Monday, September 2, 2013

လူ၊ ခေတ်၊ စနစ် ပြောင်းဖို့လိုတဲ့ ဒို့တိုင်းပြည်

(စည်းလုံးခြင်းရဲ့အင်အား)
ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ



ဆောင်းပါးရှင် - ဗိုလ်မှူးကျော်ကျော်ခိုင်

စာဖတ်ပရိသတ်များခင်ဗျား
ပင်တိုင်ဆောင်းပါး ရှင် ဗိုလ်မှူးကျော်ကျော်ခိုင် က “စည်းလုံးခြင်းရဲ့ အင်အား” ၀က်ဘ်ဆိုဒ် သို့ ဆောင်းပါး တစ်ပုဒ် ရေးသား ပေးပို့လာ ပါတယ်။ ဒီဆောင်းပါးမှာ နအဖရဲ့
၂၀၁၀ ခုနှစ်မှာ ကျင်းပ မဲ့ ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲ ၀င်မည့်သူများကို စစ်အာဏာရှင်အိုတစ်စုနှင့် အတူ ရှင်းလင်းသုတ်သင်ပစ်သင့်သည့် သူများအဖြစ် သတ်မှတ်သင့်ကြပုံ၊ ယနေ့ ကြည်း၊ ရေ၊ လေ တပ်မတော်သား အရာရှိ အရာခံ အကြပ်တပ်သား အပေါင်းသည် အာဏာရှင်စနစ်ကို ရိုက်ချိုးပြီး လူ၊ ခေတ်နှင့် စံနစ် ပြောင်းနိုင်ရန်အတွက် ကြည်းတပ် ရေတပ် လေတပ် အားလုံး စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်သွားကြပါရန် တိုက်တွန်းခဲ့ပုံ၊ သိက္ခာမဲ့တဲ့ စစ်အာဏာရှင်အိုကြီးတစ်စုရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို နိုင်ငံတော်နှင့် ပြည်သူ လူထု၏အကျိုးကို အမှန်တကယ် လိုလားသူတိုင်း လက်မခံသင့်ဘဲ ရွေးကောက်ပွဲထက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ရေး ကိစ္စအား ပိုမိုအလေးထား ဆောင်ရွက်တောင်းဆို တိုက်ပွဲဝင်သင့်ပုံ၊ နအဖရဲ့ မူဝါဒများနှင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အားနည်းချက်များအား ပယ်ပယ်နယ်နယ် ဝေဖန်သုံးသပ်ထားပုံတွေကို ကွက်ကွက်ကွင်းကွင်း တင်ပြထားပါတယ်။ အခုလို ရေးသားပေးပို့ လာတဲ့အတွက် ပင်တိုင်ဆောင်းပါးရှင် ဗိုလ်မှူးကျော်ကျော်ခိုင်အား အထူး ကျေးဇူးတင်ရှိပါကြောင်း စည်းလုံးခြင်းရဲ့ အင်အား ၀က်ဘ်ဆိုဒ်မှ မှတ်တမ်းတင်ဂုဏ်ပြုရင်း တင်ပြအပ်ပါတယ် ခင်ဗျား။

 
စစ်အာဏာရှင်အိုကြီးတစ်စုက (၂၀၁၀) ရွေးကောက်ပွဲ ကျင်းပပေးမည်ဆို၍ အချို့အဖွဲ့အစည်းများ၊ ကယ်တင်ရှင် နိုင်ငံရေးသူရဲကောင်းများနှင့် အချို့ပုဂ္ဂိုလ်ကြီးများသည် “ရင်ထဲတွင် ကုလားမီးနင်းပွဲ လှည့်လည်နေသကဲ့သို့” ရင်ခုန် လှုပ်ရှားနေကြကြောင်း တွေ့ရပါသည်။ မောင်မောင်ခေါ်ရင် “ဗျာ” လို့ လက်ညှိုးထောင်မယ့်သူများလည်း ရှိနေကြသည်။ ထို့ကြောင့် နအဖ စစ်အာဏာရှင်အို တစ်စုကလည်း တိတ်တခိုး ပီတိဖြစ်နေကြပါ၏။ “ဘုန်းကြီးရူးနှင့် လှေလူး” တွေ့ကြတော့မှာပင်။ တကယ်တော့ ရွေးကောက်ပွဲ ၀င်ပါမည်ဆိုသည်မှာ နအဖ စစ်အာဏာရှင် ဗိုလ်သန်းရွှေ အလိုကျ ရေးဆွဲထားသော ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေကို အတည်ပြုပါသည်ဟု ဆိုလိုခြင်းပင် မဟုတ်ပါလား။ ထို့ကြောင့် ထိုရွေးကောက်ပွဲ ၀င်မည့်သူများသည် စစ်အာဏာရှင်အိုတစ်စု နှင့်အတူ ရှင်းလင်းသုတ်သင်ပစ်သင့်သည့် သူများသာ ဖြစ်ချေသည်။

၎င်းတို့ ရည်ရွယ်ချက်ကို ကြည့်လျှင် နိုင်ငံတော်နှင့် ပြည်သူလူထု၏ အကျိုးစီးပွားထက် ကိုယ်ကျိုးစီးပွားရှာလိုမှု အလွယ် တကူ နေရာအာဏာ တပ်မက် လိုချင်မှုတို့ပင် ဖြစ်သည်။ ဤကဲ့သို့ သုံးသပ်နိုင် ရခြင်းမှာလည်း အကြောင်းရှိသည်။ ပြည်သူ လူထုကြီးတစ်ရပ်လုံးက လက်မခံနိုင်သော နအဖ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် ဖြစ်၏။ ဤကိစ္စကို အရင်ဖြေရှင်း ကြရဦးမည် ဖြစ်၏။ တချို့ နိုင်ငံရေးသမားများက ဆင်ခြေဆင်လက် ပေးသည့်စကားများ ရှိကြသည်မှာ စစ်အာဏာရှင်များကို ပေးတာယူ၍ လိုင်းပူးသတ်မည်၊ တဖြည်းဖြည်း ပြောင်းလဲယူမည် ဟူ၍ တွေးခေါ်နေခြင်းသည် “ငါးစာကိုသာမြင်၍ ငါးမျှားချိတ်” မမြင်ခြင်းပင် ဖြစ်၏။ ဤအကွက်ကို စစ်အာဏာရှင်များက ကြိုတင်မြင်ထားပြီး အစစ ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သလို အဆင့်ဆင့် ကာကွယ်တားဆီးမှု စီမံချက်များက ချထားပြီး ဖြစ်ပေသည်။

နိုင်ငံတော်တွင် အနာဂတ်၏ခေါင်းဆောင် လုပ်လိုသူများသည် အမြင်အတွေးတိမ်၍မရပါ။ အများယောင်လို့ယောင် အမောင်တောင်မှန်းမြောက်မှန်း မသိ၍ မဖြစ်။ ဘသားယိမ်းလိုက် ရောယိမ်းလိုက်၊ တောင်လေလာ မြောက်ကိုယိမ်း၊ မြောက်လေလာ တောင်ကိုယိမ်း ယိမ်းနေ ၍လည်း မရနိုင်။ နအဖက လမ်းပြမြေပုံဆို လမ်းပြမြေပုံကြသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေဆို လိုက်ဥပဒေကြသည်။ ရွေးကောက်ပွဲ (၂၀၁၀) ဆိုပြန်တော့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို သတိမရတော့။ နအဖ အာရုံလွှဲသမျှ လိုက်ပါနေကြသည်။ နအဖက တခုခု လုပ်မှသာ နောက်မှလိုက် မကောင်းပြောသည်။ အချို့ ဖော်လံဖား စခန်းသွားကြသည်။ ကိုယ်ပိုင်အစွမ်းအစ ထုတ်ပြကာ ဦးဆောင်နိုင်စွမ်း မရှိကြချေ။ ထိုသူများသည် မြန်မာနိုင်ငံ၏ အနာဂါတ်ကို မည်သို့ ကောင်းမွန် တိုးတက်အောင် ဆောင်ရွက်နိုင်ပါအံ့နည်း။
ခေါင်းဆောင်ဆိုသူများသည် ဥာဏ်ပညာ အမြော်အမြင်နှင့် ပြည့်စုံရမည် မဟုတ်ပါလား။ 
ကြိုတင်မျှော်တွေးတတ်သော စဉ်းစားဆင်ခြင်နိုင်စွမ်းရှိရမည်၊ တိကျခိုင်မာသော ရည်ရွယ်ချက်၊ ရည်မှန်းချက်တို့ ရှိရမည် မဟုတ်ပါလား။ တကယ်တော့ မြန်မာနိုင်ငံ တိုးတက်ဖွံ့ဖြိုးရေး၊ အေးချမ်းသာယာရေး နှင့် ဒီမိုကရေစီစနစ် ပေါ်ပေါက်ထွန်းကားရေးအတွက်မှာ ဤဖွဲ့စည်းပုံ အခြေခံဥပဒေကိစ္စက ပို၍အရေးကြီးပါသည်။ ယခု နအဖ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ နအဖ စစ်အာဏာရှင် ဗိုလ်သန်းရွှေတစ်ဦးတည်း အလိုကျ ရေးဆွဲခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်သည့်အပြင် ပြည်သူလူထုတစ်ရပ်လုံး၏ စစ်မှန်သော ဆန္ဒသဘောထားများ မပါဝင်ခဲ့ပေ။ ပြည်သူ့ဆန္ဒသဘောထား အကြံဉာဏ်များ ရယူတောင်းခံခြင်း၊ ကောင်းစွာရှင်းလင်းတင်ပြခြင်း၊ ပြန်လည်ချပြခြင်း၊ လိုအပ်သလို ပြည်သူ့ ဆန္ဒနှင့်အညီ ဒီမိုကရေစီနည်းကျကျ ရေးသားခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းများကိုလည်း ကောင်းမွန်စွာ မဆောင်ရွက်ခဲ့ကြပေ။ မည်သူမှ အကြေအလည် ဆွေးနွေးခွင့် မရသည့်အပြင် ဥပဒေများထုတ်ပြန်ကာ ခြိမ်းခြောက်ခံကြရသေးသည်။
 
ဗိုလ်ချုပ်နေဝင်း



မဆလခေတ်က စစ်အာဏာရှင် ဘိုးအေကြီး ဦးနေ၀င်း လက်ထက်ကမှ ပြည်သူလူထု ထံသို့ ချပြကာ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ပြည်သူလူထုဆန္ဒခံယူပွဲ (၃) ကြိမ် လုပ်ခဲ့သေးသည်။ ယခုမူ ပြေးပြေးလွှားလွှား ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို စစ်အာဏာရှင်ဗိုလ်သန်းရွှေ အလိုကျ အတည်ပြုခဲ့သည့် အပြင် ပေါ်ပေါ်ထင်ထင်ပင် တိုင်းပြည်တစ်ခုလုံးသို့ လိမ်ညာခဲ့ကြ သည်။ လူသိန်းချီ သေဆုံးပြီး အဆုံးစွန် ဘ၀ပျက်၍ ဒုက္ခကြီးအသွယ်သွယ်ကို ခံစားနေရသော နာဂစ်မုန်တိုင်းခံ ဒုက္ခသည်များ (ပြည်သူပြည်သားများ) ကိုပင် အရေးမစိုက်အားပဲ ၎င်းဖွဲ့စည်းပုံ အခြေခံဥပဒေအတွက် ဗိုလ်သန်းရွှေနှင့် ဇနီးကိုယ်တိုင်က အလွန်အရှက်မဲ့စွာ မဲပေး အတည်ပြု ခဲ့ကြသေးသည်။

ဤမျှ သိက္ခာမဲ့သော စစ်အာဏာရှင်အိုကြီး၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို နိုင်ငံတော်နှင့် ပြည်သူလူထု၏ အကျိုးကို အမှန်တကယ် လိုလားသူတိုင်း လက်ခံ၍ မရနိုင်။ သို့ဖြစ်၍ ရွေးကောက်ပွဲ (၂၀၁၀) ထက် ဖွဲ့စည်းပုံ အခြေခံဥပဒေကိစ္စအား ပိုမိုအလေးထား ဆောင်ရွက် တိုက်ပွဲဝင်ကြရမည် သာဖြစ်သည်။ ပြည်သူချစ်သော ပြည်သူ့တပ်မတော်ဖြစ်စေလိုသည့် တပ်မတော်သား အစစ်အမှန်တို့ အနေနှင့် ဤအခြေအနေကို အမှန်အတိုင်း သဘောပေါက်စေချင် သည်။ စစ်အာဏာရှင် အိုကြီး တစ်စုသည်၎င်း၊ ပြည်သူ့ဆန္ဒသဘောထားအမှန်များ မပါသော ၎င်းတို့၏ ဖွဲ့စည်းပုံ အခြေခံဥပဒေသည်၎င်း၊ နအဖ၏ ရွေးကောက်ပွဲ (၂၀၁၀) သည်၎င်း၊ ရွေးကောက်ပွဲ၌ ပါဝင်မည့်သူများ (ယခုထိ သိရဆဲသူများ) ဥပမာ… ကျောင်းသားမဟုတ်သောကျောင်းသား အေးလွင်လို သူများသည်၎င်း၊ တိုင်းပြည်ကို အမှန်တကယ် အေးချမ်းသာယာ တိုးတက်စေချင်လျှင် လက်ခံ၍မရကြောင်း သိမြင်ကြရပေမည်။
စစ်သားဖြစ်၍ စစ်အာဏာရှင်အိုတစ်စုဘက်သို့ ဘက်လိုက် စဉ်းစား၍ မရစကောင်း။ ဦးဆောင်မှု အခန်းကဏ္ဍ၌ တပ်မတော်ပါဝင်သည်ဆို၍ ၀မ်းသာဂုဏ်ယူ ရမည့် အခြေအနေ လုံးဝ မဟုတ်ပေ။ 
စစ်အာဏာရှင်အိုကြီးများက သူတို့အကျိုးအတွက်သာဆိုလျှင် အေးလွင်လို ပုတ်သင်ညို ဆိတ်ဂွေးစိကိုပင် အလေးပြုခိုင်းတော့မည် မဟုတ်ပါလား၊၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဆိုသည်မှာ နိုင်ငံတော်နှင့် ပြည်သူလူထု တစ်ရပ်လုံး၏ အသက်ပင် ဖြစ်သည်။ ပြည်သူလူထု တစ်ရပ်လုံး၏ ဆန္ဒ သဘောထား ပါဝင်ထင်ဟပ်ရသည်။ ပြည်သူလူထုတစ်ရပ်လုံး ဆိုရာ၌လည်း တပ်မတော်သားများနှင့် ပြည်သူ့ ၀န်ထမ်းများ၊ မိသားစုဝင် ဆွေမျိုး မိတ်သင်္ဂဟများ အပါအဝင် ကျေးဇူးရှင်အစစ်ဖြစ်သော ပြည်သူပြည်သား အားလုံးကို ဆိုလိုခြင်း ဖြစ်၏။
ဤမျှ အရေးပါသော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို စစ်အာဏာရှင်အိုကြီးများက သူတို့နှင့် မိသားစုများ၏ ကိုယ်ကျိုးစီးပွား၊ အသက်အိုးအိမ် စည်းစိမ် များကို ကာကွယ်နိုင်ရန် အလို့ငှာ နိုင်ငံတော်နှင့် ပြည်သူလူထုကြီး၏ အကျိုးစီးပွားနှင့် လဲလှယ်၍ ရေးဆွဲထားခြင်းသာ ဖြစ်၏။ ရုံးစာရေးနည်း (Staff Duty) အရ ဥပဒေစာလုံးများ တန်ဆာဆင်ရေးသားထားစေကာမူ အနှစ်သာရမှာ စစ်ခေါင်းဆောင် စစ်အာဏာရှင်အိုတစ်စု၏ ကိုယ်ကျိုးစီးပွားနှင့် အသက်အိုးအိမ် စည်းစိမ်များကို ကာကွယ်စောင့်ရှောက်နိုင်ရန် မျိုးဆက်သစ် တပ်မတော်သားများသို့ ပညာသားပါပါ တာဝန်ပေးခေါင်းခံခိုင်းလိုက်ခြင်းသာ ဖြစ်သည်။ 
ထိုးဖောက်စဉ်းစား သိမြင် ခံစားလိုက်ပါက တပ်မတော်သားအပေါင်းသည် ဤအချက်ကို ရှင်းရှင်းလင်းလင်း တွေ့မြင်ရပေမည်။ မိမိတို့ တပ်မတော်သားတို့သည် ဤ မွေးရပ်မြေနိုင်ငံတော်ကြီးကို ချစ်မြတ်နိုးကြပါသည်။ ဤနိုင်ငံတော်ကြီးကို ပြိုကွဲပျက်ဆီးမှာ စိုးရိမ်ကြပါသည်။ ထို့အတူ မြန်မာနိုင်ငံသား တိုင်းရင်းသား ပြည်သူလူထုကြီးတရပ်လုံးကလည်း ဤအမိနိုင်ငံတော်ကြီးကို ချစ်မြတ်နိုးကြပြီး ပြိုကွဲ ပျက်ဆီးခြင်းကို လက်မခံနိုင်ကြပါ။ ဒို့တာဝန်အရေးသုံးပါးကို တပ်မတော်သားများမှသာ မဟုတ်၊ ပြည်သူလူထုကြီး တရပ်လုံးကလည်း သိနားလည်ကြပါသည်။ နိုင်ငံတော်ကြီးကို ဖွံ့ဖြိုး တိုးတက်စေချင်သည်မှာလည်း တူညီသော ဆန္ဒများဖြစ်ကြ၏။ ဤမျှ တူညီသော အနေအထားများ ရှိနေပါလျှက် ကျောခြင်းကပ် တူရူသို့ လျှောက်နေသလို လျှောက်သောလမ်းက တစစ ကွဲပြားနေရသည်မှာ အတွေးအခေါ် ကွဲပြားနေသောကြောင့် ဖြစ်သည်။ ယခု တပ်မတော်သားများ၏ အတွေးအခေါ်မှာ တပ်မတော်အကြီးအကဲဆိုသူ ဗိုလ်သန်းရွှေ တစ်ဦးတည်း၏ မူဝါဒ အတိုင်းသာ ဖြစ်နေသည်။ တိုက်ပွဲဝင် စည်းရုံးရေးသင်တန်းများမှ တဆင့် သူ၏ စိတ်ဓါတ်စစ်ဆင်ရေးကို တပ်မတော်သားများ အပေါ်တွင်လည်း ရိုက်သွင်းထားခဲ့၍ ဖြစ်၏။

ဤတပ်မတော်အကြီးအကဲဆိုသူမှာ ပြည်သူလူထုအာဏာကို လက်နက်အားကိုး၊ စစ်တပ် အားကိုးဖြင့် လုယူထားခဲ့ရသလို ချမှတ်သော မူဝါဒတိုင်းမှာလည်း သူ၏ ကိုယ်ကျိုးစီးပွား ကိုသာ အဓိကထား ချမှတ်ထားခြင်းသာ ဖြစ်လေရာ ပြည်သူလူထု ဆန္ဒသဘောထား အတွေး အခေါ်များနှင့် အလွဲကြီး လွဲနေရတော့သည်။ သူ၏ ကိုယ်ကျိုးစီးပွားဆိုရာ၌ မိသားစု ရပ်တည်ရေးနှင့် လုံခြုံရေး၊ စည်းစိမ်ဥစ္စာ ရာထူးအာဏာ မက်မောပြီး စီးပွားရေး သောင်းကျန်းမှုပင် ဖြစ်သည်။ 
ထို့ထက်ရှင်းအောင် ပြောရလျှင် တပ်မတော် အကြီးအကဲဆိုသူသည် ကိုယ့်အလုပ် ကိုယ်မလုပ်ပဲ နိုင်ငံတော်အာဏာ (ပြည်သူလူထု အာဏာ) ကို ရယူလိုသော တပ်မက်မှု၊ လောဘဇောတိုက်မှုကြောင့် ဖြစ်သည်။ 
စည်းစိမ်ဥစ္စာ နှင့်အာဏာကို ဖက်တွယ် ရူးသွပ်ခြင်းကြောင့် ဖြစ်သည်။ နိုင်ငံမျက်နှာ၊ တိုင်းသူပြည်သားများ အတွက် စေတနာကား သူ့တွင် လုံးဝမရှိ။
သို့ဖြစ်ရာ တပ်မတော်သားတို့ အတွေးအခေါ် သဘောထားများမှာလည်း ပြည်သူလူထု၏ ဆန္ဒ သဘောထား အမြင်များနှင့် သွေဖီလာရတော့သည်။ ထို့ကြောင့် ထွက်ပေါ်လာသည့် ဆိုးကျိုးရလဒ်မှာ တပ်မတော်နှင့် ပြည်သူလူထု ထုတ်မပြောပဲကြိတ်ပြီး ရန်ဘက်သဘော အသွင်ဆောင်နေရခြင်း ဖြစ်သည်။ 
ထိုသို့ ဖြစ်ရခြင်း၏ တရားခံ လက်သည်ကိုရှာတော့ ထင်ရှားသည့် ပစ်မှတ်ကြီးသဖွယ် ပေါ်လာသူမှာ တပ်မတော်အကြီးအကဲ လုပ်သူ ဗိုလ်သန်းရွှေသည်သာ အဓိကတရားခံ ဆိုသည်ကို ထင်ထင်ရှားရှား တွေ့ကြရပါမည်။ ကြံရာပါများကတော့ ပင်စင်မသွားနိုင်အောင် အာဏာရာထူး စည်းစိမ်မက်မောနေကြသော စစ်အာဏာရှင်အိုကြီး တသိုက်လည်း ဖြစ်သည်။ ဒီလူတသိုက်ကို ဖယ်ရှားကာ မူကိုပြင်၍ ခေတ်စနစ်သစ်သို့ သွားနိုင်ချီတက်နိုင်ပါမှ ပြည်သူလူထုကြီးနှင့် တပ်မတော်တို့ တူညီသောလမ်းမှာ ပြန်လည် တွေ့ဆုံနိုင်ပေတော့မည်၊၊

ကြည်းရေလေ တပ်မတ်ေသားများ အလှူ


ယနေ့ မျိုးဆက်သစ် တပ်မတော်သားများသည် နိုင်ငံတော်နှင့် ပြည်သူလူထုကို ကောင်းကျိုးဖြစ်စေမည့် အတွေးအခေါ်သစ် အတွေးအခေါ်ကောင်းများကို ဗိုလ်သန်းရွှေနှင့် စစ်အာဏာရှင်အိုကြီး တစ်စုထက် ပို၍ တွေးတတ် ကြံစည်တတ်စေချင်သည်။ ကိုယ်ကျိုးသမား ဗိုလ်သန်းရွှေ တစ်ဥင်္ီးတည်းရဲ့ခေါင်းမှ သူ့ကိုယ်ကျိုးစီးပွားနှင့်ယှဉ်သော အတွေးအခေါ် များကိုသာ တပ်မတော်နှင့်နိုင်ငံတော် တိုးတက်ဖွံ့ဖြိုးရေး အတွက် ကောင်းမွန်မှန်ကန် လုံလောက်သည်ဟု ထင်မြင်ယူဆပါသလား။ မြန်မာနိုင်ငံနှင့် ပြည်သူလူထုကြီးတရပ်လုံးရဲ့ ကံဇာတာသည် ဗိုလ်သန်းရွှေလက်ဝယ်တွင် ပုံပေးထားသည်မှာ မှန်ကန်သော လုပ်ရပ်ဖြစ်ပါသလား။ ဗိုလ်သန်းရွှေ အနေနှင့် သူ့ကံကြမ္မာ သူဖန်တီးရာတွင် တပ်မတော်နှင့် တပ်မတော်သား မျိုးဆက်သစ်တို့က ဆက်လက်ပါဝင် နာခံလုပ်ဆောင်နေရန် မသင့်တော်သော အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း နားလည် သဘောပေါက် ရပေမည်။

ထို့အပြင် ဗိုလ်သန်းရွှေကစ၍ အောက်ခြေအထိ အသီးသီး စစ်ဘက်နယ်ဘက်ဝန်ထမ်းများက မြန်မာနိုင်ငံတော်ဘဏ္ဍာ အဆီအနှစ်များကို နိုင်သမျှ ဝိုင်းဝန်း ထိုးဆိတ်စားသောက် နေကြသည်မှာ မြန်မာပြည်မွဲပြာကျရခြင်း အကြောင်းတရပ်ဆိုသည်ကိုလည်း သဘောပေါက် စေချင်သည်။ မြန်မာတပြည်လုံးမှ ဤစစ်ဘက် နယ်ဘက် ဝန်ထမ်းအင်အားနှင့် ၄င်းတို့ ဝိုင်းဝန်းစားသောက် မြိုဆို့မှု ရလဒ်ကိန်းဂဏန်းကို မြှောက်ပြီး တဖန် အဆိုပါရလဒ်ကို နအဖသက်တမ်း အနှစ်(၂၀) ခန့်နှင့် ထပ်မံ၍ မြှောက်ကြည့်ပါ။ ရရှိလာသည့် ရလဒ်သည် ကြောက်ခမန်းလိလိ ကျပ်သန်းပေါင်းများစွာ ဆုံးရှုံးနစ်နာခဲ့သဖြင့် မြန်မာပြည်မှ မမွဲလျှင် ဘယ်နိုင်ငံမွဲမည်နည်း။ ဤအဆီအနှစ်များသည် တိုင်းပြည်၏ အခြေခံလိုအပ်ချက်များဖြစ်သော ပညာရေး၊ ကျန်းမာရေး၊ လူမူဖူလုံရေး၊ ရေမီး၊ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး၊ လူ့စွမ်းအားအရင်းမြစ် တိုးတက်စေရေး စသည်ဖြင့် ကောင်းစွာ ဆောင်ရွက်ပေးနိုင်စွမ်းရှိသည် မဟုတ်ပါလော။
ဗိုလ်သန်းရွှေက ဤသို့ ဝိုင်းဝန်းထိုးဖဲ့ စားသောက်နေသည်ကို မသိဟု မထင်ပါနှင့်။ သူဖန်တီးထားတဲ့ “ဂွင်” သာဖြစ်သည်။ အတိုင်ခံရလျှင်သာ တရားခံရှာပေးလိုက်သည်။ အာဏာရှင်စံနစ်ရှိနေသ၍ ဤအကျင့်ပျက် ခြစားမူများသည် ရှိနေမှာဖြစ်သလို ဆက်စပ်သော အကြောင်းတရားများဖြစ်သည့် အကျင့်စာရိတ္တမှစ၍ ယိုယွင်းပျက်ဆီးမူများ ပို၍ ပို၍ များပြားကာ ဗိုလ်ချူပ်အောင်ဆန်းပြောသည့် (ဖာ) တိုင်းပြည်ဖြစ်လာတော့မည် ဖြစ်သည်။ 
(ယခုပင် ဖြစ်စပြုနေပြီကို မြင်တတ်စေချင်သည်။ တပ်ထဲနေပြီး ပြည်သူလူထုဘဝ အစစ်အမှန်ကို မသိသော တပ်မတော်သားများအဖြစ် ရောက်နေကြရသည်မှာ စိတ်မကောင်းစရာပါ။) ၄င်းအပြင် ဗိုလ်သန်းရွှေသည် သူနှင့်မိသားစု အသက်အိုးအိမ် စည်းစိမ်အတွက် ထိခိုက်လာပြီဆိုလျှင် မည်သည့်မျက်နှာမှ မကြည့်ဘဲ အားလုံးကိုစတေးရန် ဝန်လေးမည့်သူမဟုတ်ပေ။ ဒီပဲယင်းလို အရေးအခင်း၊ ရွှေဝါရောင်သံယာအရေးအခင်း၊ နာဂစ်မုန်တိုင်း၌ လစ်လျူရှုရက်သော ရက်စက်သောစိတ်၊ ထိုအချိန်ကလေးကိုပင် မအောင့်နိုင် မအီးနိုင် မဲပေးမဲလိမ် အတည်ပြုခဲ့သည့် သမိုင်းဝင်မည့် သူ့လုပ်ရပ်များစွာက သက်သေ ဖြစ်ပေသည်။
ဆက်လက်၍လည်း တပ်မတော်သားများ၊ ပြည်သူလူထုနှင့် ကမ္ဘာကို အာရုံလွှဲနိုင်ဖို့ ဘင်္ဂလားဒေ့ရှ်နှင့်လည်းကောင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့်လည်းကောင်း စစ်ဆင်ရေးဆင်နွှဲခိုင်းဖို့ ကြံစည်ကောင်း ကြံစည်နေမည်မှာ ကျားနှင့် ကျောက်ဆည်-ဆင် လယ်ပြင်မှာသွားသလို ထင်ရှားလှပေသည်။ မျိုးဆက်သစ် တပ်မတော်သားတို့အနေဖြင့် တပ်မတော်၊ ပြည်သူလူထုနှင့် နိုင်ငံတော် အကျိုးစီးပွားအတွက် အရာရာကို ရေရေလည်လည် ဆင်ခြင်သုံးသပ်ပြီး အမြန်ဆုံး ဆုံးဖြတ်ချက်ချရမည် ဖြစ်သည်။

ဤကိစ္စသည် တပ်မတော်အတွက် သာမက နိုင်ငံတော်နှင့် တတိုင်းပြည်လုံးအရေး ဖြစ်သောကြောင့် ဖြစ်၏။ တိုင်းပြည်ကို ဆင်းရဲတွင်းနက်စေမည့် တိုင်းရင်းသား ပြည်သူလူထုတရပ်လုံးကို ဖျက်ဆီးသည့် အာဏာရှင်စံနစ်အား ဆက်လက် အသက်သွင်းမည့် ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း တပ်မတော်အကြီးအကဲဟူသည့် နာမည်ကို အလွဲသုံးစားပြု၍ စစ်တပ်အားကိုးနှင့် အတည်ပြု ကာကွယ်ရန် တာဝန်ပေးလာတော့မည် ဖြစ်သည်။

သို့ဖြစ်၍ စစ်အာဏာရှင်အိုကြီးတစ်စုကို ဖယ်ရှားပြီး ပြည်သူလူထုနှင့် နိုင်ငံတော်ကို ကယ်တင်ရေးမှာ ဦးစားပေးကိစ္စ ဖြစ်လာပြီဖြစ်သည်။ တပ်မတော် အကျိုးကို တိုင်းပြည် အကျိုးနှင့် ယှဉ်လာလျှင် တိုင်းပြည်အကျိုးကိုသာ ဦးစားပေးရမည် ဖြစ်သည်။ အာဏာရှင်များကို ဦးစားပေးရန် အကြောင်းမရှိချေ။ ယနေ့မြန်မာလူထုအတွင်း လူကြီးလူငယ်အပေါင်း ဆင်းရဲဒုက္ခ ရောက် ကြပ်တည်းမွန်းကြပ်၊ ပညာရည်နိမ့်ကျ ကျန်းမာရေးချွတ်ခြုံကျ၊ အတွေးအခေါ်နိမ့်ပါး၊ အကျင့်စာရိတ္တများ ယိုယွင်းလာနေသည်မှာ အာဏာရှင် စံနစ်ဆိုးကြောင့် ဆိုသည်မှာ ကိုယ်တွေ့မျက်မြင်ပင်။ အမိမြန်မာနိုင်ငံတော်ကြီးမှာ လူပြောင်း၊ မူပြောင်း၊ ခေတ်ပြောင်း၊ စံနစ်ပြောင်း စသော ပြောင်းလဲခြင်းများ အလွန်လိုအပ်နေပေပြီ။ မပြောင်းလဲနိုင်မချင်း ဖွံ့ဖြိုးတိုးတက်သော အေးချမ်းသာယာသော နိုင်ငံတော်သစ်ကြီး ဖြစ်လာနိုင်မှာ မဟုတ်ပေ။

ထို့ကြောင့်ယနေ့ ကြည်း၊ ရေ၊ လေ တပ်မတော်သား၊ အရာရှိ၊ အရာခံ၊ အကြပ်တပ်သား အပေါင်းသည် အာဏာရှင်စံနစ်ကို ရိုက်ချိုးပြီး လူ၊ ခေတ်နှင့် စံနစ် ပြောင်းနိုင်ရန်အတွက် ကြည်းတပ်၊ ရေတပ်၊ လေတပ် အားလုံး စည်းလုံးညီညွတ်စွာ လက်တွဲ ဆောင်ရွက်သွားကြပါရန် လေးစားစွာ တင်ပြ တိုက်တွန်းလိုက်ရပါသည်။ (အကြံပြုစကားတရပ် အနေဖြင့် အရှိကို အရှိအတိုင်း၊ အမှန်ကို အမှန်အတိုင်း အဖြောင့်ရှူမြင်တတ်ဖို့ လိုသလို နိုင်ငံရေးဆိုသည် ပြည်သူလူထုကောင်းစားရေး လူမူရေးလုပ်ငန်းဖြစ်သောကြောင့် နိုင်ငံရေးမှာ ရိုးသားဖို့ လိုအပ်ပါသည်။ ထို့အပြင် မည်သည့်လက်နက်မျှ လူထုကို အမြဲတမ်း ခြောက်လှန့် ခြိမ်းခြောက် အနိုင်ယူ နိုင်မည်မဟုတ် ဆိုသည်ကိုပါ “Soft is stronger than Hard , Water stronger than Rock , Love stronger than violence” ဆိုသော proverbs လေးကို သတိရကြစေချင်ပါသည်။)

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။