Monday, September 2, 2013

တတိယလှိုင်း

(စည်းလုံးခြင်းရဲ့အင်အား)

၁၉၈၈ အရေးအခင်းအတွင်း ပြည်သူဘက်မှ ရပ်တည်ခဲ့ကြတဲ့ မြန်မာ့ တပ်မတော်သားများ

ဆောင်းပါးရှင် – ဆရာ ဂါမဏိ
စာဖတ် ပရိသတ်များ ခင်ဗျား-
ပင်တိုင် ဆောင်းပါးရှင် ဆရာ ဂါမဏိက ကျွန်တော်တို့ “စည်းလုံးခြင်းရဲ့အင်အား” Website ရဲ့ ရည်ရွယ်ချက်ကို ထင်ဟတ်စေမဲ့ “တတိယလှိုင်း” ဆောင်းပါးကို ရေးသား ပေးပို့လာပါတယ်။ 
ဒီဆောင်းပါးမှာ ကမ္ဘာပေါ်က အာဏာရှင် နိုင်ငံတွေဟာ ဒီမိုကရေစီ နိုင်ငံသို့ ကူးပြောင်းကြရာမှာ ပထမ လှိုင်းနဲ့ ဒုတိယလှိုင်းတွေကို တတိယလှိုင်းက ၀င်ရောက် ပေါင်းစီးကြမှသာ အလျင်အမြန် ကူးပြောင်းနိုင်တဲ့ ဖြစ်စဉ်တွေနဲ့တကွ မဟာဗျူဟာမြောက် စဉ်းစား တွေးခေါ် နိုင်ပုံတွေ၊ လူထုတိုက်ပွဲအတွင်းမှာ စစ်အာဏာရှင် စနစ်ကို လက်နက်နဲ့ ပြန်တိုက်တဲ့ တပ်မတော်သားတွေကို သိသာ ထင်ရှားတဲ့ အရေအတွက်မှာ မြင်နေရပြီဆိုရင် နောက်ထပ် တပ်မတော်သားတွေ အပေါ် Snowballing effect ဂယက်ရိုက်ပြီး လူထုဘက် ကူးပြောင်းရေး အတွေးအခေါ် ကူးစက် ပျံနှံ့သွားနိုင်ပုံတွေ၊ လူထုဘက်ပြောင်းလာတဲ့ တပ်မတော်သားတွေကို လူထုခေါင်းဆောင် တချို့က အသုံးမချ တတ်ခဲ့တာကြောင့် တတိယလှိုင်း အညွှန့်ချိုး ခံရပုံတွေ၊ ဒီ တတိယလှိုင်း မထသရွေ့ မြန်မာနိုင်ငံ ဘယ်တော့မှ ဒီမိုကရေစီ အပြောင်းအလဲ ဖြစ်မှာ မဟုတ်ပုံတွေ၊ တပ်မတော်ကို စီမံကိန်း ရှိရှိ နားလည်မှု ရှိရှိ ထိုးဖောက် သိမ်းသွင်းဖို့ အကြီးအကျယ် လိုအပ်ပုံတွေကို သုံးသပ် တင်ပြထားပါတယ်။ 


ယခုလို ဆောင်းပါး ပေးပို့လာတဲ့ ဆရာ ဂါမဏိအား ကျွန်တော် ကိုဖိုးတရုတ်မှ ၀မ်းမြောက်စွာ မှတ်တမ်းတင် ဂုဏ်ပြုရင်း စာဖတ်သူများအား တင်ပြပေးလိုက်ရပါတယ်။

ရှစ်လေးလုံး လူထုအရေးတော်ပုံတုံးက အာဏာသိမ်းပြီး နောက်တစ်ရက် စက်တင်ဘာ (၁၉) ရက်မှာ ကမာရွတ် စံရိပ်ငြိမ်မှာ စစ်ပြန်စစ်မှုထမ်းဟောင်း (၁၆) ယောက်က သေနတ် (၁၆) လက်နဲ့ အာဏာသိမ်း နဝတစစ်တပ်ကို ခြုံခိုတိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ပွဲမှာ လူထုဘက်တော်သား စစ်သည်ဟောင်း တစ်ယောက်ဘဲ နိုင်ငံနဲ့ပြည်သူအတွက် အသက်ပေး လှူသွားခဲ့ပြီး နဝတစစ်သား ၄-၅-၁၀ ယောက်ထက်မနည်း ကျသွားပါတယ်။ ဒီသေနတ်တွေဟာ ကုန်သွယ်ရေးရုံး အရေးအခင်းမှာ သိမ်းရထားတဲ့ လက်နက်တွေ ဖြစ်ပုံရပါတယ်။ တကယ်လို့သာ ဒီထက်မက လက်နက်တွေ ရန်ကုန်မြို့အနှံ့ ဖြန့်ကျက်ပြီး လူထု ဘက်တော်သား စစ်သည်တွေ၊ စစ်မှုထမ်းဟောင်းတွေ လက်ထဲမှာရှိနေရင်၊ တနည်းအားဖြင့် ကျောင်းသား လူငယ်ပထမလှိုင်းနဲ့ ရဟန်းသံဃာ ဒုတိယလှိုင်း မာန်ဟုန်သာမက တတိယလှိုင်းမာန်ဟုန်ကိုပါ အရှိန်ပြည့် စီးနင်းလိုက်ပါဖို့ ပိုင်းဖြတ်ချက်နဲ့ ပြင်ဆင်မှု ရှိခဲ့ရင် သမိုင်းဟာ ၁၉၈၈ ခုကတည်းက သစ်သွားမှာဖြစ်ပါတယ်။

ဒါပေမဲ့ ရှစ်လေးလုံး အရေးတော်ပုံအတွင်းမှာ လူထုတိုက်ပွဲ ခေါင်းဆောင်တွေဟာ တပ်မတော်သားတွေ လက်နက်နဲ့တကွ လူထုဘက် ပူးပေါင်းလာဖို့ ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပါတယ်။ 
ဒီလိုနဲ့ဘဲ မြန်မာ့ဒီမိုကရေစီ တော်လှန်ရေးရဲ့ တတိယလှိုင်းဟာ အရှိန်ယူစမှာတင် အညွန့်ချိုးခံလိုက်ရပါတယ်။ လှိုင်းဆိုတာမျိုးက လေပင့်ရင် ကြီးသထက် ကြီးလာတတ်တဲ့အပြင်၊ အထူးသဖြင့် စစ်တပ်ပုန်ကန်မှုဆိုတာ ရေခံမြေခံ မှန်သွားတဲ့အခါမှာ snowballing effect လို့ခေါ်တဲ့ တစက်မှတမျက်နှာ ပျံ့နှံ့သွားတတ်ပါတယ်။ ဒါကြောင့် လူထု တိုက်ပွဲအတွင်းမှာ စစ်အာဏာရှင်စနစ်ကို လက်နက်နဲ့ ပြန်တိုက်တဲ့ တပ်မတော်သားတွေကို သိသာထင်ရှားတဲ့ အရေ အတွက် မြင်နေရပြီဆိုရင် နောက်ထပ် တပ်မတော်သားတွေအပေါ် ဂယက်ရိုက်ပြီး လူထုဘက် ကူးပြောင်းရေး အတွေးအခေါ် ကူးစက်ပျံ့နှံ့သွားတာ ဖြစ်ပါတယ်။ အောင်မြင်တဲ့ လူထုတိုက်ပွဲတွေမှာ လှိုင်းသုံးလှိုင်း ယှဉ်တွဲရိုက်ခတ်တာ အမြဲတွေ့ရပါတယ်။ ပထမလှိုင်းဟာ အခြေခံ ရုပ်အင်အားလှိုင်းဖြစ်ပြီး ကျောင်းသား လူငယ်တွေ၊ အလုပ်သမား၊ လယ်သမားတွေ၊ သာမန်မြို့ပြ ပြည်သူပြည်သားတွေနဲ့ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးအင်အားစုတွေ ပါဝင် ဖွဲ့စည်းထားပါတယ်။

ဒုတိယလှိုင်းကတော့ ပါဝါအပျော့ဖြစ်တဲ့ ရှေ့ဆောင် နာမ်ပိုင်းအင်အားလှိုင်း (သို့မဟုတ်) တွေးခေါ် မြော်မြင်မှု အင်အားလှိုင်း ဖြစ်ပြီး ရဟန်းသံဃာစတဲ့ သာသနာပိုင်း၊ အဲန်ဂျီအို အပါအဝင် ပညာတတ်ပိုင်း၊ သို့မဟုတ် လွတ်လပ်တဲ့ တရားရေးပိုင်းတို့ ပါဝင်ပြီး တချို့အခြေအနေတွေမှာ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးအင်အားစုတွေလည်း ပါဝင်တတ်ပါတယ်။ တတိယလှိုင်းကတော့ ပါဝါအမာလှိုင်းဖြစ်ပြီး စစ်တပ်၊ ရဲ၊ လုံထိန်း၊ သူပုန်နဲ့ စီးပွားရေး အင်အားစုတွေ ပါဝင်ပါတယ်။

ဒီထဲမှာ အဓိကကတော့ နိုင်ငံရဲ့ ပင်မ လက်နက်ကိုင်အင်အားစုဘဲဖြစ်ပါတယ်။ ဒီပါဝါအမာ တတိယလှိုင်းမှာ အကြမ်းဖက်ရေး မဖက်ရေးက အဓိကမကျဘဲ လက်နက်ကိုင်ပြထားဖို့ကဘဲ အဓိကဖြစ်ပါတယ်။ အခြေအနေအရ တချို့နိုင်ငံတွေမှာ အကြီးအကျယ် လက်နက်ကိုင် တိုက်ခိုက်ရတာ ရှိသလို တချို့ကတော့ သေနတ်တချက်မဖောက်ရဘဲ ရတာရှိပြီး တချို့မှာတော့ နည်းနည်းပါးပါး အကြမ်းဖက်ရတာရှိတတ်ပါတယ်။ အဓိက ကတော့ လူထုရဲ့နောက်ခံအဖြစ် လက်နက်ကိုင် အင်အားစု ရှိနေရေးသာ ဖြစ်ပါတယ်။ ဂေါတမဗုဒ္ဓရဲ့ အောင်ခြင်းရှစ်ပါးမှာ ပထမအောင်ခြင်းဖြစ်တဲ့ လက်နက်မျိုးစုံကိုင်ထားတဲ့ လက်ရုံးတထောင်နဲ့ မာရ်နတ်နဲ့ နတ်စစ်သည်တွေအပေါ် အောင်ခြင်းဟာ မေတ္တာဓာတ်နဲ့ ဟောပြောဆုံးမ စည်းရုံးနားချပြီး အောင်မြင်တာ မဟုတ်ဘဲ ပထဝီမြေကို သက်သေပြုတဲ့အတွက် ဝသုန္တရီ နတ်သမီးက စစ်ကူလာပြီး ဆံရေကိုညှစ်ချလို့ မာရ်နတ်နဲ့ သူ့တပ်ကြီး ရေထဲမျောပါ ပျက်စီးသွားခဲ့တာ ဖြစ်ပါတယ်။ ပဉ္စမအောင်ခြင်းဖြစ်တဲ့ စိဉ္ဇမာနကို ဆုံးမခန်းမှာတော့ ကိုယ်ဝန်အတုပြုတ်ကျအောင် နတ်တွေက ကြွက်ယောင်ဆောင်ပြီး ဗိုက်အတုချီထားတဲ့ ကြိုးတွေကိုကိုက်ဖြတ်ပစ်လို့ အယောင်ဆောင်တာပေါ်ပြီး အနိုင်ရတာဖြစ်ပါတယ်။

သတ္တမအောင်ခြင်းမှာဆိုရင် နန္ဒောပနန္ဒနဂါးမင်းကို နှိမ်နင်းဖို့ ရှင်မောဂ္ဂလန်ကို တာဝန် ပေးလိုက်တဲ့အခါ သူ့ထက်ကြီးတဲ့နဂါးပုံ ဖန်ဆင်းပြီး ဖိညှစ်ပစ်တာ၊ ပိုကြီးတဲ့မီးလျှံလွှတ် ‘ကျွေး’တာ၊ ဂဠုန်ယောင်ဆောင်ပြီး လိုက်’ဗျင်း’တာ၊ နတ်ဘီလူးကြီး ယောင်ဆောင်ပြီး ခြိမ်းခြောက်တာစတဲ့ လက်ရုံးရည်အင်အားကို အထူးတလည်သုံးခဲ့ရပါတယ်။ ကျန်တဲ့ အောင်ခြင်း ငါးပါးမှာဘဲ မေတ္တာဓာတ် သို့မဟုတ် ဉာဏ်ပညာဆိုတဲ့ နှလုံးရည်နဲ့ သာယာညှင်းပျောင်းစွာ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ 

ဘုရားနဲ့စစ်ပြိုင်လို့ရှုံးသွားတဲ့ မာရ်နတ်ဟာ နောက်နှစ်ပေါင်း ၂၀၀ အသောကမင်းလက်ထက်မှာ ရဟန္တာရှင်ဥပဂုတ်ကို ထပ်မံစိန်ခေါ် တိုက်ခိုက်ပြန်တဲ့ အခါ မာရ်နတ်က နွားရိုင်းကြီးပုံ ဖန်ဆင်း တိုက်ခိုက်ရင် ရှင်ဥပဂုတ်က ကျားပုံ ဖန်ဆင်း တုံ့ပြန်၊ မာရ်နတ်က နဂါးပုံ ဖန်ဆင်းတိုက်ခိုက်ရင် ရှင်ဥပဂုတ်က ဂဠုန်ပုံဖန်ဆင်း ပြန်ချ၊ မာရ်နတ်က ဘီလူးကြီးပုံ ဖန်ဆင်းတဲ့အခါ ရှင်ဥပဂုတ်က နှစ်ဆပိုကြီးတဲ့ဘီလူးကြီးပုံ ဖန်ဆင်းပြီး ဘီလူး အယောင်ဆောင် မာရ်နတ်ကိုလိုက်ရိုက်၊ မာရ်နတ်က လူကြီးလူကောင်းပုံ ဖန်ဆင်းတဲ့အခါမှာတော့ လောက်တွေဖွေးနေတဲ့ ခွေးသေကောင်ပုပ်ကို လူယောင် ဆောင် မာရ်နတ်လည်ပင်းမှာ ဘယ်သူမှ ချွတ်မရအောင်ဆွဲ၊ နောက်ဆုံး မာရ်နတ်ကို တောင်ခါးပန်းမှာ ကြိုးတုပ် စသဖြင့် အကြမ်းဖက်တိုက်ပွဲဝင် နှိမ်နင်းခဲ့ရပါတယ်။

အာရှတိုက်ရဲ့ ဒီမိုကရေစီရေးလူထုတိုက်ပွဲကြီးတွေကို ဖိလိပိုင် (၁၉၈၆)၊ မြန်မာ (၁၉၈၈ နဲ့ ၂၀၀၇)၊ တိဘက် (၁၉၈၉ နဲ့ ၂၀၀၈)၊ တရုတ် (၁၉၈၉)၊ နီပေါ (၁၉၉၀ နဲ့ ၂၀၀၆)၊ ထိုင်း (၁၉၇၃ နဲ့ ၁၉၉၂)၊ တောင်ကိုးရီးယား (၁၉၈၀ နဲ့ ၁၉၈၇)၊ အင်ဒိုနီးရှား (၁၉၉၈) တို့မှာ ကြုံခဲ့ကြရပါတယ်။ ဒီထဲမှာ အောင်ပွဲရခဲ့တာတွေက ဖိလိပိုင်၊ နီပေါ (၂၀၀၆)၊ ထိုင်း၊ တောင်ကိုးရီးယား (၁၉၈၇) နဲ့ အင်ဒိုနီးရှားတို့ဖြစ်ပါတယ်။ အာရှအပြင်ဘက်မှာလည်း အရှေ့ဂျာမဏီ (၁၉၈၉)၊ ရူမေးနီးယား (၁၉၈၉)၊ ရုရှား (၁၉၉၁)၊ တောင်အာဖရိက (၁၉၉၄)၊ ဆားဘီးယား (၂၀၀၀)၊ ဂျော်ဂျီယာ (၂၀၀၃)၊ ယူကရိန်း (၂၀၀၄) တို့မှာ ဒီမိုကရေစီ တော်လှန်ရေးတွေ အောင်ပွဲခံခဲ့ကြပါတယ်။ အောင်ပွဲအားလုံး (အားလုံး) ဟာ တိုက်ရိုက်လက်နက်ကိုင်တိုက်ပွဲ သို့မဟုတ် သွယ်ဝိုက် တပ်မတော် အရှိန်သြဇာ၊ တနည်းအားဖြင့် တတိယလှိုင်းကို စီးနိုင်လို့ အောင်ပွဲရတာတွေချည်းဘဲ ဖြစ်ပါတယ်။

တတိယလှိုင်းနဲ့ကင်းကွာတဲ့ မြန်မာ၊ တိဘက်၊ တရုတ်နိုင်ငံ လူထုတိုက်ပွဲတွေကတော့ အရှုံးကိုဘဲ ပွေ့ပိုက်ခဲ့ရပါတယ်။ သမိုင်းကိုပြန်ကြည့်ရင် အိန္ဒိယနိုင်ငံမှာ အကြမ်းမဖက်ရေး အဟိံသဝါဒရဲ့ ဖခင်ကြီးဖြစ်တဲ့ မဟတ္တမဂန္ဓီကြောင့် အိန္ဒိယပြည်သူတွေ၊ ပညာတတ်တွေနဲ့ ဟိန္ဒူ-မွတ်ဆလင် ဘာသာရေးသမားတွေရဲ့ ပထမလှိုင်းနဲ့ ဒုတိယ လှိုင်းလုံးကြီးတွေ အရှိန်အဟုန်ကြီးကြီးနဲ့ ထကြွလှုပ်ရှားလာခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာ ဗြိတိသျှနယ်ချဲ့သမားက အိန္ဒိယနိုင်ငံကို မဖြစ်မနေ လွတ်လပ်ရေး ပေးရတာကတော့ ဆူဘတ်ချန္ဒရာဘို့စ်ရဲ့ လက်နက်ကိုင် လှုပ်ရှားမှုကြောင့် ဗြိတိသျှကိုလိုနီစစ်တပ်ထဲက အိန္ဒိယစစ်သားတွေကို စိတ်မချရတော့တဲ့ အခြေဆိုက်လာတာကို ဒုတိယကမ္ဘာစစ်ပြီးခါနီးမှာ သဘောပေါက်ခဲ့လို့ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်တုံးက ဂျာမဏီလက်ထဲ စစ်သုံ့ပန်းအဖြစ် အဖမ်းခံခဲ့ရတဲ့ ဗြိတိသျှ စစ်တပ်တွင်းက အိန္ဒိယ အမျိုးသားတွေဟာ ဟစ်တလာနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ အိန္ဒိယလွတ်မြောက်ရေးတပ်ဖွဲ့ထဲ ထောင်နဲ့ချီ ဝင်ရောက်ခဲ့ကြတာကို ဗြိတိသျှတွေ တွေ့ရှိသွားခဲ့လို့ အကြီးအကျယ်အံ့သြခြောက်ခြားသွားခဲ့ပါတယ်။ ဒီဂယက်ဟာ မြန်မာပြည် လွတ်လပ်ရေး အတွက်ပါ အကျိုးပြုသွားခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီး ဖီဒယ် ရားမို့စ် (ယာ) အား ဖိလစ်ပိုင် ဗိုလ်ချုပ်တစ်ယောက်နဲ့အတူ တွေ့ရစဉ်

၁၉၈၆ ခု ဖိလိပိုင် လူထုတိုက်ပွဲမှာ ပထမလှိုင်းအဖြစ် ကိုရာဇန်အကွီနိုက အာဏာရှင်မားကို့စ်ကို အတိအလင်းအံတုပြီး သောင်းချီတဲ့လူထုကြီးက ဝိုင်းရံလို့ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲ တဖက်သတ် လုပ်ခဲ့ပါတယ်။ ဒုတိယလှိုင်းကတော့ ဖိလိပိုင်နိုင်ငံ ဘုရင်ဂျီသာသာနာပိုင် ဂိုဏ်းချုပ် ဘုန်းတော်ကြီး ကာဒီနယ်ဆင်းက ကက်သလစ် အသံလွှင့်ရုံ ကနေပြီး ဘာသာတူတွေနဲ့ သာသနာ့ဝန်ထမ်း ဘုရင်ဂျီရဟန်း သီလရှင်အားလုံးကို အံတု ပုန်ကန်သူတွေထံသွား အားပေးဝန်းရံဖို့ ဆော်သြလှုံ့ဆော်ခဲ့ပါတယ်။ ၁၉၈၆ ခု ဖေဖော်ဝါရီ ၂၄ ရက်မှာ ပုန်ကန်တဲ့တပ်မတော်သားတွေက ချယ်နယ်-၄ ရုပ်သံလွှင့်ရုံကို တိုက်ခိုက် သိမ်းပိုက်ပြီး ဖိလိပိုင် အာဏာရှင် မားကို့စ်ရဲ့ကြေညာချက်တွေ မထုတ်လွှင့်နိုင်အောင် အောင်မြင်စွာပိတ်ဆို့နိုင်ခဲ့ ပါတယ်။

ပုန်ကန်တဲ့ တပ်မတော်သားတွေနဲ့ ပြည်သူလူထုကို တိုက်ခိုက် ချေမှုန်းဖို့ အာဏာရှင်မားကို့စ် လွှတ်လိုက်တဲ့ လေတပ်ရဟတ်ယာဉ်တွေဟာ ပုန်ကန်သူတွေနဲ့ ပူးပေါင်းသွားခဲ့ပါတယ်။ 
ဒါ့အပြင် ပြည်သူ့ဘက်တော်သား စစ်ရဟတ်ယာဉ်တွေက ဗီလာမော် လေတပ်စခန်းကို ပစ်ခတ်တိုက်ခိုက်ပြီး မားကို့စ်ဘက်သား စစ်ရဟတ်ယာဉ်တွေနဲ့ စစ်ကားတွေကို ဖျက်ဆီးပစ်ခဲ့သလို မားကို့စ်နေတဲ့ မာလာကာနန်နန်းတော်ကိုလည်း ပြည်သူ့ဘက်တော်သား စစ်ရဟတ်ယာဉ် တစီးက ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့ပါသေးတယ်။ ဒီညနေမှာဘဲ ဖိလိပိုင် စစ်တက္ကသိုလ်ဆင်း စစ်ဗိုလ် အများစုဟာ ကာကွယ်ရေးဝန်ကြီး အွန်ရင်လီ၊ ဒုဦးစီးချုပ် ဗိုလ်ချုပ် ရားမို့စ်တို့ရှိရာ ပြည်သူလူထုဘက် ကူးပြောင်း ခဲ့ကြပါတယ်။

နောက်တရက်မှာ မားကို့စ်သစ္စာခံတပ်တွေ နေရာယူပစ်ခတ်နေတဲ့ ချယ်နယ်-၉ ရုပ်သံလွှင့်ရုံကို သူပုန်တပ်မတော်သားတွေက တိုက်ခိုက်ပြီး သိမ်းပိုက်လိုက်တယ်။ မကြာခင်မှာဘဲ နောက်ထပ် ရုပ်သံလွှင့်ရုံတွေကိုပါ ပြည်သူ့ ဘက်တော်သား စစ်တပ်တွေနဲ့ ပြည်သူတွေက သိမ်းပိုက်နိုင်ခဲ့ပါတယ်။ 

၁၉၉၈ခု အင်ဒိုနီးရှားနိုင်ငံ လူထုတိုက်ပွဲမှာ အာဏာရှင် ဆူဟာတို သစ္စာခံ တပ်မတော်က လူမျိုးရေး အဓိကရုဏ်းတွေ ဖြစ်အောင် အသေအချာ စီစဉ် လှုံ့ဆော်ပေးခဲ့ပေမဲ့ သမ္မတဆူဟာတို ပြည်ပရောက်နေချိန် လက်အောက်ခံ ဗိုလ်ချုပ်အချင်းချင်း အဝေမတည့် စားခွက်လုရာက ဒီမိုကရေစီ တိုက်ပွဲဝင် လူထုပထမလှိုင်းနဲ့ ဗိုလ်ချုပ်ဝီရန်တို တတိယလှိုင်း မရှောင်မလွဲသာ ပေါင်းစည်း မိသွားတာ ဖြစ်ပါတယ်။

ဆူဟာတို့ သားမက် ဗိုလ်ချုပ် စီစဉ်ဖန်တီးတဲ့ လူထု နှိမ်နင်းဖြိုခွဲရေးအကြမ်းဖက်မှုတွေဟာ တခြားဗိုလ်ချုပ်တွေရဲ့ အကျိုးစီးပွားတွေကို သွားထိခိုက် သွားစေတဲ့အတွက် တခြားဗိုလ်ချုပ်တွေဟာ လူထုနဲ့ပေါင်းသွားပြီး အင်ဒိုနီးရှားမှာ ဒီမိုကရေစီအောင်ပွဲခံသွားတာဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ လည်း ၁၉၇၃ ခုနဲ့ ၁၉၉၂ ခုတို့မှာ အဲသလိုအခြေအနေမျိုးနဲ့ကြုံပြီး ဒီမိုကရေစီထွန်းပေါ်ခဲ့တာဖြစ်ပါတယ်။ ၂၀၀၅ ခု မေလမှာ နီပေါဘုရင်က စစ်အုပ်ချုပ်ရေးကြေညာ၊ အာဏာကုန်ယူလိုက်တဲ့အခါ အတိုက်အခံနိုင်ငံရေးပါတီ ၇ ပါတီက မဟာမိတ်အဖွဲ့ဖွဲ့ပြီး ဆန့်ကျင် တိုက်ပွဲဝင်ခဲ့ပါတယ်။ ဒီ ၇ ပါတီဟာ ပါလီမန် လွှတ်တော်ထဲမှာ အမတ်နေရာ ၉၀ ရာခိုင်နှုန်းရထားတဲ့ ပါတီတွေဖြစ်ပါတယ်။ ၇ ပါတီမဟာမိတ်အဖွဲ့က မော်ဝါဒီလက်နက်ကိုင်တော်လှန်ရေးအဖွဲ့နဲ့ ဒီဇင်ဘာလမှာ ၁၂ ချက် နားလည်မှုစာချုပ် ချုပ်နိုင်ခဲ့ပါတယ်။

ဒီလိုနဲ့ လူထုတိုက်ပွဲနဲ့ လက်နက်ကိုင်တိုက်ပွဲ ဟန်ချက်ညီ ပေါင်းစပ်နိုင်ခဲ့ပါတယ်။ ၂၀၀၆ ဧပြီ အထွေထွေသပိတ်ကြီးဖြစ်တဲ့အခါ မော်ဝါဒီသူပုန်တပ်တွေက ၇ ပါတီ မဟာမိတ်အဖွဲ့နဲ့ ညှိနှိုင်း နားလည်မှုအရ အပစ်အခတ်ရပ်စဲပေးထားပြီး မြို့တော်ပတ်လည်မှာ အစိုးရတပ်တွေ မြို့တော်ကိုချီတက်ပြီး လူထုကို မနှိမ်နင်းနိုင်အောင် လမ်းတွေ ပိတ်ဆို့ ခြိမ်းချောက်ထားတာဘဲ လုပ်ခဲ့ပါတယ်။ မော်ဝါဒီ တော်လှန်ရေးတပ်တွေရဲ့ စစ်ရေးထိုးစစ်တွေကြောင့် အထိနာ စစ်ပန်းနေရုံမက မော်ဝါဒီတွေနဲ့အတူ အတိုက်အခံ ပါတီအားလုံးနဲ့ ပြည်သူလူထုတရပ်လုံးကပါ ဘုရင်ကို တခဲနက် တညီတညွတ်တည်း ဆန့်ကျင်နေတာ မျက်ဝါးထင်ထင် တွေ့နေရတဲ့အတွက် နီပေါဘုရင့်တပ်မတော်ဟာလည်း ဘုရင်ကို တက်တက်ကြွကြွထောက်ခံဖို့ စိတ်မပါတော့ပါဘူး။ နီပေါတော်လှန်ရေးမှာ ထူးခြားတာက နီပေါနိုင်ငံရဲ့ နယ်နိမိတ်ချင်းစပ် အိမ်နီးချင်းတွေ ဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယ နိုင်ငံတွေဟာ နီပေါဘုရင်ကို ထောက်ခံခဲ့တာဘဲ ဖြစ်ပါတယ်။

နီပေါစစ်တပ်အတွက် လက်နက်ခဲယမ်းကအစ ထောက်ပံ့ ကူညီပေးပြီး နီပေါကွန်မြူနစ်ပါတီ (မော်ဝါဒီ) ကိုဆန့်ကျင်ခဲ့တာဖြစ်ပါတယ်။ ဒီကြားထဲကနေ နီပေါကွန်မြူနစ်ပါတီ (မော်ဝါဒီ)နဲ့ ပြည်သူတွေက ဘုရင်ကိုဖြုတ်ချပစ်နိုင်ခဲ့တာဖြစ်ပါတယ်။ ခရစ်ယာန် သမ္မာကျမ်းစာထဲက ရှင်မဿဲခရစ်ဝင် အခန်းကြီး ၂၁ အခန်းငယ် ၁၂ မှ ၁၄၊ ရှင်မာကုခရစ်ဝင် အခန်းကြီး ၁၁ အခန်းငယ် ၁၅ မှ ၁၇၊ ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၉ အခန်းငယ် ၄၅ မှ ၄၆ တို့မှာ အခုလိုဆိုထားပါတယ်။ 

“ဂျေရုဆလင်မြို့သို့ရောက်ကြသောအခါ ယေရှုသည် ဘုရားသခင်၏ ဗိမာန်တော်သို့ ဝင်တော်မူပြီးလျှင်၊ ဗိမာန်တော်၌ ရောင်းဝယ်သော သူအပေါင်းတို့ကို နှင်ထုတ်၍၊ ငွေလဲသောသူတို့၏ ပွဲစားခုံ တို့ကို၎င်း၊ ချိုးငှက်ရောင်းသောသူတို့၏ ထိုင်နေရာများကို၎င်း၊ တွန်းလှဲတော်မူလျက်၊-ဗိမာန်တော်ထဲ၌ အဆောက်အဦးကို အဘယ်သူမျှ မဆောင်မရွက်ရမည့် အကြောင်း မြစ်တားတော်မူလျက်၊- ငါ့အိမ်ကို လူအမျိုးမျိုး ဆုတောင်းရာအိမ်ဟူ၍ ခေါ်ဝေါ်ကြလတံ့ဟု ကျမ်းစာ၌ လာသော်လည်း၊ သင်တို့သည် ထိုအိမ်ကို ဓားပြတွင်း ဖြစ်စေကြပြီတကားဟု ဆုံးမသြဝါဒပေးတော်မူ၏။-” 

ခရစ်ယာန်ဓမ္မဟောင်းကျမ်းမှာဆိုရင် ထာဝရဘုရားသခင်က မိစ္ဆာဓိဋ္ဌိတွေ၊ အပြစ်သားတွေကို လောင်မီးလက်နက် (သောဒုံနဲ့ ဂိုမိုးရ)၊ ရေလွှမ်းမိုးဘေး (နောဧ) စသည်ဖြင့် အစုလိုက်အပြုံလိုက် အကြမ်းဖက်သုတ်သင်ပစ်တဲ့ သာဓကတွေ ပိုလို့တောင် အများကြီးရှိခဲ့ပါတယ်။
၂၀၀၀ ခု ဆားဘီးယားတော်လှန်ရေးမှာ အော့ပ်တော် လို့ခေါ်တဲ့ ကျောင်းသားလူငယ်လှုပ်ရှားမှု ပထမလှိုင်းကို အတိုက်အခံ ၁၈ ပါတီ ညွန့်ပေါင်းဖြစ်တဲ့ ဆားဘီးယားပြည် ဒီမိုကရက်တစ်အတိုက်အခံ အဖွဲ့ ဒုတိယလှိုင်းက အားဖြည့် ခဲ့ပါတယ်။ မေ ၅ ရက် နေ့လည် ပါလီမန်ဘေးမှာ ဆန္ဒပြလူထုကြီးနဲ့ လုံထိန်းတွေဟာ ဒုတ်တွေ ခဲတွေ မျက်ရည်ယိုဗုံး တွေနဲ့ အပြန်အလှန်တိုက်ခိုက်ကြပါတယ်။ ညနေပိုင်းရောက်တော့ လူထုကြီးက ပါလီမန်ကို အတင်းဝင်စီးနင်းတဲ့အခါ လုံခြုံရေးယူနေတဲ့ လုံထိန်းရဲတချို့ဟာ လက်နက်နဲ့တကွ လူထုကြီးနဲ့ ပူးပေါင်းလိုက်ပါတယ်။ တချို့ရဲတွေလည်း ထွက်ပြေး သွားပါတယ်။ ပါလီမန်လွှတ်တော်ကို မီးရှို့ပစ်လို့ တခြမ်းလောက် လောင်သွားပါတယ်။

အဲဒါပြီးတော့ လူထုကြီးဟာ သမ္မတမီလိုဆီဗစ် တပြည်လုံးသို့ အဓိကဝါဒဖြန့်ချိဆက်သွယ်ရာ အာဏာရှင်စနစ်ရဲ့ အဓိကပြယုဂ် ဖြစ်တဲ့ ဆားဘီးယား ရေဒီယိုနဲ့ ရုပ်သံလွှင့်ရုံကို သွားဝိုင်းခဲ့ပါတယ်။ ဘူဒိုဇာ မောင်းသမား လျူဘိုဆက်ဗ် ဂျိုးကစ်က သူ့ဘူဒိုဇာကိုမောင်းပြီး ဆားဘီးယား ရေဒီယိုနဲ့ ရုပ်သံလွှင့်ရုံကို အကြမ်းဖက် ဝင်တိုက် ဂိတ်တံခါးတွေ နံရံတွေ ဖြိုချခဲ့ရာကနေ အသံလွှင့်ရုံလုံခြုံရေး လုံထိန်းတွေကတဖက် ပြည်သူ့ဘက်တော်သားလုံထိန်းတွေ အပါအဝင် လူထုကြီးကတဖက် အပြန်အလှန်ပစ်ခတ် တိုက်ပွဲ အပြင်းအထန် ဖြစ်ပြီးနောက် သိတ်မကြာခင်မှာဘဲ အသံလွှင့်ရုံ တခုလုံးကို လူထုကြီးက စီးမိသွား ခဲ့ပါတယ်။ အသံလွှင့်ရုံကိုလည်း မီးတင်ရှို့လိုက်လို့ မီလိုဆီဗစ်ရုပ်သံလွှင့် အစီအစဉ်တွေ ရပ်ဆိုင်းသွားပါတယ်။ (မကြာခင်မှာဘဲ ပြည်သူလူထု ဘက်က ရုပ်သံလွှင့်အစီအစဉ်တွေကို စတင် ထုတ်လွှင့်နိုင်ခဲ့တယ်။)

ဂျိုးကစ်ကို အသံလွှင့်ရုံထဲက မီလိုဆီဗစ်ရဲ့ လုံခြုံရေးတပ်တွေက သေနတ်တွေနဲ့ ဝိုင်းပစ်ခဲ့ပေမဲ့ ကံကောင်းထောက်မစွာနဲ့ တချက်မှမထိခဲ့ပါ။ ဆားဘီးယားတော်လှန်ရေးဟာလည်း ဘူဒိုဇာ တော်လှန်ရေးလို့ နာမည်တွင် သွားခဲ့ပါတယ်။ 

ဖက်ဆစ်အာဏာရှင်မီလိုဆီဗစ်လက်အောက်မှာ ဘော့စနီးယား-ဟာဇီဂိုဗီးနား၊ ခရိုအေးရှား နဲ့ ကိုဆိုဗိုမှာ အဓိပ္ပာယ် မရှိတဲ့ လူမျိုးကြီးဝါဒ နယ်ချဲ့စစ်ပွဲတွေ တိုက်ခဲ့ရပြီး လက်နက်ကိုင်ဘော့စနီးယားနဲ့ ခရိုအေးရှား ပြည်သူတွေ၊ လက်နက် ကိုင်ကိုဆိုဗိုပြည်သူတွေနဲ့တကွ နာတိုးတပ်တွေရဲ့ အပြင်းအထန်လက်တုံ့ပြန်တိုက်ခိုက်မှုတွေကို မရှုမလှခံခဲ့ရ၊ အော့နှလုံးနာစရာ ကောင်းလှတဲ့ လူမျိုးတုံးသတ်ပွဲတွေကို ကျူးလွန်ခဲ့ရလို့ စစ်ပန်းပြီး ဂုဏ်သိက္ခာကျနေရတဲ့ ဆားဘီးယားစစ်တပ်ကလည်း ဒီလူထုအုံကြွမှုမှာ မီလိုဆီဗစ် ခိုင်းသမျှကို မလုပ်တော့ဘဲ လက်ရှောင်ခဲ့ပါတယ်။

စစ်တပ်ကို စည်းရုံးနိုင်ခဲ့လို့ စစ်တပ်ထိပ်သီးတချို့က ဆန္ဒပြလူထုကို ပစ်မှာမဟုတ်ကြောင်း ကြေညာခဲ့ပါတယ်။ ဒီလိုနဲ့ လက်နက်ကိုင်တပ်နဲ့ လက်နက်ကိုင် လှုပ်ရှားမှု ဆိုတဲ့ တတိယလှိုင်းက ပွဲသိမ်းပေးသွားတာဖြစ်ပါတယ်။ 
၂၀၀၃ နိုဝင်ဘာလ ဂျော်ဂျီယာနိုင်ငံရဲ့ နှင်းဆီတော်လှန်ရေးမှာ ပထမလှိုင်းခေါင်းဆောင် ဆာကာ့ရှ်ဗီလီ ဦးစီးတဲ့ ပြည်သူလူထုတွေဟာ ပါလီမန် လွှတ်တော်ကို အတင်းဝင်စီးတဲ့အခါ ဂျော်ဂျီယာအာဏာရှင် ရှဗာ့ဒ်နာဇေက အရေးပေါ် အခြေအနေ ကြေညာ၊ စစ်တပ်နဲ့ လုံထိန်းတွေ ဆင့်ခေါ်ပြီး အင်အားသုံးရှင်းလင်းဖို့ အမိန့်ပေးခဲ့ပါတယ်။ ဒါပေမဲ့ အတိုက်အခံတွေနဲ့ ဂျော့ဆိုးရော့စ်ရဲ့အဲန်ဂျီအိုတွေ ဒေါ်လာ ၄၂ သန်းအကုန်ခံ ထိုးဖောက် စည်းရုံးထားတဲ့ ဂျော်ဂျီယာ တပ်မတော်က အမိန့်နာခံဖို့ငြင်းဆန်ခဲ့တဲ့အတွက် တတိယလှိုင်း သြဇာအောက်မှာ သမ္မတရှဗာ့ဒ်နာဇေ အာဏာစွန့်ခဲ့ရ ပါတော့တယ်။ ၂၀၀၄ ခု ယူကရိန်း လိမ္မော်ရောင်တော်လှန်ရေးမှာ အာဏာရှင်ကို အံတုတဲ့ သမ္မတလောင်း ယူရှင်ကိုရဲ့ ရွေးကောက်ပွဲ ယှဉ်ပြိုင်မှုနဲ့ ပြည်သူလူထု အုံကြွမှုပထမလှိုင်းကို တရားရုံးချုပ်ရဲ့ မဲလိမ်မှုစီရင်ချက်ဒုတိယလှိုင်းက အားဖြည့်ခဲ့ပါတယ်။

ဂျော်ဂျီယာ တပ်မတော်ရှိ BTR-80 သံချပ်ကာယာဉ်များ

ဒီလိမ္မော်ရောင်တော်လှန်ရေးမှာ တတိယလှိုင်းအဖြစ် (ယခင် ကေဂျီဘီထောက်လှမ်းရေး) ယခု ယူကရိန်းလုံခြုံရေးရာ ဌာနကနေ အတိုက်အခံတွေနဲ့ ပြည်သူလူထုဆီကို အရေးကြီး သတင်း အချက်အလက်တွေ၊ မဲမသမာမှုနဲ့ပတ်သက်တဲ့ အတိအကျအချက်အလက်တွေ ပေးခဲ့သလို ဒီ (အက်စ်ဘီယူ) ယူကရိန်း ထောက်လှမ်းရေး ဌာနကြီးမှူး ဗိုလ်ချုပ် စမက်ရှ်ကို၊ ဂျီအာရ်ယူ တပ်မတော် ထောက်လှမ်းရေးဌာနမှူး ဗိုလ်ချုပ် အလက်ဇန်းဒါးဂါလာကာ၊ တပ်မတော် တန်ပြန် ထောက်လှမ်းရေးဌာနမှူး ဗိုလ်ချုပ်ရိုမန်ရှင်ကို တို့က လူထုကို နှိမ်နင်းဖို့ အမိန့်ပေးခံရတဲ့ လုံထိန်းတပ်တွေကို နောက်ပြန်ဆုတ်အောင် တင်းတင်းမာမာ ပြတ်ပြတ်သားသား သတိပေး တားမြစ်ခဲ့ကြလို့ လူထုတိုက်ပွဲ ဖြိုခွဲမခံရဘဲ အောင်ပွဲခံနိုင်ခဲ့ပါတယ်။ ဒီဗိုလ်ချုပ်တွေဟာ ရာဇဝတ်မှုနဲ့ ထောင်ကျဖူးတဲ့ ဂျလေဘီ ဖိုးတွမ်တီးဟောင်း ယာနူကိုဗစ်ခ်ျ သမ္မတဖြစ်လာရင် သူ့အမိန့် နာခံလုပ်ကိုင်ရမှာကို မလိုလားကြတဲ့ အတွက်လည်း အတိုက်အခံ သမ္မတလောင်း ယူရှင်ကိုဘက် ထောက်ခံကြတာ ဖြစ်ပါတယ်။

ကျနော်တို့ မြန်မာနိုင်ငံမှာ ၁၉၈၈ တုံးက ကျောင်းသားလူငယ်တွေနဲ့ ပြည်သူလူထုတွေရဲ့ ပထမလှိုင်း ထကြွခဲ့ပါတယ်။ ၁၉၉၀ မှာ နိုင်ငံရေး ပါတီတွေရဲ့ ရွေးကောက်ပွဲအောင်ပွဲနဲ့ သံဃာတော်တွေ ကံဆောင်ပွဲ ဒုတိယလှိုင်း စကြွခဲ့ပြီး ၂၀၀၇ စက်တင်ဘာမှာတော့ သံဃာတွေရဲ့ ဒုတိယလှိုင်းဟာ တနိုင်ငံလုံး သာမက တကမ္ဘာလုံးတုန်ခါသွားအောင် အရှိန်အဟုန် ကြီးမားစွာနဲ့ ရိုက်ခတ်ခဲ့ပါတယ်။

ဒါပေမဲ့ ဒီမိုကရေစီ တော်လှန်ရေးရဲ့ ပွဲသိမ်းလှိုင်းဖြစ်တဲ့ လက်နက်ကိုင်စစ်တပ် အရှိန်သြဇာ မပါဝင်သေးလို့ အောင်ပွဲမရခဲ့ကြပါဘူး။ နောက် မလွဲမသွေလာရမယ့် တတိယလှိုင်းအတွက် တဖက်မှာ လက်နက်ကိုင် တော်လှန်ရေး တိုက်ပွဲအရှိန်အဟုန်ကို ကြီးထွားပြင်းထန်အောင် လုပ်ရင်း နောက်တဖက်မှာ မြန်မာ့တပ်မတော်ကို စီမံကိန်းရှိရှိ နားလည်မှုရှိရှိ ထိုးဖောက် သိမ်းသွင်းဖို့ အကြီးအကျယ် လိုအပ်ပါတယ်။ ဒီ တတိယလှိုင်း မထသရွေ့ မြန်မာနိုင်ငံမှာ ဘယ်တော့မှ ဒီမိုကရေစီ အပြောင်းအလဲ ဖြစ်မှာ မဟုတ်ပါ။ ကွယ်လွန်သူ ရဲဘော်မြင့်အောင် (ခေါ်) ဂုရု ABSDF ၏ ‘တတိယ လူထုလှိုင်း ဆီသို့’ စာတမ်း၊ ဆရာလူထုစိန်ဝင်း၏ ဆောင်းပါးနှင့် Mandela ၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ တို့ကို ထပ်ဆင့်ခံစားခြင်း ဖြစ်ပါသည်။
 
 

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။