Thursday, September 5, 2013

ဒုတပ်ချုပ်နှင့် ကာချုပ် (ကြည်း) ဘယ်လိုကြောင့် ထိပ်ပိုင်း တက်လာခဲ့သလဲ

(စည်းလုံးခြင်းရဲ့အင်အား)

SSA ခေါင်းဆောင်များနဲ့အတူ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း

ဒုတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းဟာ မထင်မရှားနဲ့ ထိပ်ပိုင်းကို ဘယ်လိုပုံစံမျိုး ရောက်လာသလဲဆိုတာကို စစ်ဖက်နီးစပ်သူများက သိချင်ကြပါတယ်။ တကယ်တော့ ဒီလို အရေးပါ အရာရောက်တဲ့ နေရာမျိုးကို မပခ တိုင်းမှူးကနေ သူတက်လာရတာဟာ စစ်တပ်ထုံးစံ မဟုတ်တာမို့ အံ့သြနေကြတာ ဖြစ်ပါတယ်။ 

 
တပ်မတော်သမိုင်းကို ပြန်ကြည့်ရင် ရတခ၊ ရပခ၊ ရကတ၊ နတခ စတဲ့ နံမည်ကြီး တိုင်းစစ်ဌာနချုပ်တွေက တိုင်းမှူးများကသာ စစ်တပ်ရဲ့ ထိပ်သီးတွေ ဖြစ်ကုန်ကြပြီး စစ်အာဏာရှင်တွေကလည်း ထိပ်ပိုင်းကို လျာထားတဲ့သူ မှန်သမျှကို အဲဒီတိုင်းတွေမှာသာ ထားရှိခဲ့ကြတာပါ။ အဲဒီတိုင်းတွေဟာ ဘာလို့ နံမည်ကြီးသလဲဆိုရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အများစုရှိတဲ့ နယ်မြေများ ပါသလို တချို့တိုင်းတွေကျတော့ နိုင်ငံရဲ့ စပါးကျီနေရာနှင့် အုပ်ချုပ်ရေးရုံးများ အဓိက စုစည်းရာနေရာ ဖြစ်တာမို့ ထင်ရှားကြတာ ဖြစ်ပါတယ်။

ဒုတပ်ချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းဟာ D.S.A - 22 ကျောင်းဆင်းဖြစ်ပြီး စာအုပ်ကြီးသမား ဖြစ်တယ်လို့ သူ့အပတ်စဉ်က ပြောပါတယ်။ သူဟာ မပခ တိုင်းမှူး (ကချင်ပြည်နယ်) မှာ တာဝန် ထမ်းဆောင်ခဲ့စဉ်က ယခင် တိုင်းမှူးတွေလို မဟုတ်ဘဲ နယ်မြေဒေသ ဖွံ့ဖြိုးရေးဆင်းပြီဆိုရင် တိုင်းအနေနဲ့ ပံ့ပိုးကူညီဖို့ လက်ပေါက်ကပ်ကာ နှမျောတွန့်တိုတဲ့အကြောင်း စည်းလုံးခြင်းရဲ့အင်အားမှာ ဖေါ်ပြခဲ့ဖူးပါတယ်။ KIA အား BGF ဖွဲ့ဖို့ ကိစ္စတွေမှာလည်း အဆင်ပြေမလို ဖြစ်ပြီးမှ ပျက်သွားလို့ ပြဿနာ တက်ခဲ့ရကြောင်း တိုင်းစစ်ဌာနချုပ်နဲ့ နီးစပ်သူများထံမှ သိရပါတယ်။ တကယ်လို့ KIA ကို BGF ကိစ္စ ဆွေးနွေးရာမှာ အောင်မြင်ခဲ့ရင်တော့ တိုင်းမှူးတစ်ဦးအနေနဲ့ အကျိုးရလာဒ်ကောင်းတဲ့ အတွက် အမှတ်ရကာ ဒုတပ်ချုပ် ဖြစ်လာတာဆိုရင် သဘာဝကျပြီး လက်ခံစရာ ရှိပါတယ်။ ဒါဆိုရင် ဘာဖြစ်လို့ ထိပ်ပိုင်းကို တက်လာရသလဲဆိုတာ စဉ်းစားစရာ ဖြစ်နေပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနား ဗန်းမော်လမ်း နမ့်စန်ယန်ရွာနားမှာရှိတဲ့ ရွှေလုပ်ကွက်မှာ သွားရောက် လုပ်ကိုင်ခဲ့တဲ့ ကုန်သည်တစ်ဦးက အမှတ်မထင် စကားစပ်ရင်းနဲ့ ဒုတပ်ချုပ်အကြောင်း အခုလို ပြောလာပါတယ်။ အဲဒီကုန်သည်က ရွှေကိစ္စ အရောင်းအဝယ်လုပ်ရင်း ဒုတပ်ချုပ်ရဲ့ ယောက်ဖနဲ့ ရင်းနှီးလို့ သိလာရတယ်လို့ ဆိုပါတယ်။

လေးနိုင်ငံ (မြန်မာ/အိန္ဒိယ/စင်ကာပူ/ထိုင်း) တပ်မတော်များ ချစ်ကြည်ရေး အားကစားပြိုင်ပွဲ ကျင်းပပြီးမြောက်တဲ့ အထိမ်းအမှတ် ညစာစားပွဲမှ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ ဇနီးမောင်နှံ တွေ့ရပုံ (ညာဘက် အဝါရောင် လူရွှင်တော် ဘယ်ဘက်ရှိ အင်္ကျီအနက်ရောင်မှာ ဒုတပ်ချုပ်ရဲ့ဇနီး ဖြစ်)

အခု ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းရဲ့ ဇနီးဟာ အရင်အိမ်ထောင် ရှိခဲ့ဖူးပြီး တရုတ်လူမျိုးတစ်ဦးနဲ့ အိမ်ထောင်ကျခဲ့ကာ သားတစ်ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။ သူမဟာ ဒုတပ်ချုပ်ရဲ့ အရင်ရည်းစားနဲ့ သူငယ်ချင်းဖြစ်ပြီး သူငယ်ချင်းရဲ့ရည်းစားကို ကျော်ခွ ယူလိုက်တာလို့ ပြောပါတယ်။ ဒုတပ်ချုပ်က သူ့ယောက်ဖကို ရွှေလုပ်ကွက် ကြံဖန် ရှာပေးလိုက်ရာ အဆင်ပြေသွားတာလို့ ပြောပါတယ်။ ဒါတောင် အရင်တိုင်းမှူး ဗိုလ်ချုပ်အုံးမြင့်ဟာ မြစ်ကြီးနား ဇာတိဖြစ်လို့ ကျွမ်းကျွမ်းကျင်ကျင်နဲ့ ရသလောက် အသားကုန် ရိတ်သွားလို့ ရွှေလုပ်ကွက် သိပ်မကျန်တော့ဘူးလို့ သိရပါတယ်။ ဟိုတလောက သတ္တုတွင်း ဝန်ကြီးဌာနနဲ့ ကုန်သည်တွေ ရွှေကိစ္စ ပြဿနာ တက်သွားလို့ ဒုတပ်ချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းတောင် ထိုင်ခုံလှုပ်သွားပါသေးတယ်။ ဒါကတော့ စာရင်းစစ်ချုပ်ရုံးက လွှတ်တော်မှာ အကြွေးကျန် ကိစ္စ သတ္တုတွင်းဝန်ကြီးဌာနကို ထုလို့ ကုန်သည်တွေကို လှည့်ကိုင်တာ ဖြစ်ပါတယ်။ ဒုတပ်ချုပ်ရဲ့ လက်ရှိဇနီးဟာ သူ့သူငယ်ချင်း ရည်းစားဖြစ်တဲ့ ဒုတပ်ချုပ်ကို ကျော်ခွပြီး ရအောင် ယူနိုင်သေးတာမို့ “ခေ” သူတော့ မဟုတ်ဘူးလို့ ပြောသွားပါတယ်။

ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ရဲမြင့် (ယခု မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်)

အမှန်တကယ်တော့ မပခ တိုင်းမှူးတွေဟာ လူမသိ သူမသိနဲ့ ကွက်ပျောက်ဂွင်တွေကို ထိန်းချုပ်ထားနိုင်တဲ့ တိုင်းမှူးဖြစ်သလို နမခတိုင်းမှူး ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ထွန်းကြည်ကို “ထောကြည်” လို့ ဘယ်လောက် ချမ်းသာသလဲ ဆိုတာကို တင်စားနေရာက အဲဒီအချိန်မှာ မပခတိုင်းမှူးဖြစ်နေတဲ့ ဗိုလ်ချုပ်ကျော်ဘက ပြုံးခဲ့တာမို့ မပခအနေနဲ့ ပိုထောကြောင်း ဤ၀က်ဘ်ဆိုဒ်က ဖေါ်ပြခဲ့ဖူးပါတယ်။ ဖားကန့် ကျောက်စိမ်းခွင်နဲ့ ရွှေလုပ်ကွက်တွေကို ဖင်ခုထိုင်ထားတဲ့ မပခတိုင်းမှူး တစ်ယောက် ပိုချမ်းသာမယ်ဆိုတာ ပြောလို့ရပါတယ်။ အဲဒီ ရွှေလုပ်ကွက်တွေ ရဖို့ဆိုရင် တိုင်းမှူး ထောက်ခံချက်ပါမှ သတ္တုတွင်း ဝန်ကြီးဌာနက လုပ်ပိုင်ခွင့် ချပေးတယ်လို့ ဆိုပါတယ်။ မပခတိုင်းမှူး ဖြစ်ခဲ့တဲ့ ဒုတပ်ချုပ် ကတော်တစ်ယောက် ချမ်းသာမှု ဓနအင်အားသုံးပြီး စရဖ အကြီးအကဲဟောင်း ဦးရဲမြင့် (ယခု မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်) ရဲ့ ဇနီးထံ ဝင်ရောက်လုံးပန်း စည်းရုံးခဲ့ရာမှ စစ်အာဏာရှင် ဦးသန်းရွှေရဲ့ဇနီး ဒေါ်ကြိုင်ကြိုင်ထံ ချောင်းပေါက်သွားကာ ဒီကောင်လေး စိတ်ချရတယ်ဆိုတဲ့ အမှတ်နဲ့ ဒုတပ်ချုပ် ဖြစ်ခဲ့နိုင်တယ်လို့ စစ်ဖက်နီးစပ်သူများက သုံးသပ်ပါတယ်။ ဒါ့အပြင် အင်္ဂါသမီး ဒေါ်အောင်ဆန်းစုကြည် ထိပ်ပိုင်းကို ရောက်မှာစိုးရိမ်လို့ တခြားအင်္ဂါသားတစ်ယောက်ကို အစားထိုးပြီး ယတြာချေတဲ့ အနေနဲ့ ပေးလိုက်တာလို့လည်း အတွင်းရေး သိသူတွေက သုံးသပ်ကြပါတယ်။ ဒုတပ်ချုပ်တစ်ယောက် အနေနဲ့ တပ်ချုပ်ဖြစ်ဖို့ အလားအလာလည်း ရှိတာမို့ ကြိုတင်လိုင်းထိုးထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ တပ်မတော်မှာ အဖားတော်၊ အမျိုးတော်၊ ကိုယ်တိုင်တော်၊ ဇာတာတော် ရှိတဲ့အနက် အဖားတော်သွားတဲ့အပြင် စိုးဝင်းဆိုတဲ့ အင်္ဂါသားဟာ သောကြာသား ဦးသန်းရွှေရဲ့ နေ့နာမ် မိတ်ဖက်ဖြစ်တာလည်း ပါတာမို့ ဇာတာတော်တာ ဖြစ်နိုင်တယ်လို့ သုံးသပ် တင်ပြ သွားပါတယ်။  

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။