိုင်းပြည်ကိုကာကွယ်ဖို့၊ ယောက်ျားဆန်ကြောင်းပြဖို့
စသဖြင့်အကြောင်းကြောင်းတွေ၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေနဲ့
တပ်မတော်အတွင်းသို့ ၀င်ရောက်အမှုထမ်းသူတွေရှိခဲ့ပေမဲ့
စစ်တပ်ကအာဏာသိမ်းပြီးတဲ့ ၁၉၈၈ ခုနှစ်နောက်ပိုင်း မှာတော့ ယုံကြည်ချက်အရ
ဝင်ရောက်စစ်မှုထမ်းသူတွေ တော်တော်ရှားလာပါတယ်။ တနည်းဆိုရရင် လူထုကို
ဖိနှိပ်မှုမှာအသုံးချခံခဲ့ရတဲ့အတွက် တပ်မတော်အပေါ် လူထုရဲ့ကြည်ညိုမှု၊
ယုံကြည်မှုလျော့သွားတာလို့လဲ ပြောလို့ရပါလိမ့်မယ်။
ခုနောက်ပိုင်းစစ်တပ်ထဲဝင်တယ်ဆိုတာမှာလည်း ယုံကြည်ချက်တွေ၊
ခံယူချက်တွေကြောင့် ၀င်လာတဲ့သူက အရေအတွက်နည်းပြီး အဆွယ်ကောင်းလို့၊
အတင်းစည်းရုံးခံရလို့၊ ဘာလုပ်ရမှန်းမသိလို့၊ အနေအစားချောင်မယ် ထင်လို့၊
အရပ်ထဲမှာနေမဖြစ်မယ့်ပြဿနာ ပြစ်မှုတစ်ခုခုရှိလို့စသဖြင့် အကြောင်းရင်းတွေနဲ့
ဝင်လာကြတာများပါတယ်။ စစ်တပ်ထဲ ရောက်လို့ ထင်သလိုမဖြစ်၊
အနေအစားမချောင်တဲ့အပြင် တပ်စိပ်မှူး၊ တပ်စုမှူးအစရှိတဲ့ အထက်က လူတွေရဲ့
အဆူအဆဲနဲ့ ကိုယ်ထိလက်ရောက် ထိုးတြိတ်တာတွေ၊ တရားလက်လွတ်
အနိုင်ကျင့်ခံရတာတွေနဲ့ ကြုံရ၊ စစ်ဆင်ရေးတွေမှာ ငတ်ငတ်ပြတ်ပြတ်
ပင်ပန်းတာတွေကြုံရ၊ စစ်ဆင်ရေးမရှိလည်း လယ်စိုက်ရ၊ မွေးမြူရေးလုပ်ရ၊
ဖက်ထိပ်လုပ်ရ၊ ရတဲ့လစာနဲ့သုံးတာနဲ့ မလောက်ငှတော့ ကြွေးတွေတင်၊ ကြာတော့
စိတ်ညစ်ပြီး တပ်ပြေးတွေ ဖြစ်ကုန်ကြပါတယ်။
အဓိကပြဿနာကတော့ အဆမတန်တိုးချဲ့လိုက်တဲ့
တပ်အင်အားကို အဆင့်တန်းမှီအောင် ကျွေးမွေးဖို့၊ လူလိုသူလိုနေရဖို့
ထောက်ပံ့နိုင်တဲ့ဖူလုံရေးအစီအစဉ် ညံ့ဖျင်းလွန်းမှုပါ။ တပ်ရိက္ခာတွေကလဲ
မဆလခေတ်နဲ့ နှိုင်းယှဉ်လို့မရအောင် နည်းပါးလာတဲ့အပြင်၊ တပ်မတော်ကအစဉ်အဆက်
ထိန်းသိမ်းခဲ့တဲ့ ရဲဘော်ရဲဘက်စိတ်က တပ်မှူး၊ တပ်ရင်းမှူးတွေမှာ မရှိတော့တာက
အောက်ခြေအခြားအဆင့်တွေ တပ်တွင်းမှာ နေလို့မဖြစ်အောင် အနေအစားကြပ်လာရတဲ့
ပြဿနာပါ။ အတုမြင်အတတ်သင်ဆိုသလို အဆင့်ဆင့် ကိုယ့်အိတ်ထဲပဲ ထည့်၊
ကိုယ်ကျိုးပဲရှာတတ်လာတဲ့ ကိုယ်ကျင့်သိက္ခာ ပျက်ယွင်းမှုကလည်း ရှိလာပါတယ်။
တပ်မှူးး၊တပ်ရင်းမှူးတွေဖက်က ကြည့်ရင်လည်း ချောင်လှတာတော့မဟုတ်ပါ။
အစဉ်အဆက်က တပ်မှူးတွေကိုယ်တိုင် တိုက်ရိုက်ကိုင်တွယ် စီမံခွင့်ရခဲ့တဲ့
တပ်ရင်းရန်ပုံငွေလိုကိစ္စမျိုး၊ လုပ်ပိုင်ခွင့်မျိုးတွေကို အထက်က
ထိပ်တန်းအရာရှိတွေက စုပုံယူထားပြီး တပ်တွင်းပြဿနာတွေကိုတော့
ကိုယ်ဘာသာရှင်းနေရတာမို့ တပ်ကိုစေတနာထား၊ ကိုယ်ကျင့်တရားအတော်သင့်
ကောင်းမွန်တဲ့ တပ်မှူးတွေဆိုရင်လည်း အတော်လေးခက်ခဲပင်ပန်းစွာနဲ့
ရုန်းကန်ရပါတယ်။ တပ်ဆောင်ပုဒ်အတိုင်း ရေဗူးပေါက်တာမလိုချင်ဘူး၊ ရေပါတာပဲ
လိုချင်တယ်ဆိုတဲ့ အထက်အမိန့်အရ မဖြစ်စလောက်တပ်ရန်ပုံငွေကိုသုံးပြီး
တပ်နေပျော်ရေးကို ကိုယ်ထူကိုယ်ထ မဖြစ်နိုင်တာတွေလုပ်နေရတာပါ။ နောက်ဆုံးတော့
အရင်လူတွေလုပ်ခဲ့သလိုပဲ မိုးခါးရေကို ခါတော်မှီသောက်၊
ရနိုင်တဲ့နည်းနဲ့ငွေရှာတဲ့လမ်းကို လိုက်ရတော့တာနဲ့ပဲ အဆုံးသတ်ရပါတော့တယ်။
တပ်မှူးတော်တော်များများကလဲ တပ်ထဲဝင်တာ တပ်အတွက်ငွေရှာနေရတာမို့
ကုမ္ပဏီမန်နေဂျာနဲ့ပိုတူနေတာကို စိတ်ပျက်ကြပါတယ်။ တရားမ၀င်တဲ့
နည်းလမ်းနဲ့တပ်အတွက်ငွေရှာရင်း ကိုယ့်အတွက်ပါအပိုရှာ တတ်လာတာကတော့
မဆန်းလှပါဖူး။ နောက်ဆက်တွဲအနေနဲ့ကတော့ ငွေရနိုင်တဲ့လုပ်ငန်းတွေကို
တပ်တွင်းမှာတင်မက တပ်ရင်းအခြေစိုက်တဲ့ ပတ်ဝန်းကျင်လူထုဆီကပါ
မဖြစ်မနေရှာလာရတဲ့အတွက် လူထုကို နှိပ်စက်တဲ့တပ်ဖြစ်လာရ၊ တပ်မတော်ရဲ့
ဂုဏ်သိက္ခာကျ အကြည်ညိုပျက်ရတဲ့ အခြေအနေ ရောက်လာပါတော့တယ်။
သည်လိုနဲ့အကျိုးဆက်က တပ်သားသစ်စုဆောင်းရေးမှာ ခက်ခဲလာပြီး
မုန့်လုံးစက္ကူကပ်တဲ့ တပ်အင်အားပြုန်းနီးမူဇာတ် တပတ်ပြန်လည်လာတာပါ။
ထပရ(၉၂၉)၏ တပ်နေပျော်ရေး စီစဉ်ဆောင်ရွက်ထားမှု တင်ပြချက် |
တပ်အင်အား ပြုန်းတီးမူကိုလေ့လာရင်
မြင်သာထင်သာရှိတဲ့ကိစ္စက တပ်ပြေးများတဲ့တပ်အမျိုးအစားတွေပါ။ တိုက်ရ
ခိုက်ရနဲ့ ပင်ပန်းကြမ်းတမ်းတဲ့ ခြေလျင်/ခြေမြန်တပ်က ပြေးတဲ့သူတွေများပြီး
အနေအစားချောင်ပြီး အောက်ဆိုက် ၀င်ငွေကောင်းတဲ့ ဆောက်လုပ်ရေး
အင်ဂျင်နီယာတပ်၊ ထောက်ပို့တပ်လိုမျိုးကတော့ တပ်ပြေးနည်းပါတယ်။ အနေ အစား
ချောင်တဲ့တပ်ဆိုပေမဲ့လည်း ပြေးတဲ့သူတွေ အနည်းနဲ့အများတော့ရှိပါတယ်။
တမြန်နှစ်က တပ်မတော်ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးညွှန်ကြားရေးမှူးရုံးရဲ့
လေးလပတ်အစည်းအဝေးမှာ ဆိုရင် ထပရ(၁၂၁) က တပ်ပြေး (၆၂) ယောက်၊ ထပရ (၄၂၄) က
တပ်ပြေး (၃၃) ယောက်၊ ထပရ (၆၂၆) က တပ်ပြေး (၃၄) ယောက်၊ ထပရ (၇၂၇) က တပ်ပြေး
(၄၁) ယောက်၊ ထပရ (၉၃၅) က တပ်ပြေး (၄၀)၊ ထပရ (၉၂၉) က တပ်ပြေး (၂၂) ယောက်၊
ထပရ (၉၃၂) က တပ်ပြေး (၁၂) ယောက် စတဲ့ စံချိန်တင်လောက်တဲ့
တပ်ပြေးစာရင်းတွေတက်လာလို့ တပ်မှူးတွေအကုန်လုံး စံချိန်တင်လောက်အောင်
အဆဲခံလိုက်ရတယ်လို့ဆိုပါတယ်။
တပ်ရင်းတွေမှာ စစ်သားတွေ
ထွက်ပြေးကြမှာစိုးလို့ အကြောင်းမရှိပဲ အပြင်ထွက်ခွင့်မပြုဖို့
တပ်ရင်းဂိတ်တွေမှာ စည်းကမ်းထုတ်ထားရပါတယ်။ ဒါတင်မက နေပြည်တော်စစ်ရုံး၊
တပ်ရင်းတစ်ခုမှာဆိုရင် တပ်ရင်း မိသားစုတွေအတွက် တစ်ပတ်နှစ်ကြိမ်
ဈေးလိုက်ပို့ပေးတဲ့ ဈေးကားကို တပ်ရင်းမှူးကိုယ်တိုင်ပဲဖြစ်ဖြစ်၊
တပ်ရင်းမှူး မအားရင် အနည်းဆုံးတပ်ခွဲမှူးတွေ လိုက်လိုက်လာပြီး
ရဲဘော်တွေနဲ့အတူ ဈေးကားလိုက်လေ့ရှိပါတယ်။ “သြော်၊ ဒီအရာရှိတွေက
ရဲဘော်တွေကိုအတော်ဂရုစိုက်သားပဲ” လို့ အပြင်ဗန်းယူဆရပေမယ့်
တကယ့်အကြောင်းရင်းက ဈေးကားနဲ့ဈေးလိုက်ဝယ်တဲ့ ရဲဘော်သုံးယောက်ပြေးတာက
စပါတယ်။ နောက်ထပ်ပြေးရင် ယာယီတပ်ရင်းမှူး/ ဗိုလ်မှူးကနေ
ဒုဗိုလ်မှူးကြီးဖြစ်ဖို့ ဆားဗစ်ထိမယ်လို့ အထက်ကကြိမ်းတာမို့
ဈေးကားလိုက်စောင့်ရတဲ့ တပ်မှူးတဦးဖြစ်လာတာပါ။ တပ်ပြင်ပမှာ
လုံခြုံရေးဆောင်ရွက်ဖို့ စေလွှတ်ရင်း ထွက်ပြေးသွားတတ်တာမို့ အဲဒီ့တပ်မှူးဟာ
သူ့တပ်က အပြင်လုံခြုံရေးယူရရင်တောင် ထွက်မပြေးဘူးယုံရလောက်တဲ့သူတွေ၊
သူ့ရဲ့အတွင်းလူတွေကိုသာ ရွေးချလွန်းလို့ သူ့နားကလူတွေလဲ အတော်ညည်းကြရပါတယ်။
အခြားအဆင့်တွေပဲ ပြေးတာမဟုတ်ပါဘူး။ ခမရ (၃၅၃) က ကြည်း-၅၆၀၈၆
ဗိုလ်မျိုးမင်းသိန်း၊ ကြည်း-၄၂၀၅၃ ဗိုလ်ကြီးချမ်းမြေ့အောင် တို့လို
လုံခြုံရေးသွားယူရင်း၊ တပ်ပြင်ခဏထွက်သွားရင်း ထွက်ပြေးသွားတဲ့
အရာရှိတွေလည်း ရှိပါတယ်။ အဲဒါက တပ်ပြေးကိစ္စမှာ တပ်မှူးတွေရဲ့မသေးလှတဲ့
ပြသနာကို ပြောချင်တာပါ။
တပ်ပြေးကိစ္စနဲ့ပက်သက်လို့နေပြည်တော်မှာရှိတဲ့
ထူးခြားတဲ့ပြသနာတခုကတော့ တပ်ရင်းတစ်ခုကနေ စစ်သား (၂) ယောက် ထွတ်ပြေးပြီး
တပ်ရင်းမှူးနဲ့ တပ်ရေးဗိုလ်ကြီးဆီက ငွေပြန်ညှစ်တဲ့ဇာတ်လမ်းပါ။
ဖြစ်ခဲ့တာကတော့ ထောက်/ပို့လက်အောက်ခံတပ်တစ်ခုပါပဲ။ တပ်သားနှစ်ယောက်က
ထွက်ပြေးပြီးမှ ပိုက်ဆံမရှိတော့လို့ တပ်ရင်းမှူးဆီ ဖုန်းဆက်ပြီး
“ပိုက်ဆံ(၃) သိန်းလွှဲပေး၊ မပေးရင် ဗိုလ်မှူးတို့ ပိုက်ဆံတွေ ဘယ်လိုဘုံး
နေလဲဆိုတာ နိုင်ငံခြား ရေဒီယိုတွေဆီ ဖုန်းဆက် ပြောပစ်လိုက်မယ်”
လို့ခြိမ်းခြောက်လို့ ရဲတွေကို ပိုက်ဆံပေးပြီး တပ်ရင်းမှူးကိုယ်တိုင်
ထောင်ချောက်ဆင် လိုက်ဖမ်းခိုင်းရတဲ့ အဖြစ်မျိုးရောက်ခဲ့ပါတယ်။
ဖြစ်ချင်တော့ပြေးတဲ့သူတွေက တပ်တွင်းမှာရှိစဉ်က
တပ်ရင်းမှူးရဲ့တိုးတိုးတိတ်တိတ်ငွေရှာကွက်တွေမှာ
ခိုင်းဖူးတဲ့အနီးကပ်တပည့်တွေဖြစ်နေခဲ့တာကြောင့် အခုလို ဖြစ်ရတာလို့
အတွင်းစကားတွေကဆိုပါတယ်။ တပ်ရင်းအားလုံးရဲ့ထုံးစံအရတော့ တပ်က ထွက်ပြေးတဲ့
တပ်ပြေးတွေကို ဖမ်းမိလို့ စစ်ခုံရုံးတင်တဲ့အခါမှာ တပ်ကအရာရှိတွေရဲ့
ပေါ့လျော့မှု၊ တပ်တွင်းဆင်းရဲကျပ်တည်းမှုကြောင့် ပြေးရတာမဟုတ်ကြောင်း
စစ်ခုံရုံးအစီရင်ခံစာမှာ ထည့်ရေးရပါတယ်။ ဒါမှ
အရာရှိတွေကအင်မတန်တော်လျှက်နဲ့၊ တပ်ရင်းမှာလည်း အင်မတန် ပြည့်စုံအောင်
တပ်နေပျော်ရေးအစီစဉ်တွေ စီစဉ်ပေးပါလျှက်နဲ့ တပ်ပြေးတွေက
စိတ်ဓာတ်ပျော့ညံ့လို့ ပြေးရတာပါလို့ လူကြီးတွေ ဖတ်လို့ကောင်းအောင်၊
ကျန်တဲ့အရာရှိတွေဆီကို အပြစ်ပုံမကျအောင် ရေးရပါတယ်။
တပ်ပြေးနဲ့ပတ်သက်တဲ့ တပ်တွင်းစစ်တရားရုံးအစီရင်ခံစာကို ဖေါ်မြူလာအရ ပြန်ရေးရရင်-
(အမှတ်(-)ခြေမြန်တပ်ရင်းမှ
ပြန်တမ်းဝင်အမှတ်၊ ကြည်း—ဗိုလ်ကြီး (တပ်ရေးဗိုလ်ကြီး/ တပ်ခွဲမှူးပေါ့) အား
မှန်ကန်စွာထွက်ဆိုရန် သတိပေးပြီးနောက် ထွက်ဆိုသည်မှာ- ၎င်းစစ်သည်သည်
(-)ရက်နေ့(-)နာရီ အချိန်ခန့်မှစ၍ အထက်အရာရှိတစ်ဦးဦး၏ ခွင့်ပြုချက်
တစ်စုံတစ်ရာမရရှိဘဲ မိမိသဘော ဆန္ဒအလျောက် ခွင့်မဲ့ပျက်ကွက်ခဲ့ရာ
(၂၁)ရက်ကျော်လွန်သည် အထိ ပြန်လည် အဖမ်းခံခြင်း၊ ဖမ်းဆီးရမိခြင်း မရှိသဖြင့်
(-) ရက်နေ့တွင် စုံစမ်းစစ်ဆေးရေးခုံရုံး ထိုင်၍ တပ်ပြေးကြေညာခဲ့ပါသည်။
ကျွန်တော်တို့တပ်တွင် တပ်နေပျော်စေရေးစီမံချက်ပါအတိုင်း ဘောလုံးကွင်း၊
ကြက်တောင်ရိုက်ကွင်းများ၊ ဘိလိယက်ခုံများ၊ ဘော်လီဘောကစားကွင်းများ၊
ပိုက်ကျော်ခြင်းကွင်း၊ တပ်ရင်း သက်သာဆိုင်များ စီစဉ်ဆောင်ရွက်ပေးထားပြီး၊
လူပျိုစစ်သည်စားရိပ်သာတွင် စားသောက်ရေး အဆင်ပြေစေရန်အတွက်
စားရိပ်သာကြီးကြပ်မှု ကော်မတီဖွဲ့စည်း၍ တစ်လလျှင်တစ်ကြိမ်
အထူးနေ့လည်စာစားပွဲများ စီစဉ်ဆောင်ရွက် ပေးထားပါသည်။ ထိုသို့
စီစဉ်ဆောင်ရွက် ပေးထားသော်လည်း တပ်သား ———– သည် စည်းကမ်းနှင့်
စနစ်တကျထားရှိမှုအပေါ် လိုက်နာနိုင်ခြင်းမရှိဘဲ စိတ်ဓါတ်ပျော့ညံ့ပြီး
စစ်သားစိတ်လျော့ပါးကာ တပ်မတော်တွင်
ဆက်လက်တာဝန်ထမ်းဆောင်လိုစိတ်မရှိခြင်းတို့ကြောင့်
ခွင့်မဲ့ပျက်ကွက်ရခြင်းဖြစ်ပါသည်။”) လို့ အရာရှိတွေမှာ အပြစ်မရှိကြောင်း ပေါ်လွင်အောင် ရေးရပါတယ်။
တပ်သားသစ်လေ့ကျင့်ရေး သင်တန်း |
တပ်ပြေးအများစုကတော့
လက်နက်မဲ့နဲ့ပြေးကြပေမဲ့ ရှေ့တန်းကနေ ပြေးကြရင်တော့ လက်နက်ပါယူပြီး
ပြေးကြတာ များပါတယ်။ လက်နက်ပါယူပြေးရတဲ့အကြောင်းရင်းကတော့
လိုက်ဖမ်းတဲ့သူတွေ နောက်ကလိုက်လာရင် ပြန်အဖမ်း မခံရအောင်
ကာကွယ်နိုင်ဖို့နဲ့ တပ်ကနေထွက်ပြေးပြီး နီးစပ်ရာရန်သူတွေဆီ
ဝင်ရောက်ခိုလှုံတဲ့အခါ လက်နက်ပါ ပါ လာတော့
မျက်နှာပန်းလှတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ စစ်သားတစ်ယောက် လက်နက်ပါယူပြီး
ရန်သူဆီ ခိုလှုံ သွားတယ်ဆိုရင် အဲ့ဒီတပ်က အရာရှိတွေလည်း မချောင်ပါဘူး။
အုပ်ချုပ်မှုလျော့နည်းဖြစ်စဉ်နဲ့ ဆားဗစ်ထိနိုင်၊ စစ်တရား
ရုံးရောက်သွားနိုင်ပါတယ်။ ဒါ့ကြောင့် ရှေ့တန်းမှာ ထွက်ပြေးတဲ့
တပ်ပြေးတွေကို လိုက်ဖမ်းရင် အသေရရ၊ အရှင်ရရ လက်နက်ပြန်ရရင်ပြီးရောဆိုပြီး
ဒလန်မန်းကြမ်းလိုက်ဖမ်းကြတာမို့ ကိုယ့်တပ်ကလူတွေရဲ့ လက်ချက်နဲ့ပဲ
အသက်ပျောက်ခဲ့ရတဲ့ စစ်သည်တွေ မနည်းလှပါဘူး။ တလောကတုန်း ဖြစ်ပွားခဲ့တဲ့
ကချင်ပြည်နယ်နဲ့ ရှမ်း(မြောက်) တိုက်ပွဲတွေမှာလည်း တပ်ကထွက်ပြေးတဲ့
စစ်သည်တွေ အသတ်ခံရတဲ့ သတင်းတချို့ထွက်လာခဲ့ပါတယ်။
အဲသည်လို ကိုယ့်တပ်က လက်ချက်နဲ့ပဲ
အသက်ပေးလိုက်ရတဲ့တပ်ပြေးဖြစ်စဉ်တွေအကြောင်းပြောရရင် ၂၀၀၄ ခုနှစ် တုန်းက
ကရင်ပြည်နယ်စစ်ဆင်ရေးတစ်ခုမှာ တပ်ကနေထွက်ပြေးရင် နောက်ကလိုက်ဖမ်းသူတွေရဲ့
လက်ချက်နဲ့ သေကြေခဲ့ရတဲ့ တပ်ပြေးဖြစ်စဉ်တချို့ရှိခဲ့ပါတယ် ။ ၂၀၀၄ ခုနှစ်၊
ဧပြီလ (၄) ရက်နေ့မှာ မာနယ်ပလော၊ မဲသဝေါ၊ မဲလနယ်မြေ၊ ပွိုင့်-၁၂၄၈
စစ်ဆင်ရေးခြေကုပ်စခန်းမှာ အခြေပြုထားတဲ့ ခမရ (၃၃၈)မှ ဗိုလ်ထင်ဇော်ဦးစီးတဲ့
ခွဲရုံး (၂) စု ကနေ စစ်သည် (၃) ယောက်ဟာ လက်နက်တွေယူပြီး
ထွက်ပြေးသွားကြပါတယ်။ အဲဒီစစ်သည်တွေကတော့ (၁) ကိုယ်ပိုင်အမှတ်၊ ၄၉၃၉၄၈
တပ်ကြပ်ကြီး ခင်စိုး၊ အမ်-၇၉ (၁) လက်၊ သေနတ်နံပတ် (၁၁၅၈၃၆)၊ ၄ဝမမဗုံးသီး
(၁၅)လုံး ဘီအေ(၉၁)လက်ပစ်ဗုံး (၁)လုံး။ (၂) ကိုယ်ပိုင်အမှတ်၊ ၉၇ဝ၈၅၇၊
တပ်ကြပ် ဦးတင်ချေ၊ အမ်ဂျီ-၃ စက်လက်(၁)လက်၊ သေနတ်နံပတ် (၄၁၂၄၈)၊ ကျည်ခါးပတ်
(၅)ခု၊ ၇.၆၂ကျည် (၂၅ဝ)တောင့်၊ ဘီအေ (၉၁)လက်ပစ်ဗုံး (၁)လုံး။ (၃)
ကိုယ်ပိုင်အမှတ်၊ တ-၂၅၈၆၈ဝ၊ တပ်သား ခင်မောင်လှိုင် အမ်အေ- ၁၁(၁)လက်၊
သေနတ်နံပတ်(အေ-၁ဝဝ ၃၃၅၁ ) ကျည်အိမ်(၂)ခု၊ ၅.၅၆ကျည် (၁ဝ၅)တောင့်၊ ဘီအေ(၉၁)
လက်ပစ်ဗုံး(၁)လုံး တို့ပဲဖြစ်ပါတယ်။ အဲဒီ့စစ်သည်တွေကို လိုက်လံဖမ်းဆီးပေမဲ့
မမိခဲ့ပါဘူး။ ဒီတော့ ကိုယ့်လူကိုယ်နိုင်အောင်ထိန်းကြ၊ မထိန်းနိုင်လို့
လက်နက်နဲ့ တပ်ပြေးမှု (လက်နက်ဖြင့်ခွင့်မဲ့ပျက်ကွက်ပေါ့) ဖြစ်ရင်
ဖြစ်တဲ့တပ်ကအရာရှိတွေနာမယ်လို့ တပ်မမှူး၊ ဗျူဟာမှူးတွေက ကြိမ်းမောင်း
ပါတော့တယ်။
တိုက်တိုက်ဆိုင်ဆိုင်ပဲ နောက်တစ်နေ့မှာပဲ
ရတခဒေသအတွင်းမှာပဲ လက်နက်နဲ့တပ်ပြေးမှု ထပ်ဖြစ်ခဲ့ပါတယ်။ ရတခ
ကွပ်ကဲမှုအောက်မှ စစ်ဆင်ရေးဝင်နေတဲ့ ရှေ့တန်းတပ်မ (၇၇) လက်အောက်ခံ၊ ခမရ(၁၀၆)
မှ စစ်ကြောင်း (၂) ဟာ ကော့ကော်၊ မဲပလဲ၊ ထီးချရားဒေသ (မပည အင်န်-၇၇၃၄၄၁
အနီး) မှာ အခြေပြုထားတုန်း ၂၀၀၄ ခုနှစ်၊ ဧပြီလ (၅) ရက်နေ့မှာ တပ်ခွဲ (၂)က
စစ်သည်နှစ်ဦး လက်နက်တွေယူဆောင်ပြီး တပ်က ထွက်ပြေးသွားခဲ့ပါတယ်။ ထွက်ပြေး
သွားတဲ့ စစ်သည်တွေက ကိုယ်ပိုင်အမှတ်၊ တ/၂၃၇ဝ၆၇ တပ်သား အောင်ဆန်းဦး၊ အမ်အေ-၁
(၁)လက်(အက်ဖ်-ဝ၂၅၄၈၂)၊ ကျည်အိမ် (၃)ခု၊ ၅.၅၆ကျည်(၁၅ဝ) တောင့်နှင့်
ကိုယ်ပိုင်အမှတ်၊ တ-၂၈၁၆၈၂ တပ်သား ဖြိုးမောင်မောင်၊ အမ်အေ-၁(၁)လက်
(အက်ဖ်-ဝ၂၅ ၈၁၃) ကျည်အိမ်(၃)ခု၊ ၅.၅၆ကျည်(၂ဝဝ)တောင့်တို့ ဖြစ်ပါတယ်။
အဲ့ဒီတုန်းက ခမရ (၁၀၆) စစ်ကြောင်း(၂) ရဲ့
စစ်ကြောင်းမှူးက ဗိုလ်မှူးခင်မောင်သန်းဖြစ်ပြီး တပ်ခွဲမှူးကတော့
ဗိုလ်ကြီးလှမိုး (ဗသကအပတ်စဉ်-၈၇) ပါ။ အထက်က ကြိမ်းမောင်းထားပြီး
နောက်နေ့ပြေးတာဆိုတော့ ဗျူဟာရုံးနဲ့ တပ်မကလည်း ဖိအားပေးလာတာကြောင့်
နယ်မြေအတွင်း ကွက်ပြည့်နင်းပြီး တပ်ပြေးတွေကို တရကြမ်းလိုက်ရှာ ပါတော့တယ်။
ဧပြီလ (၉) ရက်နေ့မှာတော့ တောင်စွန်းရွာနားမှာ တပ်ပြေးစစ်သည် (၂) ယောက်ကို
တွေ့ခဲ့ကြောင်း ရွာသားအချို့ဆီက သတင်းရတာမို့
ဝိုင်းဝန်းပိတ်ဆို့ရှင်းလင်းပါတယ်။ တောင်စွန်းရွာအနောက်ဘက်က တောင်
ကြောနားမှာ တပ်ပြေးစစ်သည်(၂)ဦးနဲ့ရင်ဆိုင်တွေ့ပြီး ပြန်လည်အဖမ်းခံဖို့
ငြင်းဆန်တာကြောင့် အသေပစ်ခတ်ဖမ်းဆီး ခဲ့ပါတယ်။
နောက်ထပ်ဖြစ်စဉ်တစ်ခုကတော့ ၂၀၀၄
ခုနှစ်၊နိုဝင်ဘာအတွင်းက ရတခနယ်မြေအတွင်းမှာ စစ်ဆင်ရေးဝင်နေတဲ့ ရှေ့တန်းခမရ
(၃၁၃) မှာ ဖြစ်ခဲ့တာပါ။ အဲ့ဒီတုန်းက ခမရ (၃၁၃) ရဲ့ စစ်ကြောင်း (၁) မှူးက
ဗိုလ်မှူးဇော်ထွန်းမြင့် (အလုပ်သင်-၁၈) ပါ။ အဲဒီနေ့က
နယ်မြေရှင်းလင်းရေးဆောင်ရွက်ဖို့အတွက် ဗိုလ်ကြီးဝင်းကြိုင် (ဗသက-၉၃)
ဦးစီးတဲ့ တပ်ခွဲက စစ်ကြောင်းအခြေပြုရာ နေရာကနေ ထွက်လာပါတယ်။ မပည ခန့်မှန်း
အို- ၂၇၄ဝ၆၂ ကို နိုဝင်ဘာ (၂၅) ရက်နေ့ မနက် (၁၀) နာရီခွဲမှာ ရောက်ရှိပြီး
အခြေပြုပါတယ်။ အဲဒီနေရာမှာ အခြေပြုထားတုန်း ကင်းတာဝန်ချထားတဲ့
ကိုယ်ပိုင်အမှတ်၊ တ-၂၉၁၅၇၄ တပ်သားနေလင်းဟာ အမ်အေ ၁ အမျိုးအစား (၁) လက်၊
ကျည်အိမ်(၄)ခု၊ ကျည် (၁၂ဝ) တောင့်နှင့်အတူ ထွက်ပြေးသွားခဲ့ပါတယ်။
ကင်းချထားတုန်း လစ်ပြေးသွားတာပါ။
လက်နက်ပါယူပြီးပြေးတာမို့
တပ်ရင်းတစ်ခုလုံးသုံးပြီး ကွက်ပြည့်နင်း ပြန်ရှာကြပါတယ်။
ဗိုလ်မှူးဇော်ထွန်းမြင့် ဦးစီးတဲ့ စစ်ကြောင်း (၁) ကတော့ တဲတစ်လုံးထဲက
ထင်းပုံအောက်မှာ သေနတ် (၁) လက်ပြန်ရပါတယ်။ နိုဝင်ဘာလ (၂၈) ရက်နေ့မှာ
ဗိုလ်မှူးကိုကိုနိုင် (ဗသက-၈၅) ဦးစီးတဲ့ စစ်ကြောင်း (၂) က
ကျောက်ဆောင်တစ်ခုထဲမှာ ပုန်းနေတဲ့ တပ်ပြေးကို ရှာတွေ့သွားပြီး
တပ်ပြေးတပ်သားနေလင်းကို အသေပစ်ခတ်ဖမ်းဆီးခဲ့ပါတယ်။ ဒါတွေက ကံမကောင်းရှာတဲ့
လက်နက်နဲ့ပြေးသူတွေထဲက တချို့အကြောင်းပါ။ ဆက်ရေးရရင်
စာရင်းကသိပ်ရှည်လျားပါလိမ့်မယ်။ ကံမကောင်း သူတွေကများပေမယ့်
ရှားပါးတဲ့ကံကောင်းခဲ့သူတချို့လည်း ရှိခဲ့ပါတယ်။
လက်နက်ဖြင့်ခွင့်မဲ့ပျက်ကွက်ဖြစ်စဉ်တွေက
အများသောအားဖြင့် ရှေ့တန်းထွက်၊ စစ်ဆင်ရေးဝင်တဲ့အချိန်မှာ အများဆုံး
ဖြစ်ကြပါတယ်။ နောက်တန်းကနေပြေးရင်တော့ လက်နက်ယူသွားခဲပါတယ်။
သေနတ်ကြီးတကားကားနဲ့ဆို လူကြားသူကြားထဲ ပြေးလို့မရဘူးမဟုတ်လား။
ဒီထဲကထူးခြားတဲ့ဖြစ်စဉ်တစ်ခုကတော့ ၂၀၀၇ ခုနှစ်တုန်းက ဖြစ်ခဲ့ဖူး
ပါတယ်။ ၂၀၀၇ ခုနှစ်ရဲ့ သြဂုတ်လ၊ ပဲခူးမြို့အနီးတပ်တစ်ခုမှာ လက်နက်ပါယူပြီး
အစုလိုက်အပြုံလိုက် တပ်ကထွက်ပြေးကြတဲ့ ဖြစ်စဉ်ပါ။ အဲဒီ့တုန်းက
ရွှေဝါရောင်အရေးအခင်းအဦးအစမို့ သံဃာတွေ၊ ပြည်သူတွေဆန္ဒပြတဲ့ သတင်းတွေက
လွှမ်းမိုးသွားလို့ထင်ပါရဲ့။ သတင်းဌာနတွေမှာ သတင်းတက်တာ မတွေ့ခဲ့ရပါဘူး။
ဒီကိစ္စဟာ တပ်တွင်းသမိုင်းမှာတော့ တော်တော်ကြီးမားခဲ့တဲ့ကိစ္စပါ။ ဒီသတင်း
အပြင်ကို မပေါက်ကြားရအောင် ထိပ်တန်းလျှို့ဝှက် အဆင့်ထားပြီး မနည်းကို
ဖုံးဖိယူခဲ့ရပါတယ်။ ပြေးတဲ့သူကပြေး၊ နောက်ကလိုက်တဲ့သူကလိုက်၊ အပြန်အလှန်
ပစ်ကြခတ်ကြမို့ တပ်တွင်းပုန်ကန်မှုလို့တောင်ပြောလို့ရပါတယ်။
ဒီလောက်ကြီးမားတဲ့ကိစ္စဖြစ်လို့သည်ကိစ္စကိုတော့
အသေးစိတ်ပြန်ဖော်ပြပါမယ်။ တပ်ပြေးတွေရဲ့ မိခင်တပ်ရင်းက ဘောနက်ကြီးမှာ
အခြေစိုက်တဲ့ အမှတ် (၂၀၂၀) လေကြောင်းရန် ကာကွယ်ရေးတပ် ဖြစ်ပါတယ်။
အဲ့ဒီတပ်ရဲ့ အရာရှိတွေနဲ့ အောက်ခြေအဆင့်စစ်သည်တွေအကြား
မကျေလည်မှုတွေကတော်တော်ကြာကြာထဲက ဖြစ်နေခဲ့တာပါ။ အဲဒီပြဿနာတွေနဲ့ပတ်သတ်ပြီး
အထက်ကိုလည်း တိုင်စာတွေတက်ပါတယ်။ ဒါပေမယ့် ဒီပြဿနာတွေကို
အထက်အုပ်ချုပ်သူတွေက ပေါ့ပေါ့ဆဆသဘောထားခဲ့ဟန်တူပါတယ်။ ထိထိရောက်ရောက်
အရေးမယူတဲ့အပြင် အထက်ကိုတိုင်စာတက်တာကြောင့် အနီးကပ်နေရတဲ့အရာရှိတွေရဲ့
အညှိုးထားဖိနှိပ်မူကိုပိုခံလာရတော့ အခြားအဆင့် စစ်သည်တွေအနေနဲ့လည်း
သည်းမခံနိုင်တော့တဲ့အဆင့်ကိုရောက်လာပြီး အုပ်စုလိုက် အထက်အမိန့်ကို ဖီဆန်၊
လက်နက်တိုက်ကို ဖွင့်၊ လက်နက်တွေယူပြီး ပုန်ကန်တဲ့အဆင့် ရောက်လာတော့တာပါ။
လက်နက်တွေ ယူဆောင်ပြီး တပ်ကနေ ထွက်ခွာသွားခဲ့တဲ့ဖြစ်စဉ်
စဖြစ်ပွားခဲ့တာကတော့ ၂၀၀၇ ခုနှစ်၊ သြဂုတ်လ (၂၀) ရက်နေ့၊ မနက် (၈း၃၀) မှာ
ဖြစ်ပါတယ်။ တပ်က ထွက်ပြေးတဲ့ စစ်သည် စုစုပေါင်း (၁၂) ယောက်ဖြစ်ပြီး လက်နက်
(၂၃) လက် ယူဆောင်သွားခဲ့ကြပါတယ်။ အဲဒီ့ ပုန်ကန်သူ စစ်သည် (၁၂) ယောက်ကတော့-
(၁) တပ်ကြပ်ကြီးကျော်စွာဝင်း
(၂) တပ်ကြပ်သန်းထိုက်
(၃) တပ်ကြပ်အောင်ဆန်းထွန်း
(၄) ဒုတပ်ကြပ်မျိုးထွန်းအောင်
(၅) ဒုတပ်ကြပ်သန်းနိုင်
(၆) တ/၂၇၄၅၂၆၊ ဒုတပ်ကြပ်သိန်းထိုက်ဦး
(၇) တပ်သားဘိုဘို
(၈) တပ်သားမျိုးလွင်ထွန်း
(၉) တပ်သားဇော်မင်းထွန်း
(၁၀) တပ်သားရှိန်ဝင်း
(၁၁) တပ်သားနိုင်လင်း
(၁၂) တသအောင်ကြိုင် တို့ဖြစ်ပါတယ်။
အထက်ဌာနတွေရဲ့ ညွှန်ကြားချက်အရ အဲဒီနေ့
မနက် (၁၀) နာရီလောက်မှာ လကတ (၂၀၂၀) ကို တပ်မ (၇၇) မှ တပ်မမှူး
ဗိုလ်မှူးချုပ်ဝင်းမြင့် (ယခု ဒုဗိုလ်ချုပ်ကြီး၊ စစ်ရာထူးခန့်ချုပ်၊
စတသ-၂၀) ဦးစီးတဲ့အဖွဲ့ ရောက်ရှိလာပြီး တပ်ပြေးတွေကို
ဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးနိုင်ဖို့ စီစဉ်ကြပါတယ်။ တပ်မမှူးဦးစီးတဲ့အဖွဲ့ဟာ
ဒေသခံအချို့ရဲ့ သတင်းပေး ချက်အရ တပ်ပြေးတွေဖြတ်သန်းသွားတဲ့ မိုင်တိုင်
(၃၄) အနီးသွားရောက်ကြည့်ရှုပြီး တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးလှမြင့်စိုး
(စတသ-၃၁) ဦးစီးတဲ့ ခမရ (၇)၊ စစ်ကြောင်း (၁)၊ တပ်ခွဲ (၂) ခွဲ နဲ့
လေကြောင်းရန် ကာကွယ်ရေးဌာနချုပ်မှ စစ်ဦးစီး (ပ)
ဒုဗိုလ်မှူးကြီးအောင်မျိုးထွန်း ဦးစီးတဲ့ တပ်ခွဲ (၁) ကို မိုင်တိုင် (၃၄)
ပတ်ဝန်းကျင်နယ်မြေအတွင်း ရှင်းလင်းဖို့ တာဝန်ပေးခဲ့ပါတယ်။
ဗိုလ်မှူးကြည်ဝင်း ဦးစီးတဲ့ ခမရ (၇)၊ စစ်ကြောင်း (၂) နဲ့ တပ်ခွဲ (၂) ကတော့
ဘောနက်ကြီးကနေ ၀ဲ ကဒက်အထိ (၈) လမ်းသွားလမ်းမတလျှောက် ပိတ်ဆို့ရေးနဲ့
ဗိုလ်မှူးမျိုးဆက်အောင် ဦးစီးတဲ့ ခမရ (၁၀၇)၊ စစ်ကြောင်း (၂) နဲ့ တပ်ခွဲ (၂)
က ဘောနက်ကြီးမှ ထန်းတောကြီးအထိ ပဲခူးမြစ်ကြောင်းတလျှောက် ပိတ်ဆို့ရေး
အတွက် တာဝန်ယူကြပါတယ်။ ထွက်ပြေးသူတွေကို တပ်ခွဲ (၄) ခွဲက ဘောနက်ကြီးနဲ့
မိုင်တိုင် (၃၄) ကို အရှေ့ အနောက် ပိတ်ဆို့ထားပြီး
တပ်ရင်းနှစ်ရင်းစာအင်အားနဲ့ နယ်မြေအတွင်းမှာ ပိုက်စိတ်တိုက်ရှင်းလင်းဖို့
စီစဉ်ခဲ့ပါတယ်။
ညနေ (၃) နာရီခွဲလောက်မှာတော့ ခမရ (၇)၊
စစ်ကြောင်း (၁) မှ ဒုဗိုလ်နေ၀င်းလှိုင် ဦးစီးတဲ့ ထုတ်နုတ် (၁) ခွဲနဲ့
တပ်ပြေးတွေ ရင်ဆိုင်တွေ့ကြပြီး တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲက (၁၀)
မိနစ်၊ (၁၅) မိနစ်လောက်ပဲ ကြာပါလိမ့်မယ်။ တပ်ပြေးတွေဘက်က
တစ်ယောက်ဒဏ်ရာရပါတယ်။ တိုက်ပွဲအပြီးမှာ တပ်ကြပ်အောင်ဆန်းထွန်း၊ တပ်သား
ဇော်မင်းထွန်း၊ တပ်သားရှိန်ဝင်း၊ တပ်သားအောင်ကြိုင်၊
တပ်သားနိုင်လင်းတို့ကို ဘီအေ-၆၃-မောင်းပြန်ရိုင်ဖယ်-(၃) လက်၊ ဘီအေ-၉၄
စတင်း-(၁) လက်၊ အမ်အေ-၁၃-(၅) လက်၊ ၉-မမပစ္စတို-(၂) လက်၊ ၇.၆၂ ကျည်-(၁၀၃၇)
တောင့်၊ ၉-မမကျည်-(၁၅၃၇) တောင့်၊ ဘီအေ-၆၃ ကျည်ကပ်-(၈) ခု၊ ၉-မမကျည်ကပ်- (၁)
ခု၊ ဘီအေ-၉၄ ကျည်အိမ်-(၁) ခု၊ ဘီအေ-၆၃ ပြောင်းကာ-(၁) ခု၊ ဘီအေ-၆၃
လှံစွပ်-(၁) ခုတို့နဲ့အတူ ဖမ်းဆီးမိခဲ့ပါတယ်။ ဖမ်းဆီးရမိတဲ့သူတွေကို
ဘောနက်ကြီးမှာရှိတဲ့ ခလရ (၅၉) တပ်ရင်းဌာနချုပ်သို့ ခေါ်ဆောင်ချုပ်နှောင်ပြီး
စစ်ကြောခဲ့ပါတယ်။ ည (၉) နာရီလောက်မှာတော့ တပ်ပြေးတွေထဲက
ဒုတပ်ကြပ်မျိုးထွန်းအောင်နဲ့ တပ်သားမျိုးလွင်ထွန်း တို့ဟာ ၉-မမပစ္စတို-(၂)
လက်၊ ကျည် (၈၉) တောင့်တို့အတူ ပဲခူးမြို့၊ တပ်မ (၇၇) ဌာနချုပ်ကို လာရောက်
အဖမ်းခံကြပါတယ်။ ည (၁၁) နာရီ လောက်မှာ ဘောနက်ကြီး၊ ၀ဲကဒက်နယ်မြေအတွင်း
ပိတ်ဆို့ရှင်းလင်းရေးလုပ်နေတဲ့ ဒုဗိုလ်မှူးကြီးလှမြင့်စိုးရဲ့ခမရ (၇) က
ဒုတပ်ကြပ်သန်းနိုင်နဲ့ တပ်သားဘိုဘိုတို့ကို လက်နက်မဲ့ ဖမ်းဆီးမိပါတယ်။
နောက်ဆက်တွဲကတော့ ၂၀၀၇ ခုနှစ်၊ သြဂုတ်
(၂၁) ရက်နေ့ မနက် (၄) နာရီလောက်မှာ ကြို့ကုန်းတံငါစုရွာအနီးက
အိမ်တစ်အိမ်မှာ ထမင်းလာတောင်းစားတဲ့ တပ်ကြပ်ကြီးကျော်စွာဝင်းကို ဘီအေ-၆၃-
(၁) လက်၊ ကျည် (၁၆) တောင့် တို့နဲ့အတူ ဖမ်းဆီးမိပါတယ်။ အဲဒီ့နေရာတ၀ိုက်ကို
ခမရ (၇) မှ တပ်ရင်းမှူးဦးစီး စစ်ကြောင်း (၁/၂) နဲ့ တပ်ခွဲ (၄) ခွဲ၊ ခမရ
(၁၀၇) မှ တပ်ရင်းမှူးဦးစီး စစ်ကြောင်း (၁) နဲ့ တပ်ခွဲ(၂) ခွဲ၊
လေကြောင်းရန်မှ စစ်ဦးစီး (ပ) ဦးစီးတပ်ခွဲ (၁) ခွဲတို့နဲ့
ပိုက်စိတ်တိုက်ပြီး ရှင်းနေချိန်မှာ ဖမ်းမိခဲ့တာဖြစ်ပါတယ်။
ဖမ်းဆီးရမိသူတွေကို စစ်ဆေးပြီး ရရှိတဲ့ သတင်းတွေအရ ခမရ (၁၀၇)
တပ်ရင်းမှူးဦးစီးတဲ့ စစ်ကြောင်း (၁)၊ တပ်ခွဲ (၂) ခွဲကို
ပဲခူးမြစ်အရှေ့ခြမ်း ဘောနက်ကြီးနဲ့ ထန်းတောကြီးဘက်မှာ
ပိတ်ဆို့ဖို့တာဝန်ပေးခဲ့ပါတယ်။ညောင်လေးပင်မှ ခမရ (၂၀) မှ
တပ်ရင်းမှူးဦးစီးတဲ့ စစ်ကြောင်း (၁) နဲ့ တပ်ခွဲ (၂) ခွဲကို ပဲခူးမြစ်
အနောက်ခြမ်းကရွာတွေမှာ ရှင်းလင်းဖို့၊ ခမရ (၂၀) မှ ဒုတပ်ရင်းမှူးဦးစီးတဲ့
စစ်ကြောင်း (၂) နဲ့ တပ်ခွဲနှစ်ခွဲကို အမြန်လမ်းမကြီးရဲ့တောင်ဘက်ခြမ်းမှာ
ပိတ်ဆို့ရှင်းလင်းခိုင်းခဲ့ပါတယ်။
ခမရ (၇)၊ စစ်ကြောင်း (၁) ဟာ သြဂုတ်လ (၂၂)
ရက်နေ့ နေ့လည်ပိုင်းမှာ ကြို့ကုန်းတံငါစုရွာသား ဦးလက်မ ဆိုသူဆီက
တပ်ပြေးတွေနဲ့ပတ်သက်တဲ့ သတင်းထပ်ရခဲ့ပါတယ်။ တပ်မ (၇၇)၊ တပ်မမှူးကိုယ်တိုင်
သတင်းပေးဦးလက်မကို ကို့ထုံးရွာမှာ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ ဦးလက်မက
မနက်(၁၀)နာရီလောက်မှာ ငါးရောင်းဖို့ရွာက ထွက်လာတော့ ကျွန်းငယ်တစ်ခုပေါ်မှာ
လူနှစ်ယောက်နဲ့တွေ့ကြောင်း၊ လက်နက်တစ်စုံတစ်ရာမပါကြောင်း၊ ကုန်းဘက်သို့
ပို့ဆောင်ပေးဖို့ အကူအညီတောင်းတာနဲ့ အဲသည်လူနှစ်ယောက်ကို သူ့လှေနဲ့
ပို့ပေးခဲ့ရကြောင်း၊ လှေပေါ်က ဆင်းခါနီးမှာ ထမင်းမစားရတာ (၃)
ရက်လောက်ရှိပြီမို့ ငါးရှဉ့်ကြီးကြီး (၂) ကောင်လောက်ပေးပါဆိုပြီး
တောင်းသွားခဲ့တယ်ဆိုပြီး သတင်းပေးခဲ့ပါတယ်။ ဦးလက်မနဲ့ တပ်ပြေးတွေတွေ့ခဲ့တဲ့
ကျွန်းလေးကို တပ်မမှူးကိုယ်တိုင် သွားကြည်ခဲ့ပါတယ်။ သြဂုတ်လ (၂၃)
ရက်နေ့မှာတော့ ကို့ထုံးရွာ၊ ကြို့ကုန်းရွာ၊ အင်ပြင်နဲ့ (၈)
လမ်းသွားလမ်းမကြီး အနီးပတ်ဝန်းကျင် ဒေသတွေကို တပ်မ(၇၇)၊ တပ်မမှူးဦးစီးတဲ့
လေကြောင်းရန် ကာကွယ်ရေးက စစ်ဦးစီး (ပ) ဒုဗိုလ်မှူးကြီး
အောင်မျိုးထွန်းဦးစီး တပ်ခွဲ (၁) ခွဲ၊ ခမရ (၇)၊ ခမရ (၂၀)၊ ခမရ (၁၀၇)၊
ဒေသခံအရပ်သား (၆၅) ယောက်၊ ခွေး (၅) ကောင်တို့နဲ့ အဖွဲ့(၃)ဖွဲ့ခွဲပြီး
ပိုက်စိတ်တိုက် ဖြန့်ခွဲရှာဖွေခဲ့ပါတယ်။
သည်လိုနဲ့နေ့လည် (၁)နာရီခွဲအချိန်လောက်မှာ
ခမရ (၁၀၇)၊ ဒုတပ်ရင်းမှူးဦးစီးတဲ့ စစ်ကြောင်း (၂) က စောလှ ချောင်းနားက
ကွေ့ကြီးအင်းရဲ့ လူမနေတဲ့တဲတစ်လုံးအတွင်းမှ ငါးရှဉ့်တွေကို
မီးဖုတ်စားသွားတဲ့ စားကြွင်းစားကျန်အချို့ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ဒါကြောင့်မို့ အဲသည်နေရာရဲ့ ပတ်ပတ်လည်မှာရှိတဲ့ ၀က်လက်ကြီးရွာ၊ အောက်
ကမ္ဘာရွာ၊ ဂဠုန်တိုက်အင်း၊ ပေပင်ကုန်းရွာများသို့ တပ်ခွဲ (၄) ခွဲကို
ရွှေ့ပြောင်းပြီး ပိတ်ဆို့ပြီး တပ်ခွဲ (၁၁) ခွဲနဲ့ နယ်မြေ အတွင်း
ရှင်းလင်းဖို့ တပ်မမှူးက ညွှန်ကြားခဲ့ပါတယ်။
သြဂုတ်လ (၂၃) ရက်နေ့ ည (၇) နာရီခန့်မှာ
ခမရ (၁၀၇) မှ ဗိုလ်ကြီးအောင်သူ ဦးစီးတဲ့တပ်ခွဲဟာ ဂဠုန်တိုက်အင်း အနီးက
ဦးနိုင်စိုးဆိုသူရဲ့ တဲအနီးသို့အရောက် တဲပေါ်က
လူတစ်ယောက်ခုန်ချထွက်ပြေးသွားတာမြင်လိုက်ရလို့ လိုက်လံဖမ်းဆီးပေမဲ့
မမိခဲ့ပါဘူး။ တဲအတွင်းမှာတော့ သတ်ထားတဲ့ကြက်တစ်ကောင်၊ သင်္ဘောသီး (၃) လုံးနဲ့
T.H.O လို့ရေးထားတဲ့ ဒုတပ်ကြပ်သိန်းထိုက်ဦးရဲ့စစ်သုံးခါးပတ်တို့ကို
ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဗိုလ်ကြီးအောင်သူတို့တပ်ခွဲက အဲဒီ့တဲ
အနီးပတ်ဝန်းကျင်နေရာတွေကို ပိုက်စိတ်တိုက်ရှင်းလင်းခဲ့ပေမဲ့
ထူးခြားမှုမရှိခဲ့ပါဘူး။ ည (၁၁) နာရီခွဲ လောက်မှာ
စောစောကရှင်းလင်းပြီးသားနေရာဖြစ်တဲ့ ဦးနိုင်စိုးရဲ့တဲကိုပဲ
နောက်ထပ်တစ်ကြိမ် ပြန်ရှင်းတဲ့အခါမှာတော့ တဲရဲ့ ကြပ်ခိုးစင်ပေါ်မှာ
အိပ်နေတဲ့ တပ်ကြပ်သန်းထိုက်နဲ့ ဒုတပ်ကြပ်သိန်းထိုက်ဦးတို့ကို
တွေ့ရှိဖမ်းဆီးမိခဲ့ပါတယ်။
တပ်ပြေးနှစ်ဦးကို ၀က်လက်ကြီးရွာမှာ
ချုပ်နှောင်ပြီး စစ်ဆေးတဲ့အခါ ပြီးခဲ့တဲ့နေ့ ညပိုင်းက သူတို့နှစ်ယောက်ဟာ
လှေ တစ်စင်းကို ခိုးယူပြီး အင်းရန်အင်းကို ဖြတ်ခဲ့ကြောင်း၊
အင်းအလယ်အရောက်မှာ လှေမှောက်သွားတာကြောင့် သူတို့ ကိုင်ဆောင်တဲ့လက်နက်တွေ
ရေနစ်ပျောက်ဆုံးခဲ့ကြောင်း ပြောပြပါတယ်။ နောက်တစ်နေ့မှာတော့ ရွာသားတွေရဲ့
အကူအညီနဲ့ လှေမှောက်တဲ့နေရာမှာ ရေငုပ်ရှာဖွေခဲ့တဲ့အခါ ဘီအေ-၆၃- (၁) လက်၊
အမ်အေ-၁၃- (၁) လက်၊ ပစ္စတို-(၁) လက်၊ ၇.၆၂-ကျည် (၂၈၂) တောင့်နဲ့ ၉-မမကျည်
(၅၀၇) တောင့်တို့ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ လကတ (၂၀၂၀) တပ်ရင်းအထွက်
ခြုံဘေးက ဘီအေ-၉၄ တစ်လက်နဲ့ ဘောနက်ကြီးအနီး တောင်ကြောပေါ်မှာ မြုပ်ထားတဲ့
၉-မမ ပစ္စတို-(၁) လက်ကိုလည်း ပြန်ရှာတွေ့ခဲ့ပါတယ်။
သြဂုတ်လ (၂၀) ရက်နေ့က စခဲ့တဲ့ တပ်ပြေး
(၁၂) ယောက်နဲ့ လက်နက် (၂၃) လက်ဇာတ်လမ်းက နောက်လေးရက် အကြာမှာ
အားလုံးဖမ်းမိခဲ့ပါတယ်။ တပ်ပြေးတွေရဲ့ မူလစဉ်းစားချက်က
ပဲခူးတိုင်းအရှေ့ခြမ်းကိုဖြတ်၊ ကရင်ပြည်နယ် ထဲကို ၀င်ပြီး KNU ရဲ့
အကူအညီနဲ့ နယ်စပ်ကို ထွက်ပြေးဖို့ပါပဲ။ အဲတာဆိုရင်တော့ သူတို့ကို
ဖမ်းမိနိုင်ဖို့ မလွယ် တော့ပါဘူး။ ကံဆိုးတာက သူတို့ဖြတ်သွားမဲ့လမ်းတွေကို
တပ်မ (၇၇) က တပ်တွေနဲ့ ပိတ်ဆို့ထားလိုက်တဲ့အတွက် ထွက်ပေါက်မရှိတော့တဲ့အပြင်
ထွက်ပြေးသူအချင်းချင်းကြားမှာ ညီညွတ်မှုမရှိခဲ့တာကြောင့်
ပြန်ပြီးအဖမ်းခံရတာ ဖြစ်ပါတယ်။ ပြေးသူနဲ့လိုက်သူ အင်အားချင်းလည်း
မမျှပါဘူး။ အဲဒီဖြစ်စဉ်အတွင်းမှာ တမခ(၇၇)၊ တပ်မမှူးဦးစီးတဲ့
ရှေ့တန်းတပ်မဌာနချုပ်နဲ့ တပ်ရင်း (၃) ရင်း၊ လကခမှ စစ်ဦးစီးမှူး (ပ)
ဦးစီးတဲ့ တပ်ခွဲ (၁) ခွဲတို့ကို သုံးပြီး ပိတ်ဆို့
ရှင်းလင်းရေးလုပ်ခဲ့တဲ့အပြင် ဆက်စပ်နယ်မြေများမှ တပ်တွေကလည်း ကင်းတို၊
ကင်းရှည်တွေနဲ့ တပ်လှန့် ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့တဲ့အတွက်ကြောင့်
သည်ကိစ္စဆိုးဆိုးဝါးဝါးဖြစ်မသွားပဲ သည်လောက်နဲ့ရပ်သွားအောင်
အချိန်မှီလိုက်တယ်လို့ ဆိုရပါလိမ့်မယ်။ နောက်ဆက်တွဲကိစ္စတွေ မသိရတော့လို့
အဖမ်းခံလိုက်ရတဲ့ ပုန်ကန်သူတွေ ဘယ်လိုဖြစ်သွားတယ် ဆိုတာမသိပေမယ့်
မသေရင်တောင်မှ
တော်တော်ကိုကြီးလေးတဲ့ အပြစ်ဒဏ်ပေးခံရမှာသေချာပါတယ်။ ဒီအဖြစ်အပျက်ကို
ပြန်ပြီး မပေါက်ကြားနိုင်အောင် တော်တော်ကိုဆိုးဆိုးဝါးဝါး
ခံစားကြရလိမ့်မယ်ဆိုတာ သေချာသလောက်ပါ။ တပ်မှာ တပ်တွင်းပုန်ကန်မှု၊
သစ္စာဖေါက်မှုလို့ယူဆရင် အသာတကြည်နဲ့ပြီးသွားတယ်ဆိုတာထုံးစံမရှိပါ။
တပ်ရင်းတစ်ခု၏ တပ်နေပျော်ရေးစီမံချက်ပါ ဆောင်ရွက်မှုတင်ပြချက် |
တပ်ပြေးအင်အားတွေ တိုးပွားလာတာဟာ
တပ်မတော်ခေါင်းဆောင်တွေအတွက် ခေါင်းခဲစရာပြသနာ တစ်ရပ် ဖြစ် ပါ တယ်။
တပ်ကပြေးရတာဟာ တပ်မှာနေရတာ စိတ်ညစ်လို့၊ မပျော်လို့ပြေးတာဖြစ်တယ်။
ဒါ့ကြောင့်မို့ တပ်မှာ နေပျော် အောင်လုပ်ရမယ် ဆိုပြီး
တပ်နေပျော်ရေးစီမံချက်ကို ညွှန်ကြားခဲ့ပါတယ်။ အဲဒီအစီအမံတွေကတော့-
(၁) တပ်သားသစ်များအား နွေးထွေးစွာကြိုဆိုခြင်း
(၂) လူပျိုစားရိပ်သာလုပ်ငန်းများ
(၃) ပညာရေးမြှင့်တင်ခြင်းလုပ်ငန်းများ
(၄) ရသင့်ရထိုက်သောအခွင့်အရေးများ ဆောင်ရွက်ပေးခြင်း (လစာနဲ့ရိက္ခာတွေ အချိန်မှန်ရဖို့၊ ခွင့်ရဖို့)
(၅) ကျန်းမာရေးစောင့်ရှောက်ပေးခြင်း
(၆) ဆွေးနွေးပွဲ၊ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်ပေးခြင်းနှင့် အသိပညာဗဟုသုတ တိုးပွားစေရန် စီစဉ်ပေးခြင်း
(၇) အလှူဒါန ၊ ပြိုင်ပွဲများနှင့်ပျော်ပွဲများပြုလုပ်ပေးခြင်း (၀ါဆိုသင်္ကန်းကပ်၊ အားကစားပြိုင်ပွဲ)
(၈) သက်သာချောင်ချိရေးကော်မတီဖွဲ့စည်းခြင်း
လေးလပတ်အစည်းအဝေးတွေမှာ တပ်မှူးတွေက
သူတို့တပ်တွေမှာ တပ်နေပျော်ရေးအတွက်စီမံချက်တွေကို ဘယ်သို့ ဘယ်ပုံ
အကောင်အထည်ဖော်နေကြောင်း ဝေေ၀ဆာဆာမွှန်းကြပေမဲ့ တကယ်တမ်း လက်တွေ့ အကောင်အထည်
ဖော်ရာမှာ အားနည်းချက် အမြောက်အများရှိပါတယ်။
တပ်တွင်းမှာ အထက်အရာရှိတွေရဲ့
အနိုင်ကျင့်မှု၊ ကိုယ်ထိလက်ရောက်ပြုမှုတွေကြောင့် မကျေမနပ်ဖြစ်ပြီး လွတ်ရာ
ကျွတ်ရာ ထွက်ပြေးကြတာတွေရှိသလို တချို့ကတော့မပြေးခင်
လက်စားချေသတ်ဖြတ်ခဲ့တာတွေလည်း ရှိပါတယ်။ မကျေမနပ် ဖြစ်လို့
အချင်းချင်းပြန်ပစ်ခဲ့ကြတဲ့ဖြစ်စဉ်တချို့ကို ဆွဲထုတ်ပြရရင်တော့-
(၁) ခလရ (၂၈) က ဗိုလ်သန့်ဇင်ကြူး ဦးစီး
ခွဲရုံး(၂)စု ၊ မော်ဖိုးကေ စစ်ဆင်ရေးခြေကုပ်မှာ အခြေစိုက်တုန်း (၂၆-၅-၂ဝဝ၄)
ရက်နေ့မှာ ကိုယ်ပိုင်အမှတ်၊ တ/၈၁၉၁၁ ဒုတိယတပ်ကြပ် နီအောင်
ကသူကိုင်ဆောင်တဲ့ အမ်အေ-၁၁၊ သေနတ်နံပတ်(အေ-၁ဝဝ၁၅ဝ၅) နဲ့ ပစ်ခတ်ခဲ့လို့ကြည်း
၃၂၆၅၅၊ ဗိုလ်သန့်ဇင်ကြူးရဲ့ နဖူးတည့်တည်ကို (၂)ချက် ထိမှန်၊
ဦးခေါင်းကြေမွ၊ ဘယ်/ညာ ရင်အုံ(၁)ချက်စီ၊ ညာပေါင်ရင်း၊ညာခြေသလုံးနှင့်
ချက်အထက် (၁)ချက်စီ ထိမှန်သေဆုံး၊ ကိုယ်ပိုင်အမှတ်၊
၉၁၃၇၂၈တပ်ကြပ်သန်းထိုက်စိုးရဲ့ ဦးခေါင်းကြေမွ၊ ဘယ်မျက်ခမ်း ဘယ်နားထင်၊
ဘယ်နို့အုံ(၁)ချက်စီထိမှန်သေဆုံး၊ ကိုယ်ပိုင်အမှတ်၊တ/၂၈၁၁၄၈
တပ်သားရဲဇင်နိုင်ရဲ့ ညာလက်မောင်း ထုတ်ချင်းပေါက်၊ ဘယ်လက်ပြင်နောက်ကျော၊
ဘယ်နံရိုး၊ ညာလက်ညှိုး၊ ဘယ်တံတောင်ဆစ်(၁)ချက်စီ ထိမှန်သေဆုံးခဲ့ပါတယ်။
(၂) ခမရ(၁၀၁) မှ ဗိုလ်မှူးဝင်းတင့်ဦးစီး
စစ်ကြောင်း(၂)နဲ့ တပ်ခွဲ (၂) ခွဲဟာ ၂ဝဝ၄ခုနှစ်၊ စက်တင်ဘာလ(၁၁)ရက်မှာ
အခြေပြုရာ ကရင်ပြည်နယ်၊ နဘူးတံခွန်တိုင်မှ နယ်မြေရှင်းလင်းရေးအတွက်
ထော့ကိုကိုးကို ချီတက်ရွှေ့ပြောင်းခဲ့ပြီး စစ်ကြောင်း(၂)နှင့်ခွဲရုံး(၄)စုက
တစ်နေရာ ၊ဗိုလ်ဝေဖြိုးဦးစီး ခွဲရုံး(၄)စုဟာ တစ်နေရာစီ
ဖြန့်ခွဲအခြေပြုခဲ့ပါတယ်။ ဗိုလ်ဝေဖြိုး ဦးစီးတဲ့ ခွဲရုံး(၂)စုမှ
တပ်ခွဲတပ်ကြပ်ကြီးစံအေးမောင်ဟာ ကင်းတာဝန်ကျ ကိုယ်ပိုင်အမှတ်၊ ၈၅၅၈၁၄၊
တပ်ကြပ်အောင်ကောင်းရဲ့ကင်းတာဝန်ချိန်စေ့သွားတာမို့ တ- ၁၇ဝ၁၈ဝ တပ်သား
မျိုးဝင်းအောင်နဲ့ ကင်းချိန်းပေး ခဲ့ပါတယ်။ တပ်ကြပ်ကင်းချိန်းပေးပြီး
ခွဲရုံးကိုပြန်အလာ လမ်းတစ်ဝက်မှာ စောစောက ကင်းစောင့်ခဲ့တဲ့နေရာကို
လှည့်ပြန်သွားပြီး တပ်သားမျိုးဝင်းအောင်ကို အမ်အေ (၁၁) နဲ့ပစ်သတ်ခဲ့ပါတယ်။
သေနတ်သံကြားလို့ တပ်ခွဲရုံးအဖွဲ့တွေက အပြေးအလွှားရောက်လာပြီး
ဖမ်းဆီးဖို့ကြိုးစားပေမဲ့ တပ်ကြပ်အောင်ကောင်းက သေနတ်ပြောင်းကို ပါးစပ်ထဲ
ငုံပြီး ကိုယ့်ကိုကိုယ် သတ်သေသွားခဲ့ပါတယ်။
(၃) နောက်ထပ်ဖြစ်စဉ်တစ်ခုကတော့ နပခနယ်မြေ၊
ပလက်ဝမြို့နယ်မှာ အသတ်ခံခဲ့ရတဲ့ ကြည်း-၃၅၇၆၅၊ ဗိုလ်ကြီး
ထက်အောင်ထွန်း(စတသအပတ်စဉ်-၄၅)ရဲ့ ဖြစ်စဉ်ပါ။ လက်အောက်ငယ်သားတွေကို
ကိုယ်ထိလက်ရောက် ထိုးတြိတ်တတ်၊ နှိပ်ကွပ်တတ်တဲ့ အရာရှိတစ်ဦးရဲ့ နိဂုံးပေါ။
ဖြစ်စဉ်က ဒီလိုပါ။ ၂၀၁၀ ပြည့်နှစ်၊ မေလ (၁၆) ရက် နေ့မှာ ရှေ့တန်းခမရ(၂၃၂)၊
တပ်ခွဲ (၂)၊ တပ်စု (၁)မှ ဗိုလ်ကြီးထက်အောင်ထွန်းဦးစီးတဲ့
တပ်စုရုံးနဲ့တပ်စိတ် တစ်စိတ် (အရာရှိ ၁+ အခြားအဆင့် ၉ ဦး) ဟာ
ပလက်ဝမြို့နယ်၊ မြိတ်ဝကျေးရွာအနီးမှာ ယာယီအခြေပြုနေခဲ့ပါတယ်။ ခမရ (၂၃၂) ရဲ့
ယာယီတပ်ရင်းမှူးကတော့ ဗိုလ်မှူးကျော်မိုးဟိန်းဖြစ်ပါတယ်။
မနက်ပိုင်းတန်းစီချိန်မှာ ဗိုလ်ကြီး ထက်အောင်ထွန်း ဟာ စစ်သည်များကို
ဆဲဆိုကြိမ်းမောင်းခဲ့ပါတယ်။ အထက်အကြီးအကဲများကို ပြုကျင့်ရမဲ့ကျင့်ဝတ် (၁၀)
ပါးထဲက (၅) ပါးကို ရအောင်ကျက်ထားကြ၊ မရတဲ့ကောင် ပါးရိုက်ခံရမယ်လို့
ကြိမ်းမောင်းခဲ့ပါတယ်။ ဒီ့အရင်ကလည်း စစ်သည်တွေကို ထိုးတြိတ်ရိုက်နှက်မှုတွေ
လုပ်ခဲ့ဖူးပါတယ်။
နေ့လည်ပိုင်းမှာ
ဗိုလ်ကြီးထက်အောင်ထွန်းနဲ့ ကပ-၆၃၄၉၇၃၊ တပ်စုတပ်ကြပ်ကြီးမင်းညိုတို့ဟာ
မြိတ်ဝကျေးရွာ ရယကစာရေး ဦးသံလုံးရဲ့အိမ်မှာ စကားသွားပြောကြပါတယ်။
တပ်ကြပ်ကြီးမင်းညိုကတော့ နေသိပ်မကောင်းတာမို့ ဦးညိုလုံးအိမ်ရှေ့က
ကွပ်ပျစ်လေးမှာ လှဲနေခဲ့ပါတယ်။ အဲ့အချိန်မှာ တပ်စုဆေးစစ်သည် တ-၁၁၆၅၃၇၊
ဒုတပ်ကြပ် မိုးအောင်ဟာ ဦးညိုလုံးရဲ့ခြံနောက်ဖေးပေါက်က၀င်လာပြီး
ဗိုလ်ကြီးထက်အောင်ထွန်းရှေ့တည့်တည့် (၁၅) ပေ လောက်အရောက်မှာ ရပ်၊
သူကိုင်လာတဲ့ အမ်အေ (၁၁) နဲ့ အတွဲလိုက် ပစ်သတ်ခဲ့ပါတယ်။ ဗိုလ်ကြီး
ထက်အောင်ထွန်းကို ကျည် (၁၂) တောင့် ထိမှန်ပြီး နေရာမှာပဲ
ပွဲချင်းပြီးသေဆုံးသွားခဲ့ပါတယ်။ အိမ်ရှေ့မှာ လှဲနေတဲ့ တပ်ကြပ်ကြီး
မင်းညိုကိုလည်း သေနတ်နဲ့ချိန်ပြီး စခန်းကို ပြန်ခေါ်သွားခဲ့ပါတယ်။
စခန်းရောက်တော့ တပ်ကြပ် သန်းအေးက စစ်သည်တွေကိုစုရုံးပြီး “ငါတို့တော့
တို့ကိုနှိပ်စက်နေတဲ့ ဗိုလ်ကြီးဆိုတဲ့ကောင်ကို ပစ်သတ်လိုက်ပြီ။
ဘယ်သူငါတို့နောက်လိုက်မလဲ” လို့ မေးပါတယ်။ တပ်စုတပ်ကြပ်ကြီးမင်းညိုနဲ့
တပ်စုဆက်သွယ်ရေးစစ်သည် ကပ-၇၅၁၆၁၄၊ တပ်ကြပ်ကျော်ကျော်တို့က မလိုက်လိုကြောင်း
ညင်းဆန်တဲ့အတွက် ကြိုးနဲ့တုတ်ပြီး စခန်းထဲမှာ ထားခဲ့ပါတယ်။
ဒီ့နောက် စစ်သည် (၆) ယောက်ဟာ မြိတ်ဝရွာသား
(၅) ယောက်ကို အထမ်းသမားခေါ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက်ပုချေရွာဘက်သို့
ထွက်ခွာသွားခဲ့ပါတယ်။ ထွက်ပြေးသွားတဲ့စစ်သည်တွေကတော့-
(၁) ကပ-၇၅၁၅၈၄၊ တပ်ကြပ်သန်းအေး
(၂) တ-၁၁၆၅၃၇၊ ဒုတပ်ကြပ်မိုးအောင် (တပ်စုဆေးစစ်သည်)
(၃) တ-၂၂၁၈၇၅၊ ဒုတပ်ကြပ်ဇော်ဇော်ဟန် (တပ်စုဆက်သွယ်ရေးစစ်သည်)
(၄) တ-၂၂၁၇၄၃၊ ဒုတပ်ကြပ်မောင်မောင်နိုင်
(၅) တ-၄၀၁၃၃၆၊ တပ်သားဇော်မင်းဦး
(၆) တ-၄၂၃၁၄၈၊ တပ်သားဆန်းဝင်း တို့ဖြစ်ပါတယ်။
သူတို့နဲ့အတူပါသွားတဲ့လက်နက်ခဲယမ်းတွေစာရင်း အတိအကျကတော့-
(၁) ၉-မမ ပစ္စတို (၁) လက်
(၂) အမ်အေ(၃) – (၂) လက်
(၃) အမ်အေ (၁၁) – (၅) လက်
(၄) အမ်အေ (၁၂) – (၁) လက်
(၅) အမ် (၇၉) – (၁) လက်
(၆) ဘီအေ (၁၀၀) – (၁) လက်
(၇) XD-D6M-1 ဆက်သွယ်ရေးစက် (၁) လုံး
(၈) ၉ -မမကျည် – (၁၈) တောင့်
(၉) ၅.၅၆ ကျည် – (၁၆၈၀) တောင့်
(၁၀) အမ် (၇၉) ဗုံးသီး – (၂၀) လုံး
(၁၁) ဘီအေ (၁၀၀) ဗုံးသီး – (၁၂) လုံး
(၁၂) ဘီအေ (၉၁) လက်ပစ်ဗုံး – (၉) လုံး
(၁၃) အမ် (၁၄) ပလတ်စတစ်နင်းမိုင်း – (၉) လုံး တို့ဖြစ်ပါတယ်။
စခန်းမှာ ထမင်းချက်တာဝန်ကျတဲ့ တ-၂၆၃၄၃၀၊
ဒုတပ်ကြပ်မင်းလွင်ကတော့ ဦးသံလုံးအိမ်ဘက်မှာ သေနတ်သံတွေ ကြားကတည်းက
အခြေအနေမကောင်းဘူးဆိုတာသိလို့ ထွက်ပြေးသွားပြီး ဘုန်းကြီးကျောင်းထဲမှာ
ဝင်ပုန်းနေပါတယ်။ ပုန်ကန်သူစစ်သည်တွေ ထွက်သွားပြီးတော့မှ မြိတ်ဝရွာမှ
ကျောင်းအုပ်ဆရာကြီးဦးကျော်ရှိန်နဲ့ရွာလူကြီးတွေကိုခေါ်ပြီး စခန်းထဲမှာ
ကြိုးချည်ခံရထားတဲ့ စစ်သည်နှစ်ဦးကို ကြိုးဖြည်ပေး၊ ရှေ့တန်းခမရ (၂၃၂) ကို
ဆက်သားနဲ့ အကြောင်းကြားခိုင်းရပါတယ်။ မြိတ်ဝကျေးရွာကို နပခ၊ စစ်ဗျူဟာ (၁)၊
စစ်ဗျူဟာမှူးဗိုလ်မှူးကြီးစံလွင် လာရောက်ပြီး အမှုစစ်ဆေးခဲ့ပါတယ်။
ထွက်ပြေးတဲ့စစ်သည်တွေကတော့ တက်ပုချေရွာမှတဆင့် ALP
(ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ) ထံဝင်ရောက်ခိုလှုံသွားခဲ့ပါတယ်။
ထပရ(၉၂၉)၏ တပ်သားသစ်စုဆောင်းရေးအတွက် စီစဉ်ထားမှု တင်ပြချက် |
ဒါကတော့ တပ်က လက်နက်နဲ့ထွက်ပြေးခဲ့တဲ့
ကိစ္စတွေထဲက ရှားရှားပါးပါးကံကောင်းသွားခဲ့တဲ့ကိစ္စပါ။ ဒီလိုပဲ ကရင်
ပြည်နယ်တွင်းမှာ လှုပ်ရှားတဲ့တပ်တွေထဲက
လက်နက်နဲ့လွတ်မြောက်ထွတ်ပြေးသွားနိုင်သူတချို့လည်း ရှိခဲ့ဖူး ပါတယ်။ တကယ်က
နယ်စပ်ကတပ်တချို့က စစ်သည်တွေရဲ့ မိသားစုဝင်တွေဟာ စားဝတ်နေရေးခက်ခဲလွန်းလို့
အထက်အရာရှိနဲ့ညှိပြီး ထိုင်းဖက်မှာ အခကြေးငွေနဲ့ ပြောင်းချိုး၊
တောင်ယာစိုက်နဲ့ ကိုယ့်မိသားစုဝမ်းရေးကို ကိုယ့်ဘာသာကိုယ်
ဖြေရှင်းနေခဲ့တာတွေရှိတာမို့ အဲသလိုတပ်တွေအတွက်တော့
ထိုင်းဖက်ကိုလမ်းပေါက်နေခဲ့တာက ကြာခဲ့ပါပြီ။ တပ်ကထွက်ပြေးပြီး
ထိုင်းနိုင်ငံထဲမှာ တောင်ယာလုပ်၊ ပြောင်းချိုးနေတဲ့သူတွေ
အမြောက်အများရှိသလို မဟာချိုင်နဲ့ ထိုင်းတောင်ပိုင်းဒေသက
ရေလုပ်ငန်းတွေမှာလည်း မြန်မာစစ်တပ်က တပ်ပြေးတွေ အများအပြား ရှိပါတယ်။
ထိုင်းနိုင်ငံ၊ မဟာချိုင်ဒေသတစ်ခုတည်းမှာတင် မြန်မာစစ်တပ်မှ တပ်ပြေး (၂၀၀၀)
ကျော်ရှိတယ်လို့ သတင်းဌာနတွေက ဖော်ပြခဲ့ဖူးပါတယ်။ နယ်စပ်အနီးမှာ
လှုပ်ရှားနေတဲ့ တပ်တွေအဖို့တော့ ပြသနာတွေ၊ မကျေနပ်ချက်တွေရှိလာတဲ့အခါ
တဖက်နိုင်ငံထဲဝင်ပြေးသွားဖို့က သူတို့အတွက် သိပ်ခက်ခဲတဲ့ကိစ္စမဟုတ်တော့ပါ။
မြန်မာပြည်အရှေ့ပိုင်း၊ အရှေ့မြောက်ပိုင်း ဒေသတွေမှာ
အခြေစိုက်တဲ့တပ်တချို့မှာလဲ တရုတ်နိုင်ငံထဲထိဝင်သွားနိုင်တဲ့ တပ်သားတချို့
ရှိခဲ့ဖူးပါတယ်။ ၂၀၀၅ ခုနှစ်၊ မတ်လ ၂၉ ရက်က ရှမ်းပြည်တောင်ပိုင်း
လွိုင်လင်မှာအခြေစိုက်တဲ့ လကတ (၂၀၀၁) က စစ်သည် (၂၄) ဦး၊ လက်နက် (၂၂) လက်နဲ့
ခွင့်မဲ့ပျက်ကွက်တုံးက မီဒီယာတွေမှာပါခဲ့လို့ လူသိများခဲ့ပါတယ်။ လေတပ်က
ရဟတ်ယာဉ်တွေပါသုံးပြီး ထပ်ချပ်လိုက်လို့ တိုက်ပွဲတွေဖြစ်ပြီး တပ်ပြေး (၁၈)
ယောက်ကျဆုံး၊ (၄) ယောက် ဖမ်းမိပြီး စစ်ခုံရုံးတင် သေဒဏ်ပေးခံရပါတယ်။ (၂)
ယောက်ဘဲ SSA-တောင်ပိုင်း သူပုန်အဖွဲ့ဆီ ရောက်သွားပါတယ်။
တပ်ပြုန်းတီးအင်အားပြသနာဟာ တပ်မတော်မှာ အောက်ခြေထိ လက်တွေ့ပြောင်းလဲတဲ့
အပြောင်းလဲတစ်ခုမဖြစ်မချင်း ရှိနေဦးမယ့်ပြသနာတရပ်ပါ။
အခုတင်ပြခဲ့တဲ့အချက်လက်တွေဟာ
ဒီနေ့တပ်မတော်ထဲမှာဖြစ်နေတဲ့ တပ်ပြေးနဲ့တပ်တွင်းပြဿနာ အထွေထွေကို
အတိုင်းတာတခုထိ ခြုံငုံမိလောက်မယ်ယူဆပါတယ်။ တပ်အင်အား ပြုန်းတီးမူပြသနာ၊
တပ်သားသစ်စုဆောင်းရရှိမှု ခက်ခဲလာတာ၊
တပ်ရဲ့အောက်ခြေပိုင်းစားဝတ်နေရေးခက်ခဲမှုနဲ့
အထွေထွေမကျေနပ်မူတွေများပြားလာတာစတဲ့ ပြဿနာတွေဟာ
အရှေ့တောင်အာရှရဲ့အင်အားကြီးစစ်တပ်တခုဖြစ်ဖို့ အိပ်မက်မက်နေတဲ့
မြန်မာ့တပ်မတော်အတွက် ကြီးကြီးမားမား အတွင်းလှိုက်လောင်နေမယ့်
အနာဖြစ်ပါတယ်။ တပ်တိုင်းမှာ တပ်အင်အားသစ်စုဆောင်းမှုကို သေရေး
ရှင်ရေးကိစ္စအနေနဲ့ လုပ်နေရပါတယ်။ တပ်မှာရှိတဲ့အရာရှိတ၀က်လောက်ကို
မြို့ပေါ်ကို တာဝန်နဲ့လွှတ်ထား၊ ကုန်ကျစားရိတ်ကို တပ်ရင်းရန်ပုံငွေကကျခံပြီး
တပ်သားသစ်စုဆောင်းခိုင်းနေရပါတယ်။ ခေတ်မှီတပ်မတော်ဖြစ်လာဖို့ အတွက်
အသစ်ထပ်ဖွဲ့ထားရတဲ့ လေကြောင်းရန်ကာကွယ်ရေးတပ်လိုတပ်အသစ်တွေမှာ
တပ်သားသစ်ရဖို့က အကြီးဆုံးပြသနာတွေဖြစ်ပြီး တပ်ရန်ပုံငွေထဲက
အများဆုံးကုန်ကျခံနေရတာမို့ ၀န်ထုပ်ဝန်ပိုးတစ်ခုပါ။
တပ်သားသစ်တစ်ယောက်ရဖို့
အနည်းဆုံးကုန်ကျစားရိတ်က တပ်သားသစ်စုဆောင်းဖို့တာဝန်နဲ့ မြို့ပေါ်
လွှတ်ထားရတဲ့ အရာရှိတွေရဲ့ကုန်ကျစားရိတ်အပြင် ငါးသိန်းကနေဆယ်သိန်းထိ
အကုန်ကျခံပြီး စုဆောင်းနေတာပါ။ တပ်ရင်းအလိုက်
ကုန်ကျခံနိုင်မှုကွာခြားတာတွေတော့ ရှိပါတယ်။ တပ်သားသစ်တယောက်ရတိုင်း
ဆန်တစ်အိတ်၊ ငွေနှစ်သိန်း၊ သုံးသိန်းစတဲ့ဆုကြေးကို
တရားဝင်သက်မှတ်ပေးနေတာတောင်မှ တပ်သားသစ်စုဆောင်းရေးပြသနာက ကြီးကြီးမားမား
ရှိနေတုန်း ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်၊ အစိုးရသစ်တက်လာပြီးနောက်ပိုင်း
ပွင့်လင်းလာတဲ့စီးပွားရေးမူအသစ်အရ အလုပ်ကိုင်သစ်တွေပေါ်လာ၊
ပြင်ပအလုပ်တွေမှာသာလူငယ်တွေက စိတ်ဝင်စားလာတာကြောင့်လဲ တပ်သားသစ်
စုဆောင်းရတာပိုပြီးခက်ခဲလာတယ်လို့
တပ်သားသစ်စုဆောင်းဖို့တာဝန်ပေးခံရတဲ့အရာရှိတွေက ညည်းကြပါတယ်။
ရှိထားတဲ့အချက်လက်တွေအရတော့ နှစ်တစ်နှစ်မှာ စုဆောင်းမိတဲ့အင်အားသစ်ဟာ
ပြုန်းတီးတဲ့အင်အား တစ်ဝက် ကိုတောင် မမှီတာကိုတွေ့ရတာမို့ ဒီနေ့
မြန်မာ့တပ်မတော်အတွက် ဒါဟာသေးလှတဲ့ ပြဿနာတရပ်မဟုတ်ပါ။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ စစ်ဆေးရုံတစ်ခုတွင် တက်ရောက်နေသည့် တပ်မတော်သားများအား တွေ့ဆုံနေစဉ် |
ဒါကြောင့်
မြန်မာ့တပ်မတော်ကိုဦးဆောင်နေတဲ့ဗိုလ်ချုပ်ကြီးတွေအတွက် ရွေးစရာလမ်းတော့
သိပ်များများ မရှိပါဘူး။ အဓိကရွေးချယ်စရာနည်းလမ်းကနှစ်ခုပါ။
အိမ်နီးချင်းနိုင်ငံတွေထက် သာလွန်ဖို့ အရည်အတွက်အရ အင်အားကြီး
တပ်မတော်တစ်ခုအဖြစ် ကြီးမားတဲ့တပ်အင်အားဝန်ကို ထမ်းမလား၊ အရည်အချင်းအရ
ခေတ်မှီစွမ်းရည် ထက်မြက်တဲ့ တပ်မတော်တခုကို ထူထောင်မလားဆိုတာပါ။
ပြောသာပြောရတာပါ။ သိပ်မအတဲ့ဗိုလ်ချုပ်တွေက ပြဿနာ အတိမ်နက်ကိုသိပြီး
သွားရမယ့်လမ်းကို ရွေးပြီသားဖြစ်ပါလိမ့်မယ်။ အရည်အတွက်သာစာရင်းမှာရှိပြီး
ဖွဲ့စည်းပုံ မပြည့်တဲ့ စွမ်းဆောင်ရည်နည်းတဲ့တပ်တွေကို
ကိုင်တွယ်ဦးဆောင်နေရတာထက် ကျစ်လစ်ခေတ်မီပြီး စွမ်းဆောင်ရည်ပြည့်တဲ့
တပ်တွေကိုဖွဲ့ဖို့၊အရည်အသွေးပိုင်းကို
ပြောင်းလဲဖို့အပြင်းအထန်ကြိုးစားနေတယ်ဆိုတာ အမေရိကန်ကို ချဉ်းကပ်နိုင်ဖို့
အလူးအလဲကြိုးစားနေတာကိုကြည့်ရင် သိသာပါတယ်။
အမေရိကန်တပ်ဖက်ထိပ်တန်းအရာရှိတွေနဲ့ တပ်မတော်ချင်း တရင်းတနှီးဆက်ဆံဖို့ကို
မြန်မာ့တပ်မတော် ထိပ်တန်းခေါင်းဆောင်တွေ အင်မတန် အာရုံထားနေတာက
နိုင်ငံရေးကောစစ်ရေးရည်ရွယ်ချက်ပါ ပါပါတယ်။
အမေရိကန်ရဲ့ပူးတွဲစစ်ရေးလေ့ကျင့်မှုနဲ့ နည်းပညာ အကူအညီ ကိုသာရမယ်ဆိုရင်
ခေတ်မှီ နိုင်ငံတကာစစ်ရေးနည်းပညာတွေကို အမှီလိုက်နိုင်ဖို့
လွယ်ကူသွားရုံတင်မက အတွေ့အကြုံနဲ့အရေအတွက်အရနဂိုထဲက အခြေခံရှိပြီးသားမို့
ဒေသတွင်း တခြားနိုင်ငံ တပ်မတော်ထက် မြန်မာ့တပ်မတော်ဟာ
အများကြီးသာသွားနိုင်တယ်ဆိုတာကို သိပ်မအလှတဲ့
မြန်မာ့တပ်မတော်ရဲ့ဗိုလ်ချုပ်ကြီးတွေက ရိပ်မိပုံရပါတယ်။ နိုင်ငံရေးအရလည်း
မချစ်သော်လည်းအောင့်နမ်းခဲ့ရတဲ့ ပေါက်ဖေါ်တရုတ်လက်အောက်ကလဲ
အတော်သင့်ရုန်းထွက်နိုင်ဖို့လဲ ရည်ရွယ်ဟန်တူပါတယ်။
ဒါပေမယ့်မြန်မာ့တပ်မတော်ကို ဒေသတွင်းမှာ
ခေတ်မှီပြီးစွမ်းဆောင်ရည်ရှိတဲ့ တပ်တခုအဖြစ်ပြောင်းဖို့က လွယ်ကူမယ်
မဟုတ်ပါ။ စိန်ခေါ်ချက်တော်တော်များများကတော့ ရှိဦးမှာဖြစ်ပါတယ်။
စိန်ခေါ်ချက်တခုကတော့ ပြောင်းလာတဲ့ ဒီမိုကရေစီနိုင်ငံရေးလမ်းကြောင်းအရ
လွန်ခဲ့တဲ့စစ်တပ်အုပ်စိုးတဲ့ကာလလို တပ်ကသုံးတဲ့နှစ်စဉ် ဘတ်ဂျက် ဘယ်လောက်၊
ဘယ်လိုသုံးစွဲနေလဲမသိပဲ အကန့်အသတ်မဲ့ လွတ်လပ်ခွင့်ရတော့မှာ မဟုတ်ပါဘူး။
လွတ်တော်က သဘောတူနိုင်တဲ့ ထင်သာမြင်သာရှိတဲ့
အကန့်အသတ်တွင်းမှာဖြစ်လာပါလိမ့်မယ်။ အစိုးရသစ်တက်လာပြီး တပ်မတော်အတွက်
ဘတ်ဂျက်ဟာ တခြားကဏ္ဍတွေထက် အမြောက်မြားပိုနေတာတောင် တပ်ဘတ်ဂျက်ကို
အမြောက်အများလျော့ချ လိုက်ရတယ်လို့ ဗိုလ်ချုပ်ကြီးတွေကပြောခဲ့ဖူးပါတယ်။
လက်ရှိမနည်းလှတဲ့ ဘက်ဂျက်နဲ့ လက်ရှိတပ်အင်အားကို ထိန်းသိမ်းဖို့တောင်
အခက်အခဲရှိနေတဲ့ အခြေအနေမှာ ပညာရေး၊ ကျန်းမာရေးစတဲ့ တခြား ၀န်ကြီးဌာနတွေနဲ့
နှိုင်းယှဉ်ပြီး နောင်လာမယ့်လွှတ်တော်သက်တမ်းအသစ်မှာ စစ်တပ်ဘတ်ဂျက်ကို
ကန့်သတ်မှုအသစ်တွေ လုပ်လာခဲ့ရင်တော့ တပ်မတော်ရဲ့ခေတ်မီရေးအိမ်မက်ဟာ
တ၀က်နဲ့လန့်နိုးရမဲ့အခြေအနေပါ။ ဒါ့ကြောင့်မို့လည်း
တပ်မတော်ရဲ့မဟာစီးပွားရေး လုပ်ငန်းစုကြီးဖြစ်တဲ့ ဦးပိုင်နဲ့ MEC တို့ကို
တခြားသူတွေ မထိပါးနိုင်အောင် အပြင်းအထန်ကာကွယ်နေတာ ဖြစ်ပါတယ်။
နောက်ထပ်ကြီးမားတဲ့ ပြဿနာတခုကတော့
လုံခြုံရေးအရ လူသိမခံနိုင် (နောက်ဆုံး နိုင်ငံရေးသမားတွေ ရောနေတဲ့
လွတ်တော်ကိုတောင်) အသိပေးလို့မဖြစ်နိုင်တဲ့ အရင်အစိုးရ လက်ထက်မှာလုပ်ခဲ့တဲ့
တပ်မတော်ရဲ့တိုးတိုးတိတ်တိတ် ဧရာမစီမံကိန်းတွေရဲ့မပြီးဆုံးသေးသော
ကြီးမားတဲ့ ကုန်ကျစားရိတ်ကို တပ်မတော်ကထမ်းပိုးနေရတဲ့ဝန်ပါ။
တပ်မတော်သားတွေခံစားရမယ့် ဘတ်ဂျက်ကနေ ဒီစိတ်ကူးယဉ်စီမံကိန်းတွေအတွက်
စာရင်းအင်းမရှိ ကုန်ကျခံနေ ရတာကတစ်ဖက်၊ တပ်နေပျော်ရေးအပါအ၀င်
လက်ရှိတပ်မတော်တခုလုံးကို ကျွေးမွေးဖို့က တဖက်နဲ့
မြန်မာဗိုလ်ချုပ်ကြီးတွေရဲ့အခြေအနေကလဲ ဘေးကျပ်နံကျပ်ပါ။ အဲသည်အခြေအနေမှာ
ပိုဆိုးသွားနိုင်တဲ့ နိုင်ငံရေး အကဲဆတ်မူကတော့
ဗိုလ်ချုပ်ကြီးများလက်မခံနိုင်မဲ့ ကန့်သတ်ချက်တွေကို နောင်လွတ်တော်သစ်က
ကန့်သတ်ဖို့ ကြိုးစားလာခဲ့ရင်တော့ နောက်ကြောင်းပြန်မလှည့်ရင်တောင်
အခုသွားနေတဲ့ မြန်မာ့နိုင်ငံရေးလမ်းကြောင်းဟာ
အတော်လေးကောက်ကွေ့သွားနိုင်ဖွယ်ရာရှိနေပါတယ်။ ဒါ့ကြောင့်မို့လည်း
မြန်မာ့နိုင်ငံရေးမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍတစ်ရပ်ရှိရေးဆိုတဲ့ ခေါင်းစဉ်နဲ့
ယခုလက်ရှိအစိုးရနဲ့ လွှတ်တော်အသိုင်းအ၀ိုင်းမှာ စစ်တပ်က၀င်ရောက်
စွက်ဖက်နေရတာဖြစ်ပါတယ်။ နောင်လာမဲ့အစိုးရနဲ့ လွှတ်တော်မှာလည်း
တပ်မတော်ရဲ့ကဏ္ဍကို နောက်ဆုတ်ဦးမယ် မဟုတ်ပါဘူး။ နောက်ဆုံးတော့
သွားလေသူဗိုလ်ချုပ်ကြီးများထားခဲ့တဲ့ အမွေတွေဖြစ်တဲ့ တပ်အင်အားကို အဆမတန်
တိုးချဲ့ရေးနဲ့၊ လက်တွေ့မဖြစ်နိုင်မယ့်
စိတ်ကူးယဉ်လျှို့ဝှက်စီမံချက်ကြီးတွေရဲ့ အကျိုးဆက်ကို လက်ရှိတာဝန်ယူရတဲ့
ဗိုလ်ချုပ်ကြီးတွေအပါအ၀င်၊ အစိုးရသစ်နဲ့တိုင်းပြည်က ခံစားရမယ့်
အခြေအနေကတော့ ရှောင်လွဲလို့နိုင်မှာမဟုတ်ပါ။
ဘုန်းကြီးအမှုရွာပတ်ဆိုရိုးစကားလို တစ်တိုင်းပြည်လုံးကို ပတ်လာနိုင်မယ့်
ဒီနေ့မြန်မာ့တပ်မတော်ရဲ့ပြသနာကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့တကွ
မြန်မာ့တပ်မတော်ကို ဦးဆောင်နေတဲ့ ဗိုလ်ချုပ်ကြီးများဘယ်လိုဖြေရှင်းကြမယ်၊
ခေတ်မှီတပ်မတော်အိပ်မက်ကို ဘယ်လိုအကောင်အထည် ဆက်ဖော်မယ်ဆိုတာကတော့
စိတ်ဝင်စားစရာ အကောင်းဆုံး အနာဂတ်ဇာတ်လမ်းတခုဖြစ်လာမှာ အသေချာပါ။
သိပ်မကြာတဲ့ ၂၀၁၅ ပိတ်ကားပေါ်မှာ ကြည့်ကြရအောင်ပါ။
No comments:
Post a Comment
Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။