Thursday, April 11, 2013

နှစ်သစ်ကူးအကြို မင်္ဂလာရှိသော သတင်း

(စည်းလုံးခြင်းရဲ့အင်အား)

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ဖိတ်ကြားချက်အရ ယခုနှစ် ကျင်းပတဲ့ တပ်မတော်နေ့ (တော်လှန်ရေးနေ့) အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့တဲ့အပေါ် တပ်မတော်သားများရဲ့ မင်္ဂလာရှိသော တုန့်ပြန်သံများအား ဖေါ်ပြပေး လိုက်ပါတယ်။ စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ် အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် တပ်မတော်သားများက အားမလို အားမရ ဖြစ်နေကြတဲ့ ရင်ဖွင့်သံများကို ဖေဖော်ဝါရီလအတွင်းက ဒီနေရာမှာ တင်ပြသွားခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီနောက် နိုင်ငံတော်ရဲ့ ထိပ်တန်း ခေါင်းဆောင်များ ဖြစ်ကြတဲ့ သမ္မတဦးသိန်းစိန်၊  ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (တပ်ချုပ်) တို့ဟာ အပြန်အလှန် ယုံကြည်မှု၊ လေးစားမှု၊ ရင်းနှီးမှုတွေကို လက်တွေ့ သက်သေပြခဲ့ကြတာ တွေ့ရှိရပါတယ်။

လက်ပန်းတောင်းတောင် ဒေသသို့ သွားရောက်မဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွက် စိတ်ပူပြီး လုံခြုံရေး လုပ်ဆောင်ပေးဖို့ သမ္မတက ညွှန်ကြားခဲ့တဲ့အပြင် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်ကို တက်ရောက်ဖို့လည်း တပ်ချုပ်က ဖိတ်ကြားခဲ့ပါတယ်။ နှစ်စဉ် ကျင်းပမြဲဖြစ်တဲ့ တပ်မတော်နေ့ အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ခြင်းနဲ့ တပ်ချုပ်က တစ်ကြိမ်တခါမှ ဖေါ်ထုတ်ဂုဏ်ပြုခြင်း၊ အသိအမှတ်ပြုခြင်း အလျဉ်းမရှိခဲ့တဲ့ တပ်မတော်ရဲ့ဖခင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအား ဂုဏ်ပြုစကားများ အမွှန်းတင် ပြောကြားခြင်းနဲ့အတူ လိုက်နာဆောင်ရွက်ရမဲ့ လမ်းညွှန်ချက် တစ်ရပ်အနေနဲ့လည်း ပြောဆိုသွားခဲ့တာကို တွေ့ရပါတယ်။



အဲဒီ ဖြစ်စဉ်တွေအပေါ် နိုင်ငံတကာနဲ့ ပြည်သူလူထု အပါအဝင် တပ်မတော်သားများ အနေနဲ့ အံ့သြ၀မ်းမြောက် ဖြစ်ကုန်ကြပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ စည်းလုံးခြင်းရဲ့အင်အားဟာ စစ်ရေးပြမှ ပြန်လာကြတဲ့ တပ်မတော်သားများအား သူတို့ရဲ့ လုံခြုံရေးအရ စောင့်ဆိုင်းပြီးမှ အင်တာဗျူးရတဲ့အတွက် တင်ပြရာမှာ အနည်းငယ် နောက်ကျသွားရတာ ဖြစ်သလို သင်္ကြန်နှစ်သစ်ကူးရဲ့ မင်္ဂလာရှိသော သတင်းအဖြစ် တင်ဆက်ပေးလိုက်ရပါတယ်။


ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး စစ်ရေးပြမှ ပြန်လာတဲ့ မိတ္ထီလာမြို့ အခြေစိုက် MIG – 29 မှ လေသူရဲတစ်ဦးအား စည်းလုံးခြင်းရဲ့အင်အားမှ ပင်တိုင်ဆောင်းပါးရှင် တပ်မတော် (လေ) အရာရှိတစ်ဦးက ခရီးရောက်မဆိုက် တွေ့ဆုံမေးမြန်းခဲ့ရာ သူတို့ရဲ့ တုန့်ပြန်သံများကို တင်ဆက်ပေးလိုက်ပါတယ်။ သူက “စစ်ရေးပြဖို့ လေယာဉ်ကို မောင်းနှင်နေရာက ဝေဟင်မှ မဏ္ဍပ်ကို ကြည့်လိုက်ရချိန် ရုတ်တရက် အန်တီစုက လက်ခုပ်တီး အားပေးလိုက်တဲ့ မြင်ကွင်းကို မြင်လိုက်ရတာနဲ့ တပြိုင်နက် အားအင်တွေ ပြည့်တက်လာပြီး လေထဲမှာ လေယာဉ်ကို ဂျွမ်း ၁၀ ကြိမ်ထက်မနည်း ထိုးပြချင်တဲ့စိတ် တဖွားဖွားပေါ်ကာ အံ့သြဝမ်းသာမိတယ်ဗျာ” လို့ ဆိုသွားပါတယ်။

တဖန် ရန်ကုန်ကို ရှေ့တန်းမှ အနားယူရန် ပြန်ရောက်လာတဲ့ တပ်မ (၇၇) မှ အရာရှိတစ်ဦးကို တွေ့ဆုံခဲ့ပါသေးတယ်။ သူက “ကျွန်တော်ကတော့ စစ်ရေးပြမှာ မပါရပေမဲ့ ယခုလို တပ်မတော်နေ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က တက်ရောက် ချီးမြှင့်တာကို TV ထဲမှာ တွေ့လိုက်ရတော့ ကျွန်တော်တို့ တပ်မတော်သားတွေ အနေနဲ့ တပ်မတော်ဖခင်ရဲ့ သမီးဖြစ်သူမို့ မေတ္တာစေတနာ နွေးထွေးမှုတွေ ပြန်လည်ရရှိသလို ခံစားရတယ်ဗျာ။ ဗိုလ်ချုပ်အောင်ဆန်းဟာ ကျွန်တော် ငယ်စဉ်ထဲက လေးစားရတဲ့ နိုင်ငံရဲ့ခေါင်းဆောင်ကောင်း တပ်မတော်ရဲ့ဖခင် အစစ်အမှန် ဖြစ်တယ်လေ။ တပ်မတော်အင်အား တောင့်တင်းဖို့ အချက်အလက်များစွာ ရှိနေပေမဲ့လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ မေတ္တာစေတနာဟာ ကျွန်တော်တို့ တပ်မတော်သားတွေရဲ့ စိတ်ဓာတ်အင်အားကို မြှင့်တင်လိုက်သလို ဖြစ်သွားတာကတော့ သေချာပါတယ်” လို့ ပြောသွားပါတယ်။

ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်အား တချို့အဖွဲ့အစည်းများနဲ့ မီဒီယာတချို့က မလိုလား မရှုစိတ်တဲ့သဘော ဝေဖန်ကြတဲ့အပေါ် တပ်မတော် အရာရှိကြီး (အငြိမ်းစား) က အခုလို သုံးသပ် ဝေဖန်လိုက်ပါတယ်။


ဒါကတော့ မကောင်းမြင်နေသူတွေကို နိုင်ငံရေးပါး မဝဘူးလို့ ဆိုရပါမယ်။ နိုင်ငံရေးသမား စစ်စစ် တစ်ယောက်အနေနဲ့ သဘောထားကြီးကြီး ကြိုဆိုရမဲ့ အလုပ်ပါဗျာ။ တကယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကြောင့် ပိတ်ဆို့မှုတွေ ခေတ္တ ရုတ်သိမ်းသွားပြီး အနောက်နိုင်ငံတွေက ထောက်ပံ့ကူညီခဲ့လို့ တိုင်းပြည် တိုးတက်လာမဲ့ ကျေးဇူးတွေ ရှိပါတယ်။ ဒါကို တုန့်ပြန်တဲ့ အနေနဲ့ရော ဒေါ်အောင်ဆန်းစုကြည်ကို တပ်မတော်ဖခင်ရဲ့ သမီးတစ်ယောက် အနေနဲ့ပါ ဂုဏ်ပြုတဲ့ အနေနဲ့ တပ်မတော်က ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။ သူမကို မပြောနဲ့ တော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ အရပ်သား ဖြစ်နေတဲ့ လွတ်လပ်ရေး မော်ကွန်းဝင် ပထမအဆင့်တွေကိုတောင် ဖိတ်ကြားခဲ့သေးတာဟာ တပ်မတော် မိသားစုတွေရဲ့ ဓလေ့စရိုက်တစ်ခု ဖြစ်ပါတယ်။ အဲဒီလို ဝေဖန်နေတဲ့ သူတို့ကို တပ်မတော်နဲ့ နီးစပ်ထိတွေ့မှုရှိအောင် အရင် ကြိုးစားကြည့်ခိုင်းလိုက်ပါ။ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ သင်ပုန်းချေရေးကို  တွင်တွင်အော်နေပေမဲ့ မကောင်းမြင်နေသူတွေ ရင်ထဲက အစစ်အမှန် ဆန္ဒကတော့ ဒီမိုကရေစီ မြန်မြန်ရမှာကို စိုးရိမ် ကြောင့်ကျနေတဲ့သူ ဖြစ်ဖို့များပါတယ်။ နောက်ပြီး သူတို့ရဲ့ Image က မှေးမှိန်နေလို့ အဲဒီလို ဝေဖန်လိုက်ရင် ပိုပြီး အရောင်တက်လာ မလားလို့ စိတ်ကူးလိုက်ဟန် တူပါတယ်။ သူတို့ရဲ့ အမျိုးအနွယ်ထဲမှာ စစ်တပ်အမျိုးအနွယ် ပါတဲ့သူ မရှိလို့ ဒီလိုစကားမျိုး ပြောရင်တော့ နားလည်ပေးရမှာပေါ့။ တပ်မတော်သားများဟာ နိုင်ငံတဝှမ်း လှည့်လည် တာဝန်ထမ်းခဲ့ရတာမို့ တိုင်းရင်းသူများနဲ့ ဖူးစာဆုံ အကြောင်းပါပြီး အမျိုးအနွယ် ဖြစ်ကုန်ကြကာ မကင်းရာ မကင်းကြောင်း ပတ်သက်ကုန်ကြပါပြီ။ ဗိုလ်မှူးကြီးသောင်းဝေရဲ့ ဇနီးဆိုရင် တချိန်တုန်းက ဆန့်ကျင်ဘက် တော်လှန်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းက လူကြီးရဲ့ဆွေမျိုး ဖြစ်နေတာမျိုး ရှိခဲ့ပါတယ်။

ခက်တာက မြန်မာ့နိုင်ငံရေးက သိမ်မွေ့နက်နဲ ရှုပ်ထွေးတယ်ဆိုတာ သူတို့ သတိမထားမိဘူးဗျာ။ နိုင်ငံတကာ ဖြစ်စဉ်တွေမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ ရောက်လာပြီဆိုရင် သိမ်သိမ်မွေ့မွေ့နဲ့ ညင်ညင်သာသာ ပြောင်းလဲသွားတဲ့ နိုင်ငံတွေတောင်မှ စိန်ခေါ်မှုတွေကို မဖြေရှင်းနိုင်ခဲ့လို့ သွေးမြေကျခဲ့ရတဲ့ ဖြစ်စဉ်တွေ ရှိခဲ့တယ်ဆိုတာ သဘောပေါက်ကြစေချင်တယ်။ ပြီးတော့ နိုင်ငံရေးမှာ ထာဝရမိတ်ဆွေ ထာဝရရန်သူ မရှိဘူးဆိုတဲ့အတိုင်း ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက် စေတနာမေတ္တာ ရှေ့တန်းတင်ပြီး အများအကျိုး သယ်ပိုးကြဖို့ဘဲလို့ ပြောကြားသွားပါတယ်။  စည်းလုံးခြင်းရဲ့အင်အား အဖွဲ့သားများအနေနဲ့ စည်းလုံးညီညွတ်မှုရှိရှိနဲ့ သမိုင်းကြွေးကို ဆပ်ကြဖို့ မြန်မာဟေ့လို့ ကမ္ဘာ့အလယ် ဂုဏ်ယူ ၀င့်ကြွားနိုင်စေဖို့ လူတိုင်းကိုယ်စီ  တာဝန်ယူပြီး ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးဆီကို ချီတက်ကြပါစို့လို့ နှစ်သစ်ကူးမှာ ဆုတောင်း ဆန္ဒပြုလိုက်ပါတယ်ခင်ဗျား။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။