Tuesday, April 9, 2013

စက်ရုပ်ဘဝနဲ့ ဝစီပိတ် တပ်မတော်သား ကိုယ်စားလှယ်များ - အပိုင်း (၂)

(စည်းလုံးခြင်းရဲ့အင်အား)


လွှတ်တော်အတွင်း တပ်မတော်အရာရှိများ ယခင်ကလို လွတ်လပ်တက်ကြွစွာ ဆွေးနွေးခွင့် မရရှိတဲ့အပေါ် စစ်ဖက်နီးစပ်သူများက ဝေဖန်လာပါတယ်။ တပ်မတော်မှ အငြိမ်းစားယူသွားသော အရာရှိကြီးတစ်ဦးက ဒီဖြစ်စဉ်အပေါ် ဝေဖန်ကြည့်ရာမှာ “တပ်ချုပ်အနေနဲ့ တပ်မတော်နေ့ အခမ်းအနားမှာ ပြောထားတာ ရှိတယ်ဗျာ။ အမျိုးသားရေး ဦးဆောင်မှု အခန်းကဏ္ဍမှာ တပ်မတော်က ပါဝင်ရမည်ဆိုရင် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနဲ့ တန်းတူရင်ဘောင်တန်း ယှဉ်ရဲရမယ်ဗျ။ နိုင်ငံရေး၊ စီးပွါးရေး၊ စစ်ရေး၊ သံတမန်ရေးရာဆက်ဆံရေး၊ တိုင်းရင်းသားရေးရာတွေမှာ အရပ်သားတွေ မသိနိုင်လောက်တဲ့ အတွေ့အကြုံတွေကို နိုင်ငံတော်အတွက် စေတနာထားပြီး ရှင်းပြရဲရမယ်၊ လွှတ်တော်အတွင်း တပ်မတော် အရာရှိတွေကို အတိုင်းအတာ တစ်ခုထိ အကန့်အသတ်ဖြင့် ဝေဖန် ဆွေးနွေး ပိုင်ခွင့် မပေးရင်တော့ နိုင်ငံတကာနှင့် ပြည်သူလူထုက တပ်မတော်ရဲ့ အထူးသဖြင့် အရာရှိတွေရဲ့ ဦးဆောင်မှု ခေါင်းဆောင်မှု အင်္ဂါရပ် အရည်အသွေးတွေကို Credit ပေးခွင့်ရမှာ မဟုတ်သလို တပ်မတော်ရဲ့ ပုံရိပ် Image ကိုလည်း တွေ့မြင်ကြမှာ မဟုတ်ဘူးဗျာ”။


ဆက်လက်ပြီး စစ်ရုံးမှ တပ်မတော် အရာရှိ တစ်ဦးကို ဆက်သွယ် မေးမြန်းခဲ့ပါသေးတယ်။ “တပ်ချုပ်က သူ့ရဲ့တပည့်တွေ လွှတ်တော်မှာ ဝင်ရောက် ဆွေးနွေးခဲ့ရင် နိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသားတွေရဲ့ အမြင်မကြည်လင်တာမျိုး ဖြစ်ပေါ်သွားမှာကို စိုးရိမ်ဟန်တူတယ်။ သူတို့က တပ်ချုပ်ကိုယ်စား ပြောနေတဲ့အသွင်မျိုး တပ်ချုပ်ရဲ့ အာဘော် (၀ါ) တပ်မတော်ရဲ့ အာဘော်လို့ ထင်မြင်သွားမှာ စိုးတယ်လို့ ထင်တယ်ဗျ”

ဒါပေမဲ့ တပ်မတော် အငြိမ်းစား အရာရှိကြီးကို ဒါနဲ့ ပတ်သက်ပြီး စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်က မေးမြန်းခဲ့ရာ သူက အောက်ပါအတိုင်း ဆိုပါတယ်။  “တကယ်တော့ စစ်တပ်က လူကြီးတွေက လက်အောက်ကို မနာခံလိုတဲ့ သဘော။ မယုံတဲ့ သဘောဗျ။ ကျွန်တော်တို့ တပ်မှာ နေခဲ့တုန်းက နယ်စပ်မြို့မှာ အခြေစိုက်တဲ့ တပ်ရင်းဆိုတော့ နယ်စပ်က ကုန်သည်တွေ ဆက်ဆံပြောဆိုတာကို တပ်ရင်းမှူးက မကြိုက်ဘူးဗျ။ ဆိုလိုတာက ခြေရာတိုင်းတယ် ပေါ့ဗျာ။ ဖြစ်နိုင်ရင် ခပ်ဝေးဝေးက ရှောင်ခိုင်းတယ်။ တချို့ဆို တပ်ရင်းမှူးကတော်က သက်ဆိုင်ရာအရာရှိရဲ့ မိန်းမကတဆင့် လှည့်ပြောခဲ့တယ်။ တကယ်တော့ တပ်ရင်းမှူးက သူ့စားကွက်တွေကို ကုန်သည်တွေက သိထားပြီးပြီမို့ လက်အောက်ခံ အရာရှိတွေ သိသွားမှာ စိုးရိမ်လို့နဲ့ တူတယ်။ လက်ရှိ လွှတ်တော် တပ်မတော်သား ကိုယ်စားလှယ်တွေကိုလည်း တပ်ချုပ်က ချုပ်ချယ် ကန့်သတ်တာဟာ ရှေးရိုးစွဲနေတဲ့ အာဏာရှင်ဆန်တဲ့ သဘောဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အတိုက်အခံပါတီ ကိုယ်စားလှယ်တွေနဲ့ တပ်မတော် ကိုယ်စားလှယ်အရာရှိတွေ ပူးပေါင်းသွားမှာ စည်းရုံးခံရမှာ စိုးရိမ်တယ်ဆိုရင် ပိုမှန်မယ်”။

အဲဒီလို တပ်ချုပ်က လွှတ်တော်အတွင်း သူ့ရဲ့အရာရှိများ မကြာခဏ လဲလှယ်နေတာကို လွှတ်တော်ရှိ နိုင်ငံရေးပါတီ ကိုယ်စားလှယ် အများစုက ကန့်ကွက်ခဲ့ကြပြီး လွှတ်တော် သက်တမ်းနဲ့အညီ ထားသင့်ကြောင်း အမည်စာရင်း မတင်ခင် သေသေချာချာ စီစစ်ပြီးမှ လွှတ်သင့်ကြောင်း ပြောဆိုခဲ့ပါတယ်။ လွှတ်တော်ကို တပ်ချုပ်က အလေးမမူ ဂရုမထားတဲ့ အသွင်သဏ္ဍာမျိုး မလုပ်သင့်ကြောင်း၊ တကယ်တမ်း တပ်မတော်သား အရာရှိများက လွှတ်တော်အတွင်း တပ်ချုပ်ရဲ့ မူဝါဒဖြစ်တဲ့ ဒို့တာဝန် အရေးသုံးပါး ထိခိုက်လာမဲ့ အခြေခံဥပဒေကို ပြုပြင်မဲ့ ကိစ္စမျိုးကိုကျတော့ အထက်လူကြီးအပေါ် သစ္စာရှိရှိနဲ့ လက်ခံကြမှာ မဟုတ်ပါကြောင်း၊ တပ်မတော်နေ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အားပေးတဲ့အတွက် တပ်မတော်သားအားလုံးက ၀မ်းသာအားရ ကြိုဆိုခဲ့ကြကြောင်း၊ ဒါကြောင့် လွှတ်တော်အတွင်း ယခင်ကလို တပ်မတော်အရာရှိ ကိုယ်စားလှယ်များကို လွတ်လွတ်လပ်လပ် ဆွေးနွေးခွင့် ဖွင့်ပေးသင့်ကြောင်း၊ ဒါမှ ပြည်သူနဲ့တပ်မတော် တသားတည်း ရှိသွားမှာဖြစ်ကြောင်း  စစ်ဖက်နီးစပ်သူများက ဝေဖန် ထောက်ပြသွားကြပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။