Thursday, August 29, 2013

ပြုပြင်ပြင်ဆင်ရန် စိန်ခေါ်ခြင်းခံနေရသည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ

(Mizzima)

လက်ရှိ မိမိတို့နိုင်ငံကျင့်သုံးနေသော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပါ ဥပဒေတချို့မှာ လက်တွေ့အားဖြင့် အမှန်တကယ် ဆောင်ရွက်နိုင်ခြင်းမရှိဟု ယူဆရသဖြင့် ယင်း ဆောင်ရွက်နိုင်ခြင်း မရှိသည့်အချက်များကို တရားဝင်
ဖော်ထုတ်နိုင်ရန် ဖွဲ့စည်းပုံလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီတစ်ခုကို ယခုလ ၂၇ ရက်က ပြည်ထောင်စု
လွှတ်တော်မှ ဖွဲ့စည်း အတည်ပြုလိုက်ပြီ ဖြစ်သည်။ မင်္ဂလာသတင်း၊ မင်္ဂလာရှိသော ဆောင်ရွက်ချက်အဖြစ် မဇ္ဈိမက ကြိုဆိုအပ်ပါသည်။


လက်ရှိ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပါ အချက်တချို့မှာ လက်တွေ့အားဖြင့် ဆောင်ရွက်ရန် ခက်ခဲသော အချက်များအဖြစ်လည်းကောင်း၊ တချို့အချက်များမှာ ပြည်သူတို့ကို အကာအကွယ်ပေးသည်ထက် လူတစ်စုကိုသာ အကာအကွယ်ပေးရန် ရည်ရွယ်ထည့်သွင်းထားသည်ဟူ၍ လည်းကောင်း၊ လူ့အခွင့်အရေး အခြေခံအချက်များအပေါ် အခြေမစိုက်သည့်အချက်များ ပါဝင်နေသည်ဟူ၍ လည်းကောင်း၊ အထူးသဖြင့် ဖွဲ့စည်းပုံပါ အချက်များကို ပြင်ဆင်
လိုပါက ပြင်ဆင်ရန် အလွန်ခက်ခဲအောင် သို့မဟုတ် လုံးဝ ပြင်ဆင်လို့ မရနိုင်အောင် ပြဌါန်းထားသည့်အချက်များ ပါဝင်နေသည်ဟူ၍လည်းကောင်း ဝေဖန်ခံခဲ့ရသည်မှာ ယင်း ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ စတင်ပြဌါန်းသည်မှ ယနေ့အချိန်အထိပင် ဖြစ်သည်။

ဥပမာ နိုင်ငံတစ်နိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဆိုသည်မှာ နိုင်ငံသားအားလုံးကို ကိုယ်စားပြုလျက်
နိုင်ငံသားအားလုံး၏ ယေဘုယျဆန္ဒကို ထင်ဟပ်လျက် နိုင်ငံသားများ၏ လုံခြုံမှုကို အာမခံသည့် ဥပဒေများသာ
ဖြစ်ရမည်ဆိုသည်ကို ကမ္ဘာကြီးက လက်ခံထားပြီးဖြစ်သည့် အခြေခံသဘောတရား ဖြစ်သည်။ သို့သော် နိုင်ငံတချို့
သည် ယင်း အခြေခံသဘောတရားကို ပြည့်ဝစွာ လက်ခံလိုက်နာခြင်း မရှိခဲ့ကြပါ။ ပို၍ဆိုးသည်မှာ နိုင်ငံတချို့၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေများမှာ ယင်းအခြေခံသဘောတရားဘောင်အတွင်းမှပင် နိုင်ငံသားတို့အား ဖိနှိပ်ရန်
နှင့် နိုင်ငံသားတို့၏ အခြေခံ ရပိုင်ခွင့်များအပေါ် ချုပ်ချယ် ကန့်သတ်သည့် ဥပဒေများကိုပင် ထည့်သွင်းအတည်ပြုထား
ကြသည်ကိုလည်း တွေ့ကြရ၏။ ယင်းကဲ့သို့ ဒီမိုကရေစီ ချို့ယွင်းလျက်ရှိသော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမျိုးကို
တော့ မိမိတို့အနေနှင့် မလိုလားနိုင်ပါ။

ယခုအခါ ဖွဲ့စည်းအုပ်အချုပ်ပုံ အခြေခံဥပဒေတချို့ကို လိုအပ်ချက်အရ အလွယ်တကူပင် ပြုပြင်သတ်မှတ်လို့ ရနိုင်သည်ကိုလည်း မိမိတို့တွေ့ခဲ့ကြရပြီ ဖြစ်သည်။ ဥပမာ - တရားစီရင်ရေး မဏ္ဍိုင်ကို စာချွန်တော် ငါးမျိုး အသုံးပြုခွင့်
ပေးထားသည့် အချက်ကို ပြုပြင်ပြင်ဆင်သည့် ပြဌာန်းချက်ကို လွှတ်တော်မှ အလွယ်တကူပင် ပြင်ဆင်ပေးနိုင်ခဲ့ခြင်း
နှင့် ကုန်သွယ်ခွန် အခွန်နှုန်းထားကို ဆယ်ရာခိုင်နှုန်းမှ နှစ်ရာခိုင်နှုန်းအထိ လျှော့ချသတ်မှတ်ဖို့ ပြင်ဆင်ပြဌာန်းနိုင်ခဲ့
သည့် အချက်တို့ ဖြစ်ကြပါသည်။ သို့သော် ထိုပြုပြင်သတ်မှတ်ခဲ့သည့် ဥပဒေများမှာ ပြည်သူတို့ အလိုလားဆုံးနှင့်
ပြည်သူတို့ အာရုံအစိုက်ဆုံး ပြုပြင်ရန်အချက်များ မဟုတ်သေးဟု ဆိုရသည့်တိုင် လက်ရှိလွှတ်တော်သည် ပြုပြင်
လိုစိတ်ရှိပါက ပြုပြင်ရ လွယ်ကူစေနိုင်သေးသည်ဟူသော အချက်ကို ပေါ်လွင်စေသည့်အချက်များ ဖြစ်သည်ဟုလည်း ယူဆနိုင်ပါသည်။

မည်သို့ပင်ဖြစ်စေ ယခုနှစ် သြဂုတ်လ ၂၇ ရက်က ဖွဲ့စည်းပုံလေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီတစ်ခုကို နိုင်ငံ၏ အမြင့်ဆုံးလွှတ်တော်မှ အတည်ပြု ဖွဲ့စည်းပေးလိုက်ပြီ ဖြစ်သည်။ ထို့ကြောင့် ယင်းဆောင်ရွက်မှုကို မဇ္ဈိမက အပြည့်အ၀ ကြိုဆိုရပါမည်။ ပြည်သူတို့ မျှော်မှန်းချက်သည် လွှတ်တော်၏ မျှော်မှန်းချက်ဆိုသည့် ဆောင်ပုဒ်နှင့်အညီ လွှတ်တော်သည် ယင်းကော်မတီကို ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်ဟုလည်း မဇ္ဈိမ ကယူဆပါသည်။ သို့သော် ယင်း
ကော်မတီသည် ပြည်သူတို့ မျှော်မှန်းဖြစ်စေချင်သည့် ပြုပြင်ပြင်ဆင်ရန် လိုအပ်သော အချက်များအားလုံးကို မည်သည့်အတိုင်းအတာအထိ ဖော်ထုတ်လေ့လာ သုံးသပ်နိုင်ပါမည်နည်း။ ထို့ပြင် ယင်းကော်မတီမှ ပြည်သူတို့၏ အမှန်တကယ် လိုလားလျက်ရှိသော ပြင်ဆင်ရန် အချက်များကို ဖော်ထုတ်နိုင်ခဲ့သည့်တိုင် ယင်းအချက်များအားလုံးကို လွှတ်တော်မှ အောင်မြင်စွာ ပြင်ဆင်ပေးနိုင်ခြင်း ရှိမရှိကိုမူကား စောင့်ကြည့်ကြရဦးမည်သာ ဖြစ်ပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။