Monday, September 16, 2013

ဦးရွှေမန်းရဲ့ မဟာဗျူဟာ နိုင်ငံရေး ကစားကွက်

(စည်းလုံးခြင်းရဲ့အင်အား)

ပြည်ခိုင်ဖြိုးပါတီ ညီလာခံမှာ မိန့်ခွန်းပြောနေတဲ့ သူရဦးရွှေမန်း

သူရဦးရွှေမန်းတစ်ယောက် ယခင်က ရည်မှန်းချက် ကြီးမားစွာ ထားရှိခဲ့ပေမဲ့ သမ္မတလည်းမဖြစ်၊ တပ်ချုပ်အဖြစ်မှလည်း လွဲခဲ့ရတာမို့ ဒီတစ်ကြိမ် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကျရင်တော့ သမ္မတဖြစ်ဖို့နဲ့ ရွေးကောက်ပွဲ အနိုင်ရဖို့အတွက် နိုင်ငံရေး မဟာဗျူဟာ အခင်းအကျင်း စီမံချက် Plan ချထားခဲ့ဟန်တူတယ်လို့ အငြိမ်းစား တပ်မတော် အရာရှိကြီး တစ်ဦးက အခုလို သုံးသပ် တင်ပြလာပါတယ်။
ရွေးကောက်ပွဲ အနိုင်ရဖို့က သူရဦးရွှေမန်း အနေနဲ့ ပြည်သူကို ဖက်တွယ်မှ ပြည်သူက သဘောကျမှ မဲများများ ရနိုင်မှာ ဖြစ်ပါတယ်။ ဒီလို သဘောကျလာအောင် သူရဦးရွှေမန်း အနေနဲ့ ယခင်အစိုးရ လုပ်ခဲ့တဲ့ စီမံကိန်း၊ စီမံချက်၊ မူဝါဒ စနစ်တွေကို ဝေဖန်ရှုတ်ချရေး ဖြစ်ဖြစ်၊ လက်ရှိအစိုးရ လုပ်နေတဲ့ စီမံကိန်း၊ စီမံချက်၊ မူဝါဒ စနစ်တွေကို ထောက်ပြ၊ ရစ်ပြရင်ဖြစ်ဖြစ် လုပ်ဆောင်နိုင်ခဲ့ရင် ပြည်သူတွေက သူ့ကို သဘောကျလာလိမ့်မယ်လို့ ထင်နေဟန်တူပါတယ်။

ဒီလို လုပ်ဆောင်လာပါက သူရဦးရွှေမန်းကို အစိုးရနဲ့ တပ်မတော်က မကြိုက်လာတော့တဲ့ အခြေအနေ ကြုံတွေ့နိုင်ပါတယ်။ သူ့အနေနဲ့ လက်တွေ့စတင် စမ်းသပ်ကြည့်တော့လည်း လွှတ်တော် အစည်းအဝေးတွေမှာ အဆိုပြုကိစ္စရပ်များနဲ့ မဲဆန္ဒပေးကိစ္စရပ်တွေအပေါ် သူ့ရဲ့ ပါတီဝင် တချို့ကတောင် သူ့ဘက်မှာ မရှိတော့ဘဲ ဘက်ပြောင်းသွားတာကို လွှတ်တော်အတွင်း တွေ့မြင်လာနေပြီ ဖြစ်ပါတယ်။ ဒီလို အားနည်းသွားရင် လိုသွားတဲ့ ကွက်လပ်ကို ဖြည့်ဖို့ ပါဝါအားကြီးတဲ့ ဒေါ်အောင်ဆန်းစုကြည်အား မဟာမိတ်ဖွဲ့ပြီး သူမအတွက် အခြေခံ ဥပဒေ ပြင်ဆင်ရေး ကော်မတီ ဖွဲ့စေကာ မက်လုံးပေးခဲ့ပါတယ်။ 
စစ်သားတွေရဲ့ ထုံးစံအတိုင်း စစ်ဆင်ရေး စီမံချက်အရ အရန်အစီအစဉ် B Plan အဖြစ် ၈၈ မျိုးဆက် ကျောင်းသား ကိုကိုကြီးကိုတောင် သူရဦးရွှေမန်းက ဖမ်းချိတ်ထားသေးတယ်လို့ သိရပါတယ်။ 
ခံစစ်ကို လုံအောင် တည်ဆောက်မှသာ စိတ်ချရပြီး ခံစစ် မလုံပါက ကျိုးပေါက်ကာ ဘုံပျောက်သွားနိုင်ပါတယ်။ ဒါကြောင့် သူရဦးရွှေမန်းဟာ စစ်နည်းဗျူဟာအရ ခံစစ်ကို လုံအောင်တည်ပြီးမှ တိုက်စစ်ဆင်ရန် ဖဲချပ်များကို ပြင်ရင်း ဝှက်ဖဲ၊ ပစ်ဖဲ၊ ဆွဲဖဲ၊ စားဖဲများကို စီမံချက် အကွက်ချခဲ့ဟန်တူတယ်လို့ အဆိုပါ အရာရှိကြီးက ထင်မြင်ချက် ပေးခဲ့ပါတယ်။

သူရဦးရွှေမန်းရဲ့ တိုက်ကွက် စတင်ရာမှာ ၀န်ထမ်းတွေကို လစာတိုးပေးဖို့ အစိုးရအား တိုက်တွန်းခဲ့ရာမှာ ငွေကြေးဖေါင်းပွနိုင်လို့ တုံ့ဆိုင်းနေတာကြောင့် သူကိုယ်တိုင် လွှတ်တော်ဥက္ကဌ အနေနဲ့ အဆိုပြုကာ အစိုးရအား ပြစ်တင် ဝေဖန် ဖိအားပေးခဲ့ပါတယ်။ ပြည်ထောင်စု လွှတ်တော် နာယကတာဝန် စတင်လက်ခံတဲ့ အခမ်းအနားမှာလည်း ယခင်အစိုးရရဲ့ မူဝါဒကို ဦးရွှေမန်းက ပွင့်အံကာ စတင် ဝေဖန်လာပါတယ်။ ဆက်လက်ပြီး သမ္မတရဲ့ သဝဏ်လွှာ လွှတ်တော်ကို ပေးပို့နေတာဟာ အချိန်စောလွန်းနေပြီး ပြည်သူတွေက လွှတ်တော်ကို အထင်အမြင်သေးနိုင်ကြောင်း သူ့ရဲ့ ဒုဥက္ကဋ္ဌ ဦးနန္ဒာကျော်စွာအား တန်ပြန် တိုက်စစ်ဆင်ခိုင်းပါတယ်။ ဒီ့အပြင် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်နေတဲ့ သိမ်းဆည်း မြေယာပြဿနာများကို လယ်သမားတွေထံ အချိန်မဆွဲဘဲ ဆောလျင်စွာ အစိုးရက ဆောင်ရွက်ပေးဖို့နဲ့ အသုံးမလိုတဲ့ မြေယာများကို ဆင်းရဲနွမ်းပါးပြီး သိရှိနားလည်မှု အားနည်းသော လယ်သမားများကို ပြန်လည် ပေးအပ်ရန် ဖိအားပေးတဲ့စာ ထုတ်ခိုင်းပါတယ်။ ဆိုလိုတာက အစိုးရဟာ လယ်သမား အခွင့်အရေးတွေကို မလုပ်ပေးဘဲ ပျက်ကွက်နေသလို ထောက်လိုက်တာ ဖြစ်ပါတယ်။ ဒါနဲ့ မပြီးသေးဘဲ အစိုးရက အဲဒီကိစ္စ ဆောင်ရွက်ပြီးစီးမှုတွေကို လွှတ်တော်အား ပြန်လည် တင်ပြခိုင်းတာကလည်း မူလီကြပ်တဲ့ ပုံစံမျိုး လုပ်လာတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဦးရွှေမန်း

ဒါ့အပြင် သမဝါယမ ဝန်ကြီးဌာနရဲ့ တရုတ်နိုင်ငံမှ ချေးငွေ ဒေါ်လာ သန်း ၁၀၀ ကိစ္စဟာ အတိုးနှုန်းများကြောင်းကို လွှတ်တော်အတွင်း ကြံ့ခိုင်ရေးပါတီ ရွှေပြည်သာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦးကို ထောက်ပြ ဆွေးနွေးသွားခိုင်းတာ တွေ့ရပါတယ်။ ဆိုလိုတာက အစိုးရ အနေနဲ့ သိပ်ပြီး အမှတ်မယူနဲ့၊ ကောင်းတော့ ကောင်းတယ်၊ မျက်စိစပ်တယ်ဆိုတဲ့ စကားအတိုင်း ဖြစ်နေတဲ့သဘော ဖြစ်တယ်လို့ အဲဒီ အရာရှိကြီးက သုံးသပ် ပြောဆိုသွားပါတယ်။ 
သူရဦးရွှေမန်းက ပြည်တွင်းခရီးစဉ် တစ်ခုမှာ တရားရေးမဏ္ဍိုင်အား အုပ်ချုပ်ရေးက ၀င်ရောက်စွက်ဖက်လို့ မရတော့ကြောင်း ပြောကြားသွားပြန်ပါတယ်။ ဒါကြောင့် ဦးသိန်းစိန်ဟာ ရေဒီယိုမိန့်ခွန်း တစ်ခုမှာ ပွတ်တိုက်မှုတွေ ရှိလာပြီဖြစ်ကြောင်း ထည့်သွင်း ပြောဆိုလာရတဲ့အထိ အခြေအနေ ဖြစ်လာပါတယ်။

မကြာသေးမှီ ကလေးကမှ သမ္မတဟာ ဒေါ်အောင်ဆန်းစုကြည်ကို ရုတ်တရက် ခေါ်ယူ တွေ့ဆုံတာကြောင့် ထူးခြားတယ်လို့ ဆိုပါတယ်။ စစ်ဖက်နီးစပ်သူများက အစိုးရနဲ့ လွှတ်တော် ဆက်ဆံရေး အနေအထား လေ့လာသုံးသပ်ရာမှာ ပြည်ထောင်စုလွှတ်တော် နာယကတာဝန် လွှဲပြောင်းလက်ခံပွဲ အခမ်းအနားဟာ နဂိုပုံစံချထားတဲ့ အနေအထား မဟုတ်ဘဲ တမျိုး အဓိပ္ပာယ်ဆောင်သွားတာ တွေ့ရပါတယ်။ ပင်မ ခန်းမဆောင်ကြီးထဲမှာ သမ္မတ၊ ဒုသမ္မတများ၊ တပ်ချုပ်နဲ့ ဝန်ကြီးတွေဟာ ယခင်ကလို မထိုင်ကြတော့ဘဲ အပေါ်ထပ်မှာ သီးခြား တန်းစီထိုင်တာကို ကြည့်ခြင်းဖြင့် ပြောင်းလဲသွားတာ တွေ့ရပါတယ်။ စစ်တပ် အရာရှိကြီးတွေရဲ့ ထုံးစံအရ အဝင်အထွက်၊ ကားတန်းစီး နေရာယူ Line Up ထိုးမှု၊ Sitting Plan ထိုင်ခုံနေရာပေးမှုတွေမှာ ပါဝါအာဏာ အနိမ့်အမြင့်၊ ဂုဏ်သိက္ခာ အဆင့်ရာထူး၊ ဦးစားပေးမှု အပြင်း၊ အပျော့အပေါ် မူတည်ပြီးတော့ အသာစီးပေးတတ်တဲ့ သဘာဝအတိုင်း အဲဒီလို မြင်ကွင်းပြောင်းသွားတာက ထူးဆန်းနေပါတယ်။ ဆိုလိုတာက အစိုးရအဖွဲ့ဟာ လွှတ်တော်အမတ်တွေနဲ့ ရောထွေးစပ်ယှက် တန်းတူထိုင်တာမျိုး မလုပ်ချင်သလို လွှတ်တော်ဥက္ကဌ ဦးရွှေမန်းကို ဂါရ၀ပြု အရိုအသေ မပေးချင်ဘဲ အပေါ်စီးက နေရာပြောင်းယူတာ ဖြစ်ပါတယ်။

သူရဦးရွှေမန်းဟာ လွှတ်တော်ရဲ့ ပါဝါကို အားကိုးပြီး အစိုးရကို ဖိတွယ်နေပေမဲ့ အခြေခံဥပဒေ ပြုပြင်ရေးကိစ္စ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနဲ့ ငြိမ်းချမ်းရေးကိစ္စ၊ ဖယ်ဒရယ်ကိစ္စတွေမှာ လွှတ်တော် တစ်ခုတည်းနဲ့ လုပ်ဆောင်လို့ မရနိုင်ကြောင်း ရုတ်တရက်ပြောလာကာ ထိပ်ထိပ်ပြာပြာ ဖြစ်လာပါတယ်။ ဖယ်ဒရယ်ကိစ္စ ဆောင်ရွက်ရင် ရှမ်းအဖွဲ့ RCSS/ SSA ဗိုလ်ချုပ်ရွက်ဆစ်အဖွဲ့က လွှတ်တော်ကို အားမကိုးဘဲ အစိုးရကိုသာ ဦးဆောင်မှုပေးဖို့ တောင်းဆိုသံများ ကြားလာရပါတယ်။ ဒါကြောင့် အစိုးရ အုပ်ချုပ်ရေး ယန္တရားအဖွဲ့က ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်လို့ သူရဦးရွှေမန်းက လေသံတစ်မျိုးပြောင်းပြီး ဖဲချပ်ပြင်ပစ်တာ ဖြစ်ပါတယ်။ လက်ရှိ ထိတွေ့နေတဲ့ အစိုးရအဖွဲ့နဲ့ ခင်မင်မှု၊ လေးစားမှု၊ အပြန်အလှန် ယုံကြည်မှု အထိုက်အလျောက် ရရှိနေပြီဖြစ်ရာ တိုင်းရင်းသား လက်နက်ကိုင်များ အနေနဲ့ လွှတ်တော်နဲ့ တွေ့ဆုံဆွေးနွေးရမှာကို သိပ်ပြီး ဆန္ဒရှိဟန် မတူဘူးလို့ ဗိုလ်ချုပ်ဆေထင်နဲ့ ဗိုလ်ချုပ်ရွက်ဆစ်ရဲ့ တိုင်းရင်းသားလောကနဲ့ နီးစပ်သူများထံမှ သိရပါတယ်။

၂၀၁၀ ခုနှစ်မှ စတင်ခဲ့တဲ့ လက်ရှိအစိုးရရဲ့ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှု ပြဿနာ အခက်အခဲများဟာ အထိုက်အလျောက်တော့ ဖြေရှင်းကျော်လွန်နေပြီ ဖြစ်ပါတယ်။ လွှတ်တော်အနေနဲ့ ကြုံတွေ့ လာရတော့မယ့် စိန်ခေါ်ချက်များဟာ အစိုးရအတွေ့အကြုံနဲ့ သဘာဝချင်း လုံးဝ မတူနိုင်ဘဲ လက်နက်ကြီး ဗုံးဆံ ထိသလို ထီကနဲဆို ကွဲဖို့ များနိုင်တယ်လို့ စစ်ဖက်နီးစပ်သူများက ဆိုပါတယ်။ သူရဦးရွှေမန်း လုပ်ဆောင်ချက် ကောင်းရင်တော့ ဒီပွဲတွေမှာ အမှတ်ရပြီး မဲ “ကဲ့” ယူသွားနိုင်ပါတယ်။

နေပြည်တော်ကောင်စီနယ်မြေ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝ မြှင့်တင်ရေး အခမ်းအနားအပြီး သမဝါယမဝန်ကြီး ဦးကျော်ဆန်းမှ သမ္မတ ဦးသိန်းစိန်အား ရှင်းလင်းတင်ပြနေစဉ်

ရွေးကောက်ပွဲ ကော်မရှင်က တင်သွင်းနေတဲ့ ပုဒ်မ (၃၉၇) ဥပဒေပြုရေးကိစ္စကို သူရဦးရွှေမန်းတစ်ယောက် ဆိုင်းငံ့ ခိုင်းလိုက်တာနဲ့ စပ်လျဉ်းပြီး အမာခံ တပ်မတော်သား ကိုယ်စားလှယ်များ၊ ကြံ့ဖွံ့ပါတီအချို့၊ ပညာရှင်များနဲ့ မီဒီယာများက ဆူညံစွာ အသံစုံ ထွက်ပေါ်လာပါတယ်။ ပညာရှင်တစ်ဦးက ဦးရွှေမန်း ဒီလိုလုပ်တာက သူ့အကျိုး၊ ပါတီအကျိုး ကောင်းစားရေးအတွက် လုပ်ဆောင်တယ်လို့ ဆိုပါတယ်။ လွှတ်တော်မှ ပေးပို့လိုက်တဲ့ အဆိုပြု ဥပဒေကြမ်း မှန်သမျှကို သမ္မတက လက်မှတ်ရေးထိုးသည် ဖြစ်စေ၊ မရေးထိုးသည် ဖြစ်စေ ရက်သတ္တပတ် (၂) ပတ် ပြည့်ပါက အလိုအလျောက် အတည်ဖြစ်ခြင်း ဆိုတဲ့ လွှတ်တော်ရဲ့ ပါဝါ အသာစီး ရနိုင်မှုကို သူရဦးရွှေမန်း တစ်ယောက် စိတ်ကူးယဉ်နေဟန် တူတယ်လို့ စစ်ဖက်နီးစပ်သူများက သုံးသပ်ပါတယ်။ အဲဒီလို ပြန်လည် ထိန်းညှိနိုင်တဲ့ စနစ်မရှိခြင်းဟာ သမ္မတ ဦးသိန်းစိန်နဲ့ အဖုအထစ်များ ဖြစ်ပေါ်လာစေနိုင်ပြီး သူရဦးရွှေမန်းက ဆက်လက် ဖိတွန်းနေရင် နိုင်ငံ နစ်နာသွားနိုင်ပါတယ်။

လက်ရှိ အခြေအနေ အတိုင်းဆိုရင် သူရဦးရွှေမန်းတစ်ယောက် ကိုင်လက်စ ဖဲချပ်တွေကို ပြန်ပြင်ရမဲ့ ကိန်း ဆိုက်နေပါတယ်။ သူရဦးရွှေမန်းတစ်ယောက် တိုက်စစ်အဟုန် လျော့ချပြီး ပူးပေါင်း ဆောင်ရွက်မလား၊ ဆက်ပြီး မြှင့်တင်နေမလား၊ ဒါမှမဟုတ် နည်းဗျူဟာမျိုးစုံ ကစားနေတာ ဘာကြောင့်လဲ ဆိုတာကိုတော့ နိုင်ငံရေး ပိတ်ကားပေါ်မှာ စိတ်ဝင်စားစွာ စောင့်ကြည့်ရမှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။
 
 

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။