Monday, September 2, 2013

လူဖြစ်ရှုံးသော မြန်မာနိုင်ငံသားများ (စစ်အာဏာရှင် စနစ်ဆိုးဒဏ်ခံနေရတဲ့ ပြည်သူနဲ့ တပ်မတော်)

(စည်းလုံးခြင်းရဲ့အင်အား)
ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု

စာဖတ်ပရိသတ်များ ခင်ဗျား-

စည်းလုံးခြင်းရဲ့  အင်အား ၀က်ဘ်ဆိုဒ်မှ ပင်တိုင် ဆောင်းပါးရှင် ဗိုလ်မှူး ကျော်ကျော်ခိုင်က “စစ်အာဏာရှင် စနစ်ဆိုးဒဏ် ခံနေရတဲ့ ပြည်သူနဲ့ တပ်မတော်” ဆောင်းပါးအား ပေးပို့ လာပါတယ်။ အဲဒီ ဆောင်းပါးမှာ တိုင်းပြည်နှင့် ပြည်သူလူထုကို ဆင်းရဲတွင်း နက်စေသော၊ ဒုက္ခပေး အနှိပ်စက်ဆုံးသော၊ အဆိုးရွားဆုံးသော စနစ်မှာ “အာဏာရှင်စနစ်” (Dictatorship) ဖြစ်ပုံတွေကို ကွက်ကွက်ကွင်းကွင်း တင်ပြ ထားပါတယ်။ ယခုလို ပေးပို့လာတဲ့အတွက် ဗိုလ်မှူး ကျော်ကျော်ခိုင်အား ကျွန်တော် ကိုဖိုးတရုတ်မှ အထူး ကျေးဇူး တင်ရှိပါတယ် ခင်ဗျား။

စစ်အာဏာရှင် စနစ်ဆိုးဒဏ်ခံနေရတဲ့ ပြည်သူနဲ့ တပ်မတော်

ဆောင်းပါးရှင် – ဗိုလ်မှူး ကျော်ကျော်ခိုင်

မရိုးနိုင်သော ဂန္တ၀င် ဇာတ်လမ်းတပုဒ်ကဲ့သို့ မြန်မာ့သမိုင်း၌ အသစ်အသစ် ဖြစ်နေအုံးမည့် အဖြစ်အပျက်မှန်တို့က မြန်မာပြည်သူလူထု အတွက်တော့ လူဖြစ်ရှူံးစေသည်ဟု ဆိုလျှင် လွန်အံ့မထင်ပါ။ နိုင်ငံ့ ခေါင်းဆောင် လုပ်ချင်သည့် စစ်ခေါင်းဆောင်အိုကြီး တစ်စု၏ ဥာဏ် အမြှော်အမြင် ကင်းမဲ့ပြီး ကမ္ဘာနှင့်ယှဉ် မြင်နိုင်သော အသိပညာ မရှိမှုကို တပ်မတော် မျိုးဆက်သစ်တို့ သိမြင် နားလည် စေလိုသည့်အပြင် ၄င်းတို့၏ ရက်စက်ယုတ်မာမှုများကို တပ်မတော်ရော ပြည်သူလူထုပါ ဘယ်လိုခံစား နေရသည်ကို မီးမောင်းထိုး ပြလို၍ ဆက်လက်ရေးသား တင်ပြလိုက်ပါသည်။

 
ကမ္ဘာပေါ်၌ နိုင်ငံအသီးသီး၏ အုပ်ချုပ်ရေး စနစ်များကို ယနေ့ အချိန်တွင် သေချာ စေ့ငှစွာ ခွဲခြမ်းစိတ်ဖြာ သုံးသပ်ကြည့်လိုက်သောအခါ တိုင်းပြည်နှင့် ပြည်သူလူထုကို ဆင်းရဲတွင်း နက်စေသော၊ ဒုက္ခပေး အနှိပ်စက်ဆုံးသော၊ အဆိုးရွားဆုံးသော စနစ်မှာ “အာဏာရှင်စနစ်” (Dictatorship) ဖြစ်၏။ အာဏာရှင်စနစ်တွင် မူဝါဒ မရှိ၊ ပါးစပ်မှ ထွက်ရာသာ အမိန့် ဖြစ်၏။ ဥပဒေ မရှိ၊ အာဏာရှင် စနစ်သာ ပဓာန ဖြစ်သည်။ တိုင်းပြည်နှင့် ပြည်သူလူထု အကျိုးမှာ ရုပ်ပြ သက်သက်၊ အာဏာရှင် တစ်စု၏ ကိုယ်ကျိုးစီးပွားက “အဓိက” ဖြစ်သည်။ ၄င်းတို့၏ ဆိုးရွားယုတ်မာမှုများနှင့် လူထု၏ ဒုက္ခများကို အမှန်အတိုင်း ထောက်ပြလျှင် “ခေတ်သစ် ကိုလိုနီ နယ်ချဲ့ နည်း” (Neo-Colonialism) ဟု တန်ပြန် လက်ညှိုးညွှန်၏။ “ပြည်ပ အားကိုး ပုဆိန်ရိုး” ဟုလည်း သူတို့စွပ်စွဲ၏။ မြန်မာနိုင်ငံ လွတ်လပ်ရေးရဖို့ ပြည်ပကိုထွက်ပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်တို့ ကြိုးပမ်းခဲ့ပုံ သမိုင်းကြောင်းမှန်ကိုမှု ဖျောက်ဖျက်၏။ အာဏာကို ရနိုင်သမျှ ပိုင်ဆိုင်နိုင်ဖို့ နည်းအမျိုးမျိုးဖြင့် ကြံစည်အားထုတ်သည်။ ကမ္ဘာပေါ်ရှိ အာဏာရှင် ဟူသမျှ ဤစရိုက် ဤအပြောများသာ ဖြစ်၏။ ပြည်သူ့အာဏာကို အဓမ္မ လုယူသိမ်းပိုက် ထားသည်။ တိုင်းပြည်ဘဏ္ဍာများ၊ သယံဇာတများကို ဘိုးဘွားပိုင် အမွေသဖွယ် စိတ်တိုင်းကျ ယူငင်ခိုးယူ သိုဝှက်ကြ၏။ စစ်အာဏာရှင် ဆိုသည်က ပို၍ သာလွန်သည်။ သူသည် စစ်ခေါင်းဆောင်လည်း ဖြစ်၍ စစ်တပ်ကို အသုံးချကာ လူထုကို ရက်ရက်စက်စက် ပြုမူကြသည်။ စစ်အာဏာရှင် ဗိုလ်သန်းရွှေ၏ သမိုင်းဝင် အပြုအမူ အချို့ကို ပြန်ကြည့်နိုင်ပါသည်။ ဒီပဲယင်း လူသတ်ပွဲသည် ဗိုလ်ချုပ်မှူးကြီး အဆင့်ရှိသူ တစ်ဦး၏ လူကြီးလူကောင်း မဆန်သော လူမိုက် ကြမ်းပိုး တေလေတို့၏ ချောင်းရိုက် တတ်သည့် အပြုအမူမျိုးသာ ဖြစ်သည်။ မတရား ချောင်းမြောင်း ရိုက်သတ်ခံရရာမှ လွတ်မြောက်လာသော သူများကိုပင် ဖမ်းဆီးချုပ်နှောင် ညှင်းဆဲ ထားဆဲရှိသည်။

ရွှေဝါရောင် သံဃာ ကံဆောင်ပွဲကို ကြည့်ပါ။ ယဉ်ကျေးသော ဗုဒ္ဓဘာသာ ထွန်းကားသော တိုင်းပြည်ဖြစ်သည့် အလျှောက် သာသနာရေး ဆိုင်ရာဖြင့် ဖြေရှင်းခဲ့လျှင် ပခုက္ကူမြို့၌ပင် ပြီးစီးသည်။ ထိုအချိန်က သံဃာများ စီတန်း၍ လှည့်လည် ပရိတ်ရွတ်ပွဲသာ ဖြစ်သော်လည်း လူမိုက် ခေါင်းဆောင်ကြီး များ၏ တချက်လွှတ် အမိန့်တော်အရ အောက်ခြေ ငရဲသား လောင်းများက သံဃာများကို ကြိုးကွင်းပစ် ဖမ်းခြင်း၊ ဓာတ်တိုင်မှာ ကြိုးချည် ရိုက်ခြင်း၊ ဆဲရေး တိုင်းထွာခြင်းတို့ ပြုခဲ့သည်။ ဤသည်ကို ကြည့်လျှင် သံဃာကံဆောင်ပွဲသည် အကြမ်းနည်း မပါ ဗုဒ္ဓဘုရားရှင်၏ ခွင့်ပြုတော်မူထားသည့် ၀ိနည်းနှင့် ညီသော ကံဆောင်ပွဲ ပြုလုပ်ခဲ့ခြင်းမျှသာ ဖြစ်သည်။ ရန်ကုန်၌ ကံဆောင်ပွဲကိုလည်း သာသနာရေး နည်းလမ်းဖြင့် ထိရောက်စွာ ရှင်းလင်း နိုင်သော်လည်း ဟန်ပြ အပြောလွတ်ရုံ ဆရာတော်ကြီးများကို လျှောက်ပြီး၊ ရိုက်နှက် သတ်ဖြတ် ဖမ်းဆီးခြင်း၊ ရန်သူ့စခန်း ၀င်စီးသလို ဘုန်းကြီးကျောင်းများကို စီးနင်းခြင်းများ မတရား ပြုခဲ့ကြသည်။ နာဂစ်မုန်တိုင်း ကိစ္စကိုလည်း ကြည့်ပါ။

မုန်တိုင်းသတင်းကို ၀န်းကျင်နိုင်ငံများမှ သတိပေး နေလျက် ကြိုတင်သိပါလျက် ဒေသနေ လူထုကို ကြိုတင် အသိပေး ကာကွယ်မှု မပြုလုပ်ခဲ့ကြချေ။ မုန်တိုင်းဒေသ အတွင်း လူပေါင်း သိန်းချီသေဆုံး ပျက်စီးခဲ့ပြီးနောက်တွင်လည်း ထိရောက်သော ကူညီ စောင့်ရှောက်မှုများ မပြုခဲ့ကြချေ။ မုန်တိုင်းပြီး တစ်ပါတ်ခဲ့ကြာမှ ၀န်ကြီးချုပ် လုပ်သူ ဗိုလ်သိန်းစိန် ရောက်ရှိပြီး သမိုင်းဝင် မိန့်ခွန်း မိန့်ကြား သွားသည်။ 
“အခု လာကြည့်တာ၊ ဘာမှ ပါမလာသေးဘူး၊ အခု သိသွားပြီ.. အိုးခွက် ပန်းကန် ဇွန်းက အစ လိုတယ်၊ ပြန်ရင် အစည်းအဝေးမှာ တင်ပြပေးမယ်” ဟူ၍ ဖြစ်၏။ ၀န်ကြီးချုပ် လုပ်သူ တစ်ဦးအနေနှင့် ဤမျှ ခိုကိုးရာမဲ့ ဖြစ်ကာ ဆင်းရဲ ဒုက္ခရောက် နေသော ပြည်သူလူထုကို “အာ” ရုံသက်သက် မဟုတ်ပဲ ထိရောက်သော အကူအညီများကို ချက်ချင်း အစွမ်းကုန် လုပ်ပေးရမည် မဟုတ်ပါလား။ ၄င်းအပြင် တပ်ချုပ်ကြီး ဗိုလ်သန်းရွှေက နှစ်ပါတ်ခန့်ကြာမှ တိုင်းခမ်းလှည့်လည်သည့် ပုံဖြင့် ငူငေါင်သော မျက်နှာဖြင့် ရောက်လာသည်။ စိတ်ပါပုံ မပေါ်။

လာရသည်မှာလည်း တပြိုင်တည်းလို ဖြစ်ခဲ့သည့် တရုတ် ငလျှင်ဘေး၌ တရုတ် ၀န်ကြီးချုပ်၏ ပြည်သူလူထု အပေါ် ကူညီ စောင့်ရှောက် နေမှုများကို ကမ္ဘာတ၀ှမ်းက မီဒီယာများ၌ ပြသ ချီးမွမ်းနေကြ၍ ရှက်ရှက်နှင့် ထွက်လာရပုံ ပေါ်သည်။ ထိရောက်စွာ ကူညီမှု မပြုသည့်အပြင် နိုင်ငံရပ်ခြားမှ အထောက်အပံ့များကို ဖြတ်ယူကာ ဂိုဒေါင်များ၌ သိမ်းဆည်းထားခဲ့သည့် အပြင် ကိုယ့်နည်းကိုယ့်ဟန် ကူညီသူများကိုပင် ဖမ်းဆီး ထောင်ချခဲ့သည်။ တိုင်းပြည် ခေါင်းဆောင် လုပ်ချင်လျှင် ပြည်သူ လူထုအပေါ် စေတနာ ထားရမည်။ ကိုယ်ကျိုး စွန့်ရမည်။ တာဝန် သိတတ်ရမည်။ နာဂစ် အကူအညီ အတွက် ၄င်း၏ သမီး မင်္ဂလာပွဲမှ စိန်တလုံးစာမျှပင် လှူဒါန်းမှု မပြုခဲ့ချေ။ ဤသို့ ကမ္ဘာကျော် ဖြစ်ရပ် မဟုတ်၍ လူ မသိသော်လည်း စစ်အာဏာရှင်ကြီးများ၏ ကိုယ်တိုင် (သို့) လက်အောက်ခံ ရဲ၊ အကျဉ်းဦးစီး၊ တရားရုံး၊ စ သုံးလုံး၊ ပြည်ထဲရေး နှင့် အခြား ဌာန အသီးသီးမှ တဆင့် ပြည်သူလူထုကို နှိပ်စက် ညှင်းပန်း ချုပ်ချယ် ဖမ်းဆီးသော ပြစ်မှု မြောက်များစွာ ရှိပေသေး၏။

စစ်အာဏာရှင်များသည် ပြည်သူလူထု အပေါ်၌သာ မဟုတ်ပါ။ စစ်တပ်ကိုလည်း လှည့်စား အသုံးချကာ ဗိုလ်ကျစိုးမိုး နေသည့် ကိစ္စရပ်များ ရှိ၏။ တကယ်တော့ တပ်မတော်၌ စစ်အာဏာရှင် ခေါင်းဆောင်ပိုင်း၏ ဥာဏ်နီဥာဏ်နက်များနှင့် ၄င်းတို့ အာဏာ တည်မြဲရေးအတွက် လုပ်ကိုင်နေသည့် ရည်ရွယ်ချက်က တစ်ပိုင်း၊ အောက်ခြေ အရာရှိ တခြား အဆင့် စစ်သည်များ၏ တိုင်းပြည်ကျိုး ဆောင်ရွက်နေသည် ဟူသော အသိဖြင့် အမိန့်က တစ်ပိုင်း ဖြစ်နေသည်။ ထိုအောက်ပိုင်း အရာရှိ စစ်သည်များမှာ စစ်အာဏာရှင်များ၏ စစ်မှန်သော ရည်ရွယ်ချက်၊ စိတ်ကူးများ၊ ပုံဖော်မှု များကို အမှန်တကယ် နားလည်နိုင်စွမ်း၊ သိမြင် နိုင်စွမ်း မရှိကြချေ။ သို့ဖြင့် အာဏာရှင်များ စေခိုင်းသမျှ လိုက်လုပ်နေကြရတော့သည်။ အာဏာရှင်ကြီးများ ရတနာ စိန်ကျောက် ဇယ်တောက်တမ်း ကစားနေချိန်မှာ တပ်တွင်းရှိ အရာရှိ စစ်သည်များ အမှန်တကယ် ဆင်းရဲ စုတ်ပြတ်နေကြပါသည်။

လစာ တိုးပေးထား၍ ပြည့်ဝသည် မထင်ပါနှင့်။ လစာတိုးပေးသည်ဆိုသည်မှာ စည်းရုံးရေး လုပ်ငန်း သက်သက်သာ ဖြစ်ပြီး၊ မည်သည့် ခေတ်တွင်မှ လစာ တိုးပေး၍ မဖူလုံ ခဲ့ကြချေ။ ဤနည်းလမ်းသည် မှန်ကန်သော ဖြေရှင်း နည်းလည်း မဟုတ်ပဲ ၀န်ထမ်းများမှာ လစာ တိုးပေးလိုက် ကျေနပ်သွားလိုက်နှင့် ခံခဲ့ရသည်မှာ များလှချေပြီ။ အမှတ် မရှိနိုင် ကြသေးပေ။ လူပျို စစ်သည်ဆောင် သွားစစ်လျှင် စစ်သည်သုံးယောက်မှ သစ်သားသေတ္တာ တစ်လုံးသာ ရှိ၏။ စစ်ပစ္စည်းများမှာလည်း ထိုမျှသာ ရှိ၏။ ခြင်ထောင်၊ စောင်ပင် ကိုယ်စီ မရှိ၊ ဖျာ မရှိ။ စားရိပ်သာ ဆိုသည်မှာ တကယ်တော့ နာမည်မျှပင် ဖြစ်သည်။ လူပျို အရာရှိ ရိပ်သာ (Mess) ကိုလည်း ကြည့်ပါ။ မယ်မယ်ရရ တန်ဖိုးရှိသော ပစ္စည်းဟူ၍ လူသာ ရှိသည်။ အရာရှိ ရိပ်သာတွင် စားအိုးခွက်ဟူ၍ ရွာ အလှူမှ ဒန်အိုး ဒယ်အိုး ပန်းကန် အဆင့်မျှသာ ရှိသည်။

လုပ်အားပေးနေရတဲ့ ရဲမေများ

အခြား အဆင့် လိုင်းခန်းများ စစ်ဆေးရေး ၀င်ပြီးသည့်အခါ စစ်ဆေးရသူမှာ စိတ်မကောင်းချင်း ကြီးစွာဖြင့် ရင်ထဲဟာတာတာ ဖြစ်ကာ ကျန်ရစ်ရသည်။ ရဲမေများ ကလေးများကလည်း သန့်ရှင်းမှု ကနည်း၊ အိမ်ထောင်စုပိုင် ပစ္စည်းကလည်း တန်ဖိုးရှိတာ ဘာဆို ဘာမှမရှိ။ 

စစ်တပ်ပိုင် စောင် ခြင်ထောင်ဟောင်းများ၊ အ၀တ်အစားဟောင်း ကလေးများသာ သေတ္တာဟောင်းများထဲတွင် ချောင်ချိစွာ တွေ့ရသည်။ စစ်သည်များ တပ်ပြောင်းလျှင် တွေ့ရမည့် ဆေးသား မပီတော့သည့် သေတ္တာဟောင်းကလေး တစ်လုံး နှစ်လုံးသည်ပင် ထိုစစ်သည် မိသားစု ချမ်းသာသမျှ ပစ္စည်းဖြစ်၏။ လူ့ဘ၀တစ်ခုမှာ ဘယ်လိုများ နေထိုင်ကြပါလိမ့်၊ ဘုရား၊ တရား၊ အသိဥာဏ်၊ ပညာ၊ ဗဟုသုတ ဟူ၍ မည်သည့် တိုးတက်လမ်းမျှ မရှိ။ တပ်တွင်း အခမဲ့ အပန်းဖြေ ပြသသော အနှစ်သာရမဲ့ ရုပ်ရှင်၊ ဗွီဒီယိုမျှသာ သူတို့ အတွက် သိစရာ ကြည့်စရာ ဗဟုသုတ ဖြစ်ရရှာသည်။

ရဲမေများက တပ်တွင်း လုပ်အားပေးကို နေ့စဉ် ကလေးများအား ပစ်ထားကာ ပင်ပမ်းကြီးစွာ လုပ်ရသေးသည်။ တကယ်တော့ အရာရှိ၊ စစ်သည် ဇနီးများမှာ “ကျွန်ဝယ်ရာ အစစ်ပါလာ” ကြခြင်းသာ ဖြစ်သည်။ အရာရှိ၊ စစ်သည်များ အနေနှင့် ပြင်ပ ဗဟုသုတ နည်းရခြင်းမှာလည်း အပြစ် မဆိုသာပေ။ အဘယ်ကြောင့် ဆိုသော် တပ်ချုပ်ကြီး လုပ်သူ ဗိုလ်သန်းရွှေ ကိုယ်တိုင်က အလွန်စာဖတ် ပျင်းသောသူ ဖြစ်သောကြောင့်တည်း။ စာဖတ် ပျင်းသည်ဟု ဆိုလျှင် စာပေ၀ါသနာရှင်များ၊ ဥာဏ်ပညာ ပြည့်စုံသူများက ဤသူသည် မည်သို့သော သူမျိုး ဖြစ်မည်ကို ခန့်မှန်းနိုင်ပါပြီ။ ထိုသူမျိုး ခေါင်းဆောင်သော နိုင်ငံနှင့် တပ်မတော်သည် ကမ္ဘာ့အလယ်တွင် ဆင်းရဲ မွဲတေ နုံချာနေမည်ကို ဗေဒင် မေးစရာပင် လိုမည် မထင်။ စစ်တပ်အတွင်း မော်တော်ယာဉ်ဌာန၌ သုံးမရသော ဒေါက်များ ထောင်ထားသည့် မော်တော် ယာဉ်အဟောင်းကြီးများကို ယနေ့တိုင် တွေ့ရပေမည်။ ဤ ယာဉ်များသည် ဗိုလ်သန်းရွှေထက်ပင် အသက်ကြီးသည်။ ဗိုလ်သန်းရွှေ တပ်ရင်းမှူးမှ တိုင်းမှူး ဘ၀အထိ ဤကားများကို မပြင်ပဲ ဆီထုတ်ယူ ရောင်းစားခဲ့ရသည်။ ယနေ့ တပ်မှူးများထိ ထိုနည်းလည်းကောင်းပင်။

တပ်မတော် ရေးရာ၌ စိတ်ဝင်စားသူ ဖြစ်ပါက ၄င်း တပ်ချုပ် ဖြစ်လာချိန်၌ ဤလို နိုင်ငံဘဏ္ဍာဖြုန်းတီးသော လုပ်ရပ်များ ပြုပြင်ပြီး ဖြစ်ပေ လိမ့်မည်။ တပ်ရင်း ဆေးခန်းသွားကြည့်၍မှ ဆေးပစ္စည်း ကိရိယာ မစုံ။ ဆေးအရာခံဗိုလ် (Medical Assistant) မှာလည်း လုပ်ပိုင်ခွင့် ဘာမှမရှိ။ လူနာကို ဆေးတပ်ဆွယ်လေးများသို့ လမ်းလျှောက်ကာ စေလွှတ်ရသည်လည်း ရှိသည်။ တရုတ်မှ “အင်” ထည့်လိုက်သော T.200 ပုံစံ ကားအတု များမှာလည်း မကြာခဏ ပျက်တတ်ပြီး၊ တပ်ရင်းမှူး အတွက် အရံ(သို့) တပ်ရေး/တပ် ထောက်တို့၏ လစာငွေကိစ္စ၊ ရိက္ခာထုတ်၊ ဆီထုတ်ကိစ္စသုံးရန် ယာဉ်သာဖြစ်သည်။ 

ယူနီဖောင်းကို လူမြင်သူမြင် တင့်တယ်အောင် ပြင်ပမှ တန်ဖိုးကြီး ပိတ်စများကို ကိုယ်ပိုင်ဝယ်ယူ ပြီး ချုပ်ဝတ်ကြရသည်။ စစ်ဦးထုပ်များမှာလည်း ပြင်ပမှ လက်လုပ်လက်စားများ၊ တောင်း စားသူများ အကြိုက်ဖြစ်၏။ အဲဒီလောက် အဆင့်က နိမ့်သည်။ မယုံမရှိပါနှင့်။ အဘယ်စစ်သားမှ မငြင်းနိုင်။ ထို့ကြောင့်အရာရှိငယ်၊ အရာရှိကြီးများက မောင်သောင်း ဦးထုပ်ဆိုင်မှာသာ အားပေး ချီးမြှင့် ၀ယ်ယူကာ သုံးစွဲရ၏။

အရာရှိများ ဆောင်းသော ဓာတ်ပုံများ၌ မြင်တွေ့နေရသည့် တောဆောင်း ဦးထုပ်များမှာ တပ်မှပေးသော (Issue) အစ်ရှုးများ မဟုတ်ချေ။ ရိက္ခာကိစ္စ ကြည့်လျှင်လည်း စစ်ထောက်ချုပ်မှသည် တပ်ထောက်ဗိုလ်ကြီးအထိ ယနေ့တိုင် စစ်သည်များအပေါ်တွင် ခေါင်းပုံဖြတ်နေကြဆဲ ဖြစ်သည်။ “ဆီကိုင်လျှင် ဆီပေမည်” ဟူသော စကားသည် ဗိုလ်သန်းရွှေ တပ်ရင်းမှူး၊ တပ်မမှူး ဘ၀လောက်ကပင် စစ်ထောက်ဌာနမှ သူခိုးများ၏ လက်သုံးဖြစ်ခဲ့သည်မှာ ယနေ့တိုင် မရိုးနိုင်သေး။ ထိုကြောင့် တပ်ရင်းမှူး၊ တပ်မမှူး မှသည် တပ်ချုပ် ဖြစ်လာသည့်အခါ လုပ်ပိုင်ခွင့်နှင့် အာဏာ အရှိဆုံး ဖြစ်လာသည်နှင့်အမျှ တိုင်းပြည်ဘဏ္ဍာ သယံဇာတများကို စိတ်တိုင်းကျ တရားဝင် ယူငင်သိမ်းဆည်း၊ ခိုးဝှက်ကာ သူခိုးကြီးများ ဖြစ်လာကြလေသည်။ တကယ်တော့ အောက်သက်ကြေခဲ့ပါက ယနေ့ တပ်မတော် ပုံစံသည် ရုပ်ပြမဟုတ်။ အစစ်အမှန် တိုးတက် ပြောင်းလဲ နေရမည်သာ ဖြစ်သည်။

ယခု အလှမ်းကျယ် အလယ်လပ် နေသည်မှာ ထိုစစ်အာဏာရှင်ကြီးတစ်စု၏ ကိုယ်ကျိုးစီးပွား အတွက်သာ လုပ်ကိုင်နေမှု၊ အာဏာကို သက်ဆုံးတိုင် မြဲနိုင်ဖို့ ကြံစည် အားထုတ်နေမှု၊ “ဘယ်သူ သေသေ ငတေမာ” စိတ်ဓာတ်ထားရှိမှုကြောင့်သာ ဖြစ်သည်ကို ထင်ထင်ရှားရှား တွေ့မြင် နေရပေသည်။ တိုင်းပြည်အကျိုးကို သယ်ပိုးသည်ဆိုရာ၌ ကိုယ်ကျိုးစွန့်လွှတ်ကာ ပြည်သူလူထုအတွက် စစ်မှန် သော စေတနာဖြင့် ဆောင်ရွက်ရပေသည်။ ပြည်သူလူထု၏ ဆန္ဒ၊ ပြည်သူလူထု၏ ကောင်းကျိုးကို လိုလား ဦးစားပေးရမည် ဖြစ်သည်။ အာဏာရခြင်း၊ မရခြင်း၊ နေရာရခြင်း မရခြင်း မှာ အဓိက မဟုတ်။ တိုင်းပြည်နှင့် ပြည်သူလူထု တိုးတက်ရာ တိုးတက်ကြောင်း အမှန်တကယ် ဆောင် ရွက်နိုင်မည့် အရည်အချင်း အစွမ်းအစ ရှိသူကို နေရာပေးရပေမည်။ ထိုသူတို့ ဦးဆောင်မှုကို ခံယူနိုင်ရပေမည်။ 
ထိုစစ်အာဏာရှင်များ၏ အလွဲမာနတွင် ငါနှင့် ငါ သာ နှိုင်းစရာ၊ ငါ့လောက် ဘယ်သူမှ အစွမ်းအစမရှိ။
အရပ်သားတစ်ဦးကို အလေးမပြုနိုင် ဟူသော စိတ်ထား မှားယွင်းစွာ ထားနေ၏။ စစ်တပ်တွင်း၌လည်း ထိုဝါဒကို PSY-War ပညာဖြင့် ဖြန့်ဝေထားသည်။ ယနေ့ မြန်မာနိုင်ငံတွင် ပြည်သူလူထုရော၊ တိုင်းရင်းသားများရော၊ အတိုက်အခံ အဖွဲ့အစည်း အသီးသီးကပါ ယုံကြည်စွာ လက်ခံထားသူမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦး (ဗိုလ်ချုပ်ကြီးဟောင်း) တို့သာ ဖြစ်သည်။ 

တိုင်းပြည်အကျိုး ရှေးရှုလိုလျှင် သူတို့ ဦးဆောင်မှုဖြင့် လုပ်ငန်းစဉ်များ လုပ်သွား ကြရပါမည်။ ထိပ်ပိုင်း စစ်အာဏာရှင်တစ်စုကို အများစုက မယုံကြည် ကြသဖြင့် ဒေါ်စုနှင့် သူရဦးတင်ဦးတို့ ကဲ့သို့ ဦးဆောင်စည်းရုံး လမ်းညွှန်မှု ပြုနိုင်စွမ်းသည့် အရည်အချင်းမျိုးကို တော်ရုံတန်ရုံ စစ်ဗိုလ်ချုပ်များအနေနှင့် ရနိုင်မည် မဟုတ်ပေ။

စစ်အာဏာရှင်တို့၏ လမ်းစဉ်ဖြင့် မည်သည့်အခါမှ အောင်မြင်တိုးတက်မည် မဟုတ်ပေ။ NLD ပါတီ၏ သင်ပုန်းချေရေး လမ်းစဉ်ကို တိုင်းပြည်အကျိုး (national interest) ကို လိုလားသူများ ဖြစ်ပါက လက္ခံဖို့ အလွန်ကောင်းပါသည်။ စစ်ခေါင်းဆောင်များ အနေနှင့် တိုင်းပြည် ပြန်လည် ထူထောင်ရေး လုပ်ငန်း၌ ကိုယ်စွမ်း ဥာဏ်စွမ်းဖြင့် ပူးပေါင်း ပါဝင်ပေးရမည် ဖြစ်သည်။ ယခု အနေအထားမှာ စစ်အာဏာရှင်ကြီးများက အာဏာ လက်မလွှတ်ရလျှင် ပြီးရော၊ အေးလွင်လို လူစားမျိုးကိုမူ တပ်မတော်သားများအား အလေးပြု ခိုင်းဦးမည်သာ ဖြစ်၏။ ထိုကြောင့် မျိုးဆက်သစ် (ကြည်း၊ရေ၊လေ) တပ်မတော်သားများ အနေနှင့် တိုင်းပြည်နှင့် လူမျိုး ပြည်သူလူထု အကျိုးကို အမှန်တကယ် လိုလား စောင့်ရှောက်ချင်သည် ဆိုလျှင် ပြည်သူလူထုနှင့် တပ်မတော် အတွက် အတားအဆီး ခလုတ်ကန်သင်း သဖွယ် ဖြစ်နေသည့် ထိုစစ်အာဏာရှင်အိုကြီး တစ်စုကို စုပေါင်း၍ ညီညွတ်စွာဖြင့် ဖယ်ရှားပြီး ပြည်သူလူထုကြီး လက်ဝယ်သို့ ပြည်သူ့ အာဏာ အပ်နှင်းခွင့်ပေးကာ နိုင်ငံ ပြန်လည် ထူထောင်ရေး၌ ပူးပေါင်း ပါဝင် ဆောင်ရွက် သွားကြရန် အလေးအနက် တိုက်တွန်း လိုပါသည်။

ဒေါ်အောင်ဆန်းစုကြည်

ဤနေရာ၌ စာရေးသူ တင်ပြလိုသေးသည်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ယခင်က မိမိ လက်မခံ ခဲ့ပါ။ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးရတနာ ဟူ၍သာ သိပြီး သူမ၏ အရည် အချင်းကို ဘာမျှ မသိရသောကြောင့် ဖြစ်၏။ အထင်လည်း မကြီးခဲ့ချေ။ ယခုအခါ ဒေါ်စု၏ စိတ်ဓါတ်၊ အရည်အသွေး၊ အရည်အချင်းများသည် တိုင်းပြည် ခေါင်းဆောင်နှင့် တိုက်တန်သော စွမ်းရည်ရှိမှုများကို တွေ့မြင်လာရသည့် အလျှောက် လက်ခံ လာခဲ့ရခြင်း ဖြစ်သည်။ သူမ၏ မိန့်ခွန်းအရပ်ရပ်တွင် သူမ၏ စိတ်ဓာတ်၊ ပညာနှင့် ဥာဏ်ရည်ကို ကောင်းစွာ သုံးသပ်သိမြင်ရ၍ ဖြစ်သည်။ 

ဗိုလ်ချုပ်ကြီးဟောင်း သူရတင်ဦး၏ စိတ်ဓာတ် စွမ်းရည်၊ လူကြီးလူကောင်း ပီသမှုများကိုလည်း တင်ပြခဲ့ပြီး ဖြစ်၍ အထူးတင်ပြရန်ပင် မလိုအပ်ချေ။ စစ်အာဏာရှင်ကြီးများ၏ မလိုမုန်းထား အငြိုးဖြင့် ၄င်းတိှု့နှင့် သဘောထား မတိုက်ဆိုင်သူများကို ပုဂ္ဂိုလ်ရေး သိက္ခာချခြင်းပြုထားသည်ကို (စိတ်ဓာတ် စစ်ဆင်ရေး၌ “အပုတ်ချနည်း”) ကျော်လွန်ကာ အမှန်အတိုင်း သိမြင်ဖို့ လိုပေသည်။

ပြည်သူလူထု အနေနှင့်လည်း ပြည်သူ့ရင်ခွင် ပြန်လည်ရောက်ရှိ၍ ပြည်သူလူထု၏ ဆင်းရဲ ဒုက္ခ များကို ကိုယ်တိုင် သိမြင်ခံစားလာရသည့် အလျှောက် ကိုယ်ချင်းစာလျှက် ပြည်သူလူထုဘက်မှ ရပ်တည်လာသော တပ်မတော်သားများကို ခွင့်လွှတ်နားလည် ကြိုဆို လက်ခံပေးကြရန် အထူး အရေးကြီး လှပေသည်။ ထိုပြည်သူ့ဘက် ရပ်တည်သည့် တပ်မတော်သားများ အပေါင်းသည် ပင်ကိုယ်အသိစိတ်ဓာတ်ဖြင့် ပူးပေါင်းပါဝင် လာခြင်းသာဖြစ်ပြီး၊ မည်သူ့၏ တိုက်တွန်းချက်မျှ မပါချေ။ တကယ်တော့ သူတို့သည် သူတို့ဘာသာ ရပ်တည်နေ၍ ရသော်လည်း စစ်အဏာရှင်များ၏ အငြိုငြင်နှင့် အန္တရာယ် ပြုနိုင်မှုကို ဂရုမထားပဲ ပြည်သူလူထု လွတ်မြောက်ရေးအတွက် တာဝန်တစ်ခုရှိသည် ဟူသော တာဝန်သိစိတ်၊ ကိုယ်ချင်းစာစိတ် ရှိနေသောကြောင့် ပြည်သူလူထုဘက်သို့ ရပ်တည် ရခြင်းဖြစ်သည်။

နိဂုံးချုပ်အားဖြင့် တင်ပြရသော် စစ်အာဏာရှင် စနစ်ဆိုးကြီးသည် တိုင်းပြည်နှင့် ပြည်သူလူထု အတွက်သော် လည်းကောင်း၊ တပ်မတော် အတွက်သော် လည်းကောင်း မည်သို့မျှ ကောင်းကျိုး မပြုသည်ကို ကိုယ်တွေ့ သိမြင် သဘောပေါက်ကြပြီး ဖြစ်ပေသည်။ အမှန်တော့ စစ်အာဏာရှင် စံနစ်ဆိုးဒဏ်ကို ခံစားနေရသည်မှာ ပြည်သူလူထုသာမဟုတ်။ တပ်မတော်သားများလည်း ခံစား နေကြရသည်မှာ သေချာလှသည်။

ထို့ကြောင့် စစ်အာဏာရှင် စနစ်ဆိုးကို ဖြိုဖျက်ပစ်ဖို့နှင့် ထိုစစ်အာဏာရှင် စံနစ်ဆိုးကို ကျင့်သုံးအသက်သွင်းကာ တပ်မတော်မှ ယနေ့တိုင် ပင်စင် မယူနိုင် လောက်အောင် ကိုယ်ကျိုးစီးပွား ရှာစားနေကြသော စစ်ခေါင်းဆောင်အိုကြီး တစ်စုကို အမြန်ဆုံး စုပေါင်း ဖယ်ရှားကြဖို့ အလွန်လိုအပ်နေကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
 
 

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။