Sunday, April 28, 2013

လေကြောင်းရန် ကာကွယ်ရေး - အပိုင်း (၁၅)

(စည်းလုံးခြင်းရဲ့အင်အား) (www.photayokeking.org)

မြန်မာ့တပ်မတော် (ရေ) တွင် အသုံးပြုနေသော ၂၅ မမ လေယာဉ်ပစ်
စက်အမြောက်အား စမ်းသပ်လေ့ကျင့်မှု ပြုလုပ်နေစဉ်

ဆောင်းပါးရှင် - ဝေဟင်


လေကြောင်း အန္တရာယ်မှ လျော့ပါးစေမှု နည်းလမ်းများ

(၆၅)           လေကြောင်းမှ တိုက်ခိုက်မှုခံ ရပြီးနောက် အခြေခံအားဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

                 (က)    ကယ်ဆယ်ရေးနှင့် ရှေးဦးသူနာပြုစုခြင်း။


                 (ခ)    မီးငြိမ်းသတ်ခြင်း။

                 (ဂ)    အပျက်အစီးများ ရှင်းလင်းခြင်း။

                 (ဃ)    အရေးပေါ် ပြန်လည်ပြုပြင်ရမည့် အရေးကြီး အဆောက်အဦးများ ပြုပြင်ခြင်း။

                 (င)    အခြားသော ချက်ခြင်းပြုပြင်ပေးရမည့် အဆောက်အဦးများ ပြုပြင်ခြင်း။
 

ပြန်လည် ထူထောင်ရေး နည်းလမ်းများ

(၆၆)             ရေရှည်လုပ်ငန်း အနေဖြင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်ပေးရန်မှာ-

                 (က)    အိုးအိမ်များ ပြန်လည် တည်ဆောက်ပေးခြင်း။

                 (ခ)    အရေးပေါ် အစားအစာများ ဖြန့်ဝေပေးခြင်း။ (ရိက္ခာ ဖြန့်ဝေခြင်း)

                 (ဂ)    ကူးစက်တတ်သော ရောဂါများမှ ကာကွယ်ပေးခြင်း။ (ကျန်းမာရေး)


တရုပ်နိုင်ငံ၏ လေကြောင်းရန် ကာကွယ်ရေး နယ်နိမိတ်များပြ မြေပုံ
 

မြို့ပြ ကာကွယ်ရေး ဖွဲ့စည်းမှု  ဥပဒေသများ


(၆၇)                 နိုင်ငံတစ်နိုင်ငံ၏ လေကြောင်းရန် ကာကွယ်ရေး ဆောင်ရွက်ပေးနိုင်မှု အတိုင်းအတာ အနည်းအများပေါ် တွင်မူတည်၍ ဒေသ (၃) ခု ပိုင်းခြားထားနိုင်ပါသည် -

                  (က) အနီရောင်ဒေသ။   ရန်သူမှ အဓိကထိုးဖောက် တိုက်ခိုက်နိုင်သော ဒေသများ။

                  (ခ)    ပန်းရောင်ဒေသ။   ရန်သူမှ တိုက်ခိုက်မည်ဟု ယူဆရသော ဒေသများ။

                  (ဂ)    အဖြူရောင်ဒေသ။  စစ်ဖြစ်ပွားခြင်းမှ ကင်းလွတ်နိုင်သော ဒေသများ။

(၆၈)                  မြို့တော် (သို့မဟုတ်) မြို့နယ်တစ်ခု၏ အရေးပါမှုနှင့် လေကြောင်းရန် ကာကွယ်နိုင်မှု အတိုင်းအတာ အနည်းအများ ပေါ်တွင် မူတည်၍ အဆင့်များ ထပ်မံခွဲခြားထားပါသည် -

                  (က) အဆင့်(က) မြို့များ။ အနီရောင်နှင့် ပန်းရောင်ဒေသတွင်းရှိ ရန်သူ ရုတ်တရက် ထိုးဖောက် တိုက်ခိုက် လာနိုင်သောမြို့များ။

                  (ခ)    အဆင့်(ခ) မြို့များ။   ရန်သူမှဦးစားပေး စတင်၍ မတိုက်ခိုက် နိုင်သောမြို့များ။

                  (ဂ)    အဆင့်(ဂ) မြို့များ။ ရန်သူ၏ အဓိက ပစ်မှတ်မြို့များ၏ ပတ်ဝန်းကျင် ဒေသရှိမြို့များ ဖြစ်ပါသည်။


အိန္ဒိယနိုင်ငံ လေကြောင်းရန် ကာကွယ်ရေး တပ်ဖွဲ့မှ လေ့ကျင့်ပစ်ခတ်နေစဉ်

အခြေခံ ဥပဒေသများ

(၆၉)                 မြို့ပြ ကာကွယ်ရေးသည် စစ်ဖြစ်ပွားနေစဉ်အတွင်း ဖြစ်ပေါ်နိုင်မည့် အခြေအနေများအား ကြိုတင်မျှော်မှန်း၍ စစ်အေးကာလမှ ပင်စတင်၍ ဆောင်ရွက်ထားရမည့် လုပ်ငန်းရပ်များ ဖြစ်ပါသည်။ မြို့ပြ ကာကွယ်ရေးကို နိုင်ငံတော်အဆင့်၊ ပြည်နယ် တိုင်းအဆင့်၊ မြို့နယ်အဆင့်၊ ကျေးရွာ၊ ရပ်ကွက်အဆင့်ထိ အဆင့်ဆင့်   တာဝန်ပေးအပ် ဆောင်ရွက်ရပါမည်။ အဖွဲ့အစည်း အဆင့်ဆင့်၏ ခေါင်းဆောင်များသည် စစ်မဖြစ်ပွားမီ၊ စစ်ဖြစ်နေစဉ်နှင့် စစ်ပွဲပြီးနောက် အရေးတကြီး ဆောင်ရွက်ရမည့် လုပ်ငန်းများကို ချက်ခြင်းဆုံးဖြတ်၍ အမြန်ဆုံးတာဝန်ယူ ဆောင်ရွက်ရမည်။ အဖွဲ့အစည်း အဆင့်ဆင့်၏ ဆောင်ရွက်မှုများကို အဖွဲ့အစည်း ခေါင်းဆောင် များ၏ အုပ်ချုပ်မှု အောက်တွင်ထားရှိပြီး ပြည်သူလူထုနှင့် လက်တွဲ၍ စနစ်တကျ စီမံအုပ်ချုပ်ရပါမည်။ မြို့ပြ ကာကွယ်ရေးသည် အစိုးရ အဖွဲ့အစည်းများ၊ ပုဂ္ဂလိက အဖွဲ့အစည်းများနှင့် ပြည်သူလူထု ပူးပေါင်းဆောင်ရွက်ရသော လုပ်ငန်းဖြစ်ရ ပါမည်။

(၇၀)                နိုင်ငံတော်အဆင့် မြို့ပြကာကွယ်ရေး အဖွဲ့အစည်းသည် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ဝန်ကြီးဌာနမှ တာဝန်ယူ ဆောင်ရွက်သင့်ပါသည်။ နိုင်ငံတော် တစ်ခုလုံးအတွက် မူဝါဒနှင့် လုပ်ငန်းစဉ်များ ချမှတ်၍ ကြိုတင်ပြင်ဆင်ခြင်း လက်တွေ့လုပ်ဆောင်ခြင်းများ ပြုလုပ်ရပါမည်။ သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းအလိုက်၊  ဒေသအလိုက် လုပ်ပိုင်ခွင့်များ ချမှတ်ပေးထားရပါမည်။

(၇၁)                နိုင်ငံတော်အဆင့် မြို့ပြကာကွယ်ရေး အဖွဲ့အစည်း၏ ဗဟိုကော်မတီအဖွဲ့တွင် မြို့ပြ ကာကွယ်ရေးနှင့် သက်ဆိုင်သည့် ဝန်ကြီးဌာနများအား ထည့်သွင်း၍ ဖွဲ့စည်းရပါမည်။ ၎င်း၏အောက်တွင် သက်ဆိုင်ရာ လုပ်ငန်းအလိုက် ကော်မတီများဖွဲ့စည်းထားရှိရပါမည်။ ၎င်းကော်မတီများ၏ ဥက္ကဋ္ဌများသည် ဗဟိုကော်မတီ၏ အဖွဲ့ဝင်များ ဖြစ်ရပါမည်။

(၇၂)                နိုင်ငံတော်အဆင့် မြို့ပြကာကွယ်ရေး၏ အကြီးအကဲသည် သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းများနှင့် နိုင်ငံတော် အစိုးရကြားတွင် ပေါင်းစပ်ညှိနှိုင်းပေးသည့် တာဝန်အားယူရပါမည်။ ထို့ပြင် အောက်ခြေမြို့နယ် အဆင့်ထိ လေကြောင်းရန် ကာကွယ်ရေး အဖွဲ့အစည်းများအား အဆင့်ဆင့်ဖွဲ့စည်းထားရှိရပါမည်။



ဥရောပနိုင်ငံများတွင် အသုံးပြုနေသော မြို့ပြလေကြောင်းရန် ကာကွယ်ရေး သတိပေးစနစ်

ကယ်ဆယ်ရေး အဖွဲ့အစည်းများ ဖွဲ့စည်းခြင်း

(၇၇)         ကယ်ဆယ်ရေး အဖွဲ့တွင် ဇီဝ၊ ဓာတုလက်နက်၊ ဗုံး၊ ဒုံးစသည့်လက်နက်များ၏ နည်းပညာပိုင်း ကျွမ်းကျင်သူ၊ အထူးလေ့ကျင့်ပေးထားသော အရာရှိအဆင့်ရှိ သူများနှင့် ပါဝင်ဖွဲ့စည်းသင့်ပါသည်။ ပေါက်ကွဲမှု မရှိသေးသော ဗုံး၊ ဒုံးများအား တွေ့ရှိကြောင်း သတင်းရရှိပါက မြို့ပြကာကွယ်ရေး ကြီးကြပ်မှုနှင့် သတင်း ဗဟိုဌာနမှ တပ်မှူးအား သတင်းပို့၍ ကျွမ်းကျင်မှုရှိသော စစ်ဘက်ဆိုင်ရာများနှင့် ဆက်သွယ်မှုရယူ၍ ရှင်းလင်းသင့်ပါသည်။ ကယ်ဆယ်ရေး အဖွဲ့သည် ကြီးကြပ်မှုနှင့် သတင်းဗဟိုဌာန အောက်တွင် တစ်ဆက်တည်း ရှိနေရပါမည်။
 

မြို့ပြ ကာကွယ်ရေးအဖွဲ့  ဖွဲ့စည်းခြင်း

(၇၈)         မြို့ပြကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းရာတွင် သက်ဆိုင်ရာ နယ်မြေအတွင်းရှိသော ဌာနဆိုင်ရာ၊ ဥပမာ-မီးရထား၊ ဆိပ်ကမ်း၊ သင်္ဘောကျင်း၊ စက်ရုံကြီးများနှင့် ကျောင်းများ၊ လူမှုရေး အသင်းအဖွဲ့များ ပါဝင်ဖွဲ့စည်း သင့်ပါသည်။ မြို့နယ်အဆင့် ကြီးကြပ်ကွပ်ကဲသူမှ ၎င်းအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ညှိနှိုင်းဆောင်ရွက်ခြင်းများ ပြုလုပ်ပေးရပါမည်။ ထို့အပြင် ထိုးစစ်အသွင် လေကြောင်းကာကွယ်ရေး ဆောင်ရွက်နေသော တပ်များကို အနီးကပ် အကူအညီပေးခြင်း၊ ညှိနှိုင်းပေါင်းစပ်ပေးခြင်းများ ဆောင်ရွက်ပေးရန်လိုအပ်ပါသည်။
 

မြို့ပြ ကာကွယ်ရေး လှုပ်ရှားမှုတပ်ဖွဲ့

(၇၉)         မြို့ပြကာကွယ်ရေး၏ လှုပ်ရှားမှုတပ်ဖွဲ့သည် ရန်သူတိုက်ခိုက်လာသည့် အခြေအနေနှင့် အသုံးပြုသော လက်နက်ပေါ်မူတည်၍ ဆောင်ရွက်ရသော အဖွဲ့ဖြစ်ပါသည်။ ဒေသဆိုင်ရာ မြို့ပြကာကွယ်ရေး အဖွဲ့များမှ ဆောင်ရွက်နိုင်သော အခြေအနေ၊ ဥပမာ-နျူကလီးယားဗုံးကြဲခံရခြင်း၊ ဓာတုနှင့် ဇီဝလက်နက်များဖြင့် တိုက်ခိုက်ခံရခြင်းများ ဖြစ်ပေါ်လာပါက ၎င်းလှုပ်ရှားတပ်ဖွဲ့မှ နယ်မြေအလိုက် သွားရောက်ရှင်းလင်း ကူညီပေးရသော တပ်ဖွဲ့ ဖြစ်ပါသည်။ ၎င်းအဖွဲ့အား နိုင်ငံတော်အဆင့် မြို့ပြကာကွယ်ရေး လှုပ်ရှားတပ်ဖွဲ့အဖြစ် သီးသန့်ဖွဲ့စည်းရပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။