Monday, April 22, 2013

လေကြောင်းရန် ကာကွယ်ရေး - အပိုင်း (၁၄)

(စည်းလုံးခြင်းရဲ့အင်အား)

မြန်မာ့တပ်မတော် ဆက်သွယ်ရေး တပ်ဖွဲ့များ၏ သုတေသနနှင့်
ထုတ်လုပ်ရေးဌာနမှ တပ်မတော် အရာရှိများ

ဆောင်းပါးရှင် - ဝေဟင်


အယ်ဒီတာအဖွဲ့၏ တင်ပြချက်။     ။       လေကြောင်းရန် ကာကွယ်ရေး အခန်းကဏ္ဍကို ဤ၀က်ဘ်ဆိုက်ဒ်မှ တင်ပြနေရာတွင် တချို့က မည်သည့်ရည်ရွယ်ချက်ဖြင့် တင်ပြနေသလဲဟု မေးမြန်းကြရာ ရည်ရွယ်ချက်တစ်ချို့ကို စောစောပိုင်း တင်ပြသွားခဲ့သည့် အပိုင်းများ၌ ဖော်ပြခဲ့ပြီးဖြစ်သည့်အပြင် နိုင်ငံတော်၏ လေကြောင်းပိုင်နက် လုံခြုံရေးအတွက် ပြည်သူလူထုမှ တစ်တပ်တစ်အား လက်တွဲနိုင်ရေးအတွက် သိရှိနိုင်ရန် ရည်ရွယ်ခဲ့ပါသည်။ ထို့အပြင် လေကြောင်းရန် ကာကွယ်ရေး ကွန်ယက် လိုအပ်ချက် အားနည်းနေသည်ကို ထောက်ပြပြီး အပြုသဘောဖြင့် နိဂုံးချုပ် အပိုင်း (၁၇) တွင် တင်ပြရန်ရှိပါသည်။


မြို့ပြ လေကြောင်းရန် ကာကွယ်ရေး

(၅၉)                မြို့ပြကာကွယ်ရေးသည် နိုင်ငံတစ်ခု၏ လေကြောင်းရန် ကာကွယ်ရေး ကဏ္ဍတွင် မရှိမဖြစ် လိုအပ်သော ကဏ္ဍတစ်ခု ဖြစ်ပါသည်။ မြို့ပြ ကာကွယ်ရေးသည် ရန်သူမှ ခြိမ်းခြောက်လာမှု၊ ကျူးကျော်တိုက်ခိုက် လာမှုများကို ပြည်သူလူထုနှင့် တပ်မတော်ပူးပေါင်း ကာကွယ်ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ ဒုတိယကမ္ဘာစစ် အတွင်း အင်္ဂလန်နိုင်ငံ၏ မြို့ပြ ကာကွယ်ရေးသည် နိုင်ငံတော် ကာကွယ်ရေး၏ အရေးကြီးသော အစိတ်အပိုင်း တစ်ခု ဖြစ်ခဲ့သည့် သာဓကအား တွေ့ရှိရနိုင်ပါသည်။

မြို့ပြ ဒေသများအား ခြိမ်းခြောက်နိုင်သော နည်းလမ်းများ

(၆၀)            လေကြောင်းမှ ရန်သူ တိုက်ခိုက်လာနိုင်သည့် နည်းလမ်းများစွာ ရှိသည့်အနက် မြို့ပြဒေသ များအား အောက်ဖော်ပြပါ နည်းများဖြင့် ခြိမ်းခြောက်နိုင်ပါသည်-

                (က)    လူသတ်ဗုံး မြောက်များစွာ ကြဲချခြင်း။

                (ခ)    ဓာတုနှင့် ဇီဝလက်နက်များဖြင့် တိုက်ခိုက်ခြင်း။

                (ဂ)    တာတို/တာဝေး ဒုံးလက်နက်များဖြင့် တိုက်ခိုက်ခြင်း။

                (ဃ)    နျူကလီးယား ဗုံးများကြဲ၍ တိုက်ခိုက်နိုင်ခြင်းတို့ ဖြစ်ပါသည်။

                (၆၁)        လေကြောင်းမှ တိုက်ခိုက်လာမှုကြောင့် ဖြစ်ပေါ်နိုင်သော အခြေအနေများမှာ -

                (က)    စစ်လက်နက်၊ လူသုံးကုန်ပစ္စည်း ထုတ်လုပ်ရေးအား ကမောက်တမ ဖြစ်စေခြင်း။

                (ခ)    ပြည်သူလူထု၏ အသက်အိုးအိမ်အား ထိခိုက်မှုဖြစ်စေခြင်း။

                (ဂ)    ပြည်သူလူထု၏ စိတ်ဓာတ်ပိုင်းဆိုင်ရာအား ပြိုကွဲကျဆင်းစေခြင်း။

                (ဃ)    ပြည်သူလူထုအား ရုတ်တရတ် ထိတ်လန့်တကြားနှင့် ရှုတ်ထွေးမှုများ ဖြစ်စေခြင်းတို့ ဖြစ်ပါသည်။


IGLA အမျိုးအစား ပုခုံးထမ်းလေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်အား စမ်းသပ်ပစ်ခတ်နေစဉ်

ရည်ရွယ်ချက်

(၆၂)                လေကြောင်းမှ တိုက်ခိုက်လာမှုကြောင့် ဖြစ်ပေါ်လာမည့် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ထိခိုက်ပျက်စီးစေခြင်းအား အနည်းဆုံး ဖြစ်စေရန်အတွက် ရရှိနိုင်သမျှသော လေကြောင်းရန် ကာကွယ်ရေး နည်းလမ်းဖြင့် ကာကွယ်စောင့်ရှောက် သွားရန်ဖြစ်ပြီး အဓိက ရည်ရွယ်ချက်မှာ -

                 (က)    ပြည်သူလူထု၏ အသက်အန္တရာယ် လုံခြုံမှုရှိရန်။

                 (ခ)    ပြည်သူလူထု၏ ပိုင်ဆိုင်မှု၊ အိုးအိမ်၊ ဥစ္စာပစ္စည်းထိခိုက်မှု အနည်းဆုံး ဖြစ်စေရန်။

မြို့ပြ ကာကွယ်ရေး နည်းလမ်းများ

(၆၃)                 မြို့ပြကာကွယ်ရေး ဆောင်ရွက်နိုင်မှုအား အောက်ပါအတိုင်း သတ်မှတ်ခွဲခြား နိုင်ပါသည် -

                 (က)    ကြိုတင် ကာကွယ်ပေးနိုင်မှု နည်းလမ်းများ။

                 (ခ)    လေကြောင်း အန္တရာယ်မှ လျော့ပါးစေမှု နည်းလမ်းများ။

                 (ဂ)    ပြန်လည် ထူထောင်ရေး နည်းလမ်းများ။

ကြိုတင် ကာကွယ်ပေးမှု နည်းလမ်းများ

(၆၄)         စစ်ပွဲမဖြစ်မှီ ကြိုတင် ဆောင်ရွက်ရမည့် လုပ်ငန်းများမှာ -

                (က)    စစ်မက်ဖြစ်ပွားမည့် အရေးမှ ရှောင်လွှဲနိုင်ရန် ဆောင်ရွက်အား ထုတ်ခြင်း။

                (ခ)    ဗုံးခိုကျင်းများ ပြုလုပ်ထားရှိခြင်း။

                (ဂ)    ပြည်သူလူထုအား စစ်ဘေးစစ်ဒဏ်မှ လွတ်ရာသို့ ရွှေ့ပြောင်ရေးအစီအမံများ ထားရှိခြင်း။

                (ဃ)    ကုန်ထုတ်လုပ်မှု လုပ်ငန်းများအား ရပ်ဆိုင်းထားခြင်း။

                (င)    ဖုံးကွယ်မှုနှင့် ပုံဖျက်ခြင်းများ ပြုလုပ်ထားခြင်း။

                (စ)    တစ်ဦးချင်း ကာကွယ်မှုများ စီမံပြုလုပ်ထားခြင်း။

                (ဆ)    အဆောက်အဦးများ ကြိုတင် တည်ဆောက်ထားခြင်း။

                (ဇ)    ထောက်ပံ့ ကူညီကယ်ဆယ် ရေးအတွက် လိုအပ်သော အသင်းအဖွဲ့များ ဖွဲ့စည်း ထားရှိခြင်း။

                (ဈ)    အရန် အင်အားစုများအား ကြိုတင်စီမံ စုဆောင်းထားရှိခြင်း။



No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။