Friday, August 9, 2013

ကာကွယ်ရေးဝန်ကြီးဌာနနှင့် နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများ၏ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် စာရင်းများ မစစ်ဆေးနိုင်သေး

(Mizzima)

ကာကွယ်ရေးဝန်ကြီးဌာနနှင့် နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများ၏ ၂၀၁၁ - ၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ရရှိသည့် ဘတ်ဂျက်ငွေနှင့် သုံးစွဲရသည့် ကုန်ကျစရိတ် ငွေစာရင်းအတိအကျကို စစ်ဆေးပြုစုနိုင်ခြင်းမရှိ သေးကြောင်း အစီရင်ခံစာကို သြဂုတ် ၈ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး တွင် လွှတ်တော်အမတ် အားလုံးက သဘောတူလိုက်ပြီဖြစ်သည်။

ယင်းသို့ ရငွေ၊သုံးငွေများကို စစ်ဆေးနိုင်ခြင်း မရှိသည့်အတွက် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ စာရင်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက လွှတ်တော်သို့ တင်ပြသည့် အစီရင်ခံစာမှာ ကွဲလွဲနေသည်ဟုလည်း အစီရင်ခံစာတွင် ပါရှိသည်။


ယင်းအစီရင်ခံစာမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွင်းက နိုင်ငံတော်၏ အရ၊ အသုံး စာရင်းများအပေါ်
ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးတွေ့ရှိချက်ကို လွတ်တော်၏ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက အစီရင်ခံစာ တင်သွင်းခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဘတ်ဂျက်ငွေများ သုံးစွဲခြင်းနှင့်ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်သို့ ပွင့်လင်းမြင်သာစွာ တင်ပြနိုင်ရန်အတွက် ပြည်ထောင်စုအစိုးရက စာရင်းရေးဆွဲခြင်းနှင့် စာရင်းစစ်ဆေးခြင်းများ ပြုလုပ်ရန်လည်း အစီရင်ခံစာတွင် တိုက်တွန်းထားသည်။

၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် အမှန် ရငွေသုံးငွေစာရင်းများ စစ်ဆေးနိုင်ခြင်းမရှိသည့် ဌာန၊ အဖွဲ့များမှာ ကာကွယ်ရေးဝန်ကြီးဌာနနှင့် နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများအပြင် နေပြည်တော် စည်ပင်သာယာရေး
ကော်မတီနှင့် တပ်မြို့ စည်ပင်သာယာရေးအဖွဲ့တို့မှာလည်း စာရင်းပြုစုနိုင်ခဲ့ခြင်း မရှိပေ။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။